← Chapters

အခုစလို့ ရပြီ

Vol. 38 Ch. 529

အခုစလို့ ရပြီ

Vol. 38 Ch. 529

“မင်း ဘာကို ပြောချင်တာလဲ...”

ဝမ်ယုထျန်းမှာ ဝေ့ဝူယင် ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွားခဲ့၏။ သူက ဘာကို အရေးယူ ရမည်နည်း။

“ရွေးချယ်ခံ တစ်ယောက် အနေနဲ့ ကျုပ်က ဒီလောကနယ်မြေကို အန္တရာယ် ဖြစ်စေခဲ့ရင် အရေးယူလို့ ရလားလို့ မေးတာ”

ဝေ့ဝူယင်က ရှင်းလင်းအောင် ပြောလိုက်၏။

“ ... “

ဝမ်ယုထျန်းမှာ အချိန် အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

“ငါ့အနေနဲ့ ဘယ်ရွေးချယ်ခံကိုမှ အရေးယူလို့ မရဘူး... မင်းတို့ကို လုံခြုံအောင် ကာကွယ်ပေးဖို့ အတွက်တောင် ငါက ဝိညာဥ်ကျိန်စာ ဆိုထားရတာ... အဲဒါမှပဲ ဒုတိယ ကြီးကြပ်သူက မင်းတို့ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းဆီ ခေါ်သွားပြီး အခမ်းအနားနဲ့ ရွေးချယ်ခံဘွဲ့ထူးကို တရားဝင် အပ်နှင်း နိုင်မှာပေါ့”

ဝမ်ယုထျန်း၏ စကားမှ တစ်ဆင့် ဝေ့ဝူယင်မှာ သူ ရွေးချယ်ခံ ဘွဲ့ထူးကို တရားဝင် မရသေးကြောင်း သဘောပေါက် လိုက်၏။ ကြည့်ရသည်က ၎င်းမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာမင်းသား အခမ်းအနားလိုမျိုးပင် ဖြစ်ပုံ ပေါ်သည်။ သို့သော်လည်း သေချာတာ တစ်ခုကတော့ မဟာမင်းသာ အခမ်းအနားထက် အဆပေါင်း များစွာ ပိုမို ခမ်းနားပေလိမ့်မည်။

“ကျုပ်မှာ မေးခွန်းတစ်ခု ရှိသေးတယ်... ဒီလောကနယ်မြေရဲ့ အမြုတေ ဖျက်ဆီးခံရရင် ဘာဖြစ်မှာလဲ...”

“ ... “

ဝမ်ယုထျန်းမှာ ပထမတစ်ကြိမ်ကထက်ပင် ပိုမို ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။ ရွှေရောင်အလင်းများဖြင့် ပြည့်လျှံ၍ တုန်ရီနေသည့် ကောင်းကင်ကို အချိန်အတန်ကြာအောင် သူ ငေးမော ကြည့်နေခဲ့မိ၏။

“အမြုတေ ဖျက်ဆီးခံရရင် လောကနယ်မြေရဲ့ လွတ်လပ်တဲ့ ဟင်းလင်းပြင်က မတည်မငြိမ် ဖြစ်လာလိမ့်မယ်... နောက်ဆုံးမှာ လောကနယ်မြေတစ်ခုလုံး ပြိုကျပျက်စီးသွားပြီး အကျိုးဆက် အနေနဲ့ ဖြစ်ပေါ်လာတဲ့ လှိုင်းတွေက ကုန်းမြေထုကြီး တစ်ခုလုံးပေါ်မှာ ရှိတဲ့ သက်ရှိတွေ အားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ အတုအယောင် ကောင်းကင်မှ စီးထွက်နေသည့် ရွှေရောင် အလင်းများကို ကြည့်ရင်း သူ့မျက်လုံးများက ပိုမို၍ ကျဥ်းမြောင်းသွားသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် အစွန်းလေးဖက် လောကနယ်မြေထဲသို့ မဝင်ခင်၊ ဝမ်ယုထျန်းနှင့် တွေ့ဆုံစဥ် အခါက စမ်းသပ်ပွဲ၏ ရည်ရွယ်ချက်မှာ ဒြပ်စင် တိုကင် ကိုးခုကို စုဆောင်းကာ လောက အမြုတေကို ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ကြောင်းနှင့် ၎င်း အမြုတေမှာ လောကနယ်မြေကြီးကို တစ်ခုလုံးကို ပဲ့ကိုင် ထိန်းချုပ်ထားသည့် အရာ ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ မူလ ဆုံးဖြတ်ချက်ကို ပြင်ကာ လောကနယ်မြေ အတွင်း ဝင်ရောက်၍ ဒြပ်စင် တိုကင် ကိုးခုကို စုဆောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းနှစ်များတွင် အချက်အလက်များ ပိုမို ရရှိလာသည်နှင့် အမျှ အစွန်းလေးဖက် လောကနယ်မြေ၏ အမြုတေမှာ နောက်ဆုံးသော ဒြပ်စင် ရတနာသိုက်နှင့် တစ်စုံတစ်ရာ ပတ်သက် နေနိုင်ကြောင်း သူ တွေးမိခဲ့သည်။ သူ၏ ဒြပ်စင် တိုကင် စုစည်းရေး လမ်းစဥ်မှာ လွန်ခဲ့သည့် နှစ်နှစ် အတွင်း အောင်မြင်လုဆဲဆဲ အခြေအနေထိ ရောက်ရှိခဲ့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်၏ ဝင်ရောက် စွက်ဖက်မှုနှင့် လင်းမင်၏ အလွန် မြင့်မားလှသော ကမ္မတန်ဖိုးကြောင့် နောက်ထပ် အစီအစဥ် တစ်ခု ထပ်မံ ကြံစည်ခဲ့ရပြန်သည်။

ဝေ့ဝူယင် လင်းမင်နှင့် အပေးအယူ ပြုလုပ်ကာ နောက်ဆုံး ဒြပ်စင် ရတနာသိုက်သို့ သူ့ကိုပါ ခေါ်ဆောင်သွားရန်နှင့် ပထမဆုံး ရွေးချယ်ခွင့်ပြုရန်  ဝိညာဥ်ကျိန်စာ ကျိန်ဆိုခိုင်းခဲ့သည်။ သူ့ အကြံအစည်က တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ကာ မူလ ဝိညာဥ်ကို ပိုင်ဆိုင်နိုင်သလို တစ်ချိန်တည်း၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ဖြစ်စရာ မလိုပဲ လောကအမြုတေ ရှိရာ နေရာကို ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ လင်းမင်သာ ဝိညာဥ်ကျိန်စာကို တစ်နည်းနည်းဖြင့် ပယ်ဖျက်နိုင်ခဲ့ပါက... ဤနေရာကို ရောက်ရှိဖို့ အတွက် ဟင်းလင်းပြင်နဂါး သွေးမျိုးဆက် စွမ်းအားကို အသုံးပြုဖို့ သူ စီစဥ်ထားပြီး ဖြစ်သည်။ သူ့တွင် အခြား ရွေးချယ်စရာများ ရှိသော်လည်း ဤနည်းလမ်းကသာလျှင် အသေချာဆုံး ဖြစ်သည်။

ထို့နောက်တွင် ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်။ အလှည့်အပြောင်းများစွာဖြင့် မူလ လမ်းကြောင်းပေါ် သို့ ပြန်လည် ရောက်ရှိကာ နောက်ဆုံး ဒြပ်စင် ရတနာသိုက်ကို ရွေးချယ်ခံ တစ်ယောက် အဖြစ် သူ ဝင်ရောက်နိုင်ခဲ့သည်။

ဝေ့ဝူယင်  ကြမ်းပြင်ထက်တွင် တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်ရင်း ကြိုတင် ပြင်ဆင်ထားသည့် အဆင့်ကိုး ဆေးလုံးများနှင့် ဆေးရည်များကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ထိုထုတ်ကုန်များကို အသုံးပြုကာ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ထားခဲ့သည့် ဒဏ်ရာများကို ပြန်လည် ကုသလေတော့သည်။

ကောင်းကင်တစ်ဖက်ခြမ်း၌ ရှိနေသည့် ဝမ်ယုထျန်းမှာ သံမဏိ ကဲ့သို့ ပြတ်သား ခိုင်မာနေသည့် ဝေ့ဝူယင်၏ အော်ရာကို ခံစားမိရာ အလျှင်အမြန်ပင် သတိပေးလိုက်၏။

“ဒီလောကနယ်မြေရဲ့ အမြုတေက လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးနိုင်တာမျိုး မဟုတ်ဘူး... နောက်ပြီး အဲဒါမှာ ကြယ်တာရာ သခင်တွေ ဒါဇင်နဲ့ချီပြီး ဖျက်ဆီးဖို့ လိုအပ်တဲ့ အကာအကွယ် အလွှာ တစ်ခု ရှိသေးတယ်”

သူ၏ လေသံက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေ၏။ အကြောင်းပြချက် အချို့ကြောင့် သူ၏ စိတ်အစဥ်က သက်ရှိ နှလုံးတစ်ခု ကဲ့သို့ လျှင်မြန်စွာ ခုန်နေခဲ့သည်။ ဝေ့ဝူယင်က ဘာလုပ်ရန် ကြံစည်နေသနည်း။

“မင်း လောကနယ်မြေရဲ့ အမြုတေကို ဖျက်ဆီးပစ်ဖို့ မစဥ်းစားသင့်ဘူးနော်... တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင် မင်းတို့ ကြယ်တာရာ နယ်မြေရဲ့ အကျိုးဆက်တွေ ခံစားရမှာ”

ဝမ်ယုထျန်းက နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်၏။ ဝေ့ဝူယင်မှာ ဉာဏ်ရည် နိမ့်ပါးကာ အတွေး ချို့တဲ့သူ တစ်ယောက် မဟုတ်မှန်း သူ သိပေသည်။ ပြောရလျှင် ထိုလူငယ်မှာ သူ့ထက် အများကြီး ပိုဉာဏ်ကောင်းကာ တွက်ချက်တတ်သူ ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပြန်လည် ပွင့်လာကာ လန်းဆန်းသည့် ငွေရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်ပလာခဲ့၏။ လွန်ခဲ့သည့် မိနစ်ပိုင်းလောက် အထိ ဆိုးရွားစွာ ကွဲအက်နေခဲ့သည့် ထျန်းတျန် အတွင်းရှိ သူ၏ ကြယ်တာရာ အမြုတေ နှစ်ခုမှာ လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည့် လက္ခဏာပင်။

“ဘယ်လိုမျိုးလဲ...”

ဝေ့ဝူယင်က မေးလိုက်၏။ ဝမ်ယုထျန်းမှာ ဝေ့ဝူယင်၏ စိတ်ဝင်စားလာမှုကြောင့် အနည်းငယ် ပြန်လည် အားတက်သွားခဲ့သည်။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ထိုလောကနယ်မြေ၏ အမှန်တရားများကို ဖြည်းညင်းစွာ စတင် ရှင်းပြလိုက်တော့သည်။

“ဒီလောကနယ်မြေရဲ့ အမြုတေကို ကိုယ်ပိုင် စွမ်းအားနဲ့ ဖန်တီးထားတယ် ဆိုပေမဲ့ အဲဒါက စွမ်းအင် ရင်းမြစ် တစ်ခု အနေနဲ့ လည်ပတ်ပြီး အန္တရာယ်များတဲ့ သားရဲ အုပ်စုက ထိန်းချုပ်ထားတာ... တကယ်လို့ စွမ်းအင် ရင်းမြစ် မရှိတော့ဘူး ဆိုရင် အဲဒီ သားရဲတွေကို ဘယ်လိုမှ ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး”

“ခင်ဗျားပြောတဲ့ သားရဲတွေ ဆိုတာက နဂါးတွေ မလား...”

ဝေ့ဝူယင်က ကောင်းကင် ‌ဘောင်ကွက်များကို ကြည့်ရင်း တည်ငြိမ်စွာပင် မေးလိုက်သည်။ ဝမ်ယုထျန်းက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... နဂါးတွေ...”

ဝေ့ဝူယင်၏ သွေးကြောများထဲ၌ နဂါးသွေးမျိုးဆက် တစ်ခု ပြင်းထန်စွာ စီးဆင်းနေကြောင်း သူ သိရှိထားပြီး ဖြစ်သည်။

သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ထိုအရာက နဂါးတို့၏ ဇာတ်ကွက်တစ်ခု ဖြစ်နိုင်မည်လော။ ဒဏ္ဍာရီ အများစုက နဂါးများကို တပ်မက် လောဘကြီးမားကာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တောရိုင်း သားရဲကြီးများအဖြစ် ပုံဖော်ထားသော်လည်း ၎င်းတို့မှာ အလွန်အမြော်အမြင်ရှိသည့် သက်ရှိသားရဲများ ဖြစ်ကြောင်း သူသိပေသည်။

“သူတို့ကို ဘာအတွက် သုံးတာလဲ...”

ဝေ့ဝူယင်က မေးလိုက်သည်။ ခြောက်ကပ်နေသည့် လည်ချောင်းများကြောင့် သူ့အသံက အေးစက်စက် ဖြစ်နေသလို ထင်ရ၏။

ဝမ်ယုထျန်းမှာ ‌ဝေ့ဝူယင်ကို ကြည့်ကာ ဖုံးကွယ် မထားသင့်ဟု ခံစားလိုက်ရသည်။

"သူတို့ရဲ့ ခန္ဓာကိုယ်တွေက ထွက်ပေါ်လာတဲ့ သွေးစွမ်းအင်တွေနဲ့ အသက်အင်အားက ဒီကုန်းမြေထုကြီးနဲ့ မှီတင်း နေထိုင်သူတွေရဲ့ ဂေဟ စနစ်ကို ထိန်းသိမ်းဖို့ အတွက် အရမ်း အသုံးဝင်တယ်… နောက်ပြီး သူတို့က စမ်းသပ်ပွဲ အတွက် ရည်ရွယ်တဲ့ မိစ္ဆာတွေနဲ့ အခြား ဖြစ်တည်မှုတွေကိုပါ မွေးထုတ် ပေးနိုင်စွမ်း ရှိတယ်… နောက်တစ်ခုကတော့ မင်း ကိုယ်တိုင် သိပြီးသား ဖြစ်ကောင်း ဖြစ်မှာပါ… နဂါးမျိုးနွယ်ရဲ့ သွေးတွေထဲမှာ မန်နာတွေနဲ့ အမတေကို ဖိနှိပ်နိုင်တဲ့ ပြိုင်ဘက်ကင်း စွမ်းရည် တစ်မျိုး ရှိတယ်… အဲဒီ စွမ်းရည်က ဆုတ်ယုတ်မှု ရာသီကို ဖြစ်ပေါ်စေခဲ့တာပဲ"

ဝမ်ယုထျန်းမှာ ရပ်တန့်ခြင်းပဲ ဆက်လက်၍ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး အတွက် ဖမ်းဆီးခံ နဂါးသားရဲများ၏ အသုံးဝင်ပုံ နည်းလမ်း ရာချီနှင့် အဘယ်ကြောင့် ဤနေရာက ထိပ်သီး ပါရမီရှင်တို့ အတွက် အလွန် အရေးကြီးသည့် လေ့ကျင့်ရေး နယ်မြေ တစ်ခု ဖြစ်နေရကြောင်းတို့ကို ရှင်းပြနေခဲ့၏။

ထိုအကြောင်းအရာများမှာ ကြားရရုံဖြင့်ပင် စက်ဆုပ်ဖွယ် ကောင်းအောင် ရက်စက်လွန်းလှ သော်လည်း နဂါးသားရဲများ အပေါ် သင်၏ ကိုယ်ပိုင် ခံစားချက်နှင့် သက်ဆိုင်လိမ့်မည် ဖြစ်သည်။

ကျင့်ကြံခြင်း လောက၌ သားရဲများကို ယုတ်ညံ့သော သတ္တဝါများ အဖြစ် သတ်မှတ်၍ ကျွန်ပြုကြသည်က ထုံးတမ်းစဉ်လာလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နေ့တိုင်းလိုလို လူသား၊ အယ်ဗန်များနှင့် နတ်ဆိုးမျိုးနွယ်များစွာမှာ ၎င်းတို့ကို သတ်ဖြတ်ကာ အရသာခံရန်နှင့် ပိုမို အစွမ်းထက်လာစေရန် အတွက် စားသုံးကြသည်။ တစ်ခါတစ်ရံ၌ လေ့ကျင့်ရန် သက်သက် တစ်ခုတည်း အတွက် သူတို့ကို အမဲလိုက်ကာ သတ်ဖြတ်ကြသည်။

သားရဲများ အပေါ် ထိုကဲ့သို့ ကျူးလွန်ခြင်းကို ကျင့်ကြံခြင်း အသိုက်အဝန်း တစ်ခုလုံးက ဘယ်တုန်းကမှ မကောင်းသည့် လုပ်ရပ် တစ်ခု အဖြစ် မမြင်ခဲ့ချေ။

အဘယ်ကြောင့်နည်း။ အဖြေက လယ်ပြင် ဆင်သွားသလို ထင်ရှား လွန်းလှပေသည်။

သူတို့က တူညီသည့် မျိုးစိတ်များ မဟုတ်ကြချေ။

သူတို့က လူသားများနှင့် အသွင်အပြင်ချင်း နည်းနည်းလေးတောင် မတူချေ။

သူတို့က ဉာဏ်ရည် လုံးဝ မမှီချေ။

လူသားများနှင့် ယှဉ်လျှင် သူတို့ အားလုံးမှာ နိမ့်ကျ ယုတ်ညံ့သည့် တိရစ္ဆာန်များသာ ဖြစ်ကြပေသည်။

ဂါး…

ပြင်းထန်သည့် နဂါး ဟိန်းဟောက်သံ တစ်ခုမှာ ဝေ့ဝူယင်၏ နှလုံးသားတွင်မှ နေ၍ လည်ချောင်းကို ဖြတ်သန်းကာ ထွက်ပေါ်လာ၏။ ဒြပ်စင် ရတနာသိုက် တစ်ခုလုံးမှာ ငလျင် လှုပ်သကဲ့သို့ တုန်ရီသွားကာ ကောင်းကင် ဘောင်ကွပ်များမှာ ပိုမို၍ မငြိမ်မသက် ဖြစ်လာခဲ့သည်။ အချို့ဆိုလျှင် ကောင်းကင်မှပင် ပြိုကျကာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်နေကြ၏။

ဝေ့ဝူယင် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုအရာက ကျင့်ကြံခြင်း လောက ဖြစ်ပေသည်။ အားနည်းသူတိုင်းမှာ ဖိနှိပ်ခံရကာ ခွန်အား ရှိသူများသာ လောကကို အုပ်စိုးနိုင်သည်။ သူ ကိုယ်တိုင်က သူတော်စင် တစ်ယောက် မဟုတ်လေရာ ထိုအချက်ကို လက်ခံသည်။

သို့သော်လည်း သူ ကြားခဲ့ရသည့် အော်ရစ်ပင်လယ် အောက်ခြေမှ အဆုံးမဲ့ ငိုကြွေးသံများ၊ သေခြင်းတရားကိုပင် လိုလား တောင့်တသည့် ငြီးတွားသံများ...

အကယ်၍ ထိုအရာကို ပြင်ဆင်ရန် စွမ်းရည် မရှိခဲ့ပါက သူ ကျိန်းသေပင် လျစ်လျူခဲ့လိမ့်မည် ဖြစ်သည်။ မျက်စိမှိတ်ကာ သည်အတိုင်း ထွက်ခွာသွားပေလိမ့်မည်။

သို့ပေမဲ့... သူ့တွင် နည်းလမ်းများ ရှိနေလေရာ မည်ကဲ့သို့ လျစ်လျူနိုင်ပါမည်နည်း။ အကယ်၍ ထိုအကျဥ်းကျ နဂါးများကို မလွှတ်ပေးနိုင်လျှင်ပင် သူတို့ အသက်တိုင်းကို အဆုံးသတ်ပစ်ဖို့ ဝေ့ဝူယင် စဥ်းစားထားပြီး ဖြစ်သည်။ အသက်ရှင်လျှက် ညှင်းပန်း နှိပ်စက်ခံနေရမည့် အစား အနည်းဆုံးတော့  တမလွန် ဘဝ တစ်ခုတွင် သူတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ပေလိမ့်မည်။

ခရာတို၏ ဆန္ဒမှာလည်း ဝေ့ဝူယင်နှင့် အတူတူပင် ဖြစ်သည်။ နဂါးဖြစ်စေ၊ လူသား ဖြစ်စေ၊ အယ်ဗန် ဖြစ်စေ၊ ရှို့ရန် ဖြစ်စေ... အားလုံးမှာ ခံစားချက်ရှိသည့် သက်ရှိများ ဖြစ်သည်။ ကျင့်ကြံခြင်း လောကမှာ ရက်စက်တာ မှန်သော်လည်း အရာအားလုံးတွင် နောက်ဆုံး ကန့်သတ်ချက်တော့ ရှိစမြဲ ဖြစ်သည်။ ဝေ့ဝူယင် သွေးရောင် လွှမ်းနေသော မျက်လုံးများဖြင့် ညကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုအခိုက်၌ သူ၏ ကြယ်တာရာ အမြုတေများမှာ ချွတ်ယွင်းချက် မရှိ အပြည့်အဝ ပြန်လည် ကောင်းမွန်နေခဲ့ပြီ ဖြစ်လေသည်။

“အခု ငါတို့ စလို့ရပြီ...”

***

All Chapters