ရေကုန်ရေခန်း
Vol. 3 Ch. 29
အခန်း (၂၉)
ရေကုန်ရေခန်း
လပ်တစ်ယောက် အယောက်နှစ်ဆယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်လေသည်။
“ ဝေါ့ ” လပ် သွေးတစ်ချက် အန်လိုက်ပြီးနောက် ရုတ်တရက် လဲပြိုသွားလေသည်။
အနီးနားရှိ လူများကလည်း
“ ရေခဲမင်းသား လဲကျသွားပြီ ”
“ ဟေး ဆေးအဖွဲ့ မြန်မြန်လာကြပါဟ ”
လပ်တစ်ယောက် အသိစိတ်လွတ်ကာ အမှောင်ထုအတွင်း ရောက်ရှိသွားလေသည်။ ဆေးအဖွဲ့များလည်း ချက်ချင်း ရောက်လာကာ လပ်အား အနီးရှိဆေးအဖွဲ့ အဆောက်အဦးကို ခေါ်ဆောင်သွားကြလေသည်။
“ အား ”
လပ် သတိပြန်ရလာလေသည်။ လပ် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ရွှေကိုင်းမျက်မှန်တပ်ထားသော လူကြီး တစ်ဦးနှင့် အသက်ငါးဆယ်အရွယ် အမျိုးသမီးကြီးတစ်ဦး အနားတွင် ထိုင်နေလေသည်။
ရွှေကိုင်းမျက်မှန်နှင့် လူကြီးမှာ အသက်ခြောက်ဆယ်ခန့်ရှိပြီး စူးရှထက်မြက်သော မျက်နှာသွင်ပြင် ရှိလေသည်။ အမျိုးသမီးကြီးမှာမူ အေးချမ်းကာ ဂုဏ်ကျက်သရေရှိသော ရုပ်ရည်မျိုး ဖြစ်လေသည်။
“ အား ကျွန်တော် ဘယ်ရောက်နေတာလဲခင်ဗျာ ” လပ်က မေးလိုက်သည်။
“ မင်းအ အထူးကြပ်မတ်ဆောင်မှာ ရောက်နေတာ ” ရွှေကိုင်းမျက်မှန်နှင့်လူက ပြန်ဖြေလိုက်လေသည်။
ဆက်လက်၍ “ မင်းကို အထူးဆေးတွေ ထိုးပေးထားတယ် နောက်နှစ်နာရီလောက်ဆို ကောင်းသွားမှာပါ ဒါပေမယ့် မင်း အနားယူရမယ် ”
လပ်က “ ဒါပေမယ့် ဆရာ ကျွန်တော် ဆက်ပြိုင်ရအုံးမယ်လေ ”
“ ပြိုင်ပွဲက မနက်ဖြန် မနက်မှပါ ” ဂုဏ်သရေရှိစွာ လှပခန့်ညားနေသော အမျိုးသမီးကြီးက ဝင်ပြောလိုက်လေသည်။
လပ်က မေးလိုက်သည်။
“ ဦးနဲ့ အန်တီတို့က ဘယ်သူတွေပါလဲခင်ဗျာ ”
“ အင်း ငါတို့က သိမ်းငှက်နဲ့ကမ္ဘာလိပ် တိုက်ခိုက်ရေးနဲ့ စုံစမ်းရေး စီမံအုပ်ချုပ်သူ အဖွဲ့အစည်းကပဲ၊ ငါတို့က ဒီစကြာဝဠာမှာရှိတဲ့ အစိုးရအဖွဲ့အစည်းကပေါ့ကွာ ” ဟု လပ်ကို ရှည်လျားစွာ ရှင်းပြလေသည်။
လပ်လည်း အံ့အားသင့်စွာ ကြည့်နေမိလေသည်။ ရွှေကိုင်းမျက်မှန်နှင့်လူက
“ မင်းကို ပြောချင်တာက ငါတို့ မင်းအရည်အချင်းကို သဘောကျတယ်၊ ဒါကြောင့် ငါတို့အဖွဲ့အစည်းကို မင်းကို ပူးပေါင်းစေချင်တယ် ”
“ မင်း တိုက်ခိုက်တာကြိုက်လား၊ စီမံအုပ်ချုပ်ရေးနဲ့ထောက်လှမ်းရေးကို ကြိုက်လား ဘာကိုကြိုက်သလဲ”
လပ်က မဆိုင်းမတွပဲ ပြောလိုက်သည်။ “ ကျွန်တော် တိုက်ခိုက်ရတာကိုပဲ ကြိုက်တာပေါ့ ”
“ ဟုတ်ပြီ မင်းကို တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဗိုလ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ကောင်လေး ”
“ မင်းအနေနဲ့ လစဉ် UM တစ်သိန်း ရမယ့်အပြင် လိုအပ်တဲ့ ကျင့်စဉ်တွေနဲ့ ဆေးဝါးတွေကိုလည်း ငါတို့ အစိုးရအဖွဲ့က ထောက်ပံ့ပေးသွားမယ် မင်းကြိုးစားဖို့ပဲ လိုတယ် ” လပ်လည်း အံ့သြဝမ်းသာစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“ ဟုတ်ကဲ့ပါ ဆရာ ”
အမျိုးသမီးကြီးက “ ငါ့နာမည်က နှင်းဆီပါ မင်း သေသေချာချာ အနားယူပါ ကလေး ”
“ ပြိုင်ပွဲမှာ မနိုင်ရင်လည်း အရှုံးပေးလိုက် ကိုယ့်အသက်ထက် ဘာမှ အရေးမကြီးဘူး ”
“ ဟုတ်ကဲ့ပါ အန်တီ ” လပ် အမြန်ပြောလိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက် လပ်ကို ထား၍ ထွက်သွားကြလေသည်။
လပ်တစ်ယောက် စွမ်းအင်များထုတ်၍ စမ်းသပ်ကြည့်သောအခါ ရင်ဘတ်တွင် တစ်ချက် ထိုးအောင့်သွားပြီး သိုင်းကွက်များကိုတော့ အသုံးပြုနိုင်ပြီ ဖြစ်လေသည်။
“ ဟား တော်တော် ပြန်ကောင်းလာပြီပဲ ” လပ် ရေရွတ်လိုက်သည်။
“ ဒါပေမယ့် ဒဏ်ရာက အရှင်းမပျောက်သေးဘူး ” လပ်လည်း သူ့ရင်ဘတ်တွင်ရှိသော ထူးဆန်းသည့် စွမ်းအားမှာ ယခုအခါ ပျောက်ကွယ်နေသည်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။
“ အင်း အနက်ဖြန်အတွက် အနားယူရမယ် ”
လပ်တစ်ယောက် နှိုးစက်သံကြောင့် မနက်ခြောက်နာရီတွင် နိုးလာလေသည်။ ခုနစ်နာရီထိုးလျှင် တိုက်ပွဲများ ပြန်စတော့မည်ဖြစ်သည်။
သူ့လက်ဗွေကို ကွန်ပျူတာ၏ မျက်နှာပြင်တွင် ထိလိုက်သည်။
“ တီ တီ ” ဘုတ်ပြားမှ တိုက်ခိုက်ရမည့်သူများကို မဲစနစ်ဖြင့် ယှဉ်တွဲချထားပေးလေသည်။
[ ရေခဲမင်းသား Vs ဆာမူရိုင်း ]
“ ဟား ဟား ဟား ဒီနေ့ ပထမပွဲက ရေခဲမင်းသားနဲ့ ဆာမူရိုင်းကွ ” လူတစ်ချို့က အော်ဟစ်လိုက်ကြလေ သည်။
“ ငါ့ အချစ်လေး နိုင်မှာ ”
“ အမ် လပ်က မနေ့က ဒဏ်ရာပြင်းထန်တယ် ကြားတယ်၊ သူ နိုင်ပါ့မလား ” အမျိုးသမီးအချို့က ငြင်းခုံ နေကြလေသည်။
မနက်ခုနစ်နာရီထိုးပြီ ဖြစ်သည်။ လပ်နှင့် ဆာမူရိုင်းတို့မှာ ပြိုင်ကွင်းအတွင်း အသီးသီး ဝင်ရောက်လာကြလေပြီ။
ဂျပန်နှင့် ထိုင်းဒေသကြီးမှ ပရိသတ်များကတော့ သဲသဲလှုပ်ဖြစ်ကာ အော်ဟစ်နေကြလေသည်။ ကြည့်ရှုနေသူ များမှာ ကွင်းအတွင်းပင် နှစ်သိန်းခန့်ရှိနေပြီး
ဂြိုလ်အသီးသီးမှ အွန်လိုင်းဖြင့် ကြည့်ရှုသူ ဘီလျံရာနဲ့ချီ ရှိလေသည်။
[ Start ]
ပွဲစသည်နှင့် လပ်တစ်ယောက် ဦးစွာ တိုက်ခိုက်လိုက်လေသည်။ သူ၏ ဓားမောက်မှာ လေထဲတွင် ပျံထွက်သွား ပြီး ဆာမူရိုင်း၏ ရင်ဝကို တိုးဝင်သွားလေသည်။ ဆာမူရိုင်း၏လှုပ်ရှားမှုကလည်း မြန်ဆန်သည်။
“ ဒိန်း ချလွမ်း ”
ဆာမူရိုင်း၏ လက်ထဲတွင် ကင်ဒိုဓားတစ်လက်ရောက်လာပြီး လပ်၏ဓားမောက်နှင့် ထိပ်တိုက်တွေ့သွားလေ သည်။
“ ရွှတ် ရွှတ် ချလွမ်း ”
ငါးကွက်ခန့် တိုက်ခိုက်ကြပြီးနောက် လပ်၏ ဓားမောက်မှာ ဆတ်ခနဲတုန်လာပြီး ထက်ပိုင်းကျိုးပဲ့သွားလေသည်။
လပ်မှာလည်း နှင်းအရိပ်ခြေလှမ်းဖြင့် စွမ်းအားကိုသုံးကာ ကိုယ်ပွားသုံးခုကို ခွဲထုတ်လိုက်လေသည်။
“ နောက်ဆုံးစွမ်းအား ဒေါသလက်သီး ” လက်သီးအရိပ်ငါးခုက ဆာမူရိုင်းဆီ ပြေးဝင်သွားလေသည်။
သို့သော် ဆာမူရိုင်းက ရုတ်တရက်ပျောက်ကွယ်သွားပြီး လပ်၏ ဦးခေါင်းပေါ်တွင် ရုတ်တရက်ပေါ်လာကာ ဓားဖြင့် စလွယ် ခုတ်ချလိုက်လေသည်။ လပ်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားလေသည်။ သို့သော် သွေးများ ထွက်မလာပေ။
ဆာမူရိုင်း အော်ဟစ်လိုက်သည်။ “ ငလူး ထောက်ချောက်ပဲဟ ”
ဆာမူရိုင်း ခုတ်လိုက်သည်မှာ လပ်ပြုလုပ်ထားသော ရေခဲစွမ်းအား ပုံရိပ်ယောင်ဖြစ်လေသည်။
ဆာမူရိုင်းက သူ့ ဓားကိုလွဲ၍ အနားသို့ ရောက်ရှိလာပြီးဖြစ်သော လပ်ကို အမြန် ထိုးသွင်းလိုက်သည်။ သို့သော် လပ်၏ ပင့်လက်သီးနှင့် ဝိုက်လက်သီးက ပိုမိုလျင်မြန်စွာ ဆာမူရိုင်း၏ မေးစေ့ကို ထိုးခွဲသွားလေပြီ။
“ ဝှစ် ဝုန်း အား ရွှစ် ”
“ အား ”
ဆာမူရိုင်း၏ ထိုးသွင်းဓားမှာ လပ်၏ ပုခုံးညှပ်ရိုးအတွင်းသို့ နှစ်လက်မခန့် ထိုးစိုက်နေပြီး ဆာမူရိုင်းမှာတော့ မျက်နှာတစ်ခုလုံး စုတ်ပြတ်ကာ ကွဲကြေသွားလေသည်။ ထို့နောက် လပ်ကိုကြည့်၍
“ မင်းခန္ဓာကိုယ်က ဘာလို့ ဒီလောက် မာနေရတာလဲ ” ဟု အော်ဟစ်ကာ ပုံလျက်သား လဲကျသွားလေသည်။
[ တီ တီ ရေခဲမင်းသား လပ် အနိုင်ရရှိပါတယ် ]
ကွန်ပျူတာမှ အသံထွက်လာလေသည်။
လပ်တစ်ယောက် အနိုင်ရရှိသွားသော်လည်း ညာဘက်ကိုယ်တစ်ခြမ်း လှုပ်၍ မရတော့ပေ။ သူ သိလိုက်လေပြီ။ သူ၏ နိုင်ပွဲများ ဤတွင် ရပ်တန့်သွားခဲ့လေပြီဖြစ်သည်။