← Chapters

ရွေးချယ်ခံ နှစ်ယောက်

Vol. 38 Ch. 524

ရွေးချယ်ခံ နှစ်ယောက်

Vol. 38 Ch. 524

များစွာသော လူများ၏ ရှေ့မှောက်တွင်ပင် နတ်ဘုရား အလင်းများမှာ ဝေ့ဝူယင်နှင့် လင်းမင်တို့ နှစ်ယောက်ကို ဝန်းရံကာ ခေါ်ဆောင်သွားကြ၏။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ခေါင်းကို မော့ကာ ထိုအလင်းများကို ‌ငေးမော နေမိကြသည်။ လူငယ်နှစ်ယောက်ကို ခေါ်ဆောင်သွားသည့် အရှိန်နှုန်းမှာ အလွန် မြန်ဆန်လှသည့်တိုင် သူတို့ ရှစ်ယောက်၏ မျက်လုံးများမှ ပြေးလွတ်ခြင်း မရှိပါချေ။

သူတို့ အားလုံး၏ အမူအရာများမှာ ရှုပ်ထွေးနေကြ၏။ အရိုးဖြူ လက်ချောင်းများနှင့် မိန်းမက သူမ၏ လက်ချောင်းများကို ဝတ်ရုံအောက်သို့ ပြန်လည် သွင်းလိုက်သည်။

“ရွေးချယ်ခံ နှစ်ယောက်တောင်ပေါ့...”

သူမ၏ အသံက စိတ်ရှုပ်ထွေးနေဟန် ရသော်လည်း လျှို့ဝှက်သည့် အဓိပ္ပာယ် တစ်ခု ပါဝင်နေသည်။ ပြိုင်ပွဲ ကြီးကြပ်သူက ရွေးချယ်ခံ နှစ်ယောက် တိတိ ရွေးချယ်ခဲ့ခြင်းမှာ ထိုကိစ္စတွင် အထူးချွင်းချက် တစ်ခု ရှိနေသည်ဟု ဆိုလိုသည်။

အနီရင့်ရောင် မြူနှင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေသည့်  လျှို့ဝှက် အာဏာရှင် လူထွားကြီးက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။

“ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ရဲ့ ပိုင်ရှင်က ဟိုငွေရောင် မျက်လုံးတွေနဲ့ ကောင်လေးများလား... မဟုတ်ရင် သူတို့ နှစ်ယောက်စလုံး ဘယ်လိုလုပ်ပြီး ရွေးချယ်ခံ ဖြစ်မှာလဲ”

အစောကြီးတည်းကပင် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်မှာ လင်းမင် ဟု အခိုင်အမာ ပြောနေသည့် ဝိညာဥ် လမ်းလျှောက်သူ၏ စကားကို သူ သံသယ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

“ ... “

အခြားလူများမှာ တိတ်ဆိတ်နေကြ၏။ သူတို့၏ အားလုံး၏ မျက်လုံးများက ကောင်းကင်တွင် ထွန်းလင်းကာ လောကကို အုပ်စီးကြည့် နေဟန်ရသည့် နေမင်းကိုသာ ငေးမောနေခဲ့ကြသည်။  ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ခြင်း ဆိုသည့် နောက်ကွယ်မှ အဓိပ္ပာယ်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုကဲ့သို့ ပါရမီမျိုးက သူတို့ လာခဲ့သည့် ကြယ်တာရာ နယ်မြေ၏ အကန့်အသတ်ထက်ပင် ကျော်လွန်နေသည်။

ဝိညာဥ် လမ်းလျှောက်သူက ခေါင်းခါလိုက်၏။

“မဖြစ်နိုင်ဘူး... သူ့ရဲ့ အသိစိတ်ပင်လယ်က လုံးဝနီးပါးကို ပျက်စီးနေတာ... အထွတ်အထိပ် ရည်ရွယ်ချက် ကိုးခုကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်ဖို့ အတွက် အရမ်းကို မြင့်မားတဲ့ စိတ်အင်အားနဲ့ ဉာဏ်အလင်းတွေ လိုတယ်... သူ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“ ... “

လူထွားကြီး အပါအဝင် အားလုံးမှာ ငြိမ်သက်စွာ တွေးတောနေမိကြ၏။ ထိုကဲ့သို့ စဥ်းစားပြန်တော့လည်း သူမ၏ စကားက အဓိပ္ပာယ် ရှိပေသည်။

“မင်းပြောတာ မှန်တယ်...”

အိုမင်းရင့်ရော်ကာ အားနည်းမှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအသံက အလွန် တည်ငြိမ်ကာ ပညာရှိတို့၏ ဉာဏ်ပညာတို့ ပျော်ဝင်နေသယောင်ပင်။

ပတ်ဝန်းကျင်ရှိ လူများမှာ အသံပိုင်ရှင်၏ စကားကို အကြွင်းမဲ့ လက်ခံသည့် အလား ခေါင်းညိတ်လိုက်ကြ၏။ အကယ်၍ ထိုအသံလာသည့် နေရာကို ရှာဖွေဖို့ ကြိုးစားပါက အသံပိုင်ရှင်မှာ သူတို့ ရှစ်ယောက်ထဲမှ မဟုတ်သည်ကို အံ့အားသင့်စွာပင် တွေ့ရှိရလိမ့်မည် ဖြစ်သည်။

အစားကျူးသည့် လူအိုကြီးနှင့် ပိန်လှီသည့် အဘိုးအိုတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးထဲတွင် သံသယ အငွေ့အသက် အချို့က စတင်ကာ နေရာယူနေသည်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်က ဝေ့ဝူယင် မဟုတ်သည်လော။  ၎င်းက လင်းမင် ဖြစ်နေသည်လော။

“အားလုံး ညွှန်ကြားချက်ကို နားထောင်ပါ... ရွှေရောင် အသက်နန်းတော်ရဲ့ အချိန်စက်ဝိုင်းက ပြီးဆုံးတော့မယ်... နောက် ကိုးဆယ် စက္ကန့်ကြာရင် မင်းတို့ အားလုံး ထွက်ခွာရမယ်”

အကြီးအကဲ၏ အသံက နောက်တစ်ကြိမ် ပျံ့လွင့်လာ၏။ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကြကာ အများစုမှာ မျက်မှောင်များ ကြုတ်လိုက်ကြသည်။ အကယ်၍ အသံပိုင်ရှင်ကြောင့်သာ မဟုတ်ပါက သူတို့ ကောင်းကင်သို့ ပျံတက်ကာ ရွေးချယ်ခံ နှစ်ယောက်စလုံးကို သတ်ပစ်ခြင်းမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အစစ်အမှန် ဒြပ်စင် နန်းတော်မှာ သူတို့နှင့် ဆက်ဆံရေးကောင်းများ ရှိသည့် အင်အားစု တစ်ခု မဟုတ်ချေ။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်သာ ထိုဂိုဏ်းလက်ထဲ ရောက်ရှိသွားပါက ကျားကို အတောင်ပံ တပ်ပေးလိုက်ခြင်နှင့် အတူတူပင် ဖြစ်သည်။

အရိုးဖြူ လက်ချောင်းများနှင့် အမျိုးသမီးက ပျားရည်ကဲ့သို့ ချိုသာသည့် အသံလွင်လွင်ဖြင့် ရယ်မောလိုက်၏။

“ရွေးချယ်ခံ နှစ်ယောက်... နောက်ပြီး ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်... အင်ပါယာ မျိုးနွယ်က ဒီအခြေအနေကို လက်ခံမလား ကြည့်ရ‌သေးတာပေါ့...”

ထိုကဲ့သို့ ပြောပြီးနောက် သူမက လေထဲတွင်ပင် ပျောက်ကွယ်သွား၏။ အခြားလူများမှာလည်း အလျှိုလျှိုပင် လျှင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ သူတို့ အားလုံးတွင် တူညီသည့် အတွေးများ ရှိကြသည် ဆိုသော်လည်း လုံလောက်သည့် အကြောင်းရင်းနှင့် အကျိုးအမြတ် မရှိပဲ အကြီးအကဲ၏ အမိန့်ကို မဖီဆန်ရဲပါချေ။

လူအိုကြီးမှာ နောက်ဆုံး ကျန်ရစ်ခဲ့သည့် တစ်ယောက် ဖြစ်ကာ ဝေ့ဝူယင်ကို ခေါ်ဆောင်သွားသည့် နေကြယ်ကို ငေးမောကြည့်နေခဲ့၏။ ကြည့်ရသည်က အသံပိုင်ရှင်မှာလည်း ဝေ့ဝူယင်၏ ထူးခြားချက်ကို မတွေ့မမြင်ခဲ့ဟန်၊ သို့မဟုတ် ဂရုမစိုက်ခဲ့ဟန် ရသည်။ ခပ်ဖျော့ဖျော့ တစ်ချက် ပြုံးလိုက်ရင်း သူ အညိုရောင် လွယ်အိတ်လေးကို ထုတ်ယူလိုက်၏။ အထဲသို့ နှိုက်လိုက်သော အခိုက်၌ အာလူး အကြွပ်ကြော်များမှာ လက်တစ်ဆုပ် ပါလာခဲ့သည်။ သူက လောဘတကြီးပင် ၎င်းတို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ထို့နောက် သူသည်လည်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။

...

ဝေ့ဝူယင်မှာ တစ်စက္ကန့်၏ ဆယ်ပုံ တစ်ပုံခန့် အချိန်အတွင်း မိုင်ထောင်ပေါင်းများစွာကို ခရီးသွားနေရသလို ခံစားလိုက်ရ၏။ သို့သော်လည်း ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ခရီးသွားခဲ့ဖူးသူ အနေဖြင့် ထိုထက် ပိုမို မြန်ဆန်သည့် နှုန်းများနှင့်ပင် သူ ရင်းနှီး ကျွမ်းဝင် ရှိပေသည်။ ထို့ကြောင့်ပင် သူ လျှင်မြန်စွာပင် ကိုယ့်ကိုယ်ကို ချိန်ညှိနိုင်ကာ ရွှေရောင် အလင်း နံရံများကို အကဲခတ်လိုက်၏။ ထိုအတောအတွင်းမှာပင် ဧဒင်မှာ စတင် လှုပ်ရှားလာ၏။

ဟူး... ဟူး...

ဧဒင် အမှတ်အသား အတွင်းမှ အသက်အင်အား များနှင့် သစ်သား စွမ်းအင်များမှာ စီးထွက်လာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကျက်သွား။ မျက်စိတစ်မှိတ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ထားသမျှ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ အားလုံးမှာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ပျောက်ကွယ် သွားတော့သည်။

ဧဒင် ဒုတိယမြောက် ကုသမှုကို မစတင်ရသေးခင်မှာပင် ဝေ့ဝူယင်မှာ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နှေးကွေးလာသည်ကို သတိထားလိုက်မိသည်။ တစ်ချိန်တည်း၌ သူတို့ကို ချီမထားသည့် ရွှေရောင် အလင်းတန်းများမှာလည်း ဖြည်းညင်းစွာပင် လျော့ပါးလာ၏။ ပတ်ဝန်းကျင်ကို ပိုမို ထင်ရှားစွာ မြင်နိုင်ရန် အတွက် ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အသက်သွင်း လိုက်သည်။ သူ ထမဆုံး သတိထားမိသည်က သူ့ဘေးရှိ လင်းမင်ပင် ဖြစ်လေသည်။

“ရွေးချယ်ခံ ဖြစ်စရာ မလိုပဲ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်နိုင်ဖို့ အစီအစဥ် ချထားခဲ့ပေမဲ့ ကြည့်ရတာ ငါ့အစီအစဥ်မှာ ဟာကွက်တစ်ချို့ ရှိနေပုံရတယ်”

ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ရရှိခဲ့ခြင်းက သူ့အတွက် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေဖို့ အကြောင်းရင်း ဖြစ်လာခဲ့ပုံ ရသည်။ ကြည့်ရသည်က ဒြပ်စင်များကို  တိုကင်များမှာ လင်းမင် အတွက် ကောင်းကင် တာအို ဖန်တီးထားသည့် တစ်ခုတည်းသော ကယ်ပေါက် ဟုတ်ပုံ မရချေ။

လင်းမင် ဒြပ်စင် တိုကင်များကို မပေါင်းစည်းရသေးခင် အချိန်တွင်လည်း တစ္ဆေအိုကြီး ဝမ်ယုထျန်းမှာ ရွေးချယ်ခံ ပေါ်ထွက်လာပြီဟု ကြေညာခဲ့သေးသည်။ ဆိုလိုသည်က ဒြပ်စင် တိုကင် မဟုတ်သည့် ကယ်ပေါက် တစ်ခုကို လင်းမင်မှာ အစောကတည်းက ဆုပ်ကိုင်ခဲ့ပြီး ဖြစ်ဟန် ရသည်။ ခန့်မှန်းကြည့်ရသလေက် ထိုကယ်ပေါက်မှာ အတုအယောင် လောကနယ်မြေ ဖြစ်နိုင်ချေ များသည်။ ယခု သူ့ကို ရွေးချယ်ခံ ဖြစ်စေခဲ့သည့် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာလည်း ထိုကဲ့သို့ ကယ်ပေါက်များထဲမှ တစ်ခု ဖြစ်ရပေမည်။

ဝေ့ဝူယင် တွေးတောနေမိစဥ်မှာပင် သူ့ခြေထောက်မှာ မာကြောသော မြေပြင်တစ်ခုပေါ် ကျရောက်သွားသည်ကို ခံစားလိုက်ရသည်။ ရွှေရောင် အလင်းတန်းများ၏ မြန်နှုန်းမြင့် သယ်ယူ ပို့ဆောင်မှုမှာ ပြီးဆုံးသွားသည့်ဟန် ရသည်။

ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ဝေ့ဝူယင် သတိထားမိခဲ့သည့် ပထမဆုံး အရာက အဖြူရောင် ဒြပ်စင် အော်ရာများ တောက်ပနေသည့် စိန်သဏ္ဌာန် မီးဆိုင်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ပတ်ဝန်းကျင်ကို အလင်းပေးနေကာ အနားစွန်းများတွင်တော့ ကွဲပြားသော အရောင်များနှင့် မီးလုံး ကိုးခု ရှိ၏။ ၎င်းတို့မှာ တွဲလောင်းကျနေကာ ထူးဆန်းသော စွမ်းအားများကို ထိန်းသိမ်းထားဟန် ရသည်။ ၎င်းတို့ကို ဒြပ်စင် စွမ်းအား ကိုးမျိုးနှင့် နှိုင်းယှဥ်ကောင်း နှိုင်းယှဥ်နိုင်သော်လည်း အတွင်းပိုင်းတွင် ပိုမို ဆန်းကြယ်သော တစ်စုံတစ်ရာ ရှိနေခဲ့သည်။

‌ရွှေရောင် အလင်းတန်းများ လုံးဝ ပျောက်ကွယ်သွားပြီးနောက် လင်းမင်မှာ အနည်းငယ် မူးဝေသလို ခံစား လိုက်ရ၏။ သို့သော်လည်း ထိုခံစားချက်က တဒင်္ဂ အတွင်း ပျောက်ကွယ်သွားကာ စိတ်လှုပ်ရှားမှုများမှာ လျှင်မြန်စွာပင် အစားထိုး နေရာယူ လာခဲ့သည်။ သူက မီးခိုးရောင် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ အရပ် ရှည်လျားသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။

သူမက ခရမ်းရောင် အသားအရည်ကို ပိုင်ဆိုင်ထားကာ အရပ် ရှစ်ပေနီးပါးခန့် အထိ ရှည်လျားပေသည်။ သူမ၏ ခန္ဓာကိုယ်မှာ သေချာ လေ့ကျင့်ထားသည့် လူများ ကဲ့သို့ အချိုးအဆစ် ကျနလှကာ ရွှေရောင် မျက်ဝန်းတစ်စုံမှာ ရွှန်းလဲ့စွာ တောက်ပနေ၏။ လင်းမင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ အလွန့်အလွန် ရှားပါးလှသည့် နတ်ဆိုး ရတနာ တစ်ပါးပင်။

“ရှင်က သူ မဟုတ်ဘူး...”

မိန်းမလှလေးထံမှ ထွက်ပေါ်လာသည့် အသံက အလွန်ပင် အင်အားကြီးလှရာ လင်းမင်၏ ခန္ဓာကိုယ်မှာ တုန်ခါ၍ပင် သွား၏။ ၎င်းမှ လွဲ၍ သူမ၏ အသံက အလွန် ဆွဲဆောင်မှု ရှိလှပေသည်။ ထိုအသံမှ တစ်ဆင့် မိန်းကလေး၏ ကျင့်ကြံခြင်း  အခြေခံက အလင်းပြန်ခြင်း အဆင့်တွင် ရှိနေကြောင်း သူ အံ့အားသင့်စွာပင် ရှာဖွေ တွေ့ရှိ လိုက်ရ၏။

လင်းမင် မိန်းမလှလေးကို စကားပြောဖို့ အားထုတ်လိုက်စဥ်မှာပင် သူ လုံးဝ မျှော်လင့်မထားသည့် အသံ တစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာခဲ့လေ၏။

“တရှန်းလား...”

***

All Chapters