← Chapters

မိုးပြိုခြင်း

Vol. 38 Ch. 530

မိုးပြိုခြင်း

Vol. 38 Ch. 530

“အခု ငါတို့ စလို့ ရပြီ...”

ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်လိုက်ရင်း ကောင်းကင်ရှိ ရွှေရောင် အလင်းတန်းများကို မော့ကြည့်လိုက်၏။ ထို့နောက် သူက အသံကို နှိမ့်ရင်း မေးလိုက်သည်။

“ဝမ်ယုထျန်း... ဟင်းလင်းပြင် သင်္ဘောနဲ့ တရှန်းကို ကုန်းမြေတိုက်ကြီးဆီ ပြန်ပို့ပေးလို့ ရမလား”

ဟင်းလင်းပြင် သင်္ဘောပေါ်ကို မတက်ခင် အချိန်ကတည်းက ဝေ့ဝူယင်မှာ ထိုကျောက်တိုင်ကြီး၏ အတားအဆီးများကို ချိုးဖျက်ခဲ့ပြီး ဖြစ်သည်။ မဟုတ်လျှင် သူနှင့် တရှန်းတို့ မည်ကဲ့သို့ အထဲကို ဝင်နိုင်မည်နည်း။

“ ... “

ဝမ်ယုထျန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ထိုလူငယ်က လောကနယ်မြေ၏ အမြုတေကို ဖျက်ဆီးပစ်ဖို့ တကယ်ကြီး အစီအစဥ် ချမှတ်နေသည်လား။

“သူ့ကို အဲဒီနေရာ ပို့လိုက်မယ် ဆိုရင် အခြား မှီတင်းနေထိုင်သူတွေ လိုပဲ တူညီတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရလိမ့်မယ်... ဟင်းလင်းပြင် သင်္ဘောရဲ့ ခုခံရေး စနစ်တောင် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ဝမ်ယုထျန်းက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်၏။ သူက တရှန်းလို မိန်းကလေးမျိုးကိုပင် စတေးတော့မည်လား။

“ခင်ဗျား လုပ်မပေးနိုင်ဘူးလား...”

ဝေ့ဝူယင်၏ လေသံကတော့  ပြောင်းလဲခြင်း မရှိပါချေ။ သူက ထိုအတွက် လုံးဝဥဿုံ ဆုံးဖြတ်ပြီးသည့် ပုံပင်။

“ ... “

ဝမ်ယုထျန်းမှာ အချိန် အတန်ကြာ တိတ်ဆိတ်ပြီးသွားနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဟင်းလင်းပြင် သင်္ဘောကြီးမှာ‌ ငွေရောင် အလင်းများနှင့် တောက်ပလာကာ  တရှန်းနှင့် အတူ ကုန်းမြေတိုက်ကြီး ပေါ်သို့ ပို့လွှတ်ခံလိုက်ရတော့သည်။

လင်းမင်မှာ ငွေရောင် အလင်းတန်းများနှင့် အတူ ဟင်းလင်းပြင် သင်္ဘောကြီး ပျောက်ကွယ်သွားသည်ကို မြင်တွေ့ လိုက်ရ၏။ ထိုအရာက ရတနာသိုက် အတွင်း ကျန်ရစ်နေသည့် နောက်ဆုံးနှင့် အဖိုးအတန်ဆုံး ရတနာ ဖြစ်ပေသည်။ လင်းမင်၏ မျက်လုံးများမှာ ဒေါသမီးလျှံများနှင့် ပြည့်နှက် သွားခဲ့၏။ ဤဒြပ်စင် ရတနာသိုက်ကို ရရှိရန် အတွက် သူ များစွာသော အရာများကို  စတေးခဲ့ရသည်။ အသေအလဲ အလုပ် ကြိုးစားခဲ့ရသည်။ ထိုရတနာသိုက်မှာ စစ်မှန်သည့် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ခြေချနိုင်အောင် သူ့အား ကူညီပေးနိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ တစ်ခုမကျန် အားလုံး ပါသွားခဲ့ပြီ ဖြစ်သည်။

လင်းမင် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်စဥ်မှာပင် ဝေ့ဝူယင်၏ အသံက သူ့ထံသို့ ပျံ့လွင့် လာ၏။

“မင်း ဒီနေရာကနေ ထွက်သွားသင့်တယ်... အခု ငါလုပ်မယ့် အကျိုးဆက်က မင်းကို သတ်မိမလား ငါ မသိဘူး”

ဝေ့ဝူယင်မှာ လင်းမင်၏ သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်သော်လည်း အကယ်၍ လင်းမင် သေသွားပါက ကောင်းကင် တာအိုက ထိုအရာကို သူ့အမှားအဖြစ် သတ်မှတ်မည်လား မသေချာချေ။ ထို့ကြောင့်ပင် သူက လင်းမင်ကို ထွက်သွားရန် သတိပေးခဲ့ခြင်း ဖြစ်သည်။ သတိပေးရက်သားနှင့် ထွက်မသွားပါက ထိုအရာက သူ့ အမှားသာ ဖြစ်သည်။

“မင်း ဘာလုပ်ဖို့ စီစဥ်နေတာလဲ...”

လင်းမင်က မျက်မှောင်ကြုတ်ရင်း သံသယနှင့် မေးလိုက်၏။ ဝေ့ဝူယင်မှာ သူ့ကို သတ်မိကာ ရွေးချယ်ခံ ဘွဲ့ထူးအား ဆုံးရှုံးသွားမှာ ကြောက်ပုံ ပေါ်သည်။ ဘာပဲဖြစ်ဖြစ်... ယခု သူ စီစဥ်နေသည့် တစ်စုံတစ်ရာကတော့ အလွန် အန္တရာယ် များပုံ ပေါ်သည်။

“ထွက်သွားတာ မသွားတာက မင်းသဘောပဲ...”

ဝေ့ဝူယင်က လင်းမင်ကို ထပ်ဂရုစိုက်ခြင်း မပြုတော့ပဲ စတင်ရန်သာ ပြင်လိုက်တော့၏။ သို့သော်လည်း လင်းမင်မှာ အရူး တစ်ယောက် မဟုတ်ချေ။ ကိုယ့်ကိုယ်ကို သတ်သေသည့် လုပ်ရပ်မျိုးကို သူ မည်ကဲ့သို့ လုပ်မည်နည်း။

ယခု အချိန်၌ သူ့အတွက် အရေးအကြီးဆုံး အရာက မဟာမိတ်များကို ရှာဖွေကာ ဟင်းလင်းပြင် လက်စွပ်ကို ပြန်လည် ပြုပြင်ရန် ဖြစ်သည်။ ထိုအထဲ၌ ထည့်သွင်းထားသည့် အဂ္ဂိရတ် ထုတ်ကုန်များ ရမှသာ ဒဏ်ရာများကို အချိန်တို အတွင်း  သူ ပြန်လည် ကုစားနိုင်လိမ့်မည် ဖြစ်သည်။

“ငါထွက်သွားမယ်...”

လင်းမင် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ဤ‌နေရာ၌ ဆက်နေရန် သူ့တွင် အကြောင်းပြချက် မရှိတော့ချေ။ လင်းမင် တိုကင်ကို ဆွဲထုတ်ကာ မူလ ဒြပ်စင် စွမ်းအင်များနှင့် ဆက်သွယ်လိုက်၏။

“ဝှစ်...”

ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လင်းမင်မှာ ရွှေရောင် အလင်းတန်းများနှင့် ပျောက်ကွယ် သွားခဲ့တော့၏။

“မင်း ဘာလုပ်ဖို့ စီစဥ်နေတာလဲ...”

ဝမ်ယုထျန်းက ကောင်းကင်ထက်မှ လေးပင်သော လေသံဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“အရမ်းကြီးမားတဲ့ဟာ တစ်ခုခုပေါ့လေ... ကျုပ်ရဲ့ အတောင်ပံတွေက အဲဒါကို ချီမနိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့”

“ဂါး...”

ဝေ့ဝူယင်၏ စကားအဆုံး၌ နဂါး ဟိန်းသံ တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် မိုးကြိုးပစ်သကဲ့သို့ နှလုံးခုန်သံများနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာ စတင်ကာ အသွင်ပြောင်းလဲ လာခဲ့တော့သည်။ ပထမဆုံးနှင့် အသိသာဆုံး အပြောင်းအလဲက သူ့မျက်လုံးများပင် ဖြစ်သည်။

လျှပ်တစ်ပြက် အတွင်းမှာပင် ၎င်းတို့မှာ ဒေါင်လိုက် ပိုမို ကျယ်ပြန့်လာကာ ငွေရောင် အဆင်းမှာ ပျောက်ဆုံး၌ မီးခိုးရောင်ဖြင့် ဖုံးလွှမ်း သွား၏။ သို့သော်လည်း ခဏကြာပြီးနောက် ၎င်းတို့မှာ ငွေရောင် တဖျပ်ဖျပ်ဖြင့် ပြန်လည် တောက်ပလာသည်။ မသေမျိုး မျက်လုံးများမှာ ၎င်းတို့၏ ကောင်းကင်မြင်ကွင်းကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပေသည်။

လောကကြီးထဲတွင် တိမ်မြုပ်နေသည့် အမှန်တရားနှင့် အဆုံးမဲ့ ဟင်းလင်းပြင်မှာ လှပသည့် ထိုငွေရောင် နဂါးမျက်လုံးများ အတွင်းဝယ် ကိန်းအောင်းနေဟန် ရ၏။ စကြဝဠာကြီး အတွင်းရှိ ဖြစ်တည်မှု မှန်သမျှမှာ ၎င်း၏ အတွင်း စိတ်အမှောင်ထုထဲ၌ တည်ရှိနေသယောင်ပင်။

တစ်ချိန်တည်း၌ မီးခိုးရောင် ဆဋ္ဌဂံ အကြေးခွံများမှာ သူ့ခန္ဓာကိုယ် အရေပြားများထက်၌ တိုးကာ ထွက်ပေါ်လာကြ၏။ ၎င်းတို့က လက်၊ ခြေ၊ ခါး၊ လည်ပင်း၊ ပခုံး၊ ဝမ်းဗိုက်၊ မေးစေ့ နေရာတိုင်းကို ပြီးပြည့်စုံသည့် အကြေးခွံ ကွန်ယက်တစ်ခု သဖွယ် ဖုံးအုပ်ထား၏။ သူ၏ မျက်နှာထက်တွင်ပင် သေးငယ် ပါးလွှာသည့် အကြေးခွံ သဏ္ဌာန် မျဥ်းများ ရှိနေခဲ့သည်။

တစ်ချိန်တည်း၌ သူ၏ ကြွက်သားများမှာလည်း ပိုမို ကြီးမား ထွားကြိုင်းလာခဲ့၏။ သူ၏ ခန္ဓာကိုယ်က မူလထက် တစ်ဝက်မျှပင် ပိုမို ကြီးထွားလာသယောင်ပင်။ တစ်လက်မခန့် ရှည်ထွက်လာသည့် သူ၏ လက်သည်းများမှာလည်း အနက်ရောင် အဖြစ်  ပြောင်းလဲသွားကာ ဆေဘာဓားသွားများလို ချွန်မြ ထက်မြိလာ၏။

ဝေ့ဝူယင် အသက်ရှူလိုက်တိုင်း၌ နဂါး ဟိန်းဟောက်သံများမှာ ထွက်ပေါ်နေ၏။ ရတနာသိုက် အတွင်းရှိ ဟင်းလင်းပြင်မှာ အချိန်နှင့် အမျှ ပြင်းထန်စွာ တုန်ခါနေကာ အာကာသလှိုင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေ၏။ နဂါးအသွင်နှင့် အတူ ဝေ့ဝူယင်မှာ သေမျိုး ဒဏ္ဍာရီ သွေးမျိုးဆက်၏ အမြင့်မားဆုံး စွမ်းအားကို ခံစား၍ ရနေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ လက်သီးတစ်ချက်ဖြင့်ပင် ကျွင်းနာ ကဲ့သို့ ဂြိုဟ်ငယ် တစ်လုံးကို ထိုးခွဲပစ်ရန် သူ့တွင် ယုံကြည်ချက် ရှိနေခဲ့၏။

နဂါး သွေးမျိုးဆက် စွမ်းအင်များ နိုးထလာသည်နှင့် အမျှ သူ၏ ကျောထက်ရှိ အရိုးပိုများမှာ အရေပြားအောက်တွင် ရုန်းကန်ကာ အပြင်ကို ထွက်ဖို့ ကြိုးစားလာကြ၏။ မကြာခင်မှာပင် သူ့အရေပြားများမှာ ပေါက်ပြဲကုန်ကာ အကြေးခွံများနှင့် အတောင်ပံ တစ်စုံ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ အသက်စွမ်းအင်များနှင့် ပြည့်နှက်နေကာ လင်းနို့နှင့် ဒဏ္ဍာရီထဲမှ နတ်သူငယ်များ၏ အတောင်ပံတို့ကို ရောနှောထားပုံ ပေါ်လေသည်။

တောင်ပုံတစ်ခုချင်းစီမှာ ရှစ်မီတာခန့် အထိ ရှည်လျားကာ တစ်ချက် ခတ်လိုက်တိုင်း ဟင်းလင်းပြင် စွမ်းအင်လှိုင်းများမှာ ပေါက်ကွဲအား ပြင်းထန်စွာဖြင့် နေရာအနှံ့ ပျံ့လွင့်နေကြ၏။ ၎င်းတို့မှာ ငွေရောင် အဆင်းဖြင့် အလွန်အမင်း လှပကာ တဖျပ်ဖျပ် တောက်ပသည့် အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။ အကယ်၍ ပန်းချီဆရာ တစ်ဦးသာ ထိုမြင်ကွင်းကို မြင်တွေ့ခွင့် ရခဲ့ပါက သူ့ဘဝ တစ်သက်စာ အတွက် တွန်းအားများကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

ဘုန်း... ဘုန်း...

အတောင်ပံများကို မုန်တိုင်းတိုက် သကဲ့သို့ ရိုက်ခတ်ရင်း ဝေ့ဝူယင်မှာ ကောင်းကင်သို့ ပျံတက်သွား၏။ သူက လက်နှစ်ဖက်ကို ကောင်းကင်သို့ ဆန့်ထုတ်ရင်း တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ဟင်းလင်းပြင်လှိုင်း ရိုက်ခတ်သံ တစ်ခုနှင့် အတူ ကောင်းကင်ကို ဖွဲ့စည်းထားသည့် ဘောင်ကွက်များမှာ ပျောက်ကွယ် သွား၏။ စက္ကန့်ဝက်မျှ အတွင်းမှာပင် ဆဋ္ဌဂံ အကွက်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဘောင်ကွက်များ ကင်းမဲ့သွားသည်နှင့် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်၏ ရင်းမြစ်မှာ ဝေ့ဝူယင်၏ မြင်ကွင်း အတွင်း အလိုလို ရောက်ရှိလာခဲ့၏။ ၎င်းမှာ အလွန်တရာ တောက်ပသည့် ရွှေရောင် အလုံးကြီး တစ်ခုအသွင် တည်ရှိနေကာ မိုင်ပေါင်း သောင်းချီ အကွာအဝေး၌ ရှိနေဟန် ရသည်။ ၎င်း၏ ပတ်လည်တွင်တော့ မိုးကြိုးလှိုင်းများဖြင့် ပေါက်ကွဲနေသည့် အလွှာကြီး တစ်ခုက ဝန်းပတ်နေခဲ့၏။

ဝမ်ယုထျန်းမှာ ထိုနေရာ၌ ရှိနေဟန် မရသော်လည်း သူ၏ အသံကတော့ ပျံ့လွင့်လာခဲ့၏။

“အဲဒီ အကာအကွယ် အလွှာက သာမန်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်... တကယ်လို့ အမြုတေကို ဖျက်ဆီးချင်တယ် ဆိုရင် အဲဒါက မင်းအတွက် အကြီးမားဆုံး အတားအဆီးပဲ”

ဝေ့ဝူယင်က တုန့်ပြန်ခြင်း မရှိချေ။ အတောင်ပံကို ပြင်းထန်စွာ ခပ်ရင်း သူ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်၊ အချိန်တို့နှင့် ပေါင်းစပ်သွားဟန် ရ၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူက မူလ နေရာ၌ ပျောက်ကွယ်သွားကာ မိုးကြိုး အလင်းများ တဖျပ်ဖျပ် တောက်ပနေသည့် အကာအကွယ် အလွှာရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

“မင်းက ဘယ်လောက် မာလဲ ကြည့်ရသေးတာပေါ့”

လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း သိုလှောင်လက်စွပ် အတွင်း ပါဝင်နေသည့် ဆေးတောင့် အားလုံးကို သူ ဆင့်ခေါ်လိုက်၏။ ၎င်းတို့မှာ အရေအတွက်အားဖြင့် ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းမျှ မဟုတ်ချေ။ သန်းဂဏန်း အထိပင် ရှိပေလိမ့်မည် ဖြစ်သည်။  ချက်ချင်းပင် ဟင်းလင်းပြင် တစ်ခုလုံးမှာ မရေမတွက်နိုင်သည့် ဆေးတောင့်များဖြင့် ပြည့်နှက် သွားတော့၏။

ပိုမို ကြောက်မက်ဖွယ် ကောင်းသည်က ထိုအထဲတွင် အဆင့်ကိုး ဆေးတောင့် တစ်ရာကျော် အထိ ပါဝင်နေခြင်းပင်။

ဝမ်ယုထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တော့၏။

...

ချင်ချူးမူမှာ  လေပြည်လွင်ပြင် အတွင်းရှိ ယာယီ ကျေးရွာတစ်ခုတွင် ရှိနေခဲ့၏။ ဝေ့ဝူယင်နှင့် ကောင်းကင်လေပြည် နန်းတော် အဖွဲ့ဝင်များ၏ တိုက်ပွဲ အပြီးတွင် သူမနှင့် အခြား သစ်တောစိမ်း အယ်ဗန်မျိုးနွယ်များမှာ ထိုနေရာမှ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုနေရာရှိ သူမတို့၏ နေအိမ် အားလုံးမှာ ပြိုကျပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။

ယနေ့၌ မိန်းကလေးမှာ တောက်ပသော အပြုံးများနှင့် အတူ အယ်ဗန် မျိုးနွယ် ကလေးငယ် အချို့ကို ကျင့်ကြံခြင်း လမ်းညွှန်ချက်များ ပေးနေခဲ့သည်။

ဘုန်း…

ဘုန်း…

ဘုန်း…

ထိုအခိုက်တွင် ရုတ်တရက်… ပြင်းထန်သော တော်လဲသံများနှင့် အတူ လောကကြီး တစ်ခုလုံးမှာ တုန်ရီလာခဲ့၏။ တုန်လှုပ် ချောက်ချားစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သော အခိုက်၌ ကောင်းကင်၊ နေကြယ် အပါအဝင် သူမ မြင်တွေ့နေရသမျှ အရာ အားလုံးမှာ ကြောက်မက်ဖွယ် ကောင်းသည့် အမြန်နှုန်းဖြင့် ကွဲအက်လာနေသည်ကို မြင်တွေ့ လိုက်ရသည်။

မိုးကောင်းကင်ကား စတင် ပြိုကျနေပြီ ဖြစ်လေတော့သည်။

***

All Chapters