ဒြပ်စင် ရတနာသိုက်
Vol. 38 Ch. 525
“တရှန်းလား...”
ဝေ့ဝူယင်မှာ ထူးဆန်းသော မီးဆိုင်းကြီးကို လေ့လာနေရာမှ မိန်းကလေးဘက်သို့ ဇဝေဇဝါဖြင့် လှည့်လာခဲ့၏။ ရှည်းလျာသော ဆံပင်များနှင့် နဖူးထက်တွင် ဆံမြိတ်ချထားသည့် မိန်းကလေးကို ကြည့်ကာ မျက်စိမှားနေသလို သူ ခံစားလိုက်ရသည်။ ထိုအရာက သူ ရင်းနှီးသည့် တရှန်း၏ အသွင်အပြင် မဟုတ်ချေ။
အနန္တ ဧကရာဇ်ဂိုဏ်းမှ တရှန်းမှာ အမြဲတမ်းလိုလို သံချပ်ကာနှင့် အနက်ရောင် ကိုယ်ကြပ် ဝတ်စုံများကိုသာ နှစ်ခြိုက်စွာ ဝတ်ဆင်တတ်သူ ဖြစ်သည်။ အထူးသဖြင့် သူမမှာ ရွှေရောင် ဒူးကာ၊ တံတောင်ကာများကို ခြေလက်များတွင် ဆင်မြန်းထားလေ့ ရှိသည်။
"ဝေ့ဝူယင်...”
ဝေ့ဝူယင်ကို တွေ့သည်နှင့် တရှန်း၏ ရွှေရောင် မျက်လုံးများမှာ တလက်လက် တောက်ပသွား၏။ သူမက လင်းမင်ကို တွန်းဖယ်ကာ လျှင်မြန်စွာပင် ဝေ့ဝူယင်ဆီသို့ ခုန်ဝင်လိုက်သည်။ ဝေ့ဝူယင်မှာ တရှန်းလောက် အရပ် မရှည်သည့်တိုင် သူမကို ပွေ့ဖက်ရာ၌ အဆင်မပြေ၊ မချောမွေ့မှု တစ်စုံတစ်ရာမှ မရှိပါချေ။ ထိုမျှလောက် အရပ်အမောင်း ရှိသည့် မိန်းကလေးများအား မည်ကဲ့သို့ ပွေ့ဖက်ရမည်ကို သူ ကောင်းကောင်းသိပေသည်။
လင်းမင်မှာ နောက်ကို လှည့်ကြည့်ရင်း အူကြောင်ကြောင် ဖြစ်သွား၏။ စိတ်ရှုပ်ထွေးစွာဖြင့် သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ခရမ်းရောင် နတ်ဆိုးမက မည်သူနည်း။ သေချာတစ်ခုက သူမမှာ သူ့ကို ဤနေရာသို့ ခေါ်လိုက်သည့် အသံပိုင်ရှင် ဟုတ်ပုံ မရချေ။ နောက်ပြီး ဝေ့ဝူယင်ကရော ဤနေရာကို မည်ကဲ့သို့ ရောက်နေသနည်း။
“ဟဟ... ငါ မပြောခဲ့ဘူးလား... သူ ဒီနေရာကို ရောက်လာမှာပါလို့”
ရုတ်တရက် ဘေးဘက်နားမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင်မှာ လှည့်မကြည့်ရသေးခင်မှာပင် တစ္ဆေအိုကြီး ဝမ်ယုထျန်း ဖြစ်ကြောင်း တန်းကာ သိရှိလိုက်သည်။ ထိုအခါတွင်မှ ဝေ့ဝူယင်မှာ သတိဝင်လာကာ တရှန်း၏ မည်သည့် အရာများ ကြုံတွေ့ခဲ့ရသည်ကို မေးရန် သတိရတော့၏။
“ဘာတွေ ဖြစ်နေတာလဲ... နောက်ပြီး ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
ဝေ့ဝူယင်က နားမလည်စွာဖြင့် မေးလိုက်၏။ တရှန်းနှင့် ဝမ်ယုထျန်းမှာ အဘယ်ကြောင့် သိနေပုံ ပေါ်သနည်း။ နောက်ပြီး သူမက အဘယ်ကြောင့် ဤနေရာကို ရောက်နေရသနည်း။
သူ မှတ်မိသလောက် ဆိုလျှင် အစွန်းလေးဖက် လောကနယ်မြေကို ရောက်ရှိပြီး လအနည်းငယ် အတွင်းတွင် တရှန်း၊ ချင်ချူးမူတို့နှင့် ပတ်သက်၍ အန္တရာယ် အငွေ့အသက်များ ခံစားခဲ့ရသည်။ ရက်အနည်းငယ် အတွင်းမှာပင် ထိုခံစားချက်က ပျောက်ကွယ်သွားကာ သူ့ကမ္မတန်ဖိုး အချို့ နှုတ်ယူခံခဲ့ရသည်။ ထိုစဥ်ကတည်းက တရှန်း သို့မဟုတ် ချင်ချူးမူ တစ်ယောက်ယောက်မှာ အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့နေပြီ ဖြစ်ကြောင်း သူ သိရှိခဲ့သည်။ တရှန်း၏ ကျင့်ကြံခြင်း အခြေခံ အလင်းပြန်ခြင်း အဆင့်အထိ ခုန်ပေါက် တိုးတက်သွားပုံကို ထောက်လျှင်... ထိုတစ်ယောက်မှာ သူမ ဖြစ်ဖို့ များသည်။
အခြားတစ်ဖက်၌ လင်းမင်မှာလည်း လူအိုကြီးကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူ ထိုလူအိုကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း နှယ်ဆယ်ကျော် ကျင့်ကြံခြင်း ခရီးလမ်း စတင်စ အချိန်တွင် တွေ့မြင်ခဲ့ဖူးသည်။ ၎င်းက အနန္တ စစ်တာအို နန်းတော်၏ ဝိညာဥ် ယန္တယားပင် မဟုတ်ပါလား။
ကံကောင်းထောက်မစွာပင် ထိုစမ်းသပ်မှု အပြီး၌ သူ စီနီယာ အမလင်းနှင့် ဆုံတွေ့ခဲ့သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များကို လက်ဆင့်ကမ်း ရရှိခဲ့သည်။ ထို့နောက်တွင် အထွတ်အထိပ်ကို တက်လှမ်းသည့် ခရီးလမ်း တစ်ခုကိုပါ သူ ဆက်လက် လျှောက်လှမ်းခဲ့ရသည်။
ဝမ်ယုထျန်းက သက်တောင့်သက်သာပင် ဝေ့ဝူယင်တို့ အနားသို့ လျှောက်လာခဲ့၏။
“မင်းရဲ့ ချစ်သူလေးက ဒီလောကနယ်မြေမှာ ကန့်သတ်ခံထားရတဲ့ အဆင့်ကိုး ဆေးတောင့်ကို အသက်သွင်းပြီး စမ်းသပ်ပွဲရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တယ်လေ... စည်းမျဥ်းတွေ အတိုင်းဆိုရင် ချိုးဖောက်သူကို ရှင်းပစ်ရမှာ ဆိုပေမဲ့ သူ့ဆီက မင်းရဲ့ အငွေ့အသက် အချို့ ရလိုက်တော့ ငါ စိတ်ပြောင်းသွားတယ်... မင်းက ရွေးချယ်ခံ ဖြစ်လာမယ် လို့ ငါ အစကတည်းက ယုံကြည်ထားတာ... အဲဒါကြောင့် သူ့ကို ဒြပ်စင် ရတနာသိုက်ထဲကိုပဲ ပို့ပေးလိုက်တယ်... မင်းရဲ့ ရင်းမြစ်တွေကလည်း သူ့ အပိုင်ပဲ မလား... အဲဒါက သူ ဒီကို ဘယ်လို ရောက်လာလဲ ဆိုတာနဲ့ နှစ်နှစ် အတွင်း ကျင့်ကြံခြင်း အခြေခံ ခုန်ပျံ တိုးတက်လာရတဲ့ အကြောင်းရင်းပဲ”
ဝေ့ဝူယင်က အသာအယာပင် ပြုံးကာ ခေါင်းညိတ်လိုက်ရင်း သူ့ကို တွယ်ကပ်နေသည့် တရှန်းကို ငုံ့ကြည့်လိုက်၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် ဒြပ်စင် ရတနာ သိုက်ထဲမှ ရင်းမြစ်များမှာ သူ့အတွက် မပြောပလောက်ပါချေ။ တရှန်းအတွက် အကျိုးရှိသည် ဆိုလျှင် ထိုအရာက အဆင်ပြေသည်။
“ခဏနေဦး...”
လင်းမင်က မျက်မှောင်ကြုတ်ရင်း ဖြတ်ပြောလိုက်၏။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သူ့တွင် နားမလည်နိုင်မှုများနှင့် မေးခွန်းများ ရှိနေချေသည်။
“ခင်ဗျားက ဘယ်သူလဲ... နောက်ပြီး သူကရော ဘာလို့ ဒီကို ရောက်နေတာလဲ”
ထိုဝိညာဥ်၏ စကား အရဆိုလျှင် ဝေ့ဝူယင်မှာလည်း ရွေးချယ်ခံ တစ်ယောက် ဟု ဆိုသည်။ နောက်ပြီး တရှန်း ဟု ခေါ်သည့် ထိုနတ်ဆိုးမမှာလည်း ဤနေရာတွင် နှစ်နှစ်ခန့် ကျင့်ကြံနေခဲ့သည် ဆိုပြန်သည်။ မည်ကဲ့သို့နည်း။ ထိုပုဂ္ဂိုလ်မှာ အစောကြီးတည်းက ဝေ့ဝူယင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ကြိုတင် တွေးထားခဲ့သည်လား။
ဝမ်ယုထျန်းက လင်းမင်ဘက်သို့ လှည့်ကာ ပြုံးလိုက်၏။
“ငါက ဒီဒြပ်စင် ရွေးချယ်ခံ စမ်းသပ်ပွဲရဲ့ မူလ ကြီးကြပ်သူပဲ... ထူးဆန်းတဲ့ အခြေအနေတွေကြောင့် မင်းတို့ နှစ်ယောက်စလုံးကို ရွေးချယ်ခံ ဖြစ်လာစေဖို့ ငါ ဆုံးဖြတ်လိုက်တာ”
တရှန်းက လင်းမင်ကို လှမ်းကြည့်ကာ မှတ်မိသွားခဲ့၏။ ထိုလူငယ်မှာ မဟာဝိညာဥ် စမ်းသပ်ပွဲတွင် ဝေ့ဝူယင်၏ ဘယ်လက်ရုံး ကျူးဟိုင်နှင့် တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူပင် ဖြစ်သည်။
အခြားတစ်ဖက်၌ လင်းမင်မှာ အခြေအနေကို မည်ကဲ့သို့ နားလည်ရမှန်းကို မသိ ဖြစ်နေခဲ့သည်။ စီနီယာ အမလင်း ပြောသည့်အတိုင်း ဆိုလျှင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ တစ်ကြိမ်လျှင် ရွေးချယ်ခံ တစ်ယောက်သာ ရွေးချယ်မည် ဖြစ်သည်။
သို့သော်လည်း လူအိုကြီးက ထူးဆန်းသည့် အခြေအနေကြောင့်ဟု ဆိုသည်။ လင်းမင် ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်မိ၏။ ထိုခွေးကောင်က မည်သည့် လှည့်ကွက်များကို သုံးထားသနည်း။
“မင်းတို့ နှစ်ယောက်စလုံးက ရွေးချယ်ခံတွေ ဆိုတော့ နောက်ဆုံး ဒြပ်စင် ရတနာသိုက်က မင်းတို့ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်... ငါ မင်းတို့ကို အဲဒီနေရာ ခေါ်သွားပေးမယ်”
ဝမ်ယုထျန်းက ပြောလိုက်ရင်း လက်ခုပ်တီးလိုက်၏။ ရုတ်ချည်းပင် အခန်း၏ လေးဖက်ပိတ် နံရံများမှာ လှုပ်ရှားလာကာ အဖြူရောင် အလင်းများ စီးထွက်လာသည်။
တရှန်းမှာ ထိုမြင်ကွင်းကို ရင်းနှီးနေဟန် ရကာ နည်းနည်းမျှ အမူအရာ ပြောင်းလဲခြင်း မရှိပါချေ။
ဟူး... ဟူး...
နရံများမှ စီးထွက်လာသည့် အဖြူရောင် အလင်းများမှာ သူတို့ ခန္ဓာကိုယ်များကို ရေဝဲများ ကဲ့သို့ လာရောက် ဝန်းရံကာ လျှင်မြန်စွာ လှည့်ပတ် လာကြ၏။ စက္ကန့်အနည်းငယ် အတွင်းမှာပင် ၎င်းတို့က ပိုမို အရှိန်အဟုန် ပြင်းထန်လာကာ အခန်းတစ်ခုလုံး အလင်း လှိုင်းလုံးကြီးများဖြင့် ပြည့်နှက်သွားခဲ့၏။ အခန်းက ပြန်လည် တည်ငြိမ်ကာ အဖြူရောင် အလင်းလှိုင်းလုံးများ ပျောက်ကွယ်သွားခဲ့ချိန်၌ ဝေ့ဝူယင်တို့ သုံးယောက်ကတော့ ထိုနေရာတွင် တစ်ခါမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
...
ဝေ့ဝူယင်မှာ ကြီးကျယ် ခမ်းနားကာ လုံးဝ ခြားနားသည့် နေရာတစ်ခုကို ပို့ဆောင်ခံလိုက်ရကြောင်း သတိထား လိုက်မိ၏။ ကောင်းကင်မှာ အနန္တ စစ်တာအို နန်းတော် ကဲ့သို့ အဋ္ဌဂံပုံစံ အကွက်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း တစ်ခု ခြားနားသည်က ဤနေရာ၏ ကောင်းကင်ကို မတူကွဲပြားသော အရောင်များဖြင့် ကိုးပိုင်း ပိုင်းထားခြင်း ဖြစ်သည်။ ကောင်းကင် ထိုအစိတ်အပိုင်း တစ်ခုချင်းစီမှာ ကိုယ်ပိုင် အလင်းရောင်များဖြင့် တလက်လက် ထွန်းလင်းလျှက် ရှိ၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ အလွန် ထူထပ်သည့် မူလဒြပ်စင် စွမ်းအားများ၊ အမတေများနှင့် ထူထဲစွာ ပြည့်နှက်နေကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းတို့မှာ အတုသာ ဖြစ်သည့်တိုင် အဆင့်အတန်း အလွန်မြင့်မားကာ ရုပ်ခန္ဓာနှင့် ကြယ်တာရာ အမြုတေတို့ကို များစွာ အကျိုးဖြစ်ထွန်းစေနိုင်စွမ်း ရှိသည်။ ၎င်းက ဝေ့ဝူယင် တွေ့ကြုံဖူးသမျှ အကောင်းဆုံးသော ကျင့်ကြံခြင်း နယ်မြေ ဖြစ်ပေသည်။
ထိုနေရာတွင် ကောင်းကင်ကြီးကို ပင့်မထားသည့် သိန်းပေါင်းများစွာသော ထောက်တိုင်ကြီးများ ရှိနေသည်ကို ဝေ့ဝူယင် သတိထားလိုက်မိ၏။ ထိုထောက်တိုင်ကြီးများ၏ အလယ်တွင်တော့ အကြမ်းဖျဥ်း မီတာငါးဆယ်လောက် ရှိမည့် အပေါက်ကြီးများ ရှိနေကာ အမျိုးမျိုးသော ရတနာများ၊ ပုရပိုက်များ၊ ပုလင်းများကို ထိန်းသိမ်းထားသည်။
အကြီးမားဆုံးသော ထောက်တောင်ကြီး ဆိုလျှင် မြို့တစ်မြို့ အရွယ်အစားခန့်ပင် ကြီးမားကာ လွန်စွာ ခန့်ညား ထည်ဝါလှ၏။ ၎င်း၏ ဗဟိုတွင်တော့ မီတာ နှစ်ဆယ်ခန့် ရှည်လျားသည့် အမြောက်ကြီးများ တပ်ဆင်ထားသော ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်း ရှိနေခဲ့သည်။ ထိုသသင်္ဘောကြီးမှာ ပြင်ပ ဒြပ်စင် ရတနာသိုက်များမှ သယ်ယူပို့ဆောင်ရေး ဟင်းလင်းပြင် သင်္ဘောများနှင့် ခြားနားစွာပင် တိုက်ခိုက်ရေး အတွက် ရည်ရွယ်ထားပုံ ရလေသည်။
သင်္ဘောကြီးကို အဖြူရောင်၊ ရွှေရောင်တို့ဖြင့် ရောနှော ခြယ်သထားကာ အတွင်းတွင် စုစုပေါင်း အထပ် လေးထပ် ပါရှိ၏။ အထပ် တစ်ထပ်ချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြှောက်များကို တပ်ဆင်ထားသည်။ သင်္ဘောကြီး၏ အောက်ခြေတွင်တော့ မြေပြင်နှင့် မထိအောင် မ ထားသည့် ငွေရောင် ကွင်းတစ်ကွင်း ရှိနေကာ ၎င်းမှာ ပြင်းထန်သည့် ဟင်းလင်းပြင် စွမ်းအင်များကို ထုတ်လွှတ်နေခဲ့၏။
“ဒီနေရာမှာ ရှားပါးတဲ့ ရင်းမြစ်တွေ အများကြီးပဲ...”
ထောက်တိုက် တစ်ခုချင်းစီတွင် ကိုယ်ပိုင် အင်အားစု တစ်ခု တည်ထောင်နိုင်လောက်အောင် များပြားလှသည့် ရင်းမြစ်များ ပါဝင်နေသည်ကို ကြည့်ကာ လင်းမင်မှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ ထိုအထဲ၌ ဆေးပုလင်းများ၊ ဆေးရည်များ၊ ဆေးတောင့်များ များစွာ ပါဝင်နေကာ ၎င်းတို့ အားလုံးမှာ အနိမ့်ဆုံး အဆင့်ခုနစ်တွင် ရှိနေခဲ့သည်။
တရှန်းမှာ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသော်လည်း ထိုမျှ များပြားသည့် ရင်းမြစ်များကို နောက်တစ်ကြိမ် ပြန်လည် ကြုံတွေ့လိုက်ရချိန်၌ စိတ်လှုပ်ရှား လာမိခဲ့သည်။
ဝမ်ယုထျန်းမှာ ပြန်လည် ပေါ်လာခြင်း မရှိတော့ချေ။ သို့သော်လည်း သူ၏ အသံကတော့ ဘုံးတစ်လုံး ကဲ့သို့ ပေါက်ကွဲကာ ဟင်းလင်းပြင် တစ်ခုလုံးကို ပျံ့နှံ့လာခဲ့၏။
“ဒြပ်စင်ရတနာသိုက်ကနေ ကြိုဆိုပါတယ်...”
***