← Chapters

ကျုပ်ပျံနေတယ်

Vol. 38 Ch. 532

ကျုပ်ပျံနေတယ်

Vol. 38 Ch. 532

“မင်းရဲ့ အစီအစဥ်က ဘာလဲ...”

ဝမ်ယုထျန်း၏ အသံက လောကကို ပဲ့တင်ထပ်ကာ ပျံ့နှံ့လာ၏။ ကုန်းမြေတိုက်ကြီးပေါ်ရှိ လူသားနှင့် အယ်ဗန်တို့ အပါအဝင် မျိုးနွယ် အားလုံးမှာ သူ၏ အသံကို ကြားလိုက်ရရာ ကောင်းကင်ကို မော့ကြည့်၍ ကြည့်လိုက်မိကြသည်။

ထိုအခိုက်၌ သူတို့အားလုံး၏ မျက်လုံးများက မျှော်လင့်ချက် ကင်းမဲ့မှု၊ တုန်လှုပ် ချောက်ချားမှုတို့နှင့် ပြည့်နှက်နေခဲ့၏။ ကောင်းကင်ရှိ အက်ကွဲကြောင်းများမှ တစ်ဆင့် မကြာခင် မိုးပြိုကာ ကမ္ဘာပျက်ကိန်း ဆိုက်တော့မည် ဖြစ်ကြောင်း သူတို့ ရှင်းလင်းစွာ ခံစားနိုင်ကြပေသည်။ ထိုကပ်ဘေးကို ခုခံရန် သူတို့တွင် နည်းလမ်း မရှိချေ။ သေခြင်းတရားသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေသည်။

“ဟား... ဟား...”

စိတ်လှုပ်ရှားမှုနှင့် ဆန္ဒပြင်းပြမှုတို့ ပြည့်နှက်နေသည့် ရယ်မောသံကြီး တစ်ခုမှာ ဝမ်ယုထျန်း၏ အသံနှင့် အတူ ထွက်ပေါ်လာခဲ့၏။

“ဝမ်ယုထျန်း... ကျုပ် ပျံနေတယ်...”

ကုန်းမြေတိုက်ကြီး၏ နေရာအနှံ့အပြား၌ ရှိနေခဲ့သည့် လူအချို့မှာ ထိုအသံကို အကြိမ်ပေါင်းများစွာ ကြားဖူးကြလေရာ ကောင်းစွာ ရင်းနှီးကြ၏။ ချင်ချူးမူမှာ မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

“ဝေ့ဝူယင်...”

သတိမထားလိုက်မိခင်မှာပင် သူမ ထိုနာမည်ကို ထုတ်ဖော်ကာ ရေရွတ်လိုက်မိ၏။ သူမ၏ ဘေးနား၌ ရှိနေသည့် အယ်ဗန်မလေး တစ်ယောက်က သူမ၏ အင်္ကျီလက်ကို ဆွဲရင်း မေးလိုက်သည်။

“မမချင်... အဲဒါက ဘယ်သူလဲ...”

ချင်ချူးမူမှာ သူမ၏ မြစိမ်းရောင် မျက်လုံးများကို ကောင်းကင်မှ ကလေးမလေးထံသို့ ပြန်လည် ပို့လွှတ် လိုက်၏။ မိန်းကလေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ရင်း သူမ နွေးထွေးမှု တစ်ခုကို ခံစား လိုက်ရသည်။ သူမက မိန်းကလေးနှင့် အရပ်ချင်း တူညီသွားအောင် ဒူးထောက်ကာ ထိုင်ချလိုက်၏။

“သူက မမရဲ့ မိတ်ဆွေ တစ်ယောက်... အရမ်းကို ထူးချွန်တဲ့ ကျင့်ကြံသူ တစ်ယောက်ပေါ့ကွယ်”

မိန်းမငယ်လေးက မျက်တောင်ရှည်များကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။

“သူက ကောင်းကင်ကြီး ပြိုကျလာမှာကို တားနိုင်လား...”

သူမက မျှော်လင့်ချက် ရောင်နီသမ်းနေသည့် လေသံဖြင့် မေးလိုက်သည်။ ချင်ချူးမူက မိန်းငယ်လေးကို ပွေ့ဖက်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“တကယ်လို့ သူ လုပ်နိုင်တာ တစ်ခုခု ရှိတယ် ဆိုရင်တော့ လုပ်မှာပေါ့ကွယ်”

ဖြေလိုက်ရသော်လည်း စိတ်ရှုပ်ထွေးမှုများမှာ သူမ၏ မြစိမ်းရောင် မျက်ဝန်းအတွင်း နေရာယူနေခဲ့၏။ စောစောက အသံများ အရ ကောင်းကင် အက်ကွဲလာသည့် ဖြစ်ရပ်မှာ ဝေ့ဝူယင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြောင်း သူမ ခန့်မှန်းမိပေသည်။ ထိုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည့် တရားခံက သူ ကိုယ်တိုင်ပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ဝေ့ဝူယင်... ဘာတွေလုပ်နေတာလည်း ရှင်ရယ်...”

...

ဝေ့ဝူယင်၏ အသံကို ချက်ချင်း သတိထားမိခဲ့သူ နောက်တစ်ယောက်ကား ဘေးဥပဒ် ပင်လယ်၊ ကျွန်းငယ် တစ်ခုပေါ်ရှိ လူငယ် တစ်ယောက် ဖြစ်သည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကျောထက်၌ ဓားတစ်စင်းကို သိုင်းကာ လွယ်ထားခဲ့၏။ သူ၏ အနက်ရောင် မျက်ဝန်းများကတော့ စူးရဲစွာဖြင့် အထက် ကောင်းကင်ကို မော့ကာ ကြည့်နေခဲ့ပေသည်။

"ဝေ့ဝူယင်လား…"

…

တစ်ချိန်တည်းတွင် ပျက်သုဉ်းခြင်း နယ်မြေ၊ အိကလန်၏ မြေအောက် မြို့တော် အတွင်း၌ အိကျူးလင်နှင့် အိယင်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေခဲ့တော့သည်။

…

"ပျံနေတာ…"

ဝမ်ယုထျန်း၏ အသံက နောက်တစ်ကြိမ် ပျံလွင့်လာသည်။ ဝေ့ဝူယင် ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သူ နားမလည်ပါချေ။

မရေမတွက်နိုင်သည့် ဆေးတောင့်များကို အသုံးပြု၍ လောကနယ်မြေ၏ အမြုတေနှင့် အကာအကွယ် အလွှာတို့ကို ဖျက်ဆီးခဲ့သည်က ပျံသန်းဖို့လော။

အကျိုးဆက်ကို မကိုင်တွယ်နိုင်ပါက  သူ ကိုယ်တိုင် သေခြင်း တရားနှင့် အဆုံးသတ်ရလိမ့်မည် ဖြစ်သည်။ သန်းထောင်နှင့်ချီသည့် အသက်များမှာလည်း သူ့နောက်သို့ လိုက်ရပေလိမ့်မည်။

ဘုန်း… ဘုန်း…

ဝေ့ဝူယင်မှာ အတောင်ပံများကို ခတ်ရင်း ဟင်းလင်းပြင်ကို ထိုးခွဲရန် ကြိုးပမ်းနေ၏။  မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မိုင်ပေါင်း ရာချီမှာ သူ့နောက်တွင် ပြတ်ကာ ကျန်ရစ်ခဲ့ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာ၏။

ထိုအခိုက်အတန့်၌ သူက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို ပြန်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

လောကနယ်မြေ၏ အမြုတေမှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးနှင့် အလွန် ဝေးကွာသော နေရာတစ်ခုတွင် ရှိနေလိမ့်မည်ဟု မည်သူက ကြိုတင် သိလိမ့်မည်နည်း။ လက်ရှိ သူ ရောက်နေသည့် နေရာမှာ လောကနယ်မြေ၏ အပြင်ဘက် လွတ်လပ်သည့် အာကာသ ဟင်းလင်းပြင်ပင် ဖြစ်သည်။ ထိုထက်ပို၍ ဆိုရလျှင် သူက သုံးလွှာ ကြယ်တာကာ နယ်မြေသို့ ပြန်ရောက်နေပြီဟုပင် ဆိုနိုင်ပေသည်။

လောကနယ်မြေ၏ အမြုတေ ပျက်စီးသွားပြီး နောက်တွင် ဝမ်ယုထျန်း၏ ပြန်ပို့နိုင်သည့် စွမ်းရည်များ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သလို ဒြပ်စင် တိုကင်၏ အလုပ်လုပ်နိုင်သည့် စွမ်းရည်များမှာလည်း ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။

အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီးသို့ ပြန်ရန် အတွက် ဟင်းလင်းပြင် ခုန်ကူးခြင်းမှ လွဲ၍ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူ၏ အသံကို အစွန်းလေးဖက် လောကနယ်မြေ တစ်ခုလုံး ကြားနေရခြင်းမှာ သူ ခိုးယူလာခဲ့သည့်  မီးဆိုင်းကဲ့သို့ ရတနာ ကြောင့်ပင် ဖြစ်သည်။ သူ ထိုအရာကို ဆက်သွယ်ရေး ကိရိယာ တစ်ခု အဖြစ် အသုံးချကာ တစ္ဆေအိုကြီးနှင့် ဆက်သွယ် နေခဲ့ခြင်း ဖြစ်သည်။

ဘုန်း…

ပေါက်ကွဲသံ တစ်ခုနှင့် အတူ ပျက်သုဉ်းခြင်း နယ်မြေ၏ အထက်တွင် လူတစ်ယောက် ဝင်စာမျှ အနက်ရောက် အပေါက် တစ်ပေါက် ဖြစ်ပေါ်လာခဲ့၏။ မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် ထိုအပေါက်က မီတာရာချီ အထိ ကျယ်ပြန့်လာကာ မီးခိုးရောင် အကြေးခွံ၊ ငွေရောင် မျက်လုံးများနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း…

ဝေ့ဝူယင်၏ ခြေထောက်များက မီးခိုးရောင် သဲသောင်ပြင်ပေါ်သို့ ကျဆင်းသွားလေရာ ပြင်းထန်သော ပေါက်ကွဲမှုနှင့် အတူ ချောက်နက်ကြီးများ ဖြစ်ပေါ်လာ၏။  အကျိုးဆက် အနေဖြင့် မြေအောက် မြို့တော်ကြီးများ အားလုံးမှာ အင်အားကြီး ငလျင်တစ်ခု လှုပ်သလို တုန်ရီသွားခဲ့သည်။

တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင် မျက်လုံးများနှင့် အတူ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။

ထိုအခိုက်တွင်ပင် ဝမ်ယုထျန်း၏ အသံက ပျံ့လွင့်လာသည်။

"လောကနယ်မြေရဲ့ အမြုတေက ဒီကုန်းမြေတိုက်ကြီးနဲ့ အတော်လေး ဝေးနေတာ ကံကောင်းတာပဲ… မဟုတ်ရင် ခုလို စက္ကန့် နည်းနည်းတောင် ကြာအောင် ခံမှာ မဟုတ်ဘူး… အမြုတေ ပေါက်ကွဲတဲ့ စွမ်အားလှိုင်းတွေက ချက်ချင်းကို ရိုက်ခတ်လာမှာ… ခုချိန်ဆို ဖုန်မှုန့် တစ်မှုန့်တောင် ကျန်တော့မှာ မဟုတ်ဘူး"

ဝေ့ဝူယင်မှာ ဝမ်ယုထျန်း၏ စကားကို အပြည့်အဝ လျစ်လျူကာ ကောင်းကင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူ့ မျက်လုံးများက ငွေရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ မီးခိုးရောင် အကြေးခွံများမှာ ပြင်းပြစွာ လောင်ကြွမ်း နေခဲ့၏။

"မင်း သေချာရဲ့လား လူငယ်လေး… စွမ်းအင်လှိုင်းတွေ ရောက်မလာခင် ဆယ့်နှစ် စက္ကန့်ပဲ အချိန်ရတော့တယ်"

ဝမ်ယုထျန်းက နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်၏။

ဝေ့ဝူယင်မှာ အပြင်လောကသို့ ရောက်ပြီးမှ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးသို့ ပြန်လာခဲ့ရာ အစီအစဉ် တစ်ခုခု ရှိ၍ ဖြစ်ကြောင်း သူ ခန့်မှန်းမိပြီး ဖြစ်သည်။

ကျင့်ကြံခြင်း လောက၌ ဟင်းလင်းပြင် ခုန်ကူးခြင်း ပြုလုပ်နိုင်သည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန် ရှားပါးသည်။ လျှို့ဝှက် အာဏာရှင် အဆင့်တစ် ကျင့်ကြံသူများပင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မလွယ်ကူချေ။

"ဆယ့်နှစ် စက္ကန့်…"

လူတိုင်းမှာ ဝမ်ယုထျန်း၏ အသံကို ကြားလိုက်ရရာ ကြောက်ရွံ့မှုဖြင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့၏။ နောက်ထပ် စက္ကန့် အနည်းငယ် အတွင်းမှာပင် ကောင်းကင်မှာ ပြိုကျတော့မည်လော။ ထိုအရာက သူတို့ အားလုံး၏ အဆုံးသတ်လော။

ဘုန်း…

ဝေ့ဝူယင်၏ ခြေထောက်များမှာ မြေကြီးထဲသို့ ပိုမို နစ်မြုပ်သွား၏။ သူ၏ ခန္ဓာကိုယ်က ရှေ့သို့ ကွေးညွတ်သွားကာ လက်သည်းများမှာ မီးခိုးရောင်သဲများထဲသို့ နစ်ဝင်သွားသည်။ သူ့လက်တစ်ဖက်တစ်ချက်နှင့် လည်ပင်းရှိ သွေးကြောများမှာ အကြေးခွံများ အောက်ကပင် ထောင်ထနေ၏။

"ကျုပ် ခင်ဗျားကို ပြောသားပဲ…"

ဝေ့ဝူယင်၏ အသံက နဂါး ဟိန်းဟောက်သံ ကဲ့သို့ ဟိန်းကာ ထွက်ပေါ်လာ၏။

"ကျုပ် ပျံနေတာပါလို့…"

"ဘုန်း…"

ရုတ်တရက် သူ့ အတောင်ပံများမှာ ပေါက်ကွဲသွားကာ အဆပေါင်း သိန်းချီသည် အထိ ပိုမို ကြီးထွားလာခဲ့၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းတို့မှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ၎င်းတို့မှာ စတင်ကာ လှုပ်ရှားလာခဲ့တော့၏။

ဝမ်ယုထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်ခဏမျှ ဆွံ့အ သွားခဲ့၏။ ထို့နောက် သူက အူလှိုက်သည်းလှိုက်ပင် ရယ်မော လိုက်တော့သည်။

"သဘောပေါက်ပြီ… ငါ သဘောပေါက်ပြီ…"

"ဘုန်း… ဘုန်း… ဘုန်း…"

ထိုအခိုက်တွင်ပင် အလွန် ပြင်းထန်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကောင်းကင်မှာ စတင် ပြိုကျလာခဲ့တော့၏။ ရှေးဟောင်း ကျမ်းစာလာ ဒဏ္ဍာရီများ ကဲ့သို့ ကမ္ဘာပျက်ကိန်းကား စတင်ခဲ့ချေပြီ ဖြစ်သည်။

၎င်းတို့၏ ပထမဆုံး ပစ်မှတ်ကား ဝေ့ဝူယင်၏ အတောင်ပံများပင် ဖြစ်လေတော့သည်။

***

All Chapters