မိုးပြိုခြင်း (၂)
Vol. 38 Ch. 531
“ဘာတွေဖြစ်နေတာလဲ...”
တုန်လှုပ် ချောက်ချားမှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေသည့် အသံတစ်ခုမှာ မင်ရှုဖုန်းထံမှ ထွက်ပေါ်လာခဲ့၏။ သူမမှာ အပြောင် မျက်ဝန်းတို့ဖြင့် အထက်ကောင်းကင်ကို မော့ကြည့်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေခဲ့သည်။ အဆုံးမဲ့ လှိုင်းလုံးများနှင့် ပေါက်ကွဲသံများ ပြည့်နှက်နေသည့် ကောင်းကင် ကဲ့သို့ပင် သူမ၏ အမူအရာက တဖြည်းဖြည်း ဖရိုဖရဲ အခြေအနေသို့ ကျရောက်လာ၏။
သူမ၏ ဘေးနားရှိ ပုံရိပ်မှာလည်း ကောင်းကင်ကို မော့ကြည့် နေခဲ့၏။ ဝတ်ရုံအောက်ရှိ သူမ၏ လက်များက တုန်ရီနေကာ သွေးရောင် မျက်ဝန်းများမှာ မသေချာမရေရာမှု၊ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက် နေခဲ့သည်။ အတိတ်ဘဝရှိ တူညီသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်မိသည်နှင့် စန်းယွန်းလီ၏ နှလုံးသားက တစ်မိနစ်ကို အကြိမ်တစ်သန်းနှုန်းဖြင့် တုန်ခါလာခဲ့၏။
“စန်းယွန်းလီ... အဲဒါက ဘာဖြစ်တာလဲ...”
မင်ရှုဖုန်းက စန်းယွန်းလီကို ကြည့်ရင်း မေးလိုက်၏။ ထိုအမျိုးသမီးမှာ အလွန် ထက်မြက်ကာ မည်သည့် ပြဿနာကို မဆို သွေးအေးအေးဖြင့် ဖြေရှင်းနိုင်ကြောင် သူမ သိပေသည်။ ဤပြဿနာ အတွက်လည်း သူမတွင် ကျိန်းသေ အဖြေ ရှိရပေလိမ့်မည်။
သို့သော်လည်း မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် ယခုတစ်ကြိမ်၌ စန်းယွန်းလီမှာ သူမထက်ပင် ပို၍ တုန်လှုပ် ချောက်ချားနေဟန် ရ၏။
“ငါတို့ အားလုံး သေရတော့မယ်...“
သူမ၏ လေသံက အဆုံးမရှိသော ဆိတ်သုဥ်းမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ စိတ်ပျက် အားငယ်မှုများနှင့် ပြည့်နှက် နေခဲ့၏။
“ဘယ်... ဘယ်လို...”
စန်းယွန်းလီထံမှ ကြားလိုက်ရသော စကားကြောင့် မင်ရှုဖုန်းမှာ စကားလုံးများပင် ထစ်အ သွားခဲ့သည်။ သူမက ထိုအရာကို လက်မခံနိုင်ဟန်နှင့် ခေါင်းကို ခါလိုက်ရင်း လက်ဟန် ချိပ်စည်း အချို့ကို ပြုလုပ်ကာ ထူးဆန်းသော သင်္ကေတများ ပြည့်နှက်နေသည့် ရွှေရောင် တိုကင် တစ်ခုကို ထုတ်ယူလိုက်၏။
ဝှစ်...
ထိုတိုကင်မှာ ကောင်းကင်သို့ တိုက်ရိုက်ပင် ပျံတက်သွားကာ လည်ပတ်လာ၏။ မင်ရှုဖုန်း၏ အပြာရောင် မျက်ဝန်းများမှာ အဖြူထည် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက အစွမ်းအထက်ဆုံး နည်းလမ်းများကို သုံး၍ ကောင်းကင်၏ မျက်နှာဖုံးကို ထိုးဖောက်ကာ အဖြေရှာရန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။
ဘုန်း...
လေထု ပေါက်ကွဲမှု တစ်ခုမှာ သူမ၏ နဖူးရှေ့ တည့်တည့်၌ ဖြစ်ပေါ်လာ၏။ သူမ၏ ခြေလှမ်းများက ယိမ်းယိုင်သွားကာ ကို နောက်သို့ သုံးလှမ်းတိတိ ဆုတ်လိုက်ရသည်။ မင်ရှုဖုန်းမှာ အလွန် ထူးဆန်းသော အမူအရာနှင့် ခေါင်းကို ငုံ့လိုက်၏။ သူမ၏ နှာခေါင်းများကား လည်မြိုကို ပြန်ထိလုနီးနီးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အလွန်အမင်း ပြင်းထန်သော အမှတ်တစ်ခုသို့ ရောက်ချိန်၌ တောက်ပသော အလင်းတန်း တစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံလာကာ ကာကွယ်လိုက်၏။ တစ်ချိန်တည်း၌ ရွှေရောင်တိုကင်မှာ ကွဲကြေသွားသည်။
တစ်ဆစ်ချိုး နီးပါး ဖြစ်နေခဲ့သည့် သူမ၏ လည်ပင်းမှာ ပုံမှန် ပြန်ဖြစ်သွား၏။ ဗလာဖြစ်နေခဲ့သည့် သူမ၏ မျက်ဝန်းများမှာလည်း မူလ အပြာရောင်ကို ပြန်လည် ရရှိလာခဲ့သည်။ သို့သော်လည်း ယခင်ကနှင့် ယှဥ်လျှင် ပိုမို အားနည်းကာ မှေးမှိန်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။
“နင် ဘာမြင်ခဲ့လဲ...”
စန်းယွန်းလီက ပိုမို များပြားလာနေသည့် ကောင်းကင်ရှိ အက်ကွဲကြောင်းများကို ကြည့်ရင်း မျှော်လင့်ချက်များ ပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်သည်။
“ ... “
မင်ရှုဖုန်းမှာ စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ် နေခဲ့၏။ သူမ၏ နှုတ်ခမ်းများကာ တုန်ရီနေကာ ခြေထောက်များမှာ ယိမ်းယိုင်နေခဲ့သည်။ မျက်ရည်စ အချို့မှာ သူမ၏ မျက်ဝန်းထောင့်များတွင် စိုဆွတ် နေခဲ့လေ၏။
“လောကနယ်မြေရဲ့ အမြုတေ ဖျက်ဆီးခံရတယ်... ငါတို့ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး... ငါတို့...”
စန်းယွန်းလီမှာ အသက်ပြင်းပြင်း ရှုရင်း မျက်လုံးများကို မှိတ်လိုက်၏။ လောကနယ်မြေ၏ အမြုတေ ဖျက်ဆီးခံရပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူမ သိပေသည်။ သူတို့တွင် အသက်ရှင်သန်ရန် အခွင့်အရေး မရှိတော့။ ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ ထွက်ပြေးနိုင်ခြင်း မရှိပါက သူမတို့ ကျိန်းသေ သေရတော့မည် ဖြစ်သည်။
“အတိတ်ဘဝမှာတုန်းကလိုပဲ တူညီတဲ့ နည်းလမ်းနဲ့ သေရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး... ဘယ်လောက် ကဗျာဆန်လိုက်သလဲ... ဘာကို ဒုတိယ အကြိမ်မြောက် အခွင့်အရေးလဲ... ဘာကို ကံကြမ္မာ ပြောင်းလဲဖို့လဲ... ငါက တစ်ချိန်လုံး ကယောင်ချောက်ချား ဖြစ်နေခဲ့တာပဲ”
သူမက တင်းတင်း ကြပ်ကြပ် ဆုတ်ထားသည့် လက်သီးများကို ဖြေလျှော့ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံးမှာ ထောင်ပေါင်းများစွာသော အစိတ်အပိုင်းများ အဖြစ် ကွဲအက်ကာ ကုန်းမြေတိုက်ကြီးပေါ်သို့ ပြုတ်ကျတော့မည့်ဟန် ရလေသည်။ ၎င်းက ဒဏ္ဍာရီများထဲမှ မိုးပြိုသည့် မြင်ကွင်းနှင့် တူညီလှပေသည်။
...
ပိန်ပါးသည့် အဘိုးအိုနှင့် အတူ ရှိနေခဲ့သည့် ဟယ်ယန်းလဲ့မှာ တစ်စုံတစ်ရာကို တွေးကာ တနုံ့နုံ့ ဒေါသထွက် နေခဲ့၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်မှာ အခြား အလင်းတန်း ခုနစ်ခုနှင့် အတူ ငွေရောင် ဥမင်လိုဏ်ခေါင်း တစ်လျှောက် လျှင်မြန်စွာ ဖြတ်ကျော်နေကြခြင်း ဖြစ်သည်။
တွေးရင်းတွေးရင်းနှင့် ဟယ်ယန်းလဲ့မှာ ပိုမို ဒေါသ ပေါက်ကွဲ လာခဲ့၏။ သူက လူအိုကြီး ဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။
“ခင်ဗျား သူ့ကိုရော ဘာလို့ လွှတ်ပေးလိုက်တာလဲ...”
လူအိုကြီးမှာ ဟယ်ယန်းလဲ့ကို တစ်ချက်မျှသာ ကြည့်ကာ အခြားတစ်ဖက်သို့ ပြန်လည် လှည့်သွားခဲ့၏။ ထိုလူငယ်၏ အရူးထသော မေးခွန်းများကို ရှင်းပြရန် သူ့တွင် ဆန္ဒ မရှိတော့ချေ။ သူတို့မှာ အလွန် မြင့်မားသော အမြန်နှုန်းဖြင့် လိုဏ်ခေါင်းတစ်လျှောက် ဆက်လက် ခရီးနှင် နေခဲ့၏။ သို့သော်လည်း ဟယ်ယန်းလဲ့မှာ ထိုမျှနှင့် ရပ်တန့်ရန် ဆန္ဒ ရှိပုံ မပေါ်ချေ။
“သူ့မှာ ဥပဒေသ မျိုးစေ့ ရှိတယ်ဗျ... ဥပဒေသ မျိုးစေ့... အဲဒါက ဘယ်လောက် အဖိုးထိုက်တန်လဲ ခင်ဗျား သိလား... ကျုပ် အဲဒါကို ထုတ်ယူဖို့ အရမ်း နီးကပ်နေပြီ... ဒါပေမဲ့ ခင်ဗျားက ဘာမပြော ညာမပြော သူ့ကို ထွက်သွားခွင့် ပေးလိုက်တယ်... ကျုပ် ဖြေရှင်းချက် လိုကို လိုတယ်”
လူအိုကြီးက ခဏမျှ ရပ်လိုက်ကာ ဟယ်ယန်းလဲ့ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုမှု အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။
“ငါ မင်းကို ဘယ်နှစ်ကြိမ် ပြောရမှာလဲ... ငါက မင်းရဲ့ အစေခံ မဟုတ်ဘူး... မင်းရဲ့ လုပ်ရပ်တွေ၊ မင်းရဲ့ ပေါ့ဆမှုတွေ၊ မင်းရဲ့ ဆုံးဖြတ်ချက်တွေ... အားလုံးက မင်း ကိုယ်တိုင် လုပ်ရမယ့် ဟာတွေ... နောက်ပြီး အဲဒါတွေရဲ့ အကျိုးဆက်တွေကိုလည်း မင်း ကိုယ်တိုင် ခံရမှာ”
ဟယ်ယန်းလဲ့မှာ စောဒကတက်ချင်နေသေးသော်လည်း လူအိုကြီး၏ အကြည့်ကြောင့် ကျောရိုးများထဲ အထိ အေးစက်သွားသလို ခံစားလိုက်ရ၏။ သူက လူအိုကြီးထံမှ အကြည့်လွှဲလိုက်ရင်း ရုတ်တရက် ကိုယ့်ကိုယ်ကို ဒေါသထွက်သလို ခံစားလိုက်ရ၏။ ထိုကလေးကို အဘယ်ကြောင့် သူ လွှတ်ပေးလိုက်မိသနည်း။
...
ဗဟိုနယ်မြေတွင် ကြယ်ပျံ အလင်းနှစ်ခုမှာ ကောင်းကင်သို့ မြင့်တက်လာ၏။ ထို့နောက် သူတို့မှာ အာကာသ အလွှာများ အတွင်း ဝင်ရောက်ကာ ကုန်းမြေတိုက်ကြီးပေါ်မှ ပျောက်ကွယ်သွားသည်။ ဘယ်ဆီဘယ်ဝယ် မမှန်းဆနိုင်သည့် နေရာတစ်ခုတွင် ရှင်သန်ရမည် ဆိုလျှင်ပင် ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာက သေမှာကို ထိုင်စောင့်နေရတာထက် ပိုကောင်းသည် မဟုတ်ပါလား။
တတိယမြောက် ကြယ်ပျံမှာ ဘေးဥပဒ် ပင်လယ်မှ ထွက်ပေါ်လာခဲ့သော်လည်း ရှင်သန်ရန် မျှော်လင့်ချက်ဖြင့် အာကာက အလွှာများ အတွင်း ဝင်ရောက်သွားသည့် အခြား အလင်းတန်း နှစ်ခုကို တွေ့သော အခါ၌ ရပ်တန့် သွား၏။
“မသေချာ မရေရာတဲ့ အခြေအနေတွေနဲ့ ရှေ့ဆက်ရမယ့် အစား သားမြေးတွေနဲ့ ဘဝကို အဆုံးသတ်တာက ပိုကောင်းပါတယ်လေ...”
ထို့နောက် အလင်းတန်းမှာ ကောင်းကင်သို့ ဆက်လက် ပျံတက်ခြင်း မရှိတော့ပဲ ဘေးဥပဒ် အတွင်းရှိ လျှို့ဝှက် မြို့တော် တစ်ခုထဲသို့ ပြန်လည် ဝင်ရောက် သွားခဲ့တော့၏။
...
ကောင်းကင်လေပြည် နန်းတော် အနီး တစ်နေရာ၌ ရွှေရောင် အလင်းတန်း တစ်ခုမှာ ထွက်ပေါ်လာခဲ့၏။ ၎င်းက လေထုအလယ်တွင် ရပ်ရင်း ပြိုကွဲသွားကာ အဖြူရောင် လှံတစ်စင်း ကိုင်ထားသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
လင်းမင်မှာ မူလနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ ရှုပ်ထွေး လေးပင်သော ခံစားချက်များနှင့် အတူ သူ့မျက်လုံးများမှာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထန်ရှင်းယွင်မှာ ထိုနေရာ၌ ရှိမနေတော့သလို သူမ၏ ဟင်းလင်းပြင် သင်္ဘောကိုလည်း မတွေ့ရပါချေ။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ မူလ နေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်လေပြည် နန်းတော် အဓိက ခန်းမ အတွင်း ပြန်လည် ပေါ်လာခဲ့၏။ ထန်ရှင်းယွင်နှင့် ဇာပုဝါ ဝတ်ဆင်ထားသည့် အမျိုးသမီးတို့မှာ ထိုနေရာတွင်လည်း ရှိမနေခဲ့ပါချေ။ သူ မျက်မှောင်ကြုတ်လိုက်စဥ်မှာပင် မဟာ ဘုန်းတော်ကြီး ကျိဂူမှာ သုန်မှုန်သော အမူအရာနှင့် အတူ ရောက်ရှိလာခဲ့၏။
“ထန်မျိုးရိုးနဲ့ မိန်းကလေးက တော်ဝင် သားတော် အတွက် ဒါကို ချန်ထားခဲ့ပါတယ်”
ကျိဂူက ပြောလိုက်ရင်း ကလေး လက်သီးဆုပ် အရွယ်ခန့် ရှိမည့် အလုံးတစ်လုံးကို ဝေ့ဝူယင်ထံ ကမ်းပေးလိုက်၏။ ၎င်းမှာ ဝိညာဥ်အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေလေရာ လင်းမင်မှာ ဆက်သွယ်ရေး သလင်းကျောက်ကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုအလုံးလေးမှာ သူ့ထံသို့ ရောက်ရှိလာ၏။ ဝိညာဥ်အာရုံဖြင့် ချိတ်ဆက်လိုက်သည်နှင့် အလုံးလေးမှာ တောက်ပလာကာ အမျိုးမျိုးသော အချက်အလက်နှင့် သတင်းစကားများ ပါဝင်နေသည့် အလင်းတစ်စမှာ လင်းမင်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွား၏။
မိနစ် အနည်းငယ် ကြာပြီးနောက် အပြုံးတစ်ခုမှာ လင်းမင်၏ မျက်နှာထက်၌ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ သူက မဟာ ဘုန်းတော်ကြီး ကျိဂူကို ကြည့်ကာ ပြောလိုက်၏။
“ကျေးဇူးပဲ...”
ခေါင်းတစ်ချက်မျှသာ ညိတ်ကာ ကျိဂူမှာ ထိုနေရာမှ ထွက်ခွာသွားသည်။ လင်းမင်မှာ ကျိဂူ၏ အတွေးများကို ဂရုမစိုက်သလို သူ့အပြုအမူများကိုလည်း အဖက်မလုပ်ပါချေ။
ထန်ရှင်းယွင် ချန်ထားခဲ့သည့် သတင်းစကားများမှာ သူ့အတွက် အလွန် အသုံးဝင်သည့် အရာများ ဖြစ်သည်။ ဥပမာအားဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီး၏ တော်ဝင် ကလန် ရှစ်ခု၊ လောကဂိုဏ်းကြီး သုံးဂိုဏ်း၊ အင်ပါယာ ကလန်၊ ရွှေရောင် နန်းတော်များနှင့် ကောင်းကင် အစည်းအရုံး နှစ်ခုတို့ အကြောင်း သူ ရှင်းလင်းစွာ နားလည်ခဲ့ပြီ ဖြစ်သည်။
လင်းမင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ဘာပဲဖြစ်ဖြစ် အရှုံးထဲက အမြတ် အနေဖြင့် လောကဂိုဏ်းကြီး သုံးဂိုဏ်း အနက် တစ်ခု ဖြစ်သည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ရာထူးကို သူ ရရှိခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းစဥ်၏ အထွတ်အထိပ်ကို တက်လှမ်းရန် အတွက် ပိုမို ကျယ်ပြန့်သော မိုးကောင်းကင်ဆီသို့ သူ ခြေချနိုင်ပေတော့မည်။ စိတ်လှုပ်ရှားမှုနှင့် အတူ လင်းမင် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။
တစ်နေ့...။ သူ လုံလောက်အောင် သန်မာသည့် တစ်နေ့တွင် ဝေ့ဝူယင်ထံတွင် ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို သူ ရအောင် ပြန်ယူမည် ဖြစ်သည်။
ဘုန်း...
ဘုန်း...
ဘုန်း...
လင်းမင် အတွေးထဲ နစ်မြုပ်နေစဥ်တွင် ကောင်းကင်မှ ပြင်းထန်သည့် ပေါက်ကွဲသံများကို သူ ကြားလိုက်ရ၏။ သို့သော်လည်း ထိုအခိုက်၌ သူ့စိတ်ခံစားချက်များက တည်ငြိမ်နေပေသည်။ အထွတ်အထိပ် လမ်းစဥ်ကို ရှာဖွေမည့် လူတစ်ယောက် အနေဖြင့် မည်သည့် ရန်စွယ်ကိုမှ သူ ကြောက်လန့်လိမ့်မည် မဟုတ်ပါချေ။
ဝှစ်...
မျက်တောက်တစ်ခပ်စာ အတွင်းမှာပင် နန်းတော် အပြင်ဘက်သို့ ရောက်ရှိလာကာ ကောင်းကင်ကို မော့ကြည့် လိုက်၏။ ပြိုကျလုမတတ် ကောင်းကင်ကို ရုတ်ချည်း မြင်လိုက်ရသော အခိုက်၌ မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် သူ့နှလုံးသား တစ်ခုလုံးမှာ ပြင်းထန်သော ကြောက်ရွံ့မှု ပင်လယ်အော် အောက်သို့ နစ်မြုပ်သွားခဲ့တော့သည်။
***