← Chapters

ရွေးချယ်ခံများ

Vol. 38 Ch. 521

ရွေးချယ်ခံများ

Vol. 38 Ch. 521

“ရွေးချယ်ခံ ပေါ်ထွက်လာပြီ...”

ထိုအသံက မိုးကြိုးပေါင်း တစ်သောင်း တစ်ချိန်တည်းတွင် ပစ်ချလိုက်သလို အလွန်တရာ ကျယ်လောင်လှကာ လူတိုင်း၏ စိတ်ကို ဂယက်ထသွားစေခဲ့လေ၏။ မရေမတွက်နိုင်သည့် ဒေသခံများမှာ နားမလည်နိုင်စွာဖြင့် ကောင်းကင်ကို ကြည့်လိုက်မိကြ၏။ ရွေးချယ်ခံ ထွက်ပေါ်လာပြီလား။ ထိုအသုံးအနှုန်းမှာ သူတို့နှင့် ရင်းနှီးခြင်း  မရှိပါချေ။

ကောင်းကင်လေပြည် နန်းတော် အတွင်း၌ လင်းမင်နှင့် ထန်ရှင်းယွင်တို့မှာ ဒြပ်စင် တိုကင် အသီးသီးကို ကိုင်ဆောင်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

"ငါတို့ ခုထိ မပေါင်းရသေးဘူးလေ…"

သူတို့ ပြိုင်တူပင် ရေရွတ်လိုက်မိကြသည်။ သို့သော်လည်း ရွေးချယ်ခံက ပေါ်ထွက်လာပြီဟု ဆိုသည်။ မည်ကဲ့သို့နည်း။

"ငါတို့ လှည့်စားခံလိုက်ရပြန်ပြီလား…"

သူတို့ အတွေးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်က ဝေ့ဝူယင် ဖြစ်သည်။ သူတို့က ချက်ချင်းပင် ဝိညာဉ် အာရုံများကို ဖြန့်ကျက်ကာ ကောင်းကင်တွင် မျောပါနေသည့် အထီးကျန်သော ပုံရိပ်ကို ကြည့်လိုက်ကြ၏။

ဝှစ်… ဝှစ်…

သူတို့၏ ခန္ဓာကိုယ်များက နန်းတော် အတွင်းမှ ပျောက်ကွယ်သွားကာ ဝေ့ဝူယင်၏ အရှေ့နားတွင် ပြန်လည် ပေါ်လာခဲ့သည်။

"မင်း ဘာလုပ်လိုက်တာလဲ…"

လင်းမင်က ဒေါသ အငွေ့အသက်နှင့် ဝေ့ဝူယင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ တစ်ချိန်တည်း၌ သူ၏ အတုအယောင် လောကနယ်မြေက ပြန့်ကား ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် လောကကြီး၏ တစ်စိတ်တစ်ပိုင်းမှာ သူ့ ထိန်းချုပ်မှု အောက်သို့ ကျရောက်သွားကာ ပြင်းထန်သည့် လောကဖိအားများမှာ ဝေ့ဝူယင် အပေါ် သက်ရောက် ကျဆင်းသွားလေ၏။

ဝေ့ဝူယင်က ခေါင်းကို ဖြည်းညင်းစွာပင် လှည့်၍ လင်းမင်ကို ကြည့်လိုက်လေသည်။ ပြင်းထန်သည့် ဖိအားများက သူ့ အသွေးအသားများ၊ ကြယ်တာရာ ဝိညာဉ်နှင့် အသိစိတ် ပင်လယ်တို့ကို စီးပိုး၍ ဖိနှိပ်နေသည့် တိုင်အောင် ထိခိုက် ဒဏ်ရာရသည့် အခြေအနေဖြင့်ပင် သူ မတုန်မလှုပ် ရှိနေသေးဆဲ ဖြစ်သည်။

လင်းမင်၏ အမူအရာမှာ ပြောင်းလဲသွား၏။ အတုအယောင် လောကနယ်မြေက သိပ် အစွမ်း မထက်သည်လော။ သို့မဟုတ်… သူ သိပ်မကျွမ်းကျင်သေး၍လော။

လင်းမင်၏ အတွေး မဆုံးခင်မှာပင် ဝေ့ဝူယင်က ထူးမခြားနားစွာ ပြောလိုက်၏။

"ငါ့ပုံစံက တစ်ခုခု လုပ်ထားတဲ့ပုံ ပေါက်နေလို့လား…"

" … "

လင်းမင်မှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။

ထန်ရှင်းယွင်က အေးစက်စက် မျက်လုံးများဖြင့် သုံးဆမျှ ပိုမို ကြီးမားနေသည့် နေကြယ်ကို ကြည့်လိုက်သည်။ ရှုပ်ထွေးမှုများက သူမ၏ နှလုံးသား အတွင်း တိုးဝင်လာ၏။

"မင်းတို့ ခုထိ တိုကင်တွေကို မပေါင်းစပ်ရသေးဘူးလား… ရူးနေတာလား"

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ် လိုက်၏။

ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်ကို ထိခိုက်ခံကာ ဒဏ်ရာ ရသည် အထိ သူ ပေးဆပ်ခဲ့သမျှက ထိုအခိုက်အတန့် အတွက် ဖြစ်သည်။ သို့သော်လည်း လင်းမင်တို့မှာ အရေးကြီးသည်ကို အရင် မလုပ်ပဲ ဝေ့နေခဲ့သည်။ သူ မည်ကဲ့သို့ စိတ်ရှည်နိုင်တော့မည်နည်း။

လင်းမင်မှာ ဝေ့ဝူယင် စကားကြောင့် မျက်မှောင်ကြုတ် သွား၏။ သံသယများသည့်  ဗီဇ အရ သူ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ အဋ္ဌဂံ ဒြပ်စင် တိုကင်ကို စစ်ဆေးလိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း တိုကင်မှာ တစ်ခုခု လွဲမှားနေသည်ဟု သူ ခံစားရသည်။ သို့သော်လည်း မည်မျှပင် စစ်ဆေး စေကာမူ ဝေ့ဝူယင် ထုတ်ယူထားပုံ ရသည့် မူလ အမတေ ကင်းမဲ့နေခြင်းမှ လွဲ၍ ဘာအမှားအယွင်းကိုမှ ရှာမတွေ့ရချေ။

"တိုကင်တွေကို ပေါင်းလိုက်တော့…"

ထန်ရှင်းယွင်က ဆော်ဩလိုက်ရင်း သူမ၏ တိုကင်ကို  လင်းမင်ထံ ပစ်ပေးလိုက်၏။ လင်းမင်မှာ မိန်းကလေး၏ အပြုအမူကြောင့် နှလုံးသား တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူက အချိန်မဆွဲတော့ရန် ဆုံးဖြတ်လိုက်ရင်း ထန်ရှင်းယွင် ပစ်ပေးသည့် နောက်ဆုံး ဒြပ်စင်တိုကင်ကို ဆုပ်ကိုင်လိုက်လေသည်။

နောက်ဆုံး သံသယ အနေဖြင့် လင်းမင် ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့် လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ သူတို့ဘက်ကို လှည့်ပင် မလှည့်ပါချေ။ သူက ကောင်းကင်ရှိ သုံးဆမျှ ပိုမို ကြီးမားနေသည့် နေမင်းကြီးကိုသာ နားမလည်စွာဖြင့် ငေးကြည့် နေခဲ့သည်။

လင်းမင် ဖြည်းညင်းစွာပင် သူ၏ အတုအယောင် လောကနယ်မြေကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ထို့နောက် သူက မီးဒြပ်စင် တိုကင် ကိုင်ထားသည့် လက်ကို မြှောက်လိုက်ရင်း အဋ္ဌဂံ ဒြင်စင် တိုကင်တွင် လစ်လပ်နေသည့် နောက်ဆုံး ကွက်လပ်ကို ဖြည့်လိုက်လေတော့သည်။

ဘုန်း… ဘုန်း…

ခပ်အုပ် ပေါက်ကွဲသံ တစ်ခုနှင့် အတူ ဒြပ်စင် တိုကင်များမှာ ပေါင်းစည်း သွားကြ၏။ ရောင်စုံ အလင်းများက ဒြပ်စင် တိုကင်မှ ပေါက်ကွဲ ထွက်ပေါ်လာကာ လျှင်မြန်စွာပင် ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားသည်။ ချက်ချင်း ဆိုသလိုပင် အနီးနားဆုံး၌ ရှိနေသည့်  လင်းမင်၏ ခန္ဓာကိုယ်မှာ အလင်းတန်းများ အတွင်း နစ်မြုပ်သွားခဲ့တော့၏။

ဝမ်ယုထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဝေ့ဝူယင် အတွက် အခွင့်အရေးကောင်း တစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။ ကံမကောင်းစွာပင် တစ်ခါတစ်ရံ၌ ကံကြမ္မာမှာ သူ ထိန်းချုပ်နိုင်သော အရာ မဟုတ်ပါချေ။ သို့သော်လည်း သူ မသိသည့် အချက်ကား…

ဒြပ်စင် တိုကင်များကို ပေါင်းစည်းသွားသည့် အခိုက်တွင်ပင် အိုရီမှာ  ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ဖွဲ့စည်းရန် နောက်ဆုံး သော့ချက်ကို လက်ခံ ရရှိခဲ့ပြီ ဖြစ်သည်။ ၎င်းက တစ်စက်ပင် အချိန်ဖြုန်းခြင်း မပြုပဲ ထိုနောက်ဆုံး အပိုင်းအစကို မူလ ရည်ရွယ်ချက်နှင့် ပေါင်းစပ် လိုက်တော့၏။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ ဝမ်ယုထျန်း၏ ဝိညာဉ် ခန္ဓာမှာလည်း တုန်ခါသွားသည်။  ထိုအခိုက်တွင်ပင် လောကကြီးမှာ ထိန်းချုပ်နိုင်စွမ်း မရှိသည့် အပြောင်းအလဲ တစ်ခု အတွင်း ကျရောက်သွားခဲ့တော့တော့သည်။

ဘုန်း...

စွမ်းအင် ပေါက်ကွဲမှုလှိုင်း တစ်ခုမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ပေါက်ကွဲမှု အရှိန်က အလွန် ပြင်းထန်လှလေရာ အနီးအနား၌ ရှိနေသည့် ထန်ရှင်းယွင်းမှာ ချက်ချင်းပင် အဝေးသို့ လွင့်စဥ်သွားသည်။ နတ်ဘုရား အလင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေသည့် လင်းမင် ပင်လျှင် တုန်ရီသွား၏။ ထို့နောက်တွင်ကား လောက၏ စွမ်းအင်များမှာ စတင် စုစည်းလာကာ အပြောင်းအလဲကြီး တစ်ခုကို စတင် ဖော်ဆောင်လေတော့သည်။

“မဖြစ်နိင်ဘူး... အဲဒါက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် မလား”

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ နေရာ အနှံ့အပြားတွင် ရှိနေသည့် ပုံရိပ် ရှစ်ခုမှာ ရုတ်တရက် တုန်ရီ သွားကြ၏။ သူတို့က ချက်ချင်းပင် ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ လေပြည်လွင်ပြင်ကို လှမ်းကာ ကြည့်လိုက်ကြသည်။

ထိုအခိုက်၌ ရည်ရွယ်ချက်၏ အကြွင်းမဲ့ အကန့်အသတ်ကို ထိတွေ့ ကျော်လွန်နေသည့် ဆန္ဒတစ်ခု မွေးဖွားလာသလို ခံစားနေရ၏။ တစ်ချိန်တည်း၌ ဝိညာဥ်အာရုံ ခံစားမှုမှ တစ်ဆင့် လောကကြီး၏ စွမ်းအင်များ တဖြည်းဖြည်း အသွင်ပြောင်းလဲ နေသည်ကို သူတို့ တွေ့မြင်နေရသည်။ သို့သော်လည်း ၎င်းတို့မှာ ရေစွမ်းအင်၊ မီးစွမ်းအင်တို့ ကဲ့သို့သော မူလ စွမ်းအင်များ အဖြစ် အသွင်ပြောင်းလဲနေကြခြင်း မဟုတ်ချေ။ ဤလောကတွင် တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်၊ သို့တည်းမဟုတ် မမွေးဖွားခဲ့ဖူးသေးသည့် မူလဒြပ်စင် စွမ်းအင် အဖြစ် အသွင် ပြောင်းလဲ နေကြခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းအားမျိုးမှာ ဤလောကကြီးတွင် တည်ရှိ မနေသင့်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ စွမ်းအင် ရင်းမြစ်နောက်ကို လိုက်ရင်း ဝေ့ဝူယင်နှင့် လင်းမင်တို့ အထက်တွင် ဆုံစည်း သွားကြ၏။ သူတို့ နှစ်ယောက်မှာ အလွန်အမင်း နီးကပ်နေလေရာ အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သူက မည်သူမှန်း ခန့်မှန်း၍ မရနိုင်ချေ။

လင်းမင်လော ဝေ့ဝူယင်လော။ လျှို့ဝှက် အာဏာရှင် အဆင့် ဝိညာဥ်အာရုံဖြင့်ပင် သူတို့ ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။

လူအိုကြီးက အညိုရောင် လွယ်အိတ်ကို ပြန်သိမ်းလိုက်ကာ သူ့ပါးစပ်ထဲတွင် ရှိသမျှ အရာအားလုံးကို အရာသာပင် မခံတော့ပဲ မြိုချ ပစ်လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို လှုပ်ရှားရင်း လေထု အတွင်း စိမ့်ဝင်နေသည့် မူလဒြပ်စင် စွမ်းအင်ကို ထိတွေ့ ခံစား ကြည့်လိုက်သည်။ တရွေ့ရွေ့ စီးဆင်းနေသည့် စက္ကန့်များနှင့် အတူ သူ့ နှလုံးသားက ပိုမို တုန်ရီ၍ လာနေခဲ့၏။

“ဒါက တကယ် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ပဲ...”

ဟယ်ယန်းလဲ့ကို ကယ်တင်ခဲ့သည့် ပိန်ပိန်ပါးပါးနှင့် စူးရှရှ မျက်လုံးပိုင်ရှင် အဘိုးအိုမှာလည်း တူညီစွာပင် လေထုထဲရှိ စွမ်းအင်များကို စစ်ဆေးနေခဲ့၏။

“အမှန်ပဲ.. ဒါက ပုံရိပ်ယောင် တစ်ခု မဟုတ်သလို  ရုပ်လွန် စွမ်းအား တစ်ခုလည်း မဟုတ်တာ သေချာတယ်... တကယ့်ကို မူလ ဒြပ်စင်ရဲ့ ဆန္ဒနဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ ဒြပ်စင် စွမ်းအင်ပဲ...  ကြယ်တာရာ နယ်မြေ တစ်ခု ဖွဲ့စည်းနေတဲ့ အချိန်အတောအတွင်းမှာပဲ ဒီလို စွမ်အင်မျိုးက တည်ရှိနိုင်တယ်... ဒါပေမဲ့ ခုက”

ပိန်ပါးသည့် အဘိုးအိုမှာ စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်ကာ နားမလည်နိုင်အောင် ဖြစ်နေဟန် ရ၏။

“တကယ့်ကို မကြုံစဖူးပဲ...”

အခြား လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကလည်း အံ့သြတကြီး ရေရွတ်လိုက်၏။ သူမက မျက်နှာကို ဖုံးကွယ်ထားသည့် အမျိုးသမီး တစ်ယောက် ဖြစ်ကာ ပိန်ပိန်ရှည်ရှည် ခန္ဓာနှင့် ခပ်ပြားပြား ရင်ဘတ်တို့ကို ပိုင်ဆိုင်ထား၏။ ရှည်လျားသည့် အင်္ကျီ လက်အိုးများ ကြားမှ သူမ၏ အရိုးဖြူ လက်ချောင်းများကတော့ မူလ ဒြပ်စင် စွမ်းအင်များကို နူးညံ့စွာပင် ပွတ်သပ် နေခဲ့လေသည်။

ဝိညာဥ် လမ်းလျှောက်သူမှာလည်း သူတို့နှင့် အတူပင် ရှိနေခဲ့၏။ သူမမှာလည်း ဗျာများနေကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်က လင်းမင်အား ဝေ့ဝူယင်လား မခွဲခြားနိုင် ဖြစ်နေခဲ့သည်။

“အဲဒါကို ဘယ်သူ ပိုင်တာလဲ...”

နောက်ထပ် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က အက်ကွဲကာ လေးပင်သည့် အသံဖြင့် မေးလိုက်၏။ အမှောင်မြူနှင်းများမှာ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော်လည်း သူ၏ ကြီးမားကာ ထွားကြိုင်းလှသည့် ခန္ဓာကိုယ်ကြီးကိုတော့ လုံခြုံအောင် ဖွက်ထားနိုင်စွမ်း မရှိပါချေ။ အကယ်၍ ဝေ့ဝူယင်သာ သူ့ကို မြင်ပါက မွေးစား ညီဝမ်းကွဲ ဖြစ်သည့် ဝေ့စီကိုပင် ပြန်လည် အမှတ်ရမိလိမ့်မည် ဖြစ်သည်။

“ငါ့အထင် ဒဏ်ရာရနေတဲ့ ကလေးတော့ မဟုတ်လောက်ဘူး... သူ့ရဲ့ စိတ်က အခြေအနေ အတော့်ကို ဆိုးနေတာ... သေချာတယ် အခြား တစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

ဝိညာဥ် လမ်းလျှောက်သူက ပြောလိုက်၏။ အခြားလူများမှာ သဘောတူညီဟန်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။ ဝေ့ဝူယင်၏ လက်ရှိ အခြေအနေက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် တစ်ခုကို ပေါင်းစည်းရန် မဆိုထားနှင့် ရိုးရိုး ရည်ရွယ်ချက် တစ်ခုကို ထုတ်ဖော်ရန်ပင် အားနည်းလွန်းနေသည်။ သူ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လူအိုကြီးနှင့် ပိန်ပါးသည့် အဘိုးအိုတို့ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့ အတွက်တော့ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်က ဝေ့ဝူယင်သာ ဖြစ်သည်။

တစ်ချိန်တည်း၌ ဝမ်ယုထျန်းမှာလည်း ထိုမြင်ကွင်းနှင့် ဖြစ်ပေါ်လာနေသည့် အပြောင်းအလဲများကို ကြည့်ကာ အံ့အားသင့် နေခဲ့၏။ အခြား... လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ခြားနားစွာပင် တစ္ဆေအိုကြီး စမ်းသပ်ပွဲ ဝင်္ကပါဖြင့် လင်းမင်ကို ကိုယ်တိုင်ကိုယ်ကျ ဖုံးအုပ်ထားသူ ဖြစ်လေရာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ လင်းမင်ထံမှ မဟုတ်ကြောင်း သိပေသည်။

ဝမ်ယုထျန်း၏ ဝိညာဥ် မျက်လုံးများမှာ နေကြယ်များ ကဲ့သို့ တောက်ပလာ၏။ စမ်းသပ်ပွဲအား အောင်မြင်ရန် အတွက် လောကနယ်မြေ တည်းဟူသော ကယ်ပေါက် အပြင် အခြား ကယ်ပေါက် တစ်ခု ရှိသေးကြောင်း သူ သိထားပေသည်။ ထိုကယ်ပေါက်ကား... ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အောင်မြင်သည်နှင့် ထိုပြိုင်ပွဲဝင်မှာ ချွင်းချက်မရှိ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာမည် ဆိုခြင်းပင်။

တစ္ဆေအိုကြီးမှာ အူလှိုက်သည်းလှိုက်ပင် အော်ဟစ် ရယ်မောလိုက်၏။ ကြည့်ရတာ ကောင်းကင်ဘုံက ထိုလူငယ်လေးကို ကူညီနေသည့်ပုံ ရသည်။ သူက ချက်ချင်းဆိုသလိုပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း အလွန် ကျယ်လောင်စွာ ကြေညာလိုက်တော့၏။

“ရွေးချယ်ခံတွေ ပေါ်ထွက်လာခဲ့ပြီ...”

“ချီးပဲ...”

ဝေ့ဝူယင်မှာ ထိုကြေညာသံကို ကြားလိုက်ရရာ အချိန်ဆွဲနေခဲ့သည့် လင်းမင်ကို စိတ်ထဲမှ ကြိတ်ကာ ဆဲလိုက်မိ၏။ ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ... နေကြယ်ထံမှ နတ်ဘုရား အလင်းများမှာ ပေါက်ကွဲအား ပြင်းထန်စွာဖြင့် သူ့ထံ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

ထိုအလင်းတန်းများ ပျောက်ကွယ်သွားချိန်၌ သူတို့ နှစ်ယောက်စလုံးလည်း ပျောက်ကွယ် သွားခဲ့တော့၏။

***

All Chapters