ကျုပ်ကို အရေးယူလို့ ရလား
Vol. 38 Ch. 528
“အမြုတေ...”
အသံငါးခုမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ အမြဲတမ်း လိုလို အသံတစ်ခုတည်းကိုသာ ပြောတတ်သည့် ဘုရင် ပင်လျှင် ထိုသုံးလုံးကို ထုတ်ဖော် ရေရွတ်ခဲ့သည်။ ရွှေရောင် အလင်းများမှာ ရတနာသိုက် တစ်ခုလုံးတွင် ပြည့်နှက်နေကာ လေထုပင်လျှင် ရွှေရောင်သမ်းနေခဲ့၏။
ကြယ်တာရာ လေးခုလုံးမှာ အမျိုးမျိုးသော ခံစားချက်များဖြင့် စတင် တုန်ခါလာခဲ့၏။ အထူးသဖြင့် ပြင်းထန်သည့် အင်အားဖြင့် တဒိတ်ဒိတ် ခုန်နေသည့် ခရာတိုပင်။ နဂါးသွေးများ ပြင်းထန်စွာ ဆူပွက်နေခြင်းနှင့် အတူ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ စတင် ပြန့်ကားလာ၏။ သူ၏ ငွေရောင် မျက်လုံးများမှာ မီးခိုးရောင် အလွှာများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာကာ လူသား မျက်လုံးနှင့်ပင် မတူတော့ချေ။
ဝေ့ဝူယင် အသက်ကို ပြင်းပြစွာ ရှူထုတ်လိုက်ရင်း လက်နှစ်ဖက်ကို ကောင်းကင်ဆီသို့ ဆန့်တန်းလိုက်၏။ သူ့ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် ကြယ်တာရာ အင်အားများမှာ အရှိန်အဟုန်ဖြင့် စီးထွက်လာသည်။ ထောက်တိုင်များမှာ အဆက်မပြတ် သူ့ထံသို့ ရွေးလျားလာနေခဲ့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများကတော့ ဘောင်ကွက်များမှ စီးကျလာနေသည့် ရွှေရောင်အလင်းများကိုသာ ငေးမောကြည့်နေခဲ့လေသည်။
ဘုန်း... ဘုန်း...
ကြယ်တာရာ အင်အားများ ပိုမို ကြမ်းတမ်းစွာ စီးထွက်လာသည်နှင့် အမျှ သီးသန့်နယ်မြေ တစ်ခုလုံးရှိ ထောက်တိုင်များမှာ ပြင်းထန်စွာ တုန်ရီလာကြသည်။ ထိုအခိုက်၌ နယ်မြေ တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအား တစ်ခုအောက်သို့ ကျရောက်နေကာ မကြာခင် ပြိုကျပျက်စီးတော့မည့်ဟန်ပင် ရလေသည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်ထံမှ မူလ ဒြပ်စင် စွမ်းအင်များမှာ တရှန်းထံသို့ စီးဆင်း သွားကာ ရေပူပေါင်း တစ်ခု အသွင်ဖြင့် ဝန်းရံလိုက်၏။ လောကနယ်မြေ အတွင်း ပျံ့နှံ့နေသည့် ဖိအားများက သူမ ကဲ့သို့ အလင်းပြန်ခြင်း အဆင့် တစ်ယောက် အတွက်ပင် ခုခံနိုင်သည့် ပမာဏထက် ကျော်လွန်နေသည်။
“အား...”
နာကျင်သော အော်ဟစ်သံ တစ်ခုမှာ ခပ်လှမ်းလှမ်းမှ ပျံ့လွင့်လာ၏။ လင်းမင်မှာ ဝေ့ဝူယင်၏ လက်သီးချက်ကြောင့် သတိလစ် မေ့မြောနေရာမှ ပြင်းထန်သည့် ဖိအားများကြောင့် ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်သည်။
အသိစိတ် ပြန်ဝင်လျှင် ဝင်ချင်း သူ ပထမဆုံး သတိရလိုက်သည်က ဝေ့ဝူယင်၏ လက်သီးချက် ဖြစ်သည်။ သူ့ဘဝ တစ်လျှောက်လုံး ထိုမျှ ပြင်းထန်သည့် လက်သီးချက်မျိုးနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးချေ။ သို့တိုင်အောင် ထိုလက်သီးချက်က သူ့ကိုယ်ပေါ် တိုက်ရိုက် ကျဆင်းလာခြင်း မဟုတ်ခဲ့ပဲ စွမ်းအင်လှိုင်းများ အဖြစ်သာ ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
လင်းမင်မှာ သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုး အတော်များများ ကျိုးကြေသွားသည်ကို သတိပြုမိလိုက်၏။ ထိုအခိုက်အတန့်တွင်ပင် ဝမ်းဗိုက်က အော်ဂလီဆန်၍ ပြို့တက်လာလေရာ သူ ပါးစပ် အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ စက်ဆုပ်ဖွယ် ကောင်းစွာပင် သူ ဝတ်ဆင်ထားသည့် အဖြူရောင် ဝတ်စုံမှာ တစ်ခြမ်းလုံး ချင်းချင်းနီသွားသည်။
လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ အနည်းငယ် မှေးမှိန်သွားကာ အားနည်းသည့် အငွေ့အသက်များနှင့် ပြည့်နှက် လာခဲ့၏။ ဖြစ်ပျက်ခဲ့သမျှကို နောက်တစ်ဖန် ပြန်တွေးလိုက်ရင်း သူ့ မျက်နှာက မယုံကြည်နိုင်ခြင်းများဖြင့် လွှမ်းခြုံသွားသည်။
“သူက အဲဒီ နည်းလမ်ကို နောက်တစ်ကြိမ် ထပ်သုံးလိုက်တာလား...”
လက်နှစ်ဖက်ကို ဆန့်တန်းကာ ထူးခြားသော ပုံစံဖြင့် ကောင်းကင်၌ မြောလွင့်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း လင်းမင် မယုံကြည်နိုင်စွာ တွေးလိုက်မိသည်။ သူ့ကို ပို၍ အံ့သြစေသည့် အရာကား ရတနာ ကျောက်တိုင်များမှာ အသက်ဝင်နေသကဲ့သို့ သူ့အလိုလို လှုပ်ရှားကာ ဝေ့ဝူယင် ရှိရာဆီသို့ အဆက်မပြတ် တိုးဝင် နေကြခြင်း ဖြစ်လေသည်။ မိမိ ပိုင်ဆိုင်ရမည့် ရတနာများက တစ်ပါးလူထံ တိုးဝင်နေသည်ကို ကြည့်ရင်း လင်းမင်မှာ နှလုံးသွေးများ ယိုစီးထွက်လာသလို ခံစားလိုက်ရ၏။ သူ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ် တစ်ခုလုံးက လုံးဝ မဟန်နိုင်အောင် ပြိုဆင်းနေသည်။ အနည်းငယ် လှုပ်ရှားခြင်းကပင် အသည်းခိုက်မတတ် နာကျင်မှုများကို သူ့ထံသို့ ယူဆောင်လာ၏။
လင်းမင် ဝေ့ဝူယင်ကို လက်စားချေချင်နေသော်လည်း လက်ရှိ အခြေအနေဖြင့် ပထမ ဦးစားပေး လုပ်သင့်သည်က ဒဏ်ရာ ကုသခြင်းပင် ဖြစ်ကြောင်း နားလည်ပေသည်။ သူ ဝိညာဥ်အာရုံကို ညာဘက်လက် သူကြွယ်ရှိ ဟင်းလင်းပြင် လင်စွပ်ထံသို့ ပို့လွှတ် လိုက်၏။ ထို့နောက် ချက်ချင်းပင် သူ့အမူအရာက အေးခဲသွားသည်။ ဟင်းလင်းပြင် လက်စွပ်မှာ အက်ကွဲကာ မူလ လုပ်ဆောင်ချက်များ ပျက်ရွင်းသွားခဲ့ပြီ မဟုတ်ပါလား။
လင်းမင်၏ အမူအရာကား အလွန်အမင်း ပျက်ရွင်း နေခဲ့ပြီ ဖြစ်လေသည်။ သူ ပိုင်ဆိုင်ထားသမျှ အဖိုးအတန်ဆုံး အဂ္ဂိရတ် ထုတ်ကုန်များ၊ ရတနာများနှင့် ဝှက်ဖဲများ အားလုံးမှာ ထိုလက်စွပ် အတွင်း ရှိနေခဲ့ခြင်း ဖြစ်သည်။ တော်ဝင် ညီလာခံတွင် သူ သုံးခွင့် မရခဲ့သည့် ပြင်ပ ရတနာများစွာပင် ထိုအထဲတွင် ရှိသည်။ ယခုတွင်တော့ ထိုအရာ အားလုံးကား...။
“ဝေ့ဝူယင်...”
လင်းမင် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကောင်းကင်ရှိ ပုံရိပ်ကို နောက်တစ်ဖန် ပြန်ကြည့်လိုက်၏။ ထိုအခိုက်၌ သူ့မျက်လုံးများက ရူးသွပ်မှု၊ သတ်ဖြတ်လိုမှု အရိပ်အငွေ့များဖြင့် ပြင်းပြစွာ လောင်ကြွမ်းနေသည်။
...
ဝေ့ဝူယင်မှာ လင်းမင်၏ အဖြစ်အပျက်များကို သတိပြုမိခြင်း မရှိပါချေ။ သူ၏ အာရုံ အလုံးစုံက ရောင်စုံ ဆဋ္ဌဂံ အကွက်များနှင့် ပြည့်နှက်နေသည့် ကောင်းကင် အပေါ်တွင်သာ ကျရောက်လာ၏။ တစ်ခဏ ကြာပြီးနောက် သူ့ နှလုံးသားက ပြန်လည် တည်ငြိမ်လာကာ ခရာတိုမှာလည်း ငြိမ်သက်သွားသည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များမှာ ဦးတည်ချက် ပြောင်းလဲသွားကာ အခြား ရည်ရွယ်ချက် တစ်ခုကို ရှာဖွေတော့၏။
သူ၏ ယခုတစ်ကြိမ် ပစ်မှတ်က ထောက်တိုင်များပင် ဖြစ်လေသည်။ ဒဏ္ဍာရီများမှ မြစ်ဖျားခံလာဟန် ရသည့် ဟိန်းဟောက်သံ တစ်ခုနှင့် အတူ ကြယ်တာရာ အင်အားမှာ ဆူနာမီလှိုင်းများလို သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုကြယ်တာရာ အင်အားများမှာ မီးခိုးရောင် အဆင်း ရှိကာ အထဲတွင် အရောင် ခုနစ်ရောင် ရောနှော ပါဝင်နေသည်။
ဝမ်ယုထျန်းမှာ ထိုမြင်ကွင်းကို အဝေး တစ်နေရာမှ ကြည့်နေခဲ့၏။ ဝေ့ဝူယင်၏ ကြယ်တာရာ အင်အားများမှာ ရတနာသိုက် တစ်ခုလုံးကို အကြိမ်ပေါင်း တစ်သောင်းပင် ဖုံးလွှမ်းရန် လုံလောက်သည့်ပုံ ပေါ်လေရာ စောစော သူ လင်းမင်ကို ပြောခဲ့သည့် စကားလုံးများမှာ တရားမျှတပုံ ပေါ်သည်။ သူ ကြည့်နေသည့် တစ်ဒင်္ဂမျှ အချိန်ကလေး အတွင်းမှာပင် ရတနာသိုက် တစ်ခုလုံးမှာ ကြယ်တာရာ အင်အားများဖြင့် ပြည့်နှက် သွားတော့၏။
ဝမ်ယုထျန်းမှာ ဝေ့ဝူယင်တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ရှိကြောင်း မသိသော်လည်း အဂ္ဂိရတ် အင်အားများကို ပိုင်ဆိုင်ထားကြောင်း သတိပြုမိပေသည်။ လွန်ခဲ့သည့် နှစ်နှစ် အတွင်း အရှိန်အဝါကို ဆေဘာ ဝင်္ကပါဖြင့် ဖုံးကွယ်၍ အဆင့်ကိုး ဆေးလုံးများ ဖန်တီးနေသည့် ဝေ့ဝူယင်ကို မကြာခဏ ဆိုသလို သူ တွေ့မြင်ခဲ့ရသည်။
ဝေ့ဝူယင်မှာ ထိပ်သီး ပါရမီရှင်များထဲတွင်ပင် အမြင့်မားဆုံးသော ပါရမီမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုလူငယ် ပိုင်ဆိုင်ထားသည့် ပါရမီက သူ ရောက်ရှိခဲ့ဖူးသည့် ကြယ်တာရာ နယ်မြေတိုင်း၏ အကန့်အသတ်ထက်ပင် ကျော်လွန်နေသည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် စွမ်းအင်၊ သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ နှစ်ခု၊ နဂါးတို့မှ ဆင်းသက်လာသည့် သွေးမျိုးဆက်၊ ကြောက်မက်ဖွယ် ဝိညာဥ် အင်အား၊ နောက်... ငါးဆယ် မကျော်သေးသည့် အသက်အရွယ်တို့နှင့် အတူ သူက မယုံကြည်နိုင်လောက်အောင် ထူးချွန်လွန်းလှပေသည်။
ဝမ်ယုထျန်းမှာ ကျောက်တိုင်များ တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားကာ ဝေ့ဝူယင် ဝတ်ဆင်ထားသည့် လက်စွပ် အတွင်း ဝင်ရောက်သွားသည်ကို ခံစားနိုင်နေခဲ့၏။ သိပ်မကြာခင်မှာပင် မိုင်ပေါင်းများစွာ ကျယ်ပြန့်သည့် နယ်မြေကြီး အတွင်းရှိ ဟင်းလင်းပြင် သင်္ဘောကို ထိန်းသိမ်းထားသည့် အကြီးမားဆုံး ကျောက်တိုင်ကြီး တစ်ခုသာ ကျန်ရှိပေတော့သည်။
တရှန်းမှာ တလက်လက် တောက်ပနေသည့် ရွှေရောင် မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ငေးကြည့် နေမိခဲ့၏။ ထိုလူငယ်မှာ ဒုတိယမြောက် ရွေးချယ်ခံကို တစ်ချက်တည်းဖြင့် အနိုင်ယူကာ ရတနာသိုက် အတွင်းရှိ ရင်းမြစ်များ အားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ခဲ့သည်။ ဤနေရာတွင် နှစ်နှစ်ကြာ နေခဲ့သူ အနေဖြင့် ကျောက်တိုင် တစ်ခုချင်းစီ၏ တန်ဖိုးများကို သူမ သိရှိထားသည်။
ဂုဏ်ယူသည့် အငွေ့အသက်များက တရှန်း၏ လှပသော မျက်နှာကို လွှမ်းခြုံထားသည်။ ဝေ့ဝူယင်နှင့် ဆက်ဆံရေး အကြောင်း ပြန်လည် တွေးမိလေလေ သူမ မယုံကြည်နိုင်မှုကို ခံစားရလေလေ ဖြစ်သည်။ ငယ်ရွယ်နုပျိုပြီး ချောမောသည့် ထိုလူငယ်သည် တောက်ပသော အပြုံး၊ ခိုင်မာသည့် ရည်ရွယ်ချက်တို့နှင့် အတူ သူမ ဘဝထဲ ဝင်ရောက်လာခဲ့သည်။ အစ ပထမ၌ နေ့ရက်များ၌ သူတို့ နှစ်ယောက် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သူမ သာလျှင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရပေသည်။
ထိုလူငယ်ကြောင့်သာလျှင် မိသားစု ရန်ကြွေးကို သူမ လက်နှင့် ကိုယ်တိုင်ဆပ်နိုင်ခဲ့သည်။ ထိုလူငယ်ကြောင့်သာလျှင် တစ်ခါမှ စိတ်ကူးမယဥ်ခဲ့ဖူးသည့် ကျင့်ကြံခြင်း အဆင့်ကို သူမ နှစ်အနည်းငယ် အတွင်း ရောက်ရှိခဲ့သည်။
“အလင်းပြန်ခြင်း အဆင့်...”
တရှန်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ စတင် ကျင့်ကြံခဲ့သည့် အချိန်ကတည်းက သူမ ကိုယ့်အကန့်သတ်ကို ကိုယ် သိခဲ့သည်။ သူမ၏ ပါရမီ၊ ရင်းမြစ်၊ နောက်ခံတို့ဖြင့် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ အမြင့်ဆုံး အာကာသ ပဲ့တင်သံ အဆင့်ကိုသာ ခက်ခက်ခဲခဲ ရောက်ရှိနိုင်ချေ ရှိသည်။ သို့သော်လည်း ယခုတွင်တော့ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ အလွန် ခိုင်မာနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမ ခန္ဓာကိုယ်နှင့် ဝိညာဥ်၌ မည်သည့် မသန့်စင်မှုမှ မရှိချေ။
အိပ်ရာမှ နိုးလာသည့် အချိန်တိုင်း ဖြစ်ပျက်ခဲ့သမျှက အိပ်မက် ဖြစ်နေမည်လား သူမ အစဥ်အမြဲ ဆန်းစစ်ခဲ့ရသည်။ ဝေ့ဝူယင်နှင့် ဆုံတွေ့ခဲ့မှု တစ်ခုက သူမ ဘဝကို ထာဝရ ပြောင်းလဲ ပစ်နိုင်လိမ့်မည် ဟု သူ မ လုံးဝ မျှော်လင့် မထားခဲ့ချေ။ အကယ်၍ ထိုလူငယ်သာ သူမ ဘဝထဲ ဝင်ရောက် မလာခဲ့ပါက ယခုအချိန်၌ သူမမှာ ကောင်းကင် အုပ်စိုးသူ တစ်ယောက် အနေဖြင့် အနန္တ ဧကရာဇ်ဂိုဏ်း အတွင်း ရုန်းကန်နေရမှာ သေချာပေသည်။
ဝေ့ဝူယင်မှာ တရှန်း၏ အတွေးများကို သိရှိခြင်း မရှိပဲ ကျောက်တိုင်များကိုသာ သေချာစွာ သိမ်းဆည်းနေခဲ့၏။ အားလုံး အဆုံးသတ်သွားပြီးနောက်၌ သူက ခေါင်းကို မော့ရင်း ရွှေရောင် အလင်းများ အဆက်မပြတ် စီးထွက်နေသည့် ကောင်းကင်ကို ကြည့်လိုက်သည်။
“ဝမ်ယုထျန်း... ကျုပ်ကို အရေးယူလို့ ရမလား...”
သူက လေးနက်သော မျက်လုံးများနှင့် မေးလိုက်လေတော့၏။
***