← Chapters

သိမ်းဆည်းခြင်း

Vol. 38 Ch. 527

သိမ်းဆည်းခြင်း

Vol. 38 Ch. 527

နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်နှင့် တရှန်းတို့မှာ သင်္ဘော ကုန်းပတ်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။ တရှန်း၏ ခရမ်းရောင် အသားအရည်က အနည်းငယ် နီမြန်းနေကာ ဝေ့ဝူယင်၏ လက်ကို တင်းကြပ်စွာ ကိုင်ထားခဲ့သည်။ သူမ၏ မျက်နှာထက်တွင်တော့ တောက်ပကာ သိမ်မွေ့သည့် အပြုံးတစ်ခု ရှိနေခဲ့၏။  သူမ၏ စိတ်က ချိုမြိန်သည့် ခံစားချက်များ အကြားတွင် ပျောက်ဆုံးနေသည်မှာ ရှင်းလင်းလှပေသည်။

ဝေ့ဝူယင်ကတော့ အရေအတွက် သိန်းနှင့်ချီသည့် များပြားလှသည့် ထောက်တိုင်များကို တိတ်တဆိတ်ပင် ငေးမောကြည့်နေခဲ့၏။ အစောကတည်းကပင် ဝမ်ယုထျန်းမှာ ထောက်တိုင်များထဲမှ ရင်းမြစ်များအား ရယူနိုင်မည့် နည်းလမ်းကို သူ့အား ပြောပြခဲ့ပြီး ဖြစ်သည်။

တစ်ခဏ အတွင်းမှာပင် ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ ထောက်တိုင် အားလုံးကို သူ တစ်ခုမကျန် လေ့လာခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် သူ မရရှိနိုင်သည့် ကျောက်တိုင် တစ်ခုမှ မရှိချေ။ ဟင်းလင်းပြင် သင်္ဘောအား ထိန်းသိမ်းထားသည့် အကြီးမားဆုံးသော ကျောက်တိုင် အတွက်ပင် သူက ခြွင်းချက် တစ်ခုနှင့် ကိုက်ညီပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရတနာများမှာ အဝတ်အစား ဗလာနှင့် သူယောင်မယ်လေးများ ကဲ့သို့ သူ့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေချေပြီ ဖြစ်သည်။ အကယ်၍ မျက်စိစုံမှိတ်ကာ လျစ်လျူလိုက်မည် ဆိုပါက သူ့အဖြစ်က ငါးကြော်ပန်းကန်ကို တွေ့ချိန်တွင်ပင် မနှိုက်ရဲသည့် ကြောင်မိုက်မျိုး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“တရှန်း... ဒီမှာ ခဏနေခဲ့ဦး...”

ဝေ့ဝူယင်က အေးအေးဆေးဆေးပင် ပြောလိုက်၏။ တရှန်းက ဘာမေးခွန်းမှ မထုတ်ပဲ ခေါင်းညိတ် လိုက်သည်။ သူမက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ဝေ့ဝူယင်၏ လက်ကို ဖြေလျှော့ပေးလိုက်၏။

ဟူး... ဟူး...

ဝေ့ဝူယင်မှာ သင်္ဘော ကုန်းပတ်ထက်မှ နေ၍ အပြင်သို့ ပျံထွက်လာခဲ့၏။ နောက်သို့ လှည့်ကြည့်လိုက်သော အခိုက်၌ ပြုံးပြနေသည့် တရှန်းကို မြင်တွေ့လိုက်ရ၏။ အခိုက်အတန့် တစ်ခုမျှ ကြာအောင် ဝေ့ဝူယင်၏ နှလုံးသားမှာ နွေးထွေးမှုများနှင့် လွှမ်းခြုံ သွားခဲ့သည်။

မိမိအား ချစ်ခင်သူ၊ မိမိက ချစ်ခင်ရသူတို့နှင့် အတူ နေထိုင်ရခြင်းလောက် ပြီးပြည့်စုံသည့် အရာ လောကကြီးတွင် မရှိပါချေ။

ဝေ့ဝူယင်က တိတ်တဆိတ်ပင် ‌ခေါင်းကို မော့ရင်း ရောင်စုံ ကောင်းကင်ကြီးကို ငေးမော ကြည့်လိုက်သည်။

“ကျုပ်တို့ လုပ်တော့မှာလား”

ခရာတို၏ အသံက တဒိတ်ဒိတ် နှလုံးခုန်သံများနှင့် အတူ ပျံ့လွင့်လာ၏။

"လောကီ ပြန်လည် မွေးဖွားသူက ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ငါ ခံစားမိနေတယ်”

တစ်ခဏမျှ စဥ်းစားပြီးနောက် ဝေ့ဝူယင်က အဖြေပေးလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက ထူးဆန်းသော အလင်းရောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

"သူ့ကို စောင့်မှာလား...”

ဧဒင်က မေးလိုက်သည်။ လောကီ ပြန်လည် မွေးဖွားသူမှာ သူတို့ အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။ ၎င်း၏ အနာဂတ်ကို ကြိုတင်မှန်းဆနိုင်ခြင်းနှင့် ကံကြမ္မာ စီးဆင်းမှုကို ပျက်ရွင်းစေသည့် လုပ်ဆောင်မှုများက အနာဂတ်တွင် သူတို့ အပေါ် တစ်စုံတစ်ရာ သက်ရောက်ကောင်း သက်ရောက်လာနိုင်ပေသည်။

“လောကီ ပြန်လည် မွေးဖွားသူမှာ သရဲအိုကြီးကို သတိမထားမိအောင် လှည့်စားနိုင်တဲ့ နည်းလမ်း‌တွေ ရှိနေတဲ့ပုံ ရတယ်... သူက စမ်းသပ်ပွဲ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ရတနာသိုက်တွေကို ခိုးယူနေတာတောင် ခုထိ ဘာအကျိုးဆက်ကိုမှ မခံရ‌သေးဘူး... နောက်ပြီး သူက ဒြပ်စင် ရတနာသိုက်တွေကိုတောင် တိုကင် မပါပဲ ဖွင့်နိုင်တယ် ဆိုတော့  ဒီနေရာကိုလည်း ဝင်နိုင်မှာ သေချာတယ်... ကြည့်ရတာ သူက လင်းမင် ထွက်သွားပြီးတဲ့နောက် တိုက်ရိုက် ဝင်ဖို့ စီစဥ်ထားတာ ဖြစ်နိုင်တယ်... အဲဒါဆိုရင် လင်းမင် မယူနိုင်တဲ့ ရင်းမြစ် အကုန်လုံးက သူ့အပိုင်ပေါ့လေ”

ဝေ့ဝူယင်မှာ အသာအယာပင် ပြုံးလိုက်၏။ ထိုလောကီ ပြန်လည် မွေးဖွားသူမှာလည်း ကောင်းကင်တာအို၏ ကောင်းချီးခံ တစ်ယောက်ပင် ဖြစ်လေရာ တစ်နေ့၌ သူနှင့် ထိပ်တိုက် တွေ့ကောင်း တွေ့နိုင်ပေသည်။ သူတို့ ထိပ်တိုက်တွေ့ပြီးတာပင် ဖြစ်နိုင်ချေ ရှိသည်။

သက်ပြင်းတစ်ချက် ချရင်း ဝေ့ဝူယင် ခေါင်းကို ခါလိုက်၏။

“စောင့်လို့ မဖြစ်ဘူး... နောက်ပြီး အဲဒီ လောကီ ပြန်လည် မွေးဖွားသူရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း မသိရသေးဘူး... တကယ်လို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာ အတွင်း ရှိနေမယ် ဆိုရင်တောင် ငရဲရဲ့ ကပ်ဘေးကို ကြောက်ရသေးတယ်... ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဖြေးဖြေးနှေးနှေး သွားတာပဲ ကောင်းပါတယ်”

ယခုအချိန်၌ သူ့တွင် အပြစ်သား ဝိညာဥ် မရှိသေးသလို အနက်ရောင် အရိုးစု ပြောသည့် သူတော်စင်တို့၏ အဆင့်မှာလည်း ဘယ်ဆီဘယ်ဝယ်မှန်းပင် မသိရသေးချေ။ အမှားတစ်ချက်ကပင်လျှင် ငရဲ၏ ကပ်ဘေးများကို ဆင့်ခေါ်ကာ သူ့ အသက်နှင့် ဝိညာဥ်ကို နှုတ်ယူပစ်နိုင်စွမ်း ရှိသည်။

ကြယ်တာရာ ဝိညာဥ်များမှာ တိတ်တဆိတ်ပင် သဘောတူလိုက်၏။ မူလ ဝိညာဥ်မှ ခွဲထွက်လာခဲ့သည့် အပိုင်းအစများ အနေဖြင့် ဝေ့ဝူယင် ပခုံးပေါ် ထမ်းထားရသည့် စိုးရိမ်မှုများ၊ ဖိအားများကို သူတို့လည်း ခံစားနိုင်ပေသည်။ အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ သေခြင်း၊ ရှင်ခြင်း နယ်နိမိတ်စည်း အပေါ်တွင် လျှောက်လှမ်း နေရခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ (အထူးသဖြင့်) ကောင်းကင်တာအိုနှင့် ပတ်သက်နေသည့် ကိစ္စရပ်များတွင် သူတို့ အနေဖြင့် တဇွတ်ထိုး မလုပ်ပဲ စိတ်ရှည်ဖို့ လိုအပ်ပေသည်။

“ဝမ်ယုထျန်း...”

ဝေ့ဝူယင်က ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း ခေါ်လိုက်၏။ ချက်ချင်းပင် ကောင်းကင်မှာ ရောင်စုံ အလင်းလှိုင်းများဖြင့် လူးလွင့်သွားကာ သူရဲအိုကြီး၏ အရိပ်အယောင် ပေါ်လွင်လာခဲ့သည်။ သူက ငြိမ်သက်စွာပင် မေးလိုက်၏။

“ဘာလိုလို့လဲကွ...”

“ဒီနေရာမှာ ရှိတဲ့ ရင်းမြစ်တွေ အားလုံးကို သိမ်းဆည်းပေးနိုင်တဲ့ ဟင်းလင်းပြင် လက်စွပ် တစ်ခုလောက် ရှိလားဗျ”

ဝေ့ဝူယင်က အကူအညီ တောင်းလိုက်သည်။

“ရှိတော့ရှိတယ်... ဒါပေမဲ့ အချို့ ရတနာတွေကျတော့ အစီအရင် ကန့်သတ်ချက်တွေ မလုပ်ရသေးပဲနဲ့ လက်စွပ်ထဲကို ထည့်လို့ မရဘူး”

ဝမ်ယုထျန်းက တစ်ခဏမျှ စဥ်းစားပြီးနောက် အဖြေပေးလိုက်၏။ အချို့ ရတနာများမှာ သဘာဝ ဖြစ်စဥ် အရ ဟင်းလင်းပြင် များနှင့် ဓာတ်မတည့်ခြင်းမျိုး ရှိသည်။ ၎င်းတို့ကို အတင်းအကြပ် ထည့်သွင်းဖို့ ကြိုးစားမည် ဆိုလျှင် ပေါက်ကွဲမှုများပင် ဖြစ်‌ပေါ်လာနိုင်ချေ ရှိသည်။

“ကျေးဇူးပြုပြီး ကျုပ်အတွက် ယူလာပေးလို့ ရမလား...”

ဝေ့ဝူယင်က အေးဆေးစွာပင် ပြုံးရင်း အကူအညီ တောင်းလိုက်၏။ လူအိုကြီးထံမှ တုန့်ပြန်သံ ထွက်ပေါ် မလာပဲ ကောင်းကင်ရှိ အာကာသလှိုင်းများမှာလည်း ပျောက်ကွယ်သွား၏။

“ဝှစ်...”

တစ်ခဏမျှ ကြာပြီးနောက် ရွှေရောင် လက်စွပ် တစ်ကွင်းမှာ ဝေ့ဝူယင် ရှေ့တွင် ပေါ်လာခဲ့သည်။ ဝေ့ဝူယင်က ထိုလက်စွပ်ကို ဖမ်းဆုပ်လိုက်ရင်း စစ်ဆေးကြည့်လိုက်၏။ ထိုလက်စွပ်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ သိုလှောင် လက်စွပ်များနှင့် လုံးဝ ခြားနားကာ မျက်နှာပြင်ထက်တွင် ထူးဆန်းသော သင်္ကေတများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရ၏။

ဝေ့ဝူယင် လက်စွပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ တစ်ခဏမျှ ကြာပြီးနောက် လက်ကို ဖြန်ဖြေလိုက်၏။ လက်စွပ်၏ ‌ရွှေရောင် အဆင်းက တဖြည်းဖြည်း မှေးမှိန်သွားကာ အနက်ရောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ဝေ့ဝူယင်က ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ လက်စွပ်ထဲရှိ နေရာလွတ် အကျယ်အဝန်းကို စစ်ဆေးကြည့်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီနောက် သူ ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ၎င်းမှာ ကုန်းမြေတိုက်ကြီး တစ်ခု၏ အရွယ်အစားမျှ ရှိနေချေသည်။

“ဒီအထဲက ရင်းမြစ်တွေကို အရေအတွက် ဘယ်လောက်ပဲ ယူရမယ် ဆိုပြီး ကန့်သတ်ထားတာမျိုးရော ရှိလားဗျ...”

ဝေ့ဝူယင်က မေးလိုက်၏။

“မရှိဘူး... မင်းမှာ ယူနိုင်တဲ့ အရည်အချင်း ပြည့်မှီတယ် ဆိုရင် ကြိုက်သလောက် ယူလို့ရတယ်”

ဝမ်ယုထျန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို အနိမ့်ဆုံး အဆင့် ကျောက်တိုင်တွေ ကျုပ်ဆီ ယူလာပေးလို့ ရမလား”

ဝမ်ယုထျန်းက ရယ်မောလိုက်၏။ ရောင်စုံ အကွက်များနှင့် ကောင်းကင်မှာ တုန်လှုပ်သွားကာ ဝိညာဥ်ဆင်းတု အဆင့် အနိမ့်ဆုံး လိုအပ်ချက် ရှိသည့် ကျောက်တိုင်များမှာ စတင် လှုပ်ရှားလာ၏။ ၎င်းတို့က တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားကာ ဝေ့ဝူယင်ရှေ့တွင် အရိပ်များ ကဲ့သို့ ပြန်လည် ပေါ်လာကြသည်။

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အာကာသ အင်အားကို ကျောက်တိင် တစ်ခုချင်းစီသို့ ပို့လွှတ်လိုက်၏။ ထို့နောက် တွေ့သမျှ အရာအားလုံးကို သူ့ ဟင်းလင်းပြင် လက်စွပ် အသစ်ထဲသို့ ထည့်သွင်းလေတော့သည်။ မကြာခင်မှာပင် ထောင်‌ပေါင်းများစွာသော ကျောက်တိုင်များမှာ ဗလာဖြစ်သွားကြတော့၏။

“နောက်ထပ်တစ်သုတ် ထပ်ယူလာပေးပါဦး...”

ဝေ့ဝူယင်က ထပ်မံ အကူအညီ တောင်းလိုက်၏။ ဝမ်ယုထျန်းမှာ တုန့်ဆိုင်းခြင်း မရှိပဲ နောက်ထပ် ကျောက်တိုင်များကို ဝေ့ဝူယင် ရှေ့သို့ ပို့လွှတ်လိုက်ပြန်၏။

အခြားတစ်ဖက်၌ လင်းမင်မှာ အလင်းပြန်ခြင်း အဆင့် ကျောက်တိုင် တစ်တိုင်ကို ခွန်အားသုံးကာ ဖြိုခွဲရန် ကြိုးစားနေခဲ့သည်။ သူက မူလလှံတံကို အသုံးပြုကာ ကျောက်တိုင်၏ အကာအရံကို အကြိမ်ကြိမ် ထိုးနှက်လျှက် ဖျက်ဆီးနေ၏။ ကျောက်တိုင်၏ မျက်နှာပြင် တစ်ခုလုံးမှာ အဆုံးမဲ့ အက်ကွဲကြောင်းများနှင့် ပြည့်နှက်ကာ ပျက်စီးဖို့ အလွန်အမင်း နီးကပ်နေခဲ့ပြီ ဖြစ်သည်။

သူ ပိုင်ဆိုင်ထားသည့် အတုအယောင် လောကနယ်မြေကို အသုံးပြု၍ ကျောက်တိုင်၏ အကာအကွယ်ကို ဖျက်ဆီးနိုင်သည့်တိုင် ထိုအတွက် လိုအပ်သည့် ကြယ်တာရာ အင်အားက အလွန်အမင်း မြင့်မားလှပေသည်။ ပြောရလျှင် ထိုအတုအ‌ယောင် လောကနယ်‌မြေကို သူ တစ်မိနစ်ထက် ပို၍ ထိန်းထားနိုင်ခြင်းပင် မရှိချေ။

ဝှစ်...

မူလ လှံတံက အပေါ်ယံ အကာအကွယ် အလွှာကို ဖျက်ဆီးနိုင်လုနီးနီး အခြေအနေမှာပင် ကျောက်တိုင်မှာ လှုပ်ရှားလာကာ ရုတ်တရက် ပျောက်ကွယ်သွား၏။ အရှိန်အဟုန်ဖြင့် ကျဆင်းသွားသည့် လှံတံက ဘာမှ မရှိသည့် လေထုကိုသာ ထိုးဖောက်မိသွားသည်။

“ဘာဖြစ်နေတာလဲ...”

သူ့ အနားပတ်လည်ရှိ ကျောက်တိုင်များ တစ်ခုပြီး တစ်ခု လှုပ်ရှားလာကာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းမင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ မကြာခင်မှာပင် အကြီးမားဆုံး ကျောက်တိုင်ကြီး၏ ဘေးဘက်နားရှိ ကောင်းကင်ထက်တွင် လွင့်မြောရင်း ကျော်ကတိုင်မျးကို တစ်ခုပြီး တစ်ခု သိမ်းဆည်းနေသည့် ချောမော‌သော မျက်နှာပိုင်ရှင် ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။ ထိုအထဲ၌ သူ ပင်ပင်ပန်းပန်း သိမ်းဆည်းရန် ကြိုးစားနေသည့် ကျောက်တိုင်လည်း အပါအဝင်ပင် ဖြစ်လေသည်။

လင်းမင်၏ မျက်လုံးများမှာ ချက်ချင်းပင် ဒေါသမီးတောက်များနှင့် ပြည့်နှက်သွားတော့၏။ သူက လှံကို တင်းတင်း ဆုပ်ကိုင်ရင်း ဝေ့ဝူယင်ထံ ခုန်ဝင်လိုက်တော့သည်။

“မင်းကိုယ်မင်း ဘာလုပ်နေတယ် ထင်လဲ... ဝေ့ဝူယင်...”

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ကျောက်တိုင် သုံးခု အတွင်းရှိ အရာအားလုံးကို ဟင်းလင်းပြင်  အင်အားဖြင့် သိမ်းဆည်းလိုက်၏။ ထို့နောက် ဒေါသတကြီး ပြေးဝင်လာသည့် လင်းမင်ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။

“မင်းမမြင်ဘူးလား...”

ဝေ့ဝူယင်က လက်သီးကို ဆုပ်လိုက်ရာ နဂါးဟိန်းသံမှာ မိုင်ပေါင်းများစွာကို ပျံ့နှံ့သွား၏။ ထိုလက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့် ကြောက်မက်ဖွယ် ဟင်းလင်းပြင် လှိုင်းများမှာ လင်းမင် ပြေးဝင်လာရာ လမ်းကြောင်းကို ဦးတည်၍ ပေါက်ကွဲသွားခဲ့တော့သည်။

လင်းမင်မှာ ဝေ့ဝူယင်ထံမှ တိုက်ခိုက်မှုကို မျှော်လင့်မထားရာ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူက အလျှင်အမြန်ပင် ကြယ်တာရာ အင်အားနှင့် မူလ လှံတံတို့ကို အသုံးပြု၍ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစားရှိသည့် ကြယ်တာရာ အမြုတေမှ ထုတ်လွှတ်သော စွမ်းအားကို သူ မည်ကဲ့သို့ တားဆီးနိုင်မည်နည်း။

ဘုန်း...

ပြင်းထန်သော ပေါက်ကွဲမှုနှင့် အတူ လင်းမင်၏ ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်း အလား နောက်ပြန် လွင့်စဥ် သွားခဲ့သည်။ သူ လွင့်စဥ်သွားရာ လမ်း‌ကြောင်း၌ ရှိနေသည့် ကျောက်တိုင် တစ်ခုမှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားကာ သူ့ခန္ဓာကိုယ်မှာ မြေကြီးထဲသို့ မီတာပေါင်း များစွာ အထိ နစ်ဝင်သွားခဲ့၏။

“ငါ အလုပ်ရှုပ်နေတယ်... လာ မနှောက်ယှက်နဲ့...”

ဝေ့ဝူယင်မှာ ဒေါသအားလုံးကို လက်သီးချက်ဖြင့် ဖောက်ခွဲပစ်ခဲ့ပြီး ဖြစ်လေရာ ရွှင်မြူးစွာ ရယ်မောလိုက်မိ၏။ ထို့နောက် သူက မူလအလုပ်ကို တစ်ဖန် ပြန်လည် စတင်ကာ ကျောက်တိုင်များကို တစ်ခုပြီး တစ်ခု ထပ်မံ သိမ်းဆည်း တော့သည်။  ကန့်သတ်ချက်များ ရှိသည့် ရင်းမြစ်များကို သိမ်းဆည်းရာ၌ ခရာတို၏ ဟင်းလင်းပြင် အင်အားနှင့် ဧဒင်၏ အဂ္ဂိရတ် အင်အားတို့မှာ အလွန် အသုံးဝင်ပေသည်။

တစ်ခဏမျှ ကြာပြီးနောက် ဝေ့ဝူယင်က ကောင်းကင်ကို ပုံဖော်ထားသည့် ရောင်စုံ ဆဋ္ဌဂံ အကွက်များကို ကြည့်လိုက်၏။

“ကျုပ် အဲဒါတွေကိုလည်း လိုချင်တယ်...”

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာ အင်အားများမှာ ပြင်းထန်သော အရှိန်နှင့် ကောင်းကင်ကို ဝင်တိုက်မိသွား၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ၎င်းတို့က အလွန်ကြီးမားသည့် အစိတ်အပိုင်း တစ်ခုကို ဝါးမျိုကာ ဖျက်ဆီးသွား၏။ အကျိုးဆက် အနေဖြင့် ဘောင်ကွပ်များမှာ အနားသတ်၌ ပဲ့ကြွေလာကာ ၎င်းတို့မှာ မြေပြင်သို့ စတင် ကျဆင်းလာတော့သည်။

၎င်းတို့ ကျဆင်းလာသည်နှင့် ရွှေရောင် အလင်းတန်းများမှာ ဆည်ကျိုးသလို အရှိန်အဟုန်နှင့် စီးကျလာကာ လောကတစ်ခုလုံးကို တောက်ပစွာ လွှမ်းခြုံလာခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက အကန့်အသတ်သို့ ရောက်သည် အထိ တလက်လက် တောက်ပလာခဲ့တော့သည်။

***

All Chapters