ဆုံတွေ့ခြင်း
Vol. 38 Ch. 523
တော်ဝင် ညီလာခံ အဆုံးသတ်ပြီးသည့်နောက်၊ နတ္ထိ ရာသီ အစပျိုးခါစတွင် လူရှစ်ယောက် ပါဝင်သော အုပ်စု တစ်ခုမှာ ဗဟိုနယ်မြေ နယ်စပ် တစ်လျှောက်တွင် ခြေကျင် ခရီးနှင် နေခဲ့ကြ၏။ သူတို့၏ ခေါင်းဆောင်မှာ ခါးတွင် ဓားကို ချိတ်ကာ တစ်ကိုယ်လုံး လုံခြုံသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ညှို့အားပြင်း နတ်မိမယ် တစ်ယောက် ဖြစ်သည်။ ထိုသူရဲကောင်းဆန်သော ပုံရိပ်ကား အာဏာရှင်များ အဖွဲ့၏ ပထမ ဗိုလ်ချုပ် ဟုန်ချွင်းဟွာပင် ဖြစ်လေသည်။
“ဗိုလ်ချုပ်... ကျုပ်တို့ လေပြည်လွင်ပြင်ကို တကယ် မသွားတော့ဘူးလား... တော်ဝင် ညီလာခံက သိပ်မူမမှန်ဘူး လို့ ကျုပ် ခံစားရတယ်”
ကတုံးပြောင်ပြောင်နှင့် နတ်ဆိုးက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်၏။ သူတို့ အုပ်စုမှာ အမျိုးမျိုးသော စွမ်းအားများကို မြှင့်တင်ရန် အုပ်စုလိုက် တံခါးပိတ် ကျင့်ကြံနေကြရာမှ လွန်ခဲ့သည့် နာရီပိုင်းကမှသာ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ နတ္ထိရာသီ စတင်ခြင်းနှင့် ဝေ့ဝူယင်၏ လွှမ်းမိုးမှုများ အပါအဝင် ဘာသတင်းကိုမှ ကြားသိထာခြင်း မရှိသေးချ။
တော်ဝင် ညီလာခံ အကြောင်းကိုပင် လမ်းခရီးတွင် တွေ့ခဲ့ရသည့် လေလွင့် ကျင့်ကြံသူ တစ်ယောက်ထံမှ တစ်ပိုင်းတစ်စ ကြားခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုကျင့်ကြံသူမှာလည်း အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်လေရာ ညီလာခံ ကျင်းပမည့် အချိန် အပါအဝင် ဘာကိုမှ အတိအကျ သိထားခြင်း မရှိပါချေ။
“မင်းကလေ အမှတ်သညာ မရှိတဲ့မျောက်လို့ ပြောတော့လည်း မခံချင်သေးဘူး.. အမြဲတမ်း ဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေတာပဲ... အရှင်ဝေ့က သူလိုရင် ငါတို့ကို လှမ်းခေါ်မှာပေါ့”
ပိုင်ယွင်ဟန်က စိတ်မရှည်ဟန်နှင့် ပြောလိုက်၏။ သူ၏ အမူအရာက ကျူးကျွင်း၏ ထပ်တလဲလဲ မေးခွန်းများကို စိတ်ပျက်လက်ပျက် ဖြစ်နေဟန် ရသည်။
လီယွင်ကူးကလည်း ဝင်ပြောလိုက်၏။
“ကျူးကျွင်... ငါတို့ရဲ့ ရည်ရွယ်ချက်က အာဏာရှင်တွေ အတူတကွ စုစည်းပြီး ဒီလောကနယ်မြေထဲမှာ ရှိတဲ့ ရင်းမြစ်တွေကို စုစည်းဖို့... နောက် အရှင်ဝေ့ရဲ့ အမိန့်ကို စောင့်ဆိုင်းဖို့ပဲ...အခြား ဟာတွေ မစဥ်းစားနဲ့... နောက်ပြီး ငါတို့က ခုမှ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာ... အပြင်ဘာတွေ ပြောင်းလဲနေလဲ ဆိုတာ အရင်ဆုံး သေချာ လေ့လာဖို့ လိုတယ်”
ဟုန်ချွင်းဟွာကတော့ ဘာမှ ဝင်မပြောချေ။ တိတ်တဆိတ်ပင် ကောင်းကင်တွင် တလိပ်လိပ် တက်နေသော တိမ်စိုင်များနှင့် မိုးကြိုးများကို ကြည့်နေခဲ့၏။
“ဗိုလ်ချုပ်...”
ကျောထက်တွင် အလွန် ကြီးမားသည့် အတောင်ပံများကို သယ်ဆောင်ထားကာ ငှက်နှုတ်သီးနှင့် စူးရှရှ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အာဏာရှင် တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။ သူက သိမ်းငှက်ကဲ့သို့ လက်သည်းများနှင့် မိုးကုပ်စက်ဝိုင်း တစ်နေရာကို ညွှန်ပြလိုက်သည်။
ဟုန်ချွင်းဟွာ အပါအဝင် အခြားလူများမှာ သူညွှန်ပြသည့် နေရာကို လှမ်းကာ ကြည့်လိုက်ကြ၏။ သို့သော်လည်း ဘာကိုမှ မတွေ့ရချေ။
“နင် ဘာမြင်လို့လဲ...”
ဟုန်ချွင်းဟွာက သူ့ကို လှည့်ကြည့်ရင်း မေးလိုက်၏။ ထိုရှို့ရန် မျိုးနွယ်ဝင် အာဏာရှင်၏ အမြင်အာရုံမှာ သာမန် ကျင့်ကြံသူများထက် များစွာ ပို၍ အစွမ်းထက်ကြောင်း သူမ သိရှိထားပေသည်။ သူက မီးခိုးရောင် သိမ်းငှက် မျက်လုံး သွေးမျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်ကာ နာမည်မှာ အားထယ် ဖြစ်သည်။
“ယာဉ်တန်းတစ်ခုနဲ့ အရွယ်အစား တော်တော်ကြီးတဲ့ ရထားလုံးတွေ... အမှတ်အသားကို ကြည့်ရတာ ဗဟိုနယ်မြေ လဲ့ကလန်က ဖြစ်လိမ့်မယ်... သူတို့က သူတို့ကိုယ်ကို အတားအဆီး ဝိညာဥ် အစီအရင် တစ်ခုနဲ့ ဖုံးကွယ်ထားတယ် ဆိုပေမဲ့ ကျုပ် မျက်လုံးကနေ ပြေးမလွတ်ပါဘူး”
အားထယ်က ဂုဏ်ယူ ဝင့်ကြွားစွာပင် ပြောလိုက်၏။ သူ၏ မီးခိုးရောင် မျက်လုံးများက ဝိညာဥ် အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။ အမြင်အာရုံ စွမ်းရည်ချင်း သီးသန့် ပြိုင်ဆိုင်ပါက သူက အာဏာရှင်များ အဖွဲ့တွင် တုနှိုင်းမဲ့ ဖြစ်သည်။
ဟုန်ချွင်းဟွာက ခဏမျှ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်၏။
“အရှင်ဝေ့ ကိုယ်တိုင်က လဲ့ကလန်ကို ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့ပြီးသား ဆိုတော့ ငါတို့ကလည်း အကြွင်းအကျန်လေးတွေကို ရှင်းလိုက်ကြတာပေါ့... အားလုံး တိုက်ပွဲအတွက် အသင့်ပြင်ကြ... သူတို့ဆီကနေ အသုံးချလို့ ရသမျှ ရင်းမြစ်မှန်သမျှကို လုကြမယ်...”
သူမ ပြောလိုက်သည်နှင့် ချက်ချင်းပင် အုပ်စု အတွင်းရှိ လူတိုင်း၏ မျက်လုံးများက မီးတောက်များဖြင့် လောင်ကြွမ်း သွားကြ၏။
“ဖီးနစ် ထိန်းချုပ်ခြင်း ဗျူဟာကို သုံးမယ်... မေးစရာ ရှိလား”
ဟုန်ချွင်းဟွာမှာ ချည်းကပ်ရန် နည်းလမ်းကို ဆုံးဖြတ်ပြီးဟန်နှင့် အော်ဟစ် လိုက်၏။ အခြားလူများမှာ တစ်ခွန်းမှ ပြန်မပြောကြချေ။ သူတို့က လက်နက်များ၊ အစီအရင်များကို ဆွဲထုတ်လိုက်ခြင်းဖြင့်သာ တုန့်ပြန်လိုက်ကြ၏။ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဟုန်ချွင်းဟွာက စတင် လှုပ်ရှားလိုက်တော့သည်။
နတ္ထိရာသီသို့ ဝင်ရောက်လာခြင်းနှင့် အတူ ဖြစ်ပေါ်လာသည့် အားသာချက်၊ အားနည်းချက်များကို သူတို့ နားလည်ကြပေသည်။ အကယ်၍ လောကသခင်များနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် အနိုင်ရယူရန် သူတို့ ချွင်းချက် မရှိ ယုံကြည်ကြပေသည်။
...
ဘုန်း...
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ကျူးကျွင်းမှာ သူ့တူကြီးဖြင့် လောကသခင် တစ်ယောက်၏ ခေါင်းကို ဖရဲသီးလို ထုချေ ပစ်လိုက်၏။ လောကသခင်၏ ခေါင်းက ပေါက်ကွဲသွားကာ ဦးနှောက်များမှာ ပဲနှစ်များလိုပင် မြေပြင်ပေါ် ပြန့်ကျဲသွားသည်။
“ဒီလောက်ကြီးလည်း အစွမ်းမထက်ပါလား... ဟဟ”
ကျူးကျွင်းက သံချပ်ကာပေါ်တွင် ပေကျံလာသည့် ဦးနှောက် အနှစ်အချို့ကို သုတ်လိုက်ရင်း မှုန်ကုပ်ကုပ် ပြုံးလိုက်၏။
သူ၏ ပတ်ဝန်းကျင်တွင်တော့ အာဏာရှင် အဖွဲ့သားများမှာ နောက်ဆုံး လက်ကျန် အသက် အချို့ကို လိုက်လံ အဆုံးသတ် နေကြကာ များစွာသော အလောင်းများမှာ မြေပြင်ထက်တွင် ပြန့်ကြဲနေ၏။ တိုက်ပွဲ၏ အပြင်းထန်ဆုံး တန်ပိုမှာ ကျော်လွန်သွားပြီး ဖြစ်ကာ အားလုံးမှာ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
ဟုန်ချွင်းဟွာနှင့် လီယွင်ကူးတို့ နှစ်ယောက်ကတော့ စစ်မြေပြင်တွင်ပင် မရှိတော့ပဲ ရထားလုံးများကို လိုက်လံ မွှေနှောက်နေကြ၏။ လီယွင်ကူး၏ မျက်လုံးများက ခါတိုင်းလိုပင် လောဘ အရိပ်အယောင်များဖြင့် တလက်လက် တောက်ပနေသည်။
“သူတို့က တကယ် ချမ်းသာတာပဲ... ရထားလုံးတွေထဲမှာ ပါတဲ့ ရင်းမြစ်တွေတောင် ငါတို့ ကြယ်တာရာ နယ်မြေက ထိပ်သီး အင်အားစုတွေနဲ့ ယှဥ်နိုင်တယ်... အာဏာရှင်များ အဖွဲ့ကိုတောင် မှီလုနီးနီးပဲ... ဒီလောက နယ်မြေက တကယ် ချမ်းသာတာပဲ... မိုက်လိုက်တာ”
သူမက တံတွေးများကို မြိုချရင်း အဆက်မပြတ် ရေရွတ်နေ၏။ သူမ၏ ပုံစံက များစွာသော ပစ္စည်း ဥစ္စာများကို တွေ့မြင်ပြီးနောက် စိတ်လွတ်ရူးသွပ်နေသူ တစ်ယောက်လိုပင်။
ကံကောင်းထောက်မစွာပင် အာဏာရှင်များ အဖွဲ့အတွင်း၌ ဟုန်ချွင်းဟွာ မျက်စိမှိတ် ယုံကြည်ရသည့် လူတစ်ယောက် ရှိမည် ဆိုလျှင်ပင် ထိုတစ်ယောက်က ဟုန်ချွင်းဟွာပင် ဖြစ်သည်။ တစ်ခါတစ်ရံ၌ ထူးထူးဆန်ဆန်း အပြုအမူများ ပြလုပ်တတ်သည့်တိုင် ထိုမိန်းကလေး၏ စိတ်ထားကို သူမ သိရှိထားပေသည်။
“ဗိုလ်ချုပ်ဟုန်... ဒီမှာ သုံ့ပန်းတစ်ချို့ တွေ့တယ်... ဒီတစ်ယောက်ကိုတော့ ဗိုလ်ချုပ် တွေ့ချင်လိမ့်မယ် ထင်တယ်”
ရထားလုံးတစ်ခုကို စစ်ဆေးနေသည့် ပိုင်ယွင်ဟန်က လှမ်းအော်ဟစ်လိုက်၏။ ဟုန်ချွင်းဟွာမှာ လီယွင်ကူးကို ထားခဲ့ကာ ထိုရထားလုံးဆီသို့ ဦးတည်လိုက်၏။
ရထားလုံး အတွင်း ဝင်လိုက်သည်နှင့် လှောင်အိမ်များနှင့် ပြည့်နှက်နေသည့် အခန်းကျယ်ကြီး တစ်ခုမှာ သူမကို ဆီးကြိုနေ၏။ ထိုအထဲ၌ လဲ့ကလန်၏ ဖမ်းဆီးခံထားရသည့် ရာပေါင်းများစွာသော သုံ့ပန်များကို သူမ တွေ့လိုက်ရသည်။
“ဘာထူးဆန်းလို့လဲ...”
သူမက ပိုင်ယွင်ဟန်ကို လှမ်းကြည့်ရင်း မေးလိုက်၏။ ပိုင်ယွင်ဟန်နှာ အားထယ်နှင့် အတူတူ ရှိနေကာ သူတို့ နှစ်ယောက်စလုံးမှာ ထူးဆန်းသော အကြည့်များဖြင့် လှောင်အိမ်တစ်ခုထဲကို ကြည့်နေခဲ့သည်။
“သူ ဘယ်လိုလုပ်ပြီး ပါလာတာလဲဟ...”
ပိုင်ယွင်ဟန်က နားမလည်ဟန်ဖြင့် ရေရွတ်လိုက်၏။ လှောင်အိမ် အတွင်း၌ ရှိနေသည်က အဝတ်အစားများ စုတ်ပြဲကာ အတွင်းသားများပင် ပေါ်လွင်နေသည့် ချင်ကူးယဥ်... တစ်နည်း ဆိုရသော် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ နာမည်ကျော် ထာဝရ နတ်မိမယ်လေးပင်။
ပိုင်ယွင်ဟန်တို့မှာ မိန်းကလေး၏ အစစ်အမှန် အသွင်အပြင်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူမက အမြဲတမ်းလိုလို ဇာပုဝါတစ်ခုဖြင့် မျက်နှာကို ဖုံးကွယ်ထားတတ်သူ ဖြစ်သည်။ သူတို့ သူမကို မှတ်မိခဲ့ခြင်းက ကျင့်ကြံခြင်း အော်ရာများကြောင့်ပင် ဖြစ်သည်။ သူမမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ဤလောကနယ်မြေရှိ အဂ္ဂိရတ် ကျေးကျွန်များနှင့် လုံးဝ ခြားနားသည်။ အဂ္ဂိရတ် တိုက်ပွဲကို မျက်မြင်သွားရောက် ကြည့်ရှုခဲ့သူများ အနေဖြင့် သူမ၏ ကိုယ်ရောင် ကိုယ်ဝါကို မိခင်၏ အသွင်အပြင် ကဲ့သို့ သူတို့ ရင်းနှီးပေသည်။
ချင်ကူးယဥ်မှာ အားနည်းသော မျက်လုံးများကို ဖွင့်ကာ မျက်တောင်ရှည်များကို ပုတ်ခတ်လိုက်ရင်း အသစ် ရောက်ရှိလာသူများကို ကြည့်လိုက်၏။ အားထယ်၏ အသွင်အပြင်ကို မြင်တွေ့လိုက်ရသော အခိုက်၌ သူမ အလွန်ပင် အံ့သြသွားခဲ့၏။ ဤလောကနယ်မြေတွင် ရှို့ရန် မျိုးနွယ်များ မရှိချေ။ ထို့ကြောင့်ပင် ထိုပုဂ္ဂိုလ်မှာ သူမတို့ ကြယ်တာရာ နယ်မြေမှ ဖြစ်ရပေမည်။ ထူးဆန်းသည့် ခံစားချက် တစ်ခုမှာ သူမ၏ နှလုံးသားတွင် နေမင်းတစ်စင်း အလား ထွန်းတောက်လာခဲ့၏။
သူမ ကယ်တင်ခံလိုက်ရပြီလော။
မျက်ရည်များမှာ မိန်းကလေး၏ မျက်ဝန်းနှစ်ဖက်မှ တတွေတွေ စီးကျလာခဲ့၏။ အနိမ့်ကျဆုံး အဂ္ဂိရတ် ကျေးကျွန်တစ်ယောက် အနေဖြင့် နှစ်နှစ်ခန့်မျှ ကြာအောင် အသုံးချ ခံခဲ့ရပြီးနောက်တွင် သူမ မျှော်လင့်ချက်များပင် ကင်းမဲ့ နေခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ သုံးလွှာ ကြယ်တာရာ နယ်မြေမှ လူတစ်ယောက်ကို ပြန်လည် တွေ့မြင်လိုက်ရခြင်းက သူမ အတွက်တော့ အရင်းနှီးဆုံး ဆွေမျိုး တစ်ယောက်နှင့် ပြန်ဆုံလိုက်ရသလိုပင်။
ဟုန်ချွင်းဟွာမှာ အနားသို့ ရောက်ရှိလာကာ အခြားလူများ ကဲ့သို့ပင် မိန်းကလေး၏ သနားစရာ အဖြစ်ကို တွေ့လိုက်ရ၏။ အားထယ်က သူမကို လှည့်ကြည့်ရင်း မေးလိုက်သည်။
“ဗိုလ်ချုပ်ဟုန်... သူ့ကို သတ်လိုက်ရမလား...”
ချင်ကူးယဥ်မှာ အစစ်အမှန် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ၏ အနာဂတ် အလားအလာက အကန့်အသတ်မဲ့ကာ ဒုတိယမြောက် ထာဝရ ဧကရာဇ်ပင် ဖြစ်လာနိုင်ပေသည်။ သူမက အရှင်ဝေ့၏ နေရာကို မခြိမ်းခြောက်ဟု မည်သူမှ မပြောနိုင်ချေ။
“ ... “
အားထယ်၏ စကားက ချင်ကူးယဥ်၏ မျှော်လင့်ချက် တိုက်အိမ်ကို ရုတ်ချည်းပင် ပြိုကျသွားစေ၏။ သူမ၏ ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်ရီသွားသည်။ သူမ မသေချင်သေးပေ။
ကံကောင်းထောက်မစွာပင် ဟုန်ချွင်းဟွာမှာ အားထယ်ကဲ့သို့ တွေးပုံ မရချေ။
“သူ့ကို လွှတ်ပေးလိုက်... အခြားလူတွေကိုရောပဲ”
သူမက အမိန့်ပေးလိုက်ရင်း နောက်သို့ လှည့်ကာ ထွက်ခွာသွား၏။ သို့သော်လည်း ရထား၏ ဝင်ပေါက်သို့ အရောက်၌ သူမက ရပ်လိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
“တကယ်လို့ ငါတို့နဲ့ လိုက်ဖို့ ဆန္ဒရှိတယ် ဆိုရင် နင့်ကို အဂ္ဂိရတ် အစည်းအရုံး အထိ အန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်အောင် ခေါ်သွားပေးမယ်... ဒါပေမဲ့ အဲဒါက အရှင်ဝေ့ရဲ့ မျက်နှာနဲ့ ဆိုတာတော့ နင် မှတ်ထားပေါ့”
ထိုကဲ့သို့ ပြောပြီးနောက် သူမမှာ ရထားပေါ်မှ ဆင်းကာ ပျောက်ကွယ်သွားခဲ့တော့၏။
***