← Chapters

ကိုယ့်အဆင့်ကိုယ်သိခြင်း

Vol. 57 Ch. 779

ကိုယ့်အဆင့်ကိုယ်သိခြင်း

Vol. 57 Ch. 779

" ဝူလေး ဟုတ်လား " ဝမ်ပေါင်လဲ့မှာ တောက်ပ ပြောင်လက်နေပြီး အသေးစားမှန်ဘီလူး‌လေးများကို ချိတ်ဆွဲထားသည့် အဝတ်အစားများကို ဆင်မြန်းထားသော လူငယ်လေးအား မျက်စောင်းထိုးကြည့်လိုက်သည်။ သူ၏ နိုင်ငံတော်အမှတ်သင်္ကေတမှာ ကြက်တူရွေးတစ်ကောင်ဖြစ်ရာ ထို အဝတ်အစားများမှာ သူနှင့် လိုက်ဖက်မှုရှိသည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ ထို့နောက် သူသည် ထိုလူငယ်လေး၏ ဖခင်မှာလည်း အခြားလူများအား နာမည်ပေးရာ၌ သူနှင့်ဆင်တူကြောင်း မှတ်ယူလိုက်တော့သည်။

သူသည် ထိုသို့တွေးလိုက်ပြီးနောက် ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများမှေးသွားပြီး ထိုလူငယ်လေး၏ မျက်ဝန်းများထဲသို့ သေသေချာချာ စိုက်ကြည့်လိုက်တော့သည်။ သူ၏ အကြည့်မှာ ယခင်တုန်းနှင့် မတူသောကြောင့် ဝူလေးမှာ စိတ်ဖိစီးမှုများ ခံစားလိုက်ရ၏။ ထို့နောက် သူသည် မည်သည့်နေရာ၌ စကားမှားပြောခဲ့မိမှန်း မသိနိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။

" စိတ်ဝင်စားစရာပဲ... ဘာလို့ ငါ သတိမထားမိခဲ့တာပါလိမ့်။ သူပြောတဲ့ ဘာသာစကားက ပြည်ထောင်စုကြီးထဲမှာသုံးတဲ့ ဘာသာစကားမဟုတ်သလို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာသုံးတဲ့ ဘာသာစကားလည်း မဟုတ်ပေမဲ့ ငါက သူ့ကို နားလည်နိုင်စွမ်းရှိနေတာပဲ။ ပြီးတော့ သူ ငါ့ကို ပေးခဲ့တဲ့ ကျောက်စိမ်းပေလွှာပေါ်က စာတွေကိုပါ ဖတ်လို့ရနေတာ " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး ကျောက်စိမ်းပေလွှာအား ထုတ်ယူကာ နောက်ထပ်တစ်ကြိမ် ဖတ်ရှုကြည့်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ထို ကျောက်စိမ်းပေလွှာပေါ်မှ စာလုံးများအား ရိုးရိုးတန်းတန်းသာ ကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ သူနားမလည်သည့် စာလုံးများဖြစ်နေသည်ကို သိလိုက်ရသည်။ သို့သော် ထိုစာလုံးများမှာ သူ့အား ၎င်းတို့ကို ချက်ချင်းဆိုသလိုပင် နားလည်သွားစေနိုင်သည့် ထူးဆန်းထွေလာ စွမ်းအားတစ်မျိုး ပိုင်ဆိုင််ထားသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်ကြောင့် အထူးတဆန်း ဖြစ်သွားရပါသော်လည်း သူ့အား ပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ သူသည် ထိုအချက်အား တစ်ချိန်လုံး သတိမထားမိခဲ့ခြင်းပင်။ ထို လူငယ်လေး အသုံးပြုနေသည့် ဘာသာစကားမှာ အခြားသူများအား ထိုအချက်ကို သတိမထားမိအောင် လုပ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။

" မြေနက်အင်ပါယာဆိုပဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်၏။ ထိုလူငယ်လေး၏ စိုးရိမ်စိတ်များ တဖြည်းဖြည်းနှင့် ကြီးထွားလာစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား လက်ဖြင့်ဆွဲကာ အာကာသထဲသို့ ဝင်ရောက်သွားလိုက်၏။ ထို့နောက် သူသည် လေပေါ်သို့ ခုန်တက်သွားပြီး စစ်သင်္ဘောကြီးဆီသို့ ပျံသန်းသွားတော့သည်။

ဝမ်ပေါင်လဲ့၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကြောင့် သူသည် မျက်စိတစ်မှိတ်အတွင်း စစ်သင်္ဘောကြီးဆီသို့ ရောက်ရှိသွား၏။ သူ စစ်သင်္ဘောကြီးထဲသို့ ဝင်ရောက်သွားသောအခါ ထိုထဲတွင် လှောင်ပိတ်ခံထားရသဖြင့် လှုပ်ရှားနိုင်စွမ်းမရှိသော ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့ခေါ်လာသည့် သူစိမ်းလူငယ်လေးအား မြင်လိုက်ရတော့သည်။

ကျိုးရိရှန် တစ်ယောက် မျက်လုံးများ မှေးသွားစဉ် ဝမ်ပေါင်လဲ့မှာ ဝူလေးအား ဘေးဘက်သို့ ပစ်ချလိုက်၏။ ထို့နောက် သူသည် ကျိုးရိရှန်၏ အချုပ်အနှောင်များကို ဖယ်ရှားပေးလိုက်သည်။

ကျိုးရိရှန်မှာ အချုပ်အနှောင်များမှ ပြန်လည်လွတ်မြောက်လာသောအခါ တစ်ကိုယ်လုံး နုံးချည့်သွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား အရိုအသေပေးရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုမှာ လွဲနေကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ လုံနန်ကျစ် သူနှင့်အတူ ခေါ်လာသည့် သူစိမ်းလူငယ်လေးမှာ သူ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။

" သခင်။ သူက .... " ကျိုးရိရှန်မှာ ထိုသို့ဆိုပါက ပါးစပ်ပြန်ပိတ်သွား၏။ သူသည် သူစိမ်းလူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံကြည့်လိုက်ပြီးနောက် သူသည်လည်း အမြုတေအဆင့်တွင် ရှိနေသေးသည်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် စိတ်ထဲ၌ ခန့်မှန်းမိလိုက်၏။

" မင်းနဲ့ အတူတူပဲ " ဝမ်ပေါင်လဲ့မှာ အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်ပြီး သူတို့နှစ်ယောက်အား လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချကာ စစ်သင်္ဘောကြီးအား ထိန်းချုပ်၍ နတ်မျက်လုံးလူ့အဖွဲ့အစည်းဆီသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။ လမ်းတစ်လျှောက်လုံးတွင် သူသည် ဝူလေး သူ့အား ပေးခဲ့သည့် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းအကြောင်းကို တွေးနေ၏။

ထို စစ်သင်္ဘောကြီး အာကာသထဲ၌ ပျံသန်းနေစဉ် ဝူလေးမှာ သူ၏ခန္ဓာကိုယ်အား အကြောဆန့်လိုက်၏။ သူသည် ပထမဦးစွာ မျက်လုံးများမှိတ်ကာ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့လှည့်ကာ ကျိုးရိရှန်အား လှမ်းကြည့်လိုက်သည်။

ထိုစဉ်တွင် ကျိုးရိရှန် မှာလည်း ဝူလေးအား အကဲခတ်နေ၏။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသောအခါ ကျိုးရိရှန်မှာ ဇဝေဇဝါဖြစ်သွားရပြီး ဝူလေး၏ မျက်ဝန်းထဲမှ ရန်လိုစိတ်များမှာလည်း ပို၍အားကောင်းလာရတော့သည်။ သူသည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အသေးစား မှန်ဘီလူးလေးများမှာ တုန်ရီသွားကြ၏။ ထို့နောက် သူသည် အေးစက်စက်လေသံဖြင့် ဆိုလိုက်တော့သည် "အဆင့်နိမ့် သာမန်လူတစ်ယောက်များ။ မင်းက မင်းသားတစ်ပါးရဲ့ရှေ့ကို ရောက်နေတာကွ။ ဘာလို့ အခုချက်ချင်း ဒူးမထောက်သေးတာလဲ "

ကျိုးရိရှန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။

" မင်း ငါ့စကားကို နားမလည်ဘူးလား။ ထားပါတော့။ မင်းရုပ်က အူကြောင်ကြောင်ဆိုတော့ ဦးနှောက်တစ်ခန်းလွတ်နေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အခုကစပြီးတော့ သေချာမှတ်ထား။ ဖေဖေကြီးပြီးရင် ငါက အရေးအကြီးဆုံးပဲ။ မင်းက နောက်ဆုံးအဆင့်မှာပဲရှိတာ။ နားလည်လား " ဝူလေးမှာ မေးငေါ့ကာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ငေါက်ငမ်းလိုက်၏။ ထို့နောက် သူသည် လက်ကိုင်ပဝါတစ်ခုကို ထုတ်ယူကာ ကျိုးရိရှန် ဆီသို့ လှမ်းပစ်လိုက်တော့သည်။

" လာ။ ငါ့ရဲ့ ကိုယ်လုပ်တော်တစ်သိန်းရဲ့ ဆံပင်တွေနဲ့ ရက်လုပ်ထားတဲ့ ဖိနပ်ကို လာသုတ်ပေး "

" မင်းက ရူးနေတာပဲကွ " ကျိုးရိရှန်မှာ ထိုသို့ပြန်အော်လိုက်ပြီးနောက် နှာမှုတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရန်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

" အတင့်ရဲလှပါလားကွ " ဝူလေးမှာလည်း ဒေါသတကြီး ပြန်အော်ရန် ပြင်လိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့မှာ တရားထိုင်နေသည်ဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် သူ့အား မနှောင့်ယှက်ချင်သောကြောင့် လေသံတိုးတိုးဖြင့်သာ ပြန်ပြောလိုက်ရသည်။ သို့သော် သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ကျိုးရိရှန် ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။ သူသည် ကျိုးရိရှန်၏ အနီးသို့ ရောက်ရှိသွားသောအခါ ညာဘက်ခြေထောက်ကိုမြှောက်ကာ ကျိုးရိရှန်၏ ဝမ်းဗိုက်အား လှမ်းကန်လိုက်တော့သည်။

ထိုမြင်ကွင်းမှာ ဝမ်ပေါင်လဲ့ သူ့အား ကန်ကျောက်ခဲ့စဉ်တုန်းကနှင့် အလွန်အင်မတန်မှ ဆင်တူနေ၏။

ကျိုးရိရှန်မှာမူ အမျက်ချောင်းချောင်း ထွက်သွားရသည်။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာခဲ့စဉ်ကတည်းက မကျေမချမ်း ဖြစ်နေခဲ့ရသည်မဟုတ်ပါလော။ ယခုတွင် ထိုအရူးကောင်မှာလည်း သူ့အား အနိုင်ကျင့်နေပြီဖြစ်ရာ သူသည် သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပြန်လည်တုံ့ပြန်မိလိုက်တော့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ စစ်သင်္ဘောကြီးထဲ၌ တိုက်ခိုက်နေကြပြီဖြစ်သည်။

သူတို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား ကြောက်ရွံ့ကြသောကြောင့် သူတို့၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းရည်များကို အသုံးမပြုရဲကြပေ။ ထို့ကြောင့် သူတို့မှာ သူတို့၏ ခြေလက်များထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ တိုက်ခိုက်နေကြတော့သည်။ သူတို့မှာ လက်ရည်မျှနေသည့်ပုံ ပေါ်ပါသော်လည်း ကျိုးရိရှန်မှာ ချက်ချင်းဆိုသလိုပင် အရေးနိမ့်လာရ၏။ ဝမ်ပေါင်လဲ့ပင်လျှင် ဝူလေး၏ ဒဏ်ခံနိုင်စွမ်းများကြောင့် အံ့အားသင့်ခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ကျိုးရိရှန်၏ တိုက်ကွက်များမှာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များလောက် ဝူလေးအား နာကျင်အောင် လုပ်နိုင်စွမ်းမရှိပေ။

ထို့ကြောင့် အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် ကျိုးရိရှန်မှာ သိသိသာသာ အရေးနိမ့်လာရတော့သည်။ ထို့အပြင် ဝူလေးမှာ လေပေါ်သို့ခုန်တက်သွားလိုက်ပြီး ကျိုးရိရှန်အား သူ၏ခန္ဓာကိုယ်အောက်၌ ဖိထားလိုက်ပြန်သည်။ ထို့ကြောင့် ဒေါသတကြီး အော်ဟစ်ညည်းတွားသံများမှာ ပို၍ပင် ကျယ်လောင်လာရ၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ ပြန်ပွင့်လာပြီဖြစ်ပြီး ထိုမြင်ကွင်းအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီဖြစ်သည်။

" တော်ကြစမ်း " တစ်အောင့်ခန့်ကြာပြီးနောက် ကျိုးရိရှန်၏ အမူအရာ ပြောင်းလဲသွားသောအခါ ဝမ်ပေါင်လဲ့မှာ အေးစက်စက်လေသံ ဖြင့် ဆိုလိုက်၏။ သူ ထိုသို့ဆိုလိုက်သည်နှင့် ဝူလေးမှာ ချက်ချင်းဆိုသလိုပင် နောက်သို့ ပြန်လည်ဆုတ်ခွာလာပြီး မျက်နှာချိုသွေးသည့် အမူအရာဖြင့် ချက်ချင်း တောင်းပန်လိုက်သည်။

" ဖေဖေကြီး။ ကျွန်တော် မှားသွားပါတယ် "

ကျိုးရိရှန်မှာလည်း မတ်တတ်ထလာ၏။ သူသည် မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီဖြစ်ရာ သူ၏ပုံစံမှာ သနားစရာကောင်းနေသည်။ သူသည် နှလုံးသားတစ်ခုလုံး ပေါက်ကွဲသွားလုမတတ် ဒေါသထွက်နေရပါသော်လည်း လုံနန်ကျစ်တစ်ယောက် စိတ်ဆိုးသွားမည် စိုးသောကြောင့် လေသံတိုးတိုးဖြင့်သာ ဆိုလိုက်၏။

" သခင်။ သူ့ဘက်က အရင်စတာပါ "

ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်စလုံးကို လျစ်လျူရှုလိုက်ပြီးနောက် မျက်လုံးများ ပြန်မှိတ်သွားပြီး ဝူလေး သူ့အား ပေးခဲ့သည့် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းအကြောင်းကို စဉ်းစားတွေးတောနေလိုက်တော့သည်။ သူသည် ၎င်းအား အနည်းငယ်ပို၍ နားလည်လာပြီးနောက် ၎င်းအား မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာ၏ အဋ္ဌမအဆင့်တွင် ထည့်သုံးနိုင်လိမ့်မည်ဟု တွေးမိနေ၏။ သူသည် အတွေးများထဲတွင် နစ်မျောနေသောကြောင့် သူ မျက်လုံးပြန်မှိတ်မသွားခင် ဝူလေးတစ်ယောက် သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် ကျိုးရိရှန်အား စကားလှမ်းပြောလိုက်သည်ကို သတိမထားမိလိုက်ပေ။

" ငါက သူ့ကို ဖေဖေကြီးလို့ ခေါ်တာကွ။ မင်းက သူ့ကို သခင်လို့ပဲ ခေါ်ခွင့်ရှိတာ။ ဘယ်သူက ပိုပြီးတော့ အဆင့်မြင့်သလဲဆိုတာကို မင်း အခုထိ မသိသေးဘူးလား "

" အရူးကောင် " ကျိုးရိရှန်မှာ သူ၏ဒေါသစိတ်များကို ချုပ်တည်းလိုက်၏။ သူသည် ဝူလေးအား မျက်မုန်းကျိုးနေသောကြောင့် ထောင့်တစ်ထောင့်တွင် ထိုင်ကာ သူ့အား လျစ်လျူရှုထားလိုက်တော့သည်။ ဝူလေးမှာမူ သူ့အား ခဏခဏ ရန်စနေဆဲပင်။

ထိုသို့ဖြင့် သူတို့ လိုက်ပါစီးနင်းလာကြသည့် စစ်သင်္ဘောကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ဝင်ရောက်လာ၏။ ထို့နောက် ၎င်းမှာ ဧကရာဇ်ဂြိုဟ်ဘေးရှိ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ ဂြိုဟ်တုပေါ်တွင် ဆင်းသက်လိုက်သည်။

ဝမ်ပေါင်လဲ့မှာ ပြန်ရောက်လာသည်နှင့် သူ၏ ဂူဗိမာန်ဆီသို့ ချက်ချင်းပြန်သွားလိုက်ပြီး တံခါးပိတ်ကာ နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းအား စမ်းသပ်ကြည့်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်လိုက်၏။ သူသည် သူတွေးမိထားသည့် နည်းလမ်းအတိုင်း မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာအား သန့်စင်လိုက်မည်ဆိုပါက အဋ္ဌမအဆင့်သို့ အလွယ်တကူ ဖောက်ထွက်သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။ ထိုမျှသာမက ၎င်းမှာ အဋ္ဌမအဆင့်ထက်ပင် ပို၍ မြင့်တက်သွားနိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရ၏။ သူသည် ဝူလေးနှင့် ကျိုးရိရှန်တို့အား အပေါက်စောင့်များအဖြစ် အတူတူ တာဝန်ထမ်းဆောင်ရန် အမိန့်ပေးလိုက်ပြီးနောက် သူ၏ သုတေသနလုပ်ငန်းများကို စတင်လိုက်တော့သည်။

သို့သော်... ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းများကို သန့်စင်ကာ အလုပ်ရှုပ်နေရင်း သိပ်မကြာခင်တွင် အာရုံနောက်လာရတော့သည်။ သူမရှိတော့သည်နှင့် တစ်ပြိုင်နက် သူ၏ အိမ်အပေါက်ဝရှေ့တွင် ရှိနေသည့် နှစ်ယောက်မှာ ရန်ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့အပြင် သူတို့ကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများမှာ ကျယ်လောင်လွန်းနေ၏။ ထို့ကြောင့် သူတို့၏ ဘေးပတ်ဝန်းကျင်ရှိ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှ အမျိုးသမီး ကျင့်ကြံသူများမှာ သူတို့အား သတိထားမိသွားကြတော့သည်။ ထိုသို့ဖြင့် အမျိုးသမီး ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ သူတို့နှစ်ယောက်၏ ရန်ပွဲအား လာရောက်ကြည့်ရှုနေကာ မှတ်ချက်ကိုယ်စီ ပေးနေကြပြီဖြစ်သည်။

ထိုဆူညံသံများကြောင့် ဝမ်ပေါင်လဲ့မှာ မရွှင်မပျ ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် အခြားတစ်နေရာတွင် ဆော့ကစားနေသည့် မြည်းလေးအား ပြန်လည်ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် ၎င်းအား သူတို့နှစ်ယောက်ကို စောင့်ကြည့်ပေးထားရန် အမိန့်ပေးလိုက်သလို အပြုအမူဆင်ခြင်ရန်လည်း မှာကြားလိုက်သေးသည်။

ထိုနည်းလမ်းမှာ အလုပ်ဖြစ်ပေသည်။ မြည်းလေးမှာ တခြားတစ်နေရာတွင် ‌ပျော်ပျော်ပါးပါး ဆော့ကစားနေခဲ့ပါသော်လည်း ပြန်၍ဆင့်ခေါ်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားရ၏။ ထို့ကြောင့် ၎င်းမှာ ကျိုးရိရှန်အား မှတ်မိနေသည့်တိုင်အောင် အလွန်အင်မတန်မှ မကျေမချမ်း ဖြစ်နေရဆဲပင်။ သို့ဖြစ်ရာ သူသည် ကျိုးရိရှန်တစ်ယောက် အနည်းငယ်ခန့် လှုပ်သွားသည်ကို မြင်လိုက်ရသည့်အချိန်တိုင်း သတိပေးသည့် လေသံဖြင့် အော်ဟစ်မြည်တမ်းကာ သွားများဖြဲ၍ ၎င်း၏ဘေးတွင် ရှိနေသည့် ကျောက်တုံးများကို ကိုက်ပြလိုက်သည်သာ ဖြစ်သည်။

ဝူလေးမှာမူ မြည်းလေးနှင့် သူစိမ်း‌လို ဖြစ်နေသောကြောင့် ပို၍ပင်ဆိုးနေ၏။ အထူးသဖြင့် မြည်းလေးမှာ ဝူလေး ဝမ်ပေါင်လဲ့အား ဖေဖေကြီးဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ ထို့ကြောင့် ဝူလေးတစ်ယောက် အနည်းငယ်ခန့် လှုပ်သွားသည့်အချိန်တိုင်း မြည်းလေးမှာ ကျောက်တုံးများကို ကိုက်ပြနေခြင်းမရှိဘဲ နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်သည်သာ ဖြစ်သည်။

ထို့ကြောင့် ဝူလေးမှာ စိတ်သောကရောက်လာရတော့သည်။ သို့သော် ဝူလေးမှာ သူ့ထက်ပို၍ အစွမ်းထက်သည့်လူများကို မျက်နှာချိုသွေးရ၌ အလွန်အင်မတန်မှ ကျွမ်းကျင်ပေသည်။ သို့ဖြစ်ရာ သူသည် ကျိုးရိရှန်နှင့် ရန်ဖြစ်မနေတော့ဘဲ မြည်းလေးအား စတင် ဖော်လံဖားနေတော့သည်။ သူသည် မြည်လေးအား ဒုတိယသခင်ဟုပင် ခေါ်ကာ အညောင်းအညာပြေအောင် နှိပ်နယ်ပေးနေ၏။ ထို့ကြောင့် မြည်းလေးမှာလည်း သူ့အပေါ် အမြင်များ ပြောင်းလဲလာရတော့သည်။

ထိုစဉ်တွင် ကျိုးရိရှန်မှာ ကြောက်ရွံ့ထိတ်လန့်နေရပြီဖြစ်သည်။ သူသည် တစ်ဖက်တွင် မြည်းလေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြောက်ရွံ့နေရသလို အခြားတစ်ဖက်တွင်လည်း ထိုမြည်းလေးမှာ သူ အလွန်အင်မတန်မှ မုန်းတီးခဲ့ဖူးသည့် လူတစ်ယောက်၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှင့် တူနေသည်ဟု ခံစားနေရပြီဖြစ်သည်။

သို့သော် ထိုအချက်မှာ လုံးဝမဖြစ်နိုင်သောကြောင့် လူမှုအဖွဲ့အစည်းများမှာ မတူညီဘဲ ကွဲပြားနေကြသည့်တိုင်အောင် သားရဲကြီးများမှာ ပုံပန်းသွင်ပြင် တူညီနေကြခြင်း ဖြစ်မည်ဟုသာ သူက မှတ်ယူလိုက်သည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ မြည်းလေးနှင့် တည့်အောင်ပေါင်းရင်း လဝက်တိတိ ကုန်ဆုံးသွား၏။ ဂူထဲတွင် လဝက်တိတိ တံခါးပိတ်ကာ စမ်းသပ်မှုများ ပြုလုပ်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာမူ ကိုယ်စိတ်နှစ်ဖြာ နွမ်းလျနေသည့်ပုံ ပေါက်နေပါသော်လည်း သူ၏မျက်ဝန်းများမှာမူ တစ်ရက်ပြီးတစ်ရက် ပို၍တောက်ပလာနေပြီ ဖြစ်သည်။

" မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကို အဋ္ဌမအဆင့်အထိ မြှင့်တင်လို့ရပြီ "

All Chapters