ဒုတိယစစ်ဆေးမှု
Vol. 6 Ch. Chapter 26
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 26 - ဒုတိယစစ်မေးမှုပြီးဆုံးခြင်း
ဖရက်က ကျောင်းဝင်းထဲက အမြင့်ဆုံးရှေးသစ်ပင်ကြီးတစ်ပင်ပေါ်မှာ ငှက်တစ်ကောင်လိုမျိုး ရပ်ပြီး တိုက်ပွဲနှစ်ခုကို ကြည့်နေတယ်။ သစ်ပင်က သစ်ကိုင်းက အတော်လေးသေးပေမဲ့ သူ့ရဲ့ဟန်ချက်ထိန်းနိုင်စွမ်းကြောင့် လုံးဝကျိုးကျမသွားဘူး။ မကြာခင်မှာပဲ သူမျက်လုံးမှေးလိုက်ပြီး သန်းဝေလိုက်တယ်။
"သခင်မလေးအမိန့်ကြောင့် သူတို့ကိုစောင့်ကြည့်နေရတယ်ဆိုပေမဲ့ ပျင်းစရာကောင်းလိုက်တာ။ ဒီအဆင့်လောက်နဲ့ဆိုရင် ငါတို့အဆင့်တိုက်ပွဲမှာ အကုန်လုံးခနလေးနဲ့ သေကုန်မှာပဲဥစ္စာကို။"
ဖရက်ရဲ့အတွေးက တစ်ဖက်သက်ဆန်ရာကျပေမဲ့ S rankတိုက်ပွဲတွေမှာ ဒီလေးယောက်လုံးအသုံးမဝင်ပါဘူး။ ဒါပေမဲ့ ကျောင်းဖွဲ့စည်းပုံပြည့်ဖို့ နောက်ဆရာတစ်ယောက်ရဖို့လိုနေတာကြောင့် အခုလိုမျိုး အသုံးမဝင်မယ့်သူတစ်ယောက်ကို မက်ဒါနာက ရှာနေရတာပါ။
"အရင်စတိုက်တဲ့သူတွေကို မှတ်ထားဖို့ သခင်မလေးပြောလိုက်တယ်မဟုတ်လား။ ဟိုကတုံးနဲ့လက်ဝှေ့သမားက တစ်ပြိုင်တည်းလိုလို တိုက်ခိုက်တာဆိုတော့ နှစ်ယောက်လုံးကို ထည့်တွက်ရမှာမဟုတ်လား။ ဒိုင်းကိုင်ထားတဲ့ အဒေါ်ကြီးနဲ့ ကုသရေးမြူတန့်မှာ ကုသရေးမြူတန့်က အရင်စတိုက်တာ။ မစ်ရှင်ပြီးပြီ။"
ဖရက်က ခေါင်းညိတ်လိုက်ပြီး သစ်ကိုင်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ အဲဲဒီနောက် မြေပြင်ပေါ်က မြေမှုန့်လက်တစ်ဆုပ်စာကို ကောက်ယူလိုက်ပြီး ရေရွတ်တယ်။
"ငါ့လက်ထဲက သဲတွေကုန်သွားတာနဲ့ ဒီစမ်းသပ်မှု အချိန်ပြည့်ပြီ။"
ဖရက်က ဒီလူတွေတိုက်ပွဲမစခင်ကတည်းက သူတို့ကို စောင့်ကြည့်နေတာဖြစ်ပြီး အခြေအနေကိုသိပါတယ်။ အကြာကြီးဆက်လွှတ်ပေးထားရင် သေကုန်မှာပါ။ စစ်မေးမှုမှာ အသက်ရှင်ကျန်ရမယ်လို့ပါပေမဲ့ မက်ဒါနာက စစ်မေးမှုမှာပါတဲ့ အလုပ်လျှောက်သူတွေထဲက တစ်ယောက်ယောက်ကို သေချင်စေတဲ့ စိတ်မျိုးမရှိမှန်း ဖရက်သိတယ်။
ဖရက်က ဆုပ်ထားတဲ့လက်ကို နည်းနည်းဖြေလျော့ပေးလိုက်တာနဲ့ သဲမှုန်လေးတွေက ဖြည်းဖြည်းချင်းလေနောက် လွင့်ပါသွားပြီး နောက်ဆုံးတော့ ဘာမှမရှိတော့ဘူး။
"အချိန်ပြည့်ပြီ။" ဖရက်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ အဲဲဒီနောက် အတောင်ပံကို ဖြန့်လိုက်ပြီး နေရာပြောင်းရွှေ့သွားသလိုမျိုး ရပ်နေတဲ့နေရာကနေ ချက်ချင်းပျောက်သွားတယ်။
....
မွေထိုင်းပညာရှင်နဲ့သေနတ်သမားက ဆက်ပြီးတိုက်နေကြသေးပေမဲ့ နှစ်ယောက်လုံး ဒဏ်ရာကြီးကြီးမားမား ရထားပြီဖြစ်ပြီးတော့ ဆက်မတိုက်နိုင်တော့ပါဘူး။ ဖရက်က သူတို့နှစ်ယောက်အလယ်ကိုဝင်ပြီး လူချင်းခွဲပစ်လိုက်တယ်။ နှစ်ယောက်လုံးရဲ့မျက်နှာတွေ သွေးရွဲနေပြီး ဖရန့်သူတို့ကို လူချင်းဆွဲခွာမှသာ သူတို့သတိထားမိတာပါ။
"တကယ့်တိုက်ပွဲမှာဆိုရင် မင်းတို့နှစ်ယောက်လုံး သေနေလောက်ပြီ။ မင်းတို့ကျတယ်။"
ဖရန့်က စိတ်ခံစားချက်မရှိတဲ့လေသံနဲ့ အဖြေပေးလိုက်ပြီး သတိလစ်လုဆဲဆဲဖြစ်နေတဲ့ လူနှစ်ယောက်ကို ဆွဲခကာ တိုက်ပွဲကွင်းထဲ ခေါ်သွားတယ်။ သူတို့ကို အမြန်ဆုံးဆေးရုံပို့မှ ဖြစ်တော့မှာပါ။
မကြာခင်မှာပဲ ဖရက်က ပြိုင်ပွဲကွင်းထဲကနေ ပျံပြီးထွက်လာပြန်တယ်။ နောက်ထပ် အတွဲတစ်တွဲကို သူသွားကြည့်ရပါဦးမယ်။
....
ဘရီစာရဲ့လက်ထဲမှာ ဒိုင်းမရှိတော့ဘူး။ ဒါပေမဲ့ သူ့ရန်သူက သူ့ကိုထိခိုက်အောင်လုပ်ဖို့ ကျဆုံးနေဆဲပါ။
အိုင်ဗီရဲ့ဓားသွားတွေက ဘရီစာရဲ့ခန္ဓာကိုယ်နဲ့ထိမိလုဆဲဆဲ ရှုထောင့်တွေကို တိုးဝင်လာနေပေမဲ့ ဘရီစာက အောင်အောင်မြင်မြင်နဲ့ ရှောင်ရှားနေနိုင်ဆဲဖြစ်ပါတယ်။
နောက်တော့ အိုင်ဗီက ရုတ်တရက်ပြုံးလိုက်ပြီး ဘရီစာရဲ့ပခုံးကို ဓားနဲ့စိုက်ချဖို့ကြိုးစားလိုက်တယ်။ ဘရီစာကလည်း အလိုလိုတုံ့ပြန်တဲ့အနေနဲ့ အိုင်ဗီရဲ့လက်ကို သူ့ညာဖက်လက်မောင်းနဲ့ တန်ပြန်ရိုက်ထုတ်ကာ တားဆီးလိုက်တယ်။ အိုင်ဗီက ဘရီစာကို တခြားလက်တစ်ဖက်မှာကိုင်ထားတဲ့ ဓားနဲ့ထိုးနှက်မယ့်ဟန်ထပ်ပြတယ်။ ဘရီစာ နောက်ဓားကို ခုခံဖို့ပြင်နေတုန်းအိုင်ဗီရဲ့ခြေထောက်တစ်ချောင်းက မြင့်တက်လာပြီး အငိုက်မိသွားတဲ့ ဘရီစာ့ရင်ဝကို ဆောင့်ကန်လိုက်တယ်။ ဘရီစာရဲ့ခန္ဓာကိုယ်က လေထုထဲမြောက်တက်သွားပြီး သစ်သားခုံတန်းပေါ်ပြုတ်ကျတယ်။ အရှိန်က တော်တော်များတာကြောင့် ရာသီဥတုဒဏ်ခံထားရတဲ့ ခုံတန်းက ဘရီစာရဲ့ခန္ဓာကိုယ်ကို ထိန်းမထားနိုင်တော့ဘဲ ကျိုးကျသွားတယ်။
ဖြောင်း...
သစ်သားအပိုင်းအစတွေ ပတ်ဝန်းကျင်အနှံပြန့်နှံသွားပြီး ဘရီစာချောင်းဆိုးလိုက်ရတယ်။ သူ့သက်လုံက ကုန်ဆုံးလုဆီးပါးဖြစ်နေပြီးသားပါ။ အခုအချိန်မှတော့ ပြန်ထဖို့တောင် အင်အားမရှိတော့ဘူး။ အိုင်ဗီက အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဘရီစာပေါ်ကို ခုန်အုပ်လိုက်ပြီး လည်ပင်းကို ဓားနဲ့ဖြတ်ဖို့ကြိုးစားတယ်။ ဘရီစာကလည်း လက်နှစ်ဖက်နဲ့ဓားကိုပြန်တွန်းထုတ်နေပေမဲ့ အိုင်ဗီက ပိုသန်မာလာနေတာကြောင့် ဓားက လည်ပင်းသွေးကြောနဲ့ ပိုမိုနီးကပ်လာတယ်။
ဘရီစာသူ့ကိုယ်သူ သေတော့မယ်လို့ ထင်တဲ့အချိန်မှာပဲ ဖရက်ရောက်လာပြီး ဘရီစာ့ကိုယ်ပေါ်က အိုင်ဗီကို ဖယ်ထုတ်လိုက်တယ်။
"အချိန်ပြည့်ပြီ၊ မင်းတို့နှစ်ယောက်အောင်တယ်။"
ဘရီစာက ဆက်တိုက်ရှုံးနိမ့်နေပေမဲ့ အခုထိသေလောက်တဲ့ ဒဏ်ရာမရသေးသလို အိုင်ဗီကလည်း ဘာထိခိုက်မှုမှရှိမနေပါဘူး။ သွေးထွက်လွန်ပြီး သေခါနီးဖြစ်နေတဲ့ ဟိုလူနှစ်ယောက်နဲ့ နှိုင်းယှဥ်ကြည့်ရင် သူတို့က အစစ်အမှန်အောင်နိုင်သူတွေပါ။
အိုင်ဗီက ဘရီစာကို မကြည်ကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ဘရီစာကတော့ သေကံမရောက် သက်မပျောက်လို့ သက်ပြင်းချလိုက်မိတယ်။ အိုင်ဗီရဲ့ကိုယ်ရောင်အရှိန်အဝါက အားလုံးအရှေ့မှာပဲ နောက်တစ်ကြိမ် ထပ်ပြောင်းသွားပြီး အဖြူရောင်ဟီးရိုးဝတ်စုံနဲ့ ဖြူစင်တဲ့ အချစ်ဦးလိုမိန်းကလေးမျိုး ထပ်ဖြစ်သွားပြန်တယ်။ အစောပိုင်းက မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးဟာ သူမဟုတ်သလိုပဲ။
...
ဖရက်က အောင်နိုင်သူနှစ်ယောက်နဲ့အတူ တိုက်ပွဲကွင်းကို ပြန်လာတယ်။ မက်ဒါနာက အဲဒီအချိန်မှာ အေမီယူလာပေးတဲ့ ကွက်ကီးနဲ့ကော်ဖီကို စိန်ပြေနပြေ သောက်နေပြီး တခြားဆရာတွေအတွက်လည်း အေမီက တည်ခင်းဧည့်ခံပေးထားတယ်။
"ကျောင်းအုပ်ကို ပြောခဲ့သားပဲ၊ ဒိုင်းအပျိုစင်က ဒီအဆင့်ကိုလည်း အောင်မှာပါလို့။"
ဆရာမဟဲရိုးက မက်ဒါနာကို ပြောလိုက်တယ်။ ပေါ်လီယာနာဟန်ဆောင်ထားတဲ့ ဝှီးချဲပေါ်က မက်ဒါနာက ခေါင်းညိတ်လိုက်ပေမဲ့ ဘာမှဆက်မပြောဘူး။ ဒီဝါရင့် ဘော့စတွန်ဟီးရိုးက ဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီပေမဲ့ သူလျှိုဖြစ်နိုင်ခြေကို ထည့်စဥ်းစားရဦးမယ်။ မဟုတ်ရင် စစ်မေးမှုတွေလုပ်မနေဘဲ ကိုယ်ရေးမှတ်တမ်းပုံစံမြင်ကတည်းက အလုပ်ခန့်ပြီးလောက်ပြီ။
"ဘာပဲပြောပြော နှစ်ယောက်လုံး ကောင်းကောင်းလုပ်ခဲ့ပါတယ်။ တတိယစစ်မေးမှုမစခင် ရှင်တို့နှစ်ယောက် ကောင်းကောင်းနားဖို့ အချိန်ရပါတယ်။ အေမီ၊ သူတို့အတွက်ပါ မုန့်နဲ့ကော်ဖီချပေးလိုက်ပါ။"
အေမီက မက်ဒါနာကို ဦးညွှတ်လိုက်တယ်။ ဒုတိယအဆင့် အောင်မြင်လာတဲ့ ဟီးရိုးနှစ်ယောက်က သူတို့အတွက်ပေးထားတဲ့ သီးသန့်စားပွဲခုံတွေမှာ ဝင်ထိုင်တယ်။ မကြာခင်မှာပဲ အေမီက စားသောက်ဆိုင်တွေမှာသုံးတဲ့ လက်တွန်းလှည်းလေးနဲ့ပြန်ရောက်လာပြီး ဘရီစာနဲ့အိုင်ဗီအတွက် ထောပတ်ကွက်ကီးနဲ့ကော်ဖီ ထည့်ပေးတယ်။
မက်ဒါနာကတော့ ခွက်ကိုလက်နဲ့ဟန်ပါပါမြောက်လိုက်ရင်း ကော်ဖီတစ်ငုံသောက်တယ်။ အဲဒီနောက် ခေါင်းညိတ်လိုက်ပြီး ကျန်နေသေးတဲ့ အလုပ်လျှောက်လာသူနှစ်ယောက်ကို မေးလိုက်ပါတယ်။
"ဒီတော့ ရှင်တို့နှစ်ယောက်က ကျွန်မကျောင်းမှာ ဆရာဖြစ်ဖို့ အလုပ်လာလျှောက်တယ်ဆိုပါတော့။ ဒါပေမဲ့ ရှင်တို့ဘယ်လိုဘာသာရပ်တွေမှာ ကျွမ်းကျင်တယ်ဆိုတာတော့ ကျွန်မမသိဘူးလေ။ ဒီတော့ နည်းနည်းပါးပါး ပြောပြနိုင်မလား။"
ပထမဆုံးတုံ့ပြန်လာသူက မခုတ်တတ်တဲ့ကြောင်လိုမျိုး ပြန်ဖြစ်နေပြီဖြစ်တဲ့ အိုင်ဗီပါ။ သူက အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်လိုမျိုးပြုံးထားပြီး လက်နှစ်ဖက်နဲ့ ဖွဖွလေးလက်ခုပ်တီးလိုက်တယ်။
"ကျွန်မက စူပါအမေရိကကျောင်းတော်ကနေ ဆရာဖြစ်သင်တန်းဆင်းလက်မှတ် ရထားသူပါ။ မသင်မနေရ ဘာသာရပ်ငါးခုလုံးအပြင် မြူတန့်ဇီဝဗေဒပညာကိုလည်း ကျွမ်းကျင်ပါတယ်။"
မက်ဒါနာက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ ပုံမှန်ဆိုရင် စူပါအမေရိကကျောင်းဆင်းတစ်ယောက်ကို ဘယ်ကျောင်းကမဆို ဆရာအနေနဲ့ ခန့်ချင်ကြမှာပါ။ စူပါအမေရိကကျောင်းက အမေရိကန်မှာတင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာပဲ ကျော်ကြားတဲ့ ကျောင်းတစ်ကျောင်းမဟုတ်လား။
"ဒီတော့ မသင်မနေရဘာသာရပ်တွေထဲမှာ ဘယ်ဘာသာကို မင်းပိုပြီးကျွမ်းကျင်လဲ။" မက်ဒါနာက မေးလိုက်တယ်။
"ဥပဒေပညါပါ။ ကျွန်မစာမေးပွဲမှာတုန်းက ဥပဒေပညါနဲ့ ဂုဏ်ထူးထွက်ခဲ့တာပါ။ ကျွန်မဟီးရိုးတွေလိုက်နာရမယ့် ဥပဒေတွေအကြောင်း ကလေးတွေကို သင်ပေးနိုင်ပါတယ်။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး သူ့ဖုန်းကိုထိလိုက်တယ်။ ဖုန်းက အလိုလိုလှုပ်ရှားသွားပြီး အိုင်ဗီနဲ့ပတ်သက်တဲ့ ဒေတာတွေအားလုံးထွက်လာတယ်။
"မင်းက ဥပဒေပညါကို တကယ်နားလည်ရုံတင်မကဘဲ ရှေ့နေတစ်ယောက်လုပ်နိုင်သမျှကို လုပ်နိုင်တယ်မဟုတ်လား။" မက်ဒါနာမေးတော့ အိုင်ဗီခေါင်းညိတ်ပြတယ်။
တခြားလူတွေမမြင်ရပေမဲ့ မက်ဒါနာ့ဖုန်းမျက်နှာပြင်မှာ အိုင်ဗီ့နာမည်ပါတဲ့ သတင်းခေါင်းစဥ်တစ်ခုရှိနေတယ်။ စူပါအမေရိကကျောင်းက ကျောင်းသားတစ်ယောက် သေဆုံးမှုအတွက် အိုင်ဗီကို ရဲတွေသံသယရှိခဲ့ပေမဲ့ အိုင်ဗီက ရှေ့နေမငှားဘဲ ကိုယ်တိုင်ထွက်ဆိုပြီး အမှုကနေ လွတ်လာခဲ့တဲ့သတင်းပါ။ ဂျူရီအဖွဲ့ရဲ့မှတ်ချက်ကိုလည်း တွေ့နိုင်သေးတယ်။ 'ဒီကလေးမလေးက လူသတ်သမားဖြစ်ဖို့ နူးညံ့လွန်းတယ်။'တဲ့။
မက်ဒါနာက အိုင်ဗီကို ပြုံးပြလိုက်တယ်။ ကောင်းတာလား ဆိုးတာလား မှတ်ချက်မပြုဘူး။ အိုင်ဗီကလည်း သူ့ကိုပြန်ပြုံးပြတယ်။ ဒါပေမဲ့ မက်ဒါနာရဲ့အကြည့်က ဘရီစာရဲ့ပျက်စီးနေတဲ့ ဒိုင်းပေါ်ကိုရောက်ပြီး အပြုံးက ချက်ချင်းပျောက်ကွယ်သွားတယ်။
'ဒီအပြစ်ကင်းစင်တဲ့ ယုန်မလေးလိုမိန်းကလေးက ဘရီစာရဲ့ဒိုင်းကို ဖျက်ဆီးပစ်လိုက်တာလား။' မက်ဒါနာတွေးလိုက်တယ်။ တိုက်ပွဲကို စောင့်ကြည့်နေခဲ့တဲ့ ဖရက်က မက်ဒါနာကို တိုက်ပွဲအကြောင်း အစီအရင်မခံရသေးဘူး။ ပြီးတော့ ကျောင်းဝင်းတစ်ခုလုံးမှာ တိုက်ပွဲကိုစောင့်ကြည့်နိုင်တဲ့ ကင်မရာတွေမတပ်ထားရသေးဘူး။ ဒါကြောင့် အိုင်ဗီဘယ်လိုလုပ်ခဲ့လဲ မက်ဒါနာမသိပါဘူး။ ဒါပေမဲ့ လျှော့တွက်လို့မရဘူးဆိုတာတော့ သေချာပါတယ်။
ဘာပဲပြောပြော ဘရီစာက ရောက်လာတဲ့အလုပ်လျှောက်လာသူတွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အိုင်ဗီကတော့ မထင်မရှားကုသရေးမြူတန့်ပါ။ ပုံမှန်အားဖြင့် ကုသရေးမြူတန့်တွေက တိုက်ပွဲစွမ်းဆောင်ရည် သိပ်မမြင့်ဘူးလေ။ 'ဒါဖြင့် ဒီဟာမလေးက ဝါရင့်တိုက်ခိုက်ရေးမြူတန့်ကို ဘယ်လိုလုပ်ပြီး နိုင်လာတာလဲ။' မက်ဒါနာစိတ်ထဲမှာ အိုင်ဗီတစ်ခုခု ဖုံးကွယ်ထားတယ်လို့ မြင်လာတယ်။
အိုင်ဗီက အပြစ်ကင်းသလိုမျိုး နေနေပေမဲ့ မက်ဒါနာက ပြုံးလိုက်တယ်။ သူလူကဲခတ် ဒီလောက်မညံ့ဘူး။အိုင်ဗီရဲ့အပြုံးတွေက ချိုသာပေမဲ့ မျက်လုံးတွေက ပြုံးမနေဘူး။ အဲဒီအစား ဖရက်နဲ့ဘရီစာကို ခိုးခိုးကြည့်နေပါတယ်။
"ဟုတ်ပြီ၊ အခုတော့ နောက်တစ်ယောက်ကို မေးကြည့်ကြတာပေါ့။ နာမည်က ဘရီစာဟုတ်ပါတယ်နော်။ ရှင်ကရော ဘယ်ဘာသာရပ်တွေ သင်ပေးနိုင်မယ်လို့ထင်လဲ။"
ဘရီစာက ခေါင်းညိတ်လိုက်တယ်။ ဖြစ်ပြီးခဲ့တဲ့ တိုက်ပွဲက ပြင်းထန်တာကြောင့် ဘရီစာရဲ့မျက်နှာနဲ့ခန္ဓာကိုယ်မှာ ချွေးတွေရွဲနေတယ်။ အဝတ်အစားတွေတောင် မိုးမိထားသလိုမျိုး ချွေးတွေနဲ့နစ်နေတာပါ။ အဝတ်အစားတွေက အသားကိုလာကပ်နေတာကြောင့် ဘရီစာ့ဝမ်းဗိုက်က ကြွက်သားတွေကိုတောင်မြင်နိုင်တယ်။
"ကျွန်မက ဟီးရိုးဆရာဖြစ်သင်တန်း တစ်ခါမှမတတ်ဖူးပေမဲ့ ကယ်ဆယ်ရေးမစ်ရှင်တွေမှာတော့ လူကိုယ်တိုင်ပါဝင်ဖူးတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးဘာသာရပ်ကို သင်ပေးနိုင်ပါတယ်။"
"လက်တွေ့တိုက်ပွဲပညာကိုရော သီအိုရီပိုင်းသင်ပေးနိုင်မလား။" မက်ဒါနာက ထပ်မေးလိုက်တယ်။ အေမီက လက်တွေ့တိုက်ပွဲပညာသင်ပေးမှာဆိုပေမဲ့ သင်ရိုးတွေကို မှတ်တမ်းယူပြီး ပြန်ဖတ်ပြရုံနဲ့တော့ ကျောင်းက ကျောင်းသားတွေကို နားလည်သဘောပေါက်အောင် သင်ပြပေးလို့မရဘူးလေ။ အေမီက လက်တွေ့တိုက်ပွဲပညာကို တိုက်ပွဲအစစ်ထဲမှာပဲ သင်ပေးမှာမလို့ သီအိုရီပိုင်း သင်ပေးမယ့်သူလိုနေတယ်။
ဘရီစာက ခနလောက်စဥ်းစားကြည့်တယ်။ အဲဒီနောက် ခေါင်းညိတ်လိုက်တယ်။ "ကျွန်မက တိုက်ပွဲဝင်ရာမှာ ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားမဟုတ်ပေမဲ့ သင်တော့သင်ပေးနိုင်ပါတယ်။"
မက်ဒါနာက စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်လေရဲ့။ နောက်တော့ ကွက်ကီးတစ်ချပ်ကို ပန်းကန်းထဲကနှိုက်လိုက်ပြီး သူတို့နှစ်ယောက်ကို ပြောလိုက်ပါတယ်။
"ကျွန်မသိချင်တာတွေအားလုံး သိလိုက်ရပြီးပါပြီ။ ဆက်နားရင်း စားကြပါ။ တတိယစစ်မေးမှုကိုတော့ ပြောထားတဲ့အချိန်ရောက်မှပဲ စတင်ပါမယ်။"
နောက်တော့ မက်ဒါနာက ဖရက်ကိုခေါင်းညိတ်ပြပြီးဝှီးချဲလေးကိုမောင်းကာ တိုက်ပွဲခန်းမထဲကနေ ထွက်သွားလိုက်တယ်။ ဖရက်ကလည်း သူ့နောက်ကနေ လိုက်လာတယ်။ တခြားဆရာနှစ်ယောက်နဲ့အေမီကတော့ တိုက်ပွဲကွင်းမှာ ဆက်ကျန်နေရစ်တယ်။
"ဒီတော့၊ သူတို့တိုက်ပွဲမှာ ဘယ်လိုဖြစ်ခဲ့လဲ နင်ပြောပြနိုင်မလား။" ကုသရေးမြူတန့်တစ်ယောက်က ဘရီစာရဲ့ဒိုင်းကို ဖျက်ဆီးနိုင်တယ်ဆိုတာ တော်ရုံစိတ်မှန်တဲ့သူဆိုရင် ပုံမှန်မဟုတ်မှန်းသိနိုင်တယ်လေ။
"ဟုတ်ကဲ့၊ သူ့ပုံစံက အနက်ရောင်အဖြစ်ပြောင်းသွားတာပါ။ အဲဒါက ဒင်္ဂါးပြားတစ်ခုရဲ့မျက်နှာပြင်နှစ်ဖက်လိုပဲ။ ကုသနိုင်စွမ်းက အဆိပ်ဖြစ်သွားတယ်၊ အပြစ်ကင်းစင်မှုက ရက်စက်မှုဖြစ်သွားတယ်။"
မက်ဒါနာလည်း မျက်ခုံးပင့်လိုက်ပြီး ဖရက်ကိုမေးလိုက်တယ်။ "ဒီတော့ သူတို့နှစ်ယောက်တည်းမှာ ဘယ်သူက သူလျှိုဖြစ်နိုင်တယ်လို့ထင်လဲ။"
ဖရက်က ခေါင်းကုတ်လိုက်တယ်။ ဖရီးမေဆင်က သူတို့လူကို ကျောင်းဆရာအဖြစ်ပို့လိုက်မယ်လို့ ပြောထားပြီးသား။ နောက်ဆုံးကျန်တဲ့နှစ်ယောက်ထဲကနေတောင် ဘယ်သူကသူလျှိုလည်း သူတို့ခွဲခြားဖို့ နည်းလမ်းမရှိသေးဘူးဖြစ်နေတယ်။
အတော်ကြာပြီးမှ ဖရက်က ပြောလိုက်တယ်။ "အိုင်ဗီက ဖြူစင်တဲ့ပုံစံဆောင်နေပေမဲ့ သိုးရေခြုံထားတဲ့ဝံပုလွေဆိုတာ အသိသာကြီးပဲ။ သူ့ကိုသူလျှိုလို့ စွပ်စွဲရအောင်လည်း သက်သေမခိုင်လုံပေမဲ့ သံသယဖြစ်စရာကောင်းတယ်။"
"နောက်တစ်ယောက်ဖြစ်တဲ့ ဘရီစာကတော့ သူ့ရဲ့နောက်ကြောင်းကို လျှို့ဝှက်မထားသလောက်ပဲ။ ဘော့စတွန်က နာမည်ကြီးဟီးရိုး၊ ဂုဏ်သိက္ခာနဲ့နေတဲ့သူ။ ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ပုံမှန်ဖြစ်လွန်းနေတာကြောင့် ပိုပြီးသံသယဖြစ်စရာကောင်းနေတယ်။"
မေဆင်အသင်းသားတွေက သူတို့ဘယ်သူလဲဆိုတာမသိရအောင် ပုန်းကွယ်နေတဲ့နေရာမှာ သိပ်တော်ပါတယ်။ မေဆင်အဖွဲ့ဝင်တစ်ယောက် စစ်မေးမှုမှာပါနေတာကို မက်ဒါနာတို့သိပေမဲ့ စစ်မေးမှုနှစ်ခုပြီးတာတောင် ဖော်ထုတ်လို့မရသေးဘူး။
"ဒါပေမဲ့ စဥ်းစားကြည့်ရအောင်။ အိုင်ဗီက သူ့ရဲ့မျက်နှာပြင်တစ်ဖက်ခြမ်းကို ဘယ်သူမှမမြင်အောင် ဖုံးကွယ်ထားသင့်တာမဟုတ်လား။ ဒါပေမဲ့အခုကျ ငါတို့စောင့်ကြည့်နေတဲ့ ကျောင်းထဲမှာ သူ့အစွမ်းကိုသုံးလာတယ်။ တမင်သက်သက် ထင်ပေါ်အောင်လုပ်နေသလို မဖြစ်ဘူးလား။" မက်ဒါနာက ပြောလိုက်တယ်။
ဖရက်ကလည်း စဥ်းစားကြည့်ပြီး ပြန်ဖြေပါတယ်။ "သူ့မှာ စစ်မေးမှုကျဆုံးလို့မဖြစ်တဲ့ အခြေအနေမျိုးရှိနေတာလား။ မေဆင်သူလျှိုမှသာ ဒီလိုအခြေအနေမျိုးနဲ့ကြုံရမှာ။"
မက်ဒါနာက ခေါင်းကိုခါယမ်းပြီး ပြောလိုက်တယ်။ "ဒါပေမဲ့ သေချာစဥ်းစားကြည့်ရင် သေနတ်သမားနဲ့မွေထိုင်းပညာရှင်လည်း အဲဒီလိုပဲမဟုတ်လား။ သူတို့အသက်ကို အမှုမထားဘဲ အသေအကြေတိုက်ခဲ့ကြတယ်။ ဘာလို့သာမန်ဟီးရိုးကျောင်းမှာ အလုပ်လျှောက်ရုံလေးကို သူတို့အသည်းအသန်ဖြစ်နေကြတာလဲ။"
ဖရက် မက်ဒါနာရဲ့စကားကြောင့် မျက်လုံးပြူးသွားတယ်။ အတန်ကြာတဲ့အထိ သူစကားမပြောနိုင်တော့ဘဲ ကြောင်အနေပြီးတော့မှ ခြောက်ကပ်နေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
"ဖြစ်နိုင်တာက တစ်ယောက်ထက်ပိုတဲ့ မေဆင်သူလျှိုတွေ ငါတို့ဆီမှာအလုပ်လာလျှောက်ခဲ့တယ်။ အဆိုးဆုံးကိုတွေးကြည့်မယ်ဆိုရင် အယောက်နှစ်ဆယ်လုံး မေဆင်တွေဖြစ်နေနိုင်တယ်။"
မက်ဒါနာက ဂရန်းမာစတာပြောခဲ့တဲ့စကားကို ပြန်ကြားယောင်ရင်း ပြောလိုက်တယ်။ "သူတို့ဂရန်းမာစတာက ငါ့ကိုပြောခဲ့ဖူးတယ်။ ငါတို့ဘယ်လိုရွေးရွေး မေဆင်ဖြစ်နေစေရမယ်တဲ့။"
အမေရိကန်အစိုးရကို နောက်ကွယ်ကနေ ကြိုးကိုင်နိုင်ခဲ့တဲ့ အဖွဲ့ကြီးအနေနဲ့ မေဆင်တွေက ဒီလိုကိစ္စမျိုးကို တကယ်တတ်နိုင်ကြပါတယ်။ Bအဆင့် ဟီးရိုးအုပ်စုကြီးကို နယူးယောက်ဟီးရိုးကျောင်းဆီပို့လိုက်ဖို့က သိပ်ခက်လှတဲ့ကိစ္စမဟုတ်ဘူး။
"မင်းသမီးလေး၊ ဒါဆိုရင် ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။" အကြံအိုက်နေတဲ့ဖရက်က မေးလိုက်တယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပါတယ်။ မေဆင်တစ်ယောက် သူတို့ထဲဝင်လာမှာကို သူတို့တားဆီးဖို့ အင်အားကင်းမဲ့နေတာလည်း ဖြစ်နိုင်တာပဲလေ။
"ဘယ်တတ်နိုင်မလဲ၊ ဆေးခါးကြီးကို မျိုချရုံပဲရှိတာပေါ့။ အနည်းဆုံးတော့ အသစ်ဝင်လာတဲ့သူတွေက မေဆင်ဖြစ်နိုင်တယ်ဆိုတာ ငါတို့သိနေတော့လည်း တစ်ပန်းသာတာပဲမဟုတ်လား။ တတိယစစ်မေးမှုကို စကြတာပေါ့။"
ဖရက်လည်း ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာကတော့ လေးလံနေတဲ့စိတ်နဲ့ ပါးစပ်ထဲကနေ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်မိတယ်။ အခြေအနေက တကယ့်ကို မုန့်လုံးစက္ကူကပ်ပါ။
မကြာခင်မှာပဲ ပေါ်လီယာနာဟန်ဆောင်ထားတဲ့ မက်ဒါနာက ဝှီးချဲကိုမောင်းပြီး တိုက်ပွဲကွင်းထဲကို ပြန်ဝင်လာတယ်။ နောက်တော့ တိုက်ပွဲကွင်းအလယ်မှာရှိနေပြီဖြစ်တဲ့ စားပွဲခုံအပိုတစ်လုံးရှေ့မှာ ရပ်လိုက်တယ်။
ဖရက်ကလည်း နောက်ကပါလာပြီး အေမီကတော့ ထူးဆန်းတဲ့ ငွေရောင်သေတ္တာလေးတစ်လုံးကိုယူလာကာ မက်ဒါနာရဲ့ရှေ့က ချထားပေးလိုက်တယ်။
မက်ဒါနာကတော့ ငွေရောင်သေတ္တာကို ဟန်ပါပါဖွင့်လိုက်တယ်။ အထဲမှာလက်လျှိုသွင်းဖို့အတွက် နေရာတစ်ခုပါဘူး။ လက်ကိုဖြတ်ပစ်မယ့် ဓားတစ်လက်ပါရှိနေသေးတယ်။ မက်ဒါနာက သူထွင်ထားတဲ့စက်အကြောင်းကို မာန်ပါပါနဲ့စရှင်းပြတယ်။
"ကောင်းပြီ၊ အခုက တတိယနဲ့နောက်ဆုံးသော စစ်မေးမှုကို စတင်ဖို့အချိန်ရောက်လာပြီ။ အခုစစ်မေးမှုက စိတ်ပိုင်းဆိုင်ရာစစ်မေးမှုပဲ။"
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ သေတ္တာကို ပြိုင်ပွဲဝင်နှစ်ယောက်ဖက်လှည့်ပြလိုက်တယ်။ နောက်တော့ စစ်မေးမှုအကြောင်း ရှင်းပြတယ်။
"အနာဂတ် မျိုးဆက်သစ်ဟီးရိုးတွေကို လေ့ကျင့်ပေးမယ့် ဟီးရိုးဆရာတွေရဲ့စိတ်ဓာတ်နဲ့ခံယူချက်က အရေးကြီးတယ်လို့ ကျွန်မယူဆတယ်။ ဒါကြောင့် ဒီစက်ကို ကျွန်မထွင်ခဲ့တာ။ ကျွန်မက ရှင်တို့ရဲ့ခံယူချက်နဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုချင်းစီမေးမယ်။ ရှင်တို့အမှန်အတိုင်းဖြေနေသမျှ စက်က အန္တရာယ်ပေးမှာမဟုတ်ဘူး။"
မက်ဒါနာက စကားကို ဒီမှာတင်ရပ်လိုက်ပြီး လေကိုတစ်ဝကြီးရှူသွင်းတယ်။ အဲဲဒီနောက် မျက်နှာပေါ်လာဖုံးနေတဲ့ ရွှေရောင်ဆံစကို လက်နဲ့သပ်ကာ ဖယ်ရှားလိုက်ပြီး အေးစက်စက်အမူအရာနဲ့ပြောလိုက်တယ်။
"လိမ်ရင်တော့ ရှင်တို့လက်ကို ဆုံးရှုံးရပြီလို့မှတ်ပါ။"