← Chapters

ကျေးဇူးမသိတတ်သေးပါလား

Vol. 57 Ch. 780

ကျေးဇူးမသိတတ်သေးပါလား

Vol. 57 Ch. 780

မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းထဲရှိ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော ဓမ္မရတနာတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ အဆင့်တက်လာသည်နှင့်အမျှ ၎င်း၏ စွမ်းအားများမှာလည်း ဆတူလိုက်၍ မြင့်မားလာမည် ဖြစ်သည်။ ၎င်းအား အဋ္ဌမအဆင့်အထိ သန့်စင်ပြီးသွားပါက ရရှိနိုင်သည့် အကျိုးကျေးဇူးများကြောင့် ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင်ပင် အံ့ဩမှင်တက်ဖွယ်ရာကောင်းသော ရတနာတစ်ခုအဖြစ် သတ်မှတ်ခံထားရ၏။

သို့သော် အစပိုင်းတွင် ထို မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သန့်စင်ရန်မှာ လွယ်ကူပါသော်လည်း ၎င်းအား နောက်ဆုံးအဆင့်အထိ မြှင့်တင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်း၏။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းထဲရှိ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရှင်များထဲတွင်ပင် ၎င်းအား အဋ္ဌမအဆင့်အထိ မြှင့်တင်နိုင်သည့် ကျင့်ကြံသူအရေအတွက်မှာ ဆယ်ယောက်မပြည့်ပေ။

ထို့ကြောင့် ထို ရတနာမှာ လူသုံးများပါသော်လည်း နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းသား အများစု အသုံးပြုနေကြသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများမှာ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိကြပေသည်။ ၎င်းတို့ကိုမူ ဝိညာဉ်ကြားခံနယ်အဆင့် ရတနာများအဖြစ်သာ သတ်မှတ်နိုင်၏။ ပဉ္စမအဆင့်နှင့် အထက်တွင် ရှိနေသည့် ရတနာများမှာမူ အလွန်အင်မတန်မှ ရှားပါးကြပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအကြောင်း ပထမဆုံးအကြိမ်အဖြစ် လေ့လာခဲ့စဉ်တုန်းက အချက်တစ်ချက်အား ရှာဖွေတွေ့ရှိခဲ့၏။ ထိုရတနာအား အဋ္ဌမအဆင့်အထိ မြှင့်တင်နိုင်စွမ်းရှိသော နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းထဲရှိ ပညာရှင်များမှာလည်း ထိုအချက်ကို သိရှိထားကြသည်။ ၎င်းမှာ ထိုရတနာသည် နဝမအဆင့်နှင့် ဒဿမအဆင့်သာမက ၎င်းတို့ထက်ပင် ပိုမြင့်သည့် အဆင့်များ ရှိနေနိုင်သေးသည်ဆိုသည့် အချက်ပင်။

ထို့ကြောင့် သူတို့မှာ အဋ္ဌမအဆင့်မှ ဖောက်ထွက်လိုကြသဖြင့် စမ်းသပ်မှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။ သူတို့သာ အောင်မြင်သွားမည်ဆိုပါက သူတို့၏ ရာထူးအဆင့်အတန်းများမှာ တဟုန်ထိုး မြင့်တက်သွားကြမည်သာ ဖြစ်သည်။ သူတို့မှာ ဂိုဏ်းထဲတွင် အစားထိုးမရသည့် ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်သွားမည်မှာ မလွဲဧကန်ပင်။

သို့သော် အဆင့်ပိုတက်လာလေလေ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သန့်စင်ရန်မှာ ပို၍ခက်ခဲလာလေလေ ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိတွင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား မြှင့်တင်နိုင်သည့် အမြင့်ဆုံးအဆင့်မှာ အဋ္ဌမအဆင့်အထိသာ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက ၎င်းအား သတ္တမအဆင့်အထိသာ မြှင့်တင်နိုင်ခဲ့ပါသော်လည်း ဝူလေး သူ့အား ပေးခဲ့သည့် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းထဲရှိ အယူအဆများနှင့် သန့်စင်ခြင်းနည်းလမ်းများမှာ သူ့အတွက် အများကြီး အထောက်အကူပြုနေ၏။

သူသည် ထို ဖန်တီးသန့်စင်နည်းအား လေ့လာရင်း ဗဟုသုတမြောက်မြားစွာ ရရှိခဲ့၏။ သူသည် ၎င်းအား မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ သန့်စင်ခြင်း လုပ်ငန်းစဉ်ထဲ၌ တိုက်ရိုက်အသုံးပြု၍ မရပါသော်လည်း နည်းလမ်းအချို့ကို အသုံးပြု၍ ရပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မြေနက်အင်ပါယာထဲမှ ဖန်တီးသန့်စင်နည်း၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုကာ သူ့နည်းသူ့ဟန်ဖြင့် နည်းလမ်းတစ်ခုအား တီထွင်ဖန်တီးခဲ့၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အလွှာဆင့်နည်းဟူသည့် နည်းလမ်းဖြင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား စတင်သန့်စင်လိုက်တော့သည်။

ထိုအလွှာဆင့်နည်းဟူသည့် နည်းလမ်းမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာလုံးများကို အဆက်မပြတ် ရေးထိုးစုစည်းကာ သူ၏ မူရင်း သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာပေါ်သို့ တစ်ထပ်ပြီးတစ်ထပ် တင်လိုက်မည်ဆိုလျှင် ၎င်း၏ အစွမ်းမှာ အဆုံးအစမရှိလောက်အောင် မြင့်မားလာလိမ့်မည်ဟု တွေးမိသွားခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုသို့တွေးမိခဲ့သည်တော့မဟုတ်ပေ။ အခြား ပညာရှင်များမှာလည်း ထိုနည်းလမ်းအား တွေးမိခဲ့သည်သာဖြစ်သည်။ သို့သော် ထိုနည်းလမ်းကို အသုံးပြုလိုပါက ပြဿနာနှစ်ခုကို အရင်ဆုံးဖြေရှင်းရန် လိုအပ်ပေသည်။ ပထမပြဿနာမှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား တိုးပွားလာမည့် ကမ္ဗည်းစာလုံးများ၏ ဝန်အားကို တောင့်ခံနိုင်စွမ်းရှိအောင် ပြုလုပ်ရန်ဖြစ်သည်။ ဒုတိယပြဿနာမှာမူ ကမ္ဗည်းစာလုံး အလုံအလောက် ဖန်တီးရန် ဖြစ်သည်။

ထိုပြဿနာနှစ်ခုမှာ အလွှာဆင့်ခြင်းနည်းလမ်းအတွက် ကြီးမားသော အတားအဆီးများ ဖြစ်လာကြ၏။ ထို့ကြောင့် မည်သူကမှ ထိုပြဿနာနှစ်ခုကို ဖြေရှင်းနိုင်စွမ်းမရှိဘဲ လက်လျှော့ခဲ့ရသည်။

သို့သော် ဝမ်ပေါင်လဲ့ တွေးမိခဲ့သည့် အလွှာဆင့်ခြင်းနည်းလမ်းမှာ တမူထူးခြားပေသည်။ သူသည် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်ခြင်းနည်းထဲရှိ ဖြုတ်ယူခြင်းနှင့် ကပ်ပါးကောင်အဖြစ် ပြန်လည်တပ်ဆင်ခြင်း အပိုင်းများကို ကိုးကားခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ မြေနက်အင်ပါယာထဲရှိ နည်းလမ်းများထဲမှ တစ်စိတ်တစ်ပိုင်းအား အခြေခံကာ သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများစွာကို မန္တန်အစီအရင်တစ်ခုနှင့် ဆင်တူသည့် အကွင်းတစ်ကွင်း ပုံစံဖြစ်အောင် ပေါင်းစည်းလိုက်၏။

ထို အကွင်းမှာ တစ်စစီပြုတ်နေသည့်ပုံ ပေါ်ပါသော်လည်း တိုက်ကွက်တစ်ကွက်နှင့် ကြုံတွေ့လိုက်ရမည်ဆိုပါက ချက်ချင်းဆိုသလိုပင် ပေါင်းစည်းသွားပြီး အဋ္ဌမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာတစ်ခုအဖြစ် တစ်ခဏမျှ ပြောင်းလဲသွားမည်ဖြစ်သည်။

၎င်းမှာ ထိုဒိုင်းကာပုံစံအဖြစ် အကြာကြီးရှိနေနိုင်စွမ်း မရှိပါသော်လည်း သိသာထင်ရှားသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပေသည်။ ၎င်း၏ ခုခံမှုနည်းစနစ်အား မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာပေါင်း မြောက်မြားစွာကို ပေါင်းစည်းခြင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ဖြစ်ရာ ၎င်းမှာ ရန်သူများ၏ မန္တန်များကို မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ တစ်ခုချင်းစီပေါ်သို့ ဖြန့်ကြက်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် ထို ခုခံမှုနည်းစနစ်မှာ အလွယ်တကူ ပျက်စီးသွားတော့မည်မဟုတ်သလို တုံ့ပြန်နိုင်စွမ်းမှာ အပေါ်ယံတွင် လေးဆယ်ရာခိုင်နှုန်းသာ ရှိနေမည့်ပုံ ပေါ်နေပါသော်လည်း လက်တွေ့တွင်မူ ထိုပမာဏထက် ပို၍ များပြားနေမည်ဖြစ်သည်။

သို့ဖြစ်ရာ ထိုနည်းလမ်းမှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ တည်ဆောက်ပုံကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပစ်ခြင်းဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ၎င်းအား နာမည်ပြောင်းခေါ်၍ပင် ရနေပြီ ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းများသာ ပျံ့နှံ့သွားမည်ဆိုပါက နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အံ့ဩတုန်လှုပ်သွားကြမည်သာ ဖြစ်သည်။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အခြား မည်သည့်အရာကိုမှ တွေးနေခြင်း မရှိပေ။ သူသည် အလွှာဆင့်ခြင်းနည်းလမ်းထဲ၌သာ အာရုံအပြည့်စိုက်ထားပြီး သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများကို ပေါင်းစည်းနေ၏။ သူသည် နတ်သမီးလင်ယိုဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင် ရရှိလျှင်တောင် အလုပ်ရှုပ်ခံနေမည်မဟုတ်ဘဲ အကြောင်းပြန်စာအား တိုတိုတောင်းတောင်းသာ ပြန်ပို့လိုက်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ နတ်သမီးလင်ယို၏ ညီမဟုဆိုသော အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ဆီမှ ကျိုးရိရှန်အား ဝယ်ယူလိုကြောင်း ကမ်းလှမ်းသည့် အသံလွှင့်အကြောင်းကြားစာကို ရရှိလိုက်သောအခါတွင်လည်း ဂရုစိုက်နေခဲ့ခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ အခြားသော ကိစ္စအသေးအဖွဲလေးများကိုလည်း လျစ်လျူရှုထားလိုက်၏။ ထိုကဲ့သို့သော ခေါင်းမာမှုမျိုးကြောင့်လည်း သူသည် ယနေ့တွင် ဤအဆင့်အထိ ရောက်နေရခြင်း ဖြစ်ပေသည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီး သူ သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာဆယ်ခုအား ပေါင်းစည်းပြီးသွားသောအခါ ၎င်းမှာ အဋ္ဌမအဆင့်သို့ ရောက်ရှိသွားတော့သည်။

သူသည် ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းသန့်စင်ရသည်ကို စွဲလမ်း‌နေပြီဖြစ်ရာ သူ၏ရှေ့ရှိ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကြီးအား မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် လူအများစု နားလည်နိုင်မည်မဟုတ်သော တွက်ချက်မှုပိုင်းဆိုင်ရာ စကားလုံးများကို ရေရွတ်နေလိုက်တော့သည်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်အား တစ်ဖန်ပြန်၍ စတင်လိုက်ပြန်သည်။

ယခုအကြိမ်တွင်မူ သူသည် သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အခုတစ်ရာအား ပေါင်းစည်းကာ ယခုအချိန်အထိ မည်သူမှ ဖန်တီးသန့်စင်နိုင်စွမ်း မရှိသေးသော နဝမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာတစ်ခုကို ဖန်တီးတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နဝမအဆင့်အထိ အောင်မြင်စွာ သန့်စင်နိုင်သွားပြီးနောက် စိတ်လှုပ်တရှားဖြစ်နေစဉ် နတ်သမီးလင်ယို၏ ညီမဖြစ်သူထံမှ အသံလွှင့်အကြောင်းကြားစာတစ်စောင်ကို ထပ်၍ လက်ခံရရှိလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူမ၏လေသံမှာ ရန်လိုနေသည့်ပုံ ပေါက်နေပြီး သူမသည် ကျိုးရိရှန်အား မရရအောင်ဝယ်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

" ကျိုးရိရှန်ကို ဝယ်မလို့ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုအသံလွှင့်အကြောင်းကြားစာ သေသေချာချာ ကြည့်ရှုစစ်ဆေးနေခြင်းမရှိဘဲ သူမအား နောက်ထပ်တစ်ကြိမ်ထပ်၍ ငြင်းဆန်လိုက်ပြန်သည်။ ထို့နောက် သူသည် ဒဿမအဆင့်အထိ မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးစားနေလိုက်၏။

ထိုအဆင့်တွင် သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အမြောက်အမြား ဖန်တီးရန် လိုအပ်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများကို ရေခဲဖီးနစ်ငှက်တပ်ရင်းဆီသို့ ရောင်းချလိုက်ပြီး ရရှိလာသည့် အမြတ်ငွေများဖြင့် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူလိုက်သည်။

ထိုသို့ဖြင့် သူသည် သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အခုငါးရာအား ဖန်တီးသန့်စင်ခဲ့ပြီးနောက် ၎င်းတို့အား အတူတကွပေါင်းစည်းကာ စံချိန်အသစ်ချိုးသည့် ဒဿမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာတစ်ခုကို ဖန်တီးလိုက်တော့သည်။

မည်သူမှ မမြင်ဖူးသည့် ထို ဒဿမအဆင့် ဒိုင်းကာမှာ မတူညီသည့် သန့်စင်ခြင်းနည်းလမ်းတစ်ခုကို အသုံးပြုကာ ဖန်တီးထားခြင်းထားသောကြောင့် ၎င်း၏ တုံ့ပြန်နိုင်စွမ်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိနေ၏။ သို့ဖြစ်ရာ ၎င်းမှာ တိုက်ကွက်တစ်ကွက်ထဲရှိ ပြင်းအားစုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်နှုန်းတိတိအား ရန်သူများဆီသို့ရောက်အောင် ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

၎င်းမှာ ကြောက်စရာကောင်းသည့်အဆင့်တွင် ရှိနေပြီဖြစ်ပါသော်လည်း ပို၍ကြောက်စရာကောင်းသည့်အချက်မှာ.... ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရမှု မရှိသေးခြင်းပင်။

" အားပျော့နေသေးတယ် "

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ရောင်းချလိုက်ပြီးနောက် သူသန့်စင်ထားသည့် သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများ၏ အရေအတွက်အား အခုရေနှစ်ထောင်အထိ တိုးမြှင့်လိုက်၏။

၎င်းတို့အားလုံးကို ပေါင်းစည်းလိုက်မည်ဆိုပါက အဆင့်ဆယ့်နှစ် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာတစ်ခု ရရှိမည်ဖြစ်သည်။

၎င်း၏ တန်ပြန်စွမ်းအားမှာလည်း တစ်ရာ့နှစ်ဆယ် ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။

သို့ဖြစ်ရာ ၎င်းမှာ နတ်ဘုရားလက်နက် တစ်ခုနှင့်ပင် ဆင်တူသည့် ဓမ္မရတနာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ ရန်သူများမှာ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း အစွမ်းကုန်ထုတ်လိုက်လျှင်မူ... ကိုယ့်သေတွင်းကိုယ်တူးခြင်းဆိုသည့် စကား၏ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး နားလည်သွားကြမည်မှာ အမှန်ပင်။

ယခုတွင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းမှ အဆောင်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်ပညာရှင်များသာ ထိုမြင်ကွင်းအား မြင်လိုက်ရမည်ဆိုပါက အလွန်အင်မတန်မှ အံ့သြတုန်လှုပ်သွားကြမည်ဖြစ်သလို အထူးတဆန်းလည််း ဖြစ်သွားကြမည်ဖြစ်သည်။ ထို ဒိုင်းကာမှာ နဂိုမူလအတိုင်းသာဆိုပါက နှစ်လိုဖွယ်ရှိသော ဓမ္မရတနာတစ်ခု ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့ အသုံးပြုခဲ့သည့် နည်းလမ်းများကြောင့် သဘာဝမကျဘဲ ထူဆန်းနေသည့်ပုံ ပေါက်နေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ခံစားရနေခြင်း မရှိသည့်အပြင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းမှာ လုံခြုံမှုမရှိဟု တွေးမိနေ၏။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ တစ်ခုကိုသာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ပျံဝဲနေစေလိုက်၏။ ထို့နောက် သူသည် သူ၏ကိုယ်ပွားထဲရှိ ဂုဏ်သတ္တိတစ်မျိုးကို အသုံးပြုကာ ကျန် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ တစ်ထောင့်ကိုးရာကိုးဆယ့်ကိုးခုအား သူ၏ ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ကျေနပ်သွား၏။ သို့သော် သူ အဆင့်ဆယ့်သုံး ဒိုင်းကာအား သန့်စင်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်းနည်းစရာ ကိစ္စတစ်ခုနှင့် ကြုံလိုက်ရ၏... သူ ပိုက်ဆံပြတ်သွားခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ကျိုးရိရှန်အား ဝယ်ယူလိုသည့်‌ ခေါင်းမာသော အမျိုးသမီးကျင့်ကြံသူမှာ နောက်ထပ် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးဖို့လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူမသည် အလွန်အင်မတန်မှ ရန်လိုနေသည့်လေသံ ပေါက်နေ၏။

" လုံနန်ကျစ်။ ငါ နင့်ရဲ့ ဂူဗိမာန်အပြင်ဘက်မှာ ရောက်နေပြီ။ ဒီနေ့ ငါ ဒီ အိမ်မွေးတိရစ္ဆာန်ကို နင့်ဆီကနေ မရရအောင်ဝယ်မယ် "

ဝမ်ပေါင်လဲ့မှာ ထိုအသံလွှင့်အကြောင်းကြားစာအား ကြားလိုက်ရသောအခါ ကြောင်အန်းအန်း ဖြစ်သွားရတော့သည်။ သူသည် အပြင်ဘက်သို့ ချက်ချင်းထွက်ခွာသွားခြင်းမရှိဘဲ သူ၏ အသိစိတ်အား အပြင်ဘက်တွင်ရှိနေသည့် မြည်းလေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။ သူသည် ၎င်းနှင့် အဆက်အသွယ်လုပ်လိုက်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရတော့သည်။

ကျိုးရိရှန်အား ဝယ်ယူချင်သည်ဆိုသည့် အမျိုးသမီးမှာ ကျိုးရိရှန်နှင့် ဝူလေးတို့၏ ရန်ပွဲအား ကြည့်နေခဲ့သည့် ပွဲကြည့်ပရိသတ်များထဲမှ တစ်ယောက်ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူမ ကျိုးရိရှန်အား ယခုလောက် သဘောကျနှစ်သက်နေရသည့် အကြောင်းအရင်းကို မသိပါသော်လည်း သူမ သူ၏ ဂူဗိမာန်ဆီသို့ ရောက်ရှိလာခဲ့သည်မှာ ကြိမ်ဖန်များစွာ ရှိနေပြီဖြစ်ကြောင်း သိထား၏။ သူမသည် ထိုသို့ရောက်လာတိုင်းလည်း ကျိုးရိရှန်အတွက် စားစရာများ ယူဆောင်လာခဲ့သည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူမသည် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်မွေးတိရစ္ဆာန်အား နှိပ်စက်ညှဥ်းပန်းနေခြင်း ဖြစ်ရမည်ဟု ထင်မှတ်ကာ ကျိုးရိရှန်အား ဝယ်ယူချင်နေခြင်း ဖြစ်ရပေမည်။

" သူက ငါ ထပ်ခါတလဲလဲ ငြင်းခဲ့လို့ ပိုပြီးတော့ စိတ်ဝင်စားလာတာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မေးစေ့အား လက်ဖြင့်ပွတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှေးသွားပြီး သူ၏အာရုံခံနိုင်စွမ်းကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ သူ၏ ဂူဗိမာန်အပြင်ဘက်တွင် မိန်းမငယ်လေးတစ်ယောက်မှာ ကျိုးရိရှန်၏ ဦးခေါင်းအား တယုတယပွတ်သပ်ကာ နူးညံ့သိမ်မွေ့သော စကားများ ပြောနေသည်ကို မြင်လိုက်ရတော့သည်။

" စိတ်မပူပါနဲ့။ ဒီတစ်ခေါက် မမ မောင်လေးကို သေချာပေါက် ခေါ်သွားပေးပါ့မယ်။ အဲဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က တော်တော်ကို ယုတ်မာရက်စက်တဲ့ကောင်။ အကြင်နာတရား တစ်စက်ကလေးမှကို မရှိဘူး။ မောင်လေးရော... မောင်လေးရဲ့ နာမည်က ဝူလေးမလား။ မောင်လေး မမနဲ့အတူ လိုက်ခဲ့ချင်တယ်ဆိုရင် မမ မောင်လေးကိုပါ ဝယ်ပေးမယ် "

ဘေးတစ်ဖက်တွင် ရပ်နေသည့် ဝူလေးမှာ ထိုစကားများကိုကြားလိုက်ရသောအခါ သန်းဝေလိုက်၏။ ထို့နောက် သူသည် စိတ်မဝင်စားသည့် မျက်နှာအမူအရာဖြင့် သူမအား ငြင်းဆန်လိုက်သည်။

ကျိုးရိရှန်မှာ အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးများပင့်မိသွားပြီး ဆက်လက် စောင့်ကြည့်နေလိုက်ပြန်သည်။ သူသည် ကျိုးရိရှန်၏ မျက်ဝန်းများထဲရှိ ကျေးဇူးတင်နေသည့် အရိပ်အယောင်များနှင့် လိုအင်ဆန္ဒများကို အတိုင်းသားမြင်နေရသဖြင့် မျက်လုံးများ မှေးသွားရသည်။

ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲတွင် အဆင့်မြင့်ရာထူးတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်ဖြစ်ရာ လူများ၏ စဉ်းစားတွေးခေါ်ပုံများကို အတိုင်းအတာတစ်ခုအထိ နားလည်နေပြီဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ကျိုးရိရှန်၏ မျက်ဝန်းများထဲရှိ ခံစားချက်များ၏ တစ်ဝက်ကျော်မှာ ခံစားချက် အစစ်အမှန်များဖြစ်ကြောင်း သူက သတိထားမိလိုက်၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်၏ အကြောင်းကိုလည်း ကောင်းကောင်းကြီး နားလည်ထားသည်ဖြစ်ရာ သူသည် အလွန်အင်မတန်မှ ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက်ဖြစ်ကြောင်း သိထား၏။

" သူက အခုအထိကို ကျေးဇူးမသိတတ်သေးပါလားကွ။ အဲဒီ အမျိုးသမီးက ငါ့ထက်ပိုကောင်းတဲ့ သခင် ဖြစ်ပေးနိုင်လိမ့်မယ်လို့ သူက ထင်နေတာလား " ဝမ်ပေါင်လဲ့မှာ စိတ်ကသိကအောက် ဖြစ်သွားရ၏။

ထိုအတောအတွင်းတွင် ကျိုးရိရှန်မှာ ထိုအမျိုးသမီးကျင့်ကြံသူ၏ စေတနာများကို သတိထားမိခဲ့သောကြောင့် အကောင်းအဆိုး အကျိုးအပြစ်များကို စိတ်ထဲ၌ကျိတ်၍ ချိန်ဆနေခဲ့၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင်အောင် တပ်ရင်းခေါင်းဆောင်ကြီး၏ ညီမဖြစ်သူနှင့် ယှဉ်လိုက်မည်ဆိုပါက သာမန်အဆင့်တွင်သာရှိပေသည်။

သူသည် သူမ၏ ကမ်းလှမ်းချက်အား စိတ်ထဲ၌ အကြိမ်ရေထောင်သောင်းမက လက်ခံထားပြီးသားဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အား ကြောက်ရွံ့နေဆဲပင်။ ထို့ကြောင့် သူသည် ထို အမျိုးသမီးကျင့်ကြံသူအား ဝမ်ပေါင်လဲ့နှင့် ညှိနှိုင်းရန် အရိပ်အမြွက်သာ ပြနိုင်ခဲ့၏။

All Chapters