ချင်ကူးယဉ်
Vol. 38 Ch. 522
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး မမျှော်လင့်သည့် အပြောင်းအလဲများဖြင့် အပြောင်းအလဲများဖြင့် ပြည့်နှက်နေခဲ့ချိန်တွင် အပြင်ဘက် ကြယ်တာရာ နယ်မြေမှာလည်း အလားတူပင် တင်းမာ ပြောင်းလဲ နေခဲ့လေသည်။
လူငယ် ပါရမီရှင် သုံးထောင် ဂိတ်တံခါးကို ဖြတ်သန်း၍ လောကနယ်မြေ အတွင်း ဝင်ရောက် သွားခဲ့သည်မှာ သုံးနှစ် နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂိတ်တံခါး အပြင်ဘက်၌ ကျန်ရစ်ခဲ့သည့် ပုဂ္ဂိုလ်များမှာ အော်ရစ် ပင်လယ်၏ အန္တရာယ်များသော ပတ်ဝန်းကျင်တွင်ပင် တိတ်တဆိတ် ဆက်လက် စောင့်ဆိုင်းနေကြ၏။ ထို့ပိဟန်၊ ချင်ကူးယွင်၊ လင်းယုရန်နှင့် စန်းအင်ပါယာတို့ အပါအဝင် မည်သည့် ခေါင်းဆောင်နှင့် အကြီးအကဲများမှ ထွက်ခွာသွားကြခြင်း မရှိသေးချေ။
သုံးနှစ်သုံးမိုး ဆိုသော အချိန်က သူတို့လို အဆင့်မြင့် ကျင့်ကြံသူများ အတွက်တော့ မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်ပေသည်။
ထို့ပိဟန်မှာ တင်ပျဉ်ချိတ် ထိုင်လျှက် မျက်လုံးများကို မှိတ်ထားကာ လေထုထဲတွင် တိတ်တဆိတ် မျောပါနေခဲ့၏။ သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေသည်။ စန်းအင်ပါယာမှာ ဤနေရာ၌ ရှိနေလေရာ သူ ထွက်သွား၍ မရချေ။ သူ ဤနေရာတွင် ရှိမနေသည့် အခိုက် ဝေ့ဝူယင် ပြန်လာတာနှင့် တိုးပါက စန်းအင်ပါယာ ယုတ်မာစွာ မပြုမူဟု မည်သူက အာမခံနိုင်မည်နည်း။
မျက်မှောက်ခေတ်၌ သူ၏ တည်ရှိမှုနှင့် အတူ အနာဂတ်မှာ ခိုင်မြဲ နေပြီ ဖြစ်ကာ ဝေ့ဝူယင်မှာ ထိုအပြောင်းအလဲ အားလုံး၏ သော့ချက်ပင် ဖြစ်သည်။ အခြားလူများက ဝေ့ဝူယင်ကို ပါရမီရှင် အဂ္ဂိရတ် အင်ပါယာ တစ်ယောက် အဖြစ်သာ သတ်မှတ်ထားသည့်တိုင် စန်းအင်ပါယာမှာ သူ၏ အစစ်အမှန် အဆင့်အတန်းကို သိကောင်း သိနေနိုင်ပေသည်။ အထူးသဖြင့် ဂိုဏ်းသုံးဂိုဏ်း၏ လျှို့ဝှက်ချက် ဖြစ်သည့် ဂိတ်တံခါး အကြောင်းကို ဂဃနဏ သိရှိကာ အော်ရစ် ပင်လယ် ကိုအချိန်ကိုက် ရောက်ရှိလာနိုင်ခဲ့သည့် အဖြစ်က ထို့ပိဟန်ကို ပိုမို သံသယ များစေသည်။
မလှမ်းမကမ်း တစ်နေရာ၌ အဂ္ဂိရတ် အစည်းအရုံး ခေါင်းဆောင် ချင်ကူးယွင်မှာ ဂိတ်တံခါး အဝကို မမှိတ်မသုန်ပင် စိုက်ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများထဲတွင် စိုးရိမ် ပူပန်မှုနှင့် တုန်လှုပ်မှု အရိပ်အယောင်များက တငွေ့ငွေ့ လောင်ကြွမ်းနေသည်။
“ယဥ်အာ... ကောင်းကင် နိမိတ်ဖတ်သူရဲ့ စကားက မှန်ကန်ပါစေလို့ ငါ ဆုတောင်းပါတယ်”
လွန်ခဲ့သည့် သုံးနှစ် နီးပါးခန့် အချိန်အတွင်း ထိုစကားကို အကြိမ် ဘယ်လောက် ရွေရွတ်မိမှန်းပင် ချင်ကူးယွင် မမှတ်မိတော့ချေ။
ရင်ဆိုင်နေရသည့် ကျင့်ကြံခြင်း ပြဿနာများကို ဖြေရှင်းရန် အတွက် အထဲကို စေလွှတ်ခဲ့ရသည် ဆိုသော်လည် ချင်ကူးယဥ် အတွက် ထိုအရာက စွန့်စားခန်း ဆန်လွန်းလှသည်။ မိန်းကလေးမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမတွင် မည်သည့် တိုက်ခိုက်ရေးနှင့် ခုခံရေး စွမ်းအားများမှ မရှိချေ။ အကယ်၍ အန္တရာယ်များနှင့် ရင်ဆိုင်ရပါက သူမ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာက လည်စင်းပေးရုံသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ထိုရွေးချယ်မှုက မှန်ကန်ဖို့ သူ မျှော်လင့်မိပေသည်။ အကယ်၍ မွေးရာပါ ပါရမီများကိုသာ ဆုံးရှုံးထားခြင်း မရှိပါက ချင်ကူးယဥ်မှာ ဝေ့ဝူယင်နှင့် ယှဥ်ပြိုင်ကာ ခေတ်သစ်တစ်ခုကို တည်ထောင်နိုင်မှာ သေချာသည်။ ဝေ့ဝူယင်... ထိုနာမည်ကို တွေးမိသည်နှင့် သူ့စိတ်က အနည်းငယ် ဖရိုဖရဲ ဖြစ်သွားခဲ့၏။
လက်ရှိ၌ ဝေ့ဝူယင်၏ အမည်နာမမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် လွန်စွာ ခိုင်မာနေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဝေ့ဝူယင် တည်ထောင်ထားသည့် အာဏာရှင်များ အဖွဲ့မှာ မဟာစစ်ပွဲကြီး အပြီး ဂိုဏ်းကြီး သုံးဂိုဏ်း ကျူးကျော်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ကြောင်း ကြေညာခဲ့သည်။
အထွတ်အမြတ် အလင်း နန်းတော်မှာ တိုက်ပွဲကို ရှောင်လွှဲခဲ့သောကြောင့် အသက် ဆုံးရှုံးမှုများ သိပ်မရှိခဲ့သော်လည်း အပြင်းအထန် ခုခံရန် ကြိုးပမ်းခဲ့သည့် အသူရာ နတ်ဆိုး တောင်တန်းနှင့် ဒြပ်စင် ကောင်းကင် နန်းတော်တို့ကတော့ ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ အာဏာရှင် အဖွဲ့သားတိုင်းမှာ အဆင့်တူ ပြိုင်ဘက်များထက် ခေါင်းတစ်လုံး မက သာလွန်နေကြသည့် အပြင် သရဲ ဘီလူးများလို ကြောက်မက်ဖွယ်လည်း ကောင်းလွန်းလှသည်။
ထိုကဲ့သို့ သူရဲကောင်းဆန်သည့် ဇာတ်ကောင်များစွာ မွေးဖွားလာခြင်းက သုံးလွှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံး အတွက် မမျှော်လင့်သည့် တိုးတက် ပြောင်းလဲမှု တစ်ခုပင် ဖြစ်သည်။
ထို့ပိဟန်၏ တည်ရှိမှု၊ အာဏာရှင် အဖွဲ့သားများ၏ ရုတ်ရင်း ကြမ်းကြုတ်မှု၊ နောက်ကွယ်မှ အဂ္ဂိရတ် အစည်းအရုံး၏ ပံ့ပိုးမှုတို့နှင့် အတူ အနန္တ ဧကရာဇ်ဂိုဏ်းမှာ သူတို့၏ မူလ ဂုဏ်သိက္ခာ ကြီးမြတ်မှုကို ပြန်လည် ရယူနိုင်ခဲ့သည်။ အစ ပထမက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ နာမည် အသစ်ကို အင်ပါယာ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတို့ အကြား အငြင်းပွားမှုများ ရှိခဲ့သော်လည်း ယခုတွင်တော့ နှစ်ခု ပေါင်းစပ်ကာ အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ အဖြစ် စတင် ရည်ညွှန်းနေခဲ့ပြီ ဖြစ်လေသည်။
စန်းမျိုးနွယ်ကတော့ တစ်ချိန်လုံး ဘာမှ ဝင်မပြောပဲ တိတ်ဆိတ်နေခဲ့သည်။ ကြည့်ရသည်က သူတို့မှာ ကြယ်တာရာ နယ်မြေ၏ အနာဂတ်ကို လုံးဝ လက်လွှတ်ထားဟန် ရသည်။ ဘာပဲဖြစ်ဖြစ်... အနန္တ ဧကရာဇ်ဂိုဏ်း၏ တစ်ကြော့ပြန် တောက်ပြောင်လာမှုက ကြောက်မက်ဖွယ် ကောင်းလွန်းလှရာ ထိုဆုံးဖြတ်ချက်က လက်ခံနိုင်စရာ ရှိပေသည်။
သို့သော်လည်း ချင်ကူးယွင်ကို စိုးရိမ်စေသည့် အဓိက အချက်က အနန္တ ဧကရာဇ်ဂိုဏ်းနှင့် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အပြောင်းအလဲများ မဟုတ်ချေ။ ကောင်းကင် ပုရောဟိတ်၏ အဆိုအရ ဆိုလျှင် ချင်ကူးယဥ် အတွက် အကြီးမားဆုံး အနှောက်အယှက် အတားအဆီးက ဝေ့ဝူယင်ဟု ဆိုသည်။
ချင်ကူးယဥ် အနေဖြင့် ထိုအတားအဆီးကို ကျော်ြဖတ်ကာ မွေးရာပါ ပါရမီများကို ပြန်လည် သိုမှီးနိုင်ပါက သူမ၏ အနာဂတ်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၊ ယခုအခေါ် အာရုဏ်ဦး အင်ပါယာ နယ်မြေကိုပင် ကျော်ဖြတ်ကာ တောက်ပနိုင်လိမ့်မည် ဖြစ်သည်။
“ယဥ်အာ... နင် အသက်ရှင်ရမယ်... နင် လုပ်နိုင်ရမယ်...”
ချင်ကူးယွင် အံကို တင်းတင်းကြိတ်ရင်း တိတ်တဆိတ် ရေရွတ် လိုက်လေ၏။
...
အစွန်းလေးဖက် လေကနယ်မြေ၊ ရှန်းကလန်၏ မူလပိုင်နက် အတွင်း၌ ချင်ကူးယဥ်မှာ အသက်ရှင်လျှက် ရှိနေသေးဆဲ ဖြစ်သည်။
ဂိတ်တံခါးကို ဖြတ်ကျော် ပြီးပြီးချင်းမှာပင် ဥမင်လိုဏ်ခေါင်းက သူမကို ဗဟိုနယ်မြေသို့ တိုက်ရိုက် ပို့်ဆောင် ပေးခဲ့သည်။ ထိုအတွက်လည်း ကောင်းကင် ပရောဟိတ်က အစောကြီးတည်းကပင် သူမကို တိကျ သေချာသည့် လမ်းညွှန်ချက်များ ပေးခဲ့ကာ သုံးဆယ့် ကိုးယောက်မြောက် ဝင်ရောက်ရန် မှာကြားခဲ့သည်။
အစွန်းလေးဖက် လောကနယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ချင်ကူးယဥ်မှာ ကောင်းကင် ပုရောဟိတ် လမ်းညွှန်သည့် နေရာသို့ပင် သွားကာ အဂ္ဂိရတ်ကျွန် တစ်ဦးကို ရှာဖွေခဲ့သည်။ ကောင်းကင်ပုရောဟိတ် ကြိုတင် ပြင်ဆင်ပေးလိုက်သော လက်နက်များ၊ ရတနာများဖြင့် ထိုအမျိုးသမီးကို ဖမ်းဆီးချင်သူများ၏ လက်မှ အကာအကွယ်ပေးခဲ့သည်။
ထိုမိန်းကလေး၏ နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ချင်ကူးယဥ်ပင် ဖြစ်သည်။ သို့သော်လည်း သူမက အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက် မဟုတ်ချေ။ လူသား တစ်ယောက်သာ ဖြစ်သည်။ နာမည် တူညီသည်မှ လွဲ၍ သူတို့ နှစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး၊ နောက်ခံ စသည်တို့မှာ များစွာ ကွာခြားလှပေသည်။
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ ချင်ကူးယဥ်မှာ ဘိုးဘေး တစ်ဦး၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်ကြောင့် ရှန်းကလန်၏ လက်အောက်ခံ ဖြစ်လာသည့် အင်အားစု တစ်ခုတွင် မွေးဖွားလာသူ ဖြစ်သည်။ သူတို့ မျိုးနွယ်ထဲမှ အရွယ်ရောက်ပြီးသူ များစွာမှာ စွမ်းအင် ကူးပြောင်းသူများ ဖြစ်လာကာ အချို့မှာလည်း အဂ္ဂိရတ် ကျေးကျွန်များ အဖြစ် ရောင်းချခြင်း ခံခဲ့ရသည်။
ချင်ကူးယဥ်မှာလည်း အရွယ်ရောက်သည်နှင့် အလားတူပင် အဂ္ဂိရတ် ကျေးကျွန် တစ်ယောက် ဖြစ်လာခဲ့သည်။ မိန်းကလေးမှာ အဂ္ဂိရတ် တာအိုတွင် အလွန် ပါရမီ ထူးချွန်လှလေရာ ရှန်းကလန် အကြီးအကဲ တစ်ဦးက သူမကို သဘောကျ သွားခဲ့သည်။
သို့သော်... ထို “သဘောကျခြင်း” က သူမကို ကံကြမ္မာဆိုးများမှ ကယ်တင်မည့် သဘောကျခြင်းမျိုး မဟုတ်ချေ။ အိပ်မက်ဆိုးများကို အလုံးအရင်းလိုက် သယ်ဆောင်လာခဲ့သည့် သဘောကျခြင်းမျိုးပင် ဖြစ်လေတော့သည်။
အကြီးအကဲ၏ မျက်စိကျခြင်းကို ခံခဲ့ရသည့်တိုင် နိမ့်ကျသည့် အဆင့်အတန်းကြောင့် မိန်းကလေးမှာ အဂ္ဂိရတ်ကျွန် တစ်ယောက် အဖြစ်သာ ဆက်လက်နေထိုင်ခဲ့ရသည်။ နေ့စဥ်နေ့တိုင်း ဆိုသလို ခန္ဓာကိုယ်ထဲမှ အဂ္ဂိရတ် စွမ်းအင်များကို ထုတ်ယူခံခဲ့ရကာ ထုတ်ကုန်များကို ထုတ်လုပ်ရာ၌ အသုံးချ ခံခဲ့ရသည်။ သူမ၏ အဆင့်အတန်းက ယခင်ကလို ပုံမှန် အတိုင်းသာ ဖြစ်ပေသည်။
သို့သော်လည်း ထိုအကြီးအကဲ၏ မျက်စိကျမှု တစ်ခုတည်းကြောင့် သူမ ခံစားခဲ့ရသည့် အနိုင်ကျင့် ခံခဲ့ရမှုများတော့ အဆုံးမဲ့အောင် ရက်စက်လွန်းလှပေသည်။ ထိုအကြီးအကဲ၏ ကိုယ်လုပ်တော်များ၊ မောင်းမ မိဿံများ၊ ဇနီးများမှာ သူမကို အလွန် မုန်းတီး စက်ဆုပ်ဖွယ် ကောင်းသည့် မျှော့တစ်ကောင်လို ဆက်ဆံခဲ့ကြကာ အခွင့်အရေး ရတိုင်း သူမ၏ အသက်နှင့် ခန္ဓာကို ညှင်းပန်း နှိပ်စက်ခဲ့ကြသည်။ လူယုတ်မာ အကြီးအကဲကလည်း ညစဥ်ညတိုင်း သူမကို အဓမ္မကျင့်ခဲ့သည်။
ချင်ကူးယဥ်မှာ နေ့ပေါင်းညပေါင်းများစွာကို ကြောက်ရွံ့ ထိတ်လန့်မှု၊ မျက်ရည်တို့ဖြင့် ကျော်ဖြတ်ခဲ့ရသည်။ တစ်ခါတစ်ရံ သူမကိုယ် သူမ သတ်သေဖို့ပင် တွေးခဲ့သည်များပင် ရှိခဲ့သည်။ ဤသို့နှင့် နှစ်ကာလပေါင်း များစွာ ကြာမြင့်ပြီးနောက် သူမအတွက် အခွင့်အရေး လမ်းစ တစ်ခု ပေါ်လာခဲ့သည်။ ထိုလမ်းစကား...
ချင်ကူးယဥ်နှင့် ဆုံတွေ့ခဲ့ချိန်၌ မိန်းကလေးမှာ ထောင့်တစ်နေရာရှိ အမှောင်ထုထဲတွင် ပုန်းအောင်းကာ မျက်ရည်များနှင့် ငိုကြွေးနေခဲ့သည်။ သူမက လက်ထဲတွင် ဖန်ကွဲစများကို ကိုင်ထားကာ သွယ်လျသော လည်တိုင်ရှည်မှာ ပြတ်ရှရာများ၊ အမာရွတ်များနှင့် ပြည့်နှက်နေခဲ့သည်။
ချင်ကူးယဥ်မှာ ဘဝကို အဆုံးသတ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမတွင် ဆက်လက် အသက်ရှင်သန်ရန် အင်အား မရှိတော့ချေ။ သို့သော်လည်း သူမ ကိုယ့်ကိုယ်ကို မလုပ်ရဲပြန်ချေ။
ချင်ကူးယဥ်... သူမနှင့် နာမည်ချင်း ဆင်တူသည့် ထိုမိန်းကလေးမှာ သူမအတွက် လက်စားချေပေးမည်ဟု ကတိပေးခဲ့သည်။ သူမက အစစ်အမှန် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ မြင့်မားသည့် နောက်ခံကိုလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ထိုမိန်းကလေး ပြန်လည် တောင်းဆိုသည့် တစ်ခုတည်းသော အရာက သူမ၏ သွေးကြောများပင် ဖြစ်သည်။ ထို့အပြင် သူမက သူမအတွက် လွတ်လပ်ခွင့်ကိုပါ အာမခံခဲ့သည်။
ပထမ၌ ချင်ကူးယဥ်မှာ မိန်းကလေး အပေါ် သံသယများ ရှိနေခဲ့သေးသော်လည်း သူမ၏ နည်းလမ်းများနှင့် အပြုအမူများကို တွေ့မြင်ပြီးနောက်တွင် စတင် ယုံကြည်လာခဲ့သည်။ ဤသို့နှင့် သူတို့ နှစ်ယောက် သွေးကြော လွှဲပြောင်းခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြသည်။
ချင်ကူးယဥ်မှာ သူမ၏ ရည်ရွယ်ချက်ကို ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ပုရောဟိတ်၏ စကားက တကယ် မှန်ပေသည်။ သူ၏ ကြိုတင် နိမိတ်ဖတ်မှု အတိုင်း အစီအစဥ်မှာ လွဲချော်မှု တစ်ခုပင် မရှိခဲ့ချေ။ သွေးကြောများ ဖလှယ် ရရှိခြင်းနှင့် အတူ သူမမှာ နောက်တစ်ဖန် ပြန်လည်၍ ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ ပြင်ပ ဝင်္ကပါ အကူအညီ မလိုပဲ အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်ပိုင် စွမ်းအားဖြင့် ပြန်လည် သန့်စင်နိုင်တော့မည် ဖြစ်သည်။ သူမ၏ အနာဂတ် အလားအလာမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိသူတိုင်းထက် ကျော်လွန် သွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်ပင်လျှင် သူမကို ယှဥ်နိုင်မှာ မဟုတ်တော့ချေ။
သူတို့ နှစ်ယောက်မှာ တိတ်တဆိတ်ပင် ကျင့်ကြံရင်း ထွက်ခွာခွင့် ရမည့် အချိန် သို့မဟုတ် ဆယ်နှစ် ကန့်သတ်ချက် ပြည့်မည့်နေ့ကို စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော်လည်း တစ်နှစ်မျှသာ ကြာမြင့်လိုက်ပြီး နောက်တွင် ရှန်းနယ်မြေမှာ လုံးဝ ဖရိုဖရဲ အခြေအနေ တစ်ခုသို့ ကျရောက်သွားခဲ့တော့သည်။
ဝေ့ဝူယင်မှာ တော်ဝင် ကလန်နှစ်ခုထံမှ နတ်ဘုရား သင်္ကေတများကို သိမ်းပိုက်ကာ ဒြပ်စင် သုံးခု တော်ဝင် သားတော် အဖြစ် ကြေညာခဲ့သည်။ အကျိုးဆက် အနေဖြင့် အစွန်းလေးဖက် နယ်မြေများမှ များစွာသော အင်အားစုများကို ဗဟိုနယ်မြေသို့ အလုံးလိုက် အရင်းလိုက် ဝင်လာကြကာ နယ်မြေပိုင်ဆိုင်ခွင့်များ အတွက် အဆုံးမဲ့ တိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်။
ထိုနှစ်များ၌ လောကကြီး တစ်ခုလုံးမှာ သတ်ဖြတ်ခြင်း၊ သေဆုံးခြင်းများနှင့် ပြည့်နှက်နေခဲ့တော့၏။ ချင်ကူးယဥ်တို့မှာ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြသော်လည်း လောကသခင် တစ်ပါးနှင့် တွေ့သော အခိုက်၌ ဘာမှ အသုံးမဝင်ခဲ့တော့ချေ။
ဤသို့ဖြင့် ချင်ကူးယဥ်မှာ အဂ္ဂိရတ် ကျေးကျွန် ဘဝကို နေ့ချင်းညချင်း ပြန်လည် ကျရောက် သွားခဲ့တော့သည်။ အယ်ဗန်မျိုးနွယ် ချင်ကူးယဥ်မှာလည်း သူမနှင့် အတူ ဖမ်းဆီးခံခဲ့ရကာ အဂ္ဂိရတ် ကျေးကျွန် တစ်ယောက် အဖြစ် ရောင်းချ ခံခဲ့သည်။ အခြား အဂ္ဂိရတ် ကျေးကျွန်များ ကဲ့သို့ပင် တူညီစွာ ဆက်ဆံခံခဲ့ရသည်။ သူမမှာ ဆက်လက် အသက်ရှင်သန်ခဲ့သည် ဆိုသော်လည်း အခြေအနေကတော့ အသည်းအသန်ပင် ဖြစ်သည်။
နောက်ဆုံး အာဏာရှင်များ အဖွဲ့နှင့် မဆုံတွေ့ခင် အချိန်အထိ...။
***