ရွေးချယ်ခံ ပေါ်ထွက်လာပြီ
Vol. 38 Ch. 520
ထန်ရှင်းယွင်မှာ ဖြည်းညင်းစွာပင် ရှုယင်၏ အလောင်းဆီသို့ လျှောက်သွားခဲ့၏။ ထို့နောက် ညင်သာစွာပင် သူမက လက်နှစ်ဖက်ဖြင့် ပျော့ပျောင်းနေသည့် ခန္ဓာကိုယ်လေးကို မလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်စွန်းတွင် စိုစွတ်သည့် အငွေ့အသက်များမှာ နေရာယူလာခဲ့၏။ ဤမိစ္ဆာ နည်းလမ်းက ရှုယင်၏ အသက်ကို နှုတ်ယူသွားလိမ့်မည် ဟု သူမ မထင်မိခဲ့ချေ။ အကယ်၍ ကြိုတင်သိရှိခဲ့ပါက သူမ အလားတူ ဆုံးဖြတ်ခဲ့မည်လော။
မိနစ် အနည်းငယ် ကြာသည် အထိ ထန်ရှင်းယွင်မှာ အေးစက်စ ပြုလာနေသည့် ရုပ်အလောင်းလေးကို ဖက်တွယ် ထားမိခဲ့၏။ မိန်းကလေးနှင့် ပတ်သက်သည့် မှတ်ဉာဏ်များက သူမ၏ အနက်ရှိုင်းဆုံးသော အတွေးပင်လယ်ဝယ် အစီအရီပင် ပြန်လည် ပေါ်လာနေခဲ့သည်။ နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်ရင်း သူမ ရှုယင် ထွက်သွားမည်ကို ကြောက်ရွံ့သည့် အလား ပိုမို တင်းကြပ်စွာ ဖက်လိုက်၏။ သို့သော်လည်း ကံမကောင်းစွာပင် မိန်းကလေးမှာ အစောကြီးတည်းက ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
လင်းမင်က လက်နှစ်ဖက်ကို ယှက်ကာ ရှုယင်၏ ရုပ်အလောင်းကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်၏။ သူ၏ လက်ဟန် အမူအရာက အဆုံးစွန်သော လေးစားမှု၊ ကျေးဇူးတင်မှုတို့ကို ဖော်ညွှန်းနေပေသည်။ ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်ကို ရောက်ခဲ့သည့် တစ်နေ့တွင် တစ်လောကလုံး ရှုယင်၏ နာမည်ကို သိရှိစေရမည် ဟု သူ စိတ်ထဲမှ ကျိန်ဆို လိုက်မိ၏။ အကယ်၍ သူမတွင် မိသားစုနှင့် မိတ်ဆွေများ ကျန်ရစ်ခဲ့ပါက ဒုက္ခဆိုသော အရာကို မသိရအောင် သူ ပြန်လည် ပေးဆပ်မည် ဖြစ်သည်။
ကောင်းကင်လေပြည် နန်းတော်၏ အပြင်ဘက်၌ ဝေ့ဝူယင်မှာ အရာအားလုံးကို ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် ရှင်းလင်းစွာပင် မြင်နေရ၏။
“ဆိုတော့ကာ သူတို့က ထူးဆန်းတဲ့ နည်းလမ်း တစ်ခုကို သုံးပြီး လင်းမင် အတွက် အတုအယောင် လောကနယ်မြေ တစ်ခု တည်ဆောက်ပေးလိုက်တယ်ပေါ့... အတော် စိတ်ဝင်စားစရာ ကောင်းသားပဲ... ငါ့ အတွက် အတွေ့အကြုံသစ် တစ်ခုပေါ့”
ဝေ့ဝူယင်၏ မျက်လုံးများမှာ ငွေရောင် အဆင်းဖြင့် တလက်လက် တောက်ပနေကာ ကြယ်ခုနစ်လုံးမှာ မျက်လုံး တစ်ဖက်တစ်ချက်ချင်းစီတွင် နေရာယူနေခဲ့သည်။ ၎င်းတို့မှာ “သေမျိုး အဂ္ဂိရတ် ကြယ်” များပင် ဖြစ်ကြကာ သေမျိုးတာအိုနှင့် အဂ္ဂိရတ် တာအိုတို့တွင် အထွတ်အထိပ်ကို ရောက်ရှိခြင်း၏ လက္ခဏာရပ်များပင်။ ကျင့်ကြံခြင်း လောကတစ်ခုလုံး၌ အဆင့်ကိုး “သေမျိုး အဂ္ဂိရတ် အာဏာရှင်များ” သာလျှင် ထိုပြိုင်ဘက်ကင်း သင်္ကေတကို ပိုင်ဆိုင်နိုင်စွမ်း ရှိပေသည်။
အတန်ကြာပြီးနောက်၌ သေမျိုး အဂ္ဂိရတ် ကြယ်များနှင့် ငွေရောင် အဆင်းမှာ ပြန်လည် ပျောက်ကွယ်သွားကာ ပုံမှန် မီးခိုးရောင် ပြန်လည် ပြောင်းလဲသွားသည်။ အသိစိတ် ပင်လယ်မှာ ထိခိုက်ဒဏ်ရာ ရနေသည့်တိုင် သူ၏ ဉာဏ်အလင်းနှင့် နားလည်နိုင်စွမ်းတို့ကိုတော့ တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
“ပါဝင် ပစ္စည်း သုံးဆယ့် တစ်မျိုးကို ပေါင်းစပ်ပြီး သုံးလိုက်ရင် ဒီလို အခြေအနေမျိုးကို ဆင်တူအောင် ပုံတူပွားနိုင်မှာ သေချာတယ်... ဆိုတော့ကာ နာမည်ပေးရရင် အတုအယောင် လောကနယ်မြေကို ဖန်တီးပေးနိုင်တဲ့ ဆေးပြားပေါ့လေ... အဲဒီလို လုပ်လို့ရမှန်းသာ အစောကြီးတည်းက သိရင် ငါ အကျိုးအမြတ်တွေ ပိုပြီး ရှာဖွေနိုင်ခဲ့မှာ”
ဝေ့ဝူယင် ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဖြစ်စဥ်တစ်ခုလုံးကို အကြမ်းဖျဥ်း တွက်ချက်၍ သရုပ်ဖော်ပြီးနောက်တွင် ပထမဆုံး ကိုယ်ပိုင် ဆေးညွှန်း တစ်ခုကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုဆေးညွှန်းမှာ အခြားလူများကို စတေးစရာ မလိုပဲ ကျင့်ကြံသူ အတွက် အတုအယောင် လောကနယ်မြေတစ်ခုကို ပုံတူ ပွားပေးနိုင်ပေလိမ့်မည်။
“ဒါပေမဲ့ ဝိညာဉ် စွမ်းအား နေရာမှာ အစားထိုးဖို့ အတွက် ဆိုရင်တော့ ကောင်းကင်ကျောက်စိမ်း ဝိညာဉ်ပြာကို အရေးတကြီး ပါဝင် ပစ္စည်းတစ်ခု အနေနဲ့ လိုအပ်လိမ့်မယ်”
ဝေ့ဝူယင် မှတ်ချက်ချ လိုက်မိ၏။ ကောင်းကင်ကျောက်စိမ်း ဝိညာဉ်ပြာမှာ ကောင်းကင်ဘုံ၏ ဝိညာဥ် ဖန်တီး ဖြစ်စဥ် ကျဆုံးရာမှာ မွေးဖွားလာသည့် အလွန် ထူးဆန်းသော ပစ္စည်းတစ်မျိုး ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ ဝိညာဉ်စွမ်းအင်ကို ကောင်းမွန်စွာ အစားထိုးပေးနိုင်လိမ့်မည် ဖြစ်သည်။
ဆေးညွှန်းအတွက် အစစ်အမှန် ဝိညာဥ်များကို အသုံးပြုရန် ဝေ့ဝူယင်တွင် စိတ်ကူး မရှိချေ။ အထူးသဖြင့် တစ်စုံတစ်ယောက်၏ ဆန္ဒ မပါဝင်ပဲ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကောင်းကင်ဘုံ၏ အခြေခံ စည်းမျဉ်းများကို ချိုးဖျက်ရာ ရောက်ကြောင်း အပြစ်သား ကျမ်းစာတွင် ဖော်ပြထားသည်။ ကြယ်တာရာ အမြုတေ အဆင့်လေးလောက်ဖြင့် ဘက်လိုက်မှုများနှင့် ပြည့်နှက်နေသည့် ကောင်းကင်တာအိုကို သူ သွေးတိုး မစမ်းဝံ့သေးချေ။
တည်ငြိမ်မှုနှင့် ချိတ်ဆက်မှုတို့ကို ပေါင်းထည့်ရန် အတွက်တော့ ဝိညာဥ်မန်နာကို အသုံးပြုရန် ဝေ့ဝူယင် စဥ်းစားထားသည်။ ၎င်းမှာ လူလုပ်မန်နာ အမျိုးအစား တစ်ခုပင် ဖြစ်ကာ ဇာတိဝိညာဥ်များကို သန့်စင်ရန်နှင့် မန်နာ အမတေများ ဖန်တီးရန် အသုံးပြုနိုင်ကြသည်။ မဟာဝိညာဥ် စမ်းသပ်ပွဲတွင် ဝိညာဥ် မန်နာ အစက် တစ်စက်ကို ဝေ့ဝူယင် ဆုလာဒ်တစ်ခု အဖြစ် လက်ခံ ရရှိခဲ့သည်။ ထို့အပြင် မြေကြီးနှင့် သတ္တု ရတနာသိုက်များထဲမှ အချို့ကိုပါ ထပ်မံ ရရှိခဲ့သည်။
မသန့်စင်ရသေးသည့် အသက်အင်အားကို အခြားပါဝင် ပစ္စည်းများဖြင့် ရောနှောကာ အာကာသ ကျောက်စိမ်း သလင်းကျောက်ထဲကို ပေါင်းထည့်လိုက်ပါက ၎င်းကို အာကာသ အင်အား အစားထိုး အဖြစ် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ ဧဒင်အမှတ်အစားထဲရှိ အဆုံးမဲ့သော အသက်အင်အားများကို အသုံးပြုပါက ၎င်းက ဖြစ်နိုင်ချေ ရှိသည်။
ထိုအသေးစိတ် အချက်အလက်များက ဖြစ်စဥ်တစ်ခုလုံးကို ပိုမို အားဖြည့်ပေးလိမ့်မည် ဖြစ်ကာ နောက်ဆုံး ထွက်ပေါ်လာသည့် အတုအယောင် လောကနယ်မြေကို ပိုမို ခိုင်ခံ့အားကောင်းလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများက မတိုင်းတာနိုင်လောက်သည့် ပမာဏ တစ်ခု အထိ တောက်ပသွား၏။ အကယ်၍ ထိုဆေးညွှန်းသာ ချောချောမွေ့မွေ့နှင့် အလုပ်ဖြစ်ခဲ့ပါက... ဝိညာဥ်ဆင်းတု အဆင့်ဖြင့်ပင် အတုအယောင် လောကနယ်မြေကို ဖန်တီးနိုင်သည့် ကျင့်ကြံသူများကို သူ မွေးထုတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့် ဝိညာဥ်ဆင်းတုနှင့် အထက်ဆင့်များသာ အတွက်သာ ဖြစ်နိုင်ရသနည်း ဆိုသော် လောကနယ်မြေတစ်ခုကို ထိန်းချုပ်ရန် အတွက် တိကျသေချာသည့် ဝိညာဥ်အင်အား အတိုင်းအတာ ပမာဏ တစ်ခု အထိ လိုအပ်သောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း သဘောတရားများ အရ ထိုဖြစ်စဥ်မှ ရရှိနိုင်သည့် အကျိုးအမြတ်က မရေမတွက်နိုင်အောင် ကြီးမားလိမ့်မည် ဖြစ်သည်။ လောကနယ်မြေ တစ်ခုမှာ အတုဖြစ်စေ၊ အစစ်ဖြစ်စေ ၎င်းတွင် အာကာသ ပဲ့တင်သံလှိုင်းများနှင့် မူလ အလင်းများများ ပါဝင်နေပေသည်။ ဆိုလိုသည်က လောကနယ်မြေတစ်ခုကို ပိုင်ဆိုင်သည်နှင့် ကျင့်ကြံသူ တစ်ယောက်မှာ နောက်ထပ် အဆင့်များကို နားလည်ရန် အဆပေါင်း ထောင်နှင့်ချီ ပိုမို လွယ်ကူသွားလိမ့်မည် ဖြစ်သည်။ ၎င်းက ပင်ကိုယ် ပါရမီ မပါလျှင်ပင် လမ်းစဥ်ကို လှည့်စားနိုင်သည့် လှည့်ကွက် တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကြောင့် ဝေ့ဝူယင်၏ လက်ချောင်းများမှာ တုန်ရီ၍ပင် နေ၏။ ထိုအရာကို မပေါ်လွင်စေရန် အတွက် သူက လက်သီးကို တင်းကြပ်နေအောင် ဆုပ်လိုက်သည်။ အကယ်၍ ထိုဆေးပြားကို ရအောင် ဖော်စပ်နိုင်ခဲ့ပါက ၎င်းမှာ သူစိတ်ကူးဖူးသမျှ ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန် ဖြစ်လာလိမ့်မည် ဖြစ်သည်။ ၎င်းက အဆင့်ကိုး ထုတ်ကုန်တစ်ခုပင် ဖြစ်နိုင်ချေ ရှိသည်။
မရေမတွက်နိုင်သည့် ထုတ်ကုန်များကို ဖော်စပ်ရန် စိတ်ကူးရခဲ့ချိန်၌ ထာဝရ ဧကရာဇ်မှာလည်း အလားတူပင် ခံစားခဲ့ရသလော။ ထိုကြီးကျယ်ခမ်းနားလွန်းလှသည့် ပုဂ္ဂိုလ်ကြီးမှာ နှစ်ပေါင်းထောင်ချီကြာ တည်တံ့မည့် အမွေအနှစ်များကို ထိုကဲ့သို့ပင် ဖန်တီးခဲ့လေသလော။ ဝေ့ဝူယင်မှာ ဆေးလုံးကို မဖော်စပ်ရသေးသော်လည်း အတွေးဖြင့်ပင် အတော်လေး စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
...
ကောင်းကင်လေပြည် နန်းတော် အတွင်း၌...
လင်းမင်မှာ ဒြပ်စင်တိုကင် ကို ရရှိထားပြီး ဖြစ်လေရာ ကယ်ပေါက်ဖြစ်သည့် အတုအယောင် လောကနယ်မြေကို အသုံးပြုရန် စိတ်ကူး မရှိတော့ချေ။
ပုံမှန်နည်းလမ်းဖြင့် ဒြပ်စင်တိုကင်များအား စုစည်းပြီး ပြိုင်ပွဲအား အနိုင်ယူခြင်းကသာလျှင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း သူ၏ ရွေးချယ်ခံ ရာထူးကို ပိုမို ခိုင်မြဲစေလိမ့်မည် ဖြစ်သည်။ ကယ်ပေါက်ကို အသုံးပြုခြင်းက အတုအယောင် စတင်မှု တစ်ခုသာ ဖြစ်လေရာ များစွာသော လူများမှာ သူ့ ရွေးချယ်ခံ ရာထူးနှင့် အခွင့်အရေးတို့ကို မေးခွန်းထုတ်ကြလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်လာခဲ့ပါက ဂိုဏ်းအတွင်း သက်သေပြရန် သူ ပိုမို၍ ရုန်းကန်ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ပြိုင်ပွဲ၏ ကြီးကြပ်သူ ဖြစ်သည့် ဝမ်ယုထျန်းမှာ လင်းမင်ထံမှ အတုအယောင် လောကနယ်မြေကို အာရုံခံမိကတည်းက ပြိုင်ပွဲ၏ စည်းမျဥ်းများကို အသက်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သူ တစ်ဦးတည်း၏ အမြင်အရ ဆိုလျှင် ဝေ့ဝူယင်မှာ အသင့်တော်ဆုံး ရွေးချယ်ခံ ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်လေးမှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ မလိုလားဟန် ရကာ အဋ္ဌဂံဒြပ်စင်တိုကင်ကို ရည်ရွယ်ချက် ရှိရှိပင် ဆုံးရှုံး ခံခဲ့သည်။
စမ်းသပ်ပွဲအား တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို သူ မြင်တွေ့ခဲ့ပေသည်။ ဝမ်ယုထျန်း နောင်တရမိသည့် တစ်ခုတည်းသော အရာက စမ်းသပ်ပွဲ အတွင်း ဝင်ရောက် စွက်ဖက်သည့် လျှို့ဝှက် အာဏာရှင် အဆင့်များအား မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဟူး... ဟူး...
မိနစ် အနည်းငယ် အတွင်းမှာပင် အစွန်းလေးဖက် လောကနယ်မြေ၏ လေထု အခြေအနေမှာ စတင်ကာ ပြောင်းလဲလာ၏။ ကမ္ဘာကြီးတွင် ကုန်ခမ်းသွားခဲ့သည့် အမတေများ၊ မန်နာများနှင့် အလင်းစွမ်းအား၊ မြေကြီး ဆွဲငင်အား၊ အာကာသ စွမ်းအား စသည့် နက္ခတ္တ အင်အားများမှာ ပြန်လည် ပြည့်ဖြိုးလာ၏။ လောကကြီး တစ်ခုလုံးမှာ ပုံမှန် လှိုင်းလုံးများဖြင့် ရိုက်ခတ်သွားတော့သည်။
နယ်မြေကြီး ငါးခုရှိ ဒေသခံများစွာမှာ ကျင့်ကြံခြင်း အခြေခံများ ဆေးကြောခံရကာ ပျောက်ဆုံးနေသည့် စွမ်းအားများကို ပြန်လည် ရှာဖွေ တွေ့ရှိလာကြသည်။ လောကသခင်နှင့် အချိန်သခင်များမှာ သူတို့၏ ပြိုင်ဘက်ကင်းမှုကို ပြန်လည် ရရှိလာကြ၏။ လောကကြီး တစ်ခုလုံးမှာ ပြင်းထန်သည့် ရယ်မောသံများ၊ တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက်နေ၏။
ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိရာ လင်းမင်ကို လှမ်းကြည့်လိုက်၏။ တိုကင်များမှာ ယခုအချိန်ထိ ပေါင်းစပ်ရခြင်း မရှိသေးချေ။ မျက်မှောင်ကြုတ်လိုက်ရင်း မြန်မြန် ပေါင်းစည်းဖို့ ဝေ့ဝူယင် စိတ်ထဲမှ လောဆော် နေမိ၏။ အဋ္ဌဂံ ဒြပ်စင်တိုကင်ထဲတွင် သူ ဝိညာဥ် စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့သည်။ အကြွင်းမဲ့ မီးတောက် ဒြပ်စင် တိုကင်နှင့် ပေါင်းစည်းသည်နှင့် ထိုစိတ်အာရုံမှာ အသက်ဝင်လာကာ ပြိုင်ဘက်ကင်း အော်ရာကို စုပ်ယူ၍ ဟင်းလင်းပြင် လွှဲပြောင်းခြင်း နည်းလမ်းဖြင့် သူ့ထံ လွှဲပြောင်းပေးလိမ့်မည် ဖြစ်သည်။ ထိုနည်းဖြင့် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် တည်ဆော်ကရန် လိုအပ်သည့် နောက်ဆုံး အပိုင်းအစကို သူ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
သူ့တွင် မီးတာက် ဒြပ်စင် ရည်ရွယ်ချက် အော်ရာကို ရရှိရန် အခြား နည်းလမ်း မရှိချေ။ တော်ဝင် သမီးတော်မှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ ကာကွယ်မှု အောက်တွင် ရှိလေရာ သူမကို သတ်ရန် မည်ကဲ့သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ စမ်းသပ်ပွဲ ကြီးကြပ်သူ ဖြစ်သည့် လူအိုကြီး ဝမ်ယုထျန်းမှာလည်း သူတို့ကို ကိုင်တွယ်နိုင်သည့်ပုံ မပေါ်ချေ။ သူမကို လက်နက်ချဖို့ ဖိအားပေးရန်လား... ကြည့်ရုံဖြင့်ပင် ထိုမိန်းမ ဘယ်လောက် ခေါင်းမာကြောင်း သူ အကဲခတ်နိုင်ပေသည်။
ထို့အပြင်... လင်းမင် အတွက် ကောင်းကင်တာအို၏ ပြောင်းလဲမှုများကို တွေ့ရှိခဲ့ပြီး နောက်တွင်တော့ ဒြပ်စင်တိုကင်များကို ပိုင်ဆိုင်ရန် မဖြစ်နိုင်တော့ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ သို့ဖြစ်လေရာ အခြား နည်းလမ်း တစ်ခုကို သူ စဥ်းစားခဲ့ရသည်။ လွန်ခဲ့သည့် နာရီပိုင်း အတွင်း သူ ပြုလုပ်ခဲ့သည့် လုပ်ရပ် အားလုံးမှာ မီးတောက် ဒြပ်စင် အော်ရာ တည်းဟူသော ရည်မှန်းချက်ကို အောင်မြင်စေရန် အတွက် အပြည့်အဝ ဖုံးကွယ်ထားသည့် အကြံအစည်ကြီး တစ်ခုပင် ဖြစ်လေသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခုမှာ အထက် နေကြယ်ဆီမှ ထွက်ပေါ်လာခဲ့၏။ လူတိုင်းမှာ ခေါင်းများကို မော့ကာ ကောင်းကင်ဆီသို့ ကြည့်လိုက်မိကြသည်။ နေကြယ်မှာ ပိုမို၍ ကြီးမားလာနေပေသည်။ နောက်ပြီး ၎င်းက ပမာဏ အနည်းငယ်မျှသာ မဟုတ်ချေ။ အားအနည်းဆုံး ကျင့်ကြံသူများပင်လျှင် သတိထားမိနိုင်လောက်အောင် ကြီးမားလာနေခြင်း ဖြစ်သည်။ စက္ကန့် အနည်းငယ်မျှသော အချိန် အတွင်းမှာပင် ၎င်းမှာ မူလကထက် သုံးဆမျှ အထိ ဖြစ်သွားခဲ့၏။ ထို့နောက်တွင်ကား နတ်ဘုရားတို့၏ ခန့်ညား ထည်ဝါလွန်းလှသော အသံတစ်ခု ပျံ့လွင့်လာခဲ့တော့သည်။
“ရွေးချယ်ခံ ပေါ်ထွက်လာပြီ...”
***