ချမ်းသာပြီ
Vol. 3 Ch. 30
အခန်း (၃၀)
ချမ်းသာပြီ
လပ်တစ်ယောက် ဆယ်ယောက်လက်ရွေးစင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သော်လည်း သူ ပြင်းထန်စွာ ဒဏ်ရာ ရသွားသောကြောင့် ဆယ်ဦးစကာတင်အဆင့်တွင်ပင် ကျေနပ်လိုက်ရပြီဖြစ်သည်။
“ ဟား ဟား ဟား ” လပ် အော်ရယ်လိုက်သည်။
“ အင်း ငါ ဒီအထိတောင် ရောက်ခဲ့တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပဲ ”
“ အား ” လပ်၏ ပုခုံးနှင့်လက်မှ သွေးများ စီးကျလာလေသည်။ ဆေးဝန်ထမ်းများ လပ်ဘေးသို့ ရောက်လာကြ လေသည်။
သူတို့၏နောက်တွင် အပြာရောင်ဝတ်စုံကို လှပစွာဝတ်ဆင်ထားသော နိုရာ လိုက်ပါလာ၏။ သူမ၏ နောက်တွင်တော့ သူရဲကောင်းစစ်ဆေးပွဲတွင် ခင်မင်ခဲ့ကြသော လူပူလေး ပါလာလေ၏။
“ ဟိုင်း လပ် မတွေ့တာ ကြာပြီ ” လူပုလေးက နှုတ်ဆက်လိုက်လေသည်။
“ လာ လာ ငါ့ကို မှီထားလိုက် ” နိုရာက အတင်း လပ်ကို သူ့ပုခုံးပေါ်တွင် မှီ၍ ထိန်းထားလိုက်သည်။
လပ်က ပြုံးရင်း ပြောလိုက်သည်။
“ မတတ်နိုင်ဘူး ငါ ဗိုလ်လုပွဲဆီ မသွားနိုင်တော့ဘူး
နိုရာ ”
“ အမ် အဲဒါကို ဘေးဖယ်ထားလိုက် အခု နင် လက်ရွေးစင်ဆယ်ယောက်ထဲတော့ ဝင်တယ်လေ ”
နိုရာက ပြုံးရင်း ပြောလိုက်လေသည်။
လပ်က “ ဟား ဟား ဟား နောက်နှစ်တွေကို စောင့်ကြတာပေါ့ ”
“ နင်လည်း ပြုတ်သွားတယ်မလား ”
လပ်ကို နိုရာနှင့် လူပုလေးတို့က ဖေးမကာ နားနေဆောင်ကို ပြန်လာကြလေသည်။
ညနေပိုင်းတွင် တိုက်ပွဲများကို ဆက်လက်ယှဉ်ပြိုင်နေလေသည်။
ပရိသတ်များမှာ ရေခဲမင်းသား ဒဏ်ရာကြောင့် ဆက်လက်မယှဉ်ပြိုင်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် အော်ဟစ်ဆူပူနေကြလေ၏။
“ ဟာ သွားပါပြီကွာ ငါ လပ်ဘက်က ပထမရမယ်လို့ လောင်းထားတာ ” လူတစ်ယောက်က အော်ဟစ် လိုက်သည်။ ဘေးနားရှိ ထိုင်နေသည့်လူများက
“ အေးကွာ ရေခဲမင်းသားက စွမ်းအားကြီးပါတယ် ဒါပေမယ့် မိုးကြိုးနတ်ဘုရား ဖီလစ်တို့၊ တရုတ်က ချောင်ချောင်၊ ရုရှားက ကလစ်ဗော့တို့နဲ့ယှဉ်ရင် တစ်ဆင့်နိမ့်နေသေးတယ် ဖီးလစ်ဆိုရင် S2 အဆင့်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တာ ”
လပ်နှင့်နိုရာတို့ နားနေခန်းတွင် ထိုင်ပြီး TV မှတဆင့် လက်ရွေးစင်ဆယ်ယောက် ယှဉ်ပြိုင်မှုများကို ဆက်လက် ကြည့်ရှုနေလေသည်။
လပ်ကို ခေါ်ထားသော ဗီဒီယိုCall များစွာရှိနေလေ၏။ လပ် တစ်ခုမှ ဖွင့်မကြည့်ဘဲ ဘကြီးတိုးနှင့် မစ္စတာလင်းဖန်တို့ကို အဆင်ပြေကြောင်း၊ ဒဏ်ရာကို အနားယူကုသရဦးမည်ဖြစ်ကြောင်း စာပြန်ပို့ ထားလိုက်လေသည်။
နှစ်ရက်ခန့်ကြာပြီးနောက် ပြိုင်ပွဲများ ပြီးဆုံးသွားလေပြီ။ လပ်မှာ အလွန်တရာ မထူးချွန်သော်လည်း ဇွဲမလျော့ဘဲ အမြဲကြိုးစားခဲ့လေသည်။
မိုးကြိုးနတ်ဘုရား ဖီးလစ်က ပထမဆု ရရှိခဲ့ပြီး ရုရှားမှ ကလစ်ဗော့က ဒုတိယဖြစ်ကာ တရုတ်မှ ချောင်ချောင်က တတိယ ဖြစ်လေသည်။
စတုတ္ထနှင့် နဝမအထိက စိမ်းပြာဂြိုလ်နှင့် အင်္ဂါဂြိုလ်ပေါ်မှ သူရဲ ကောင်းများဖြစ်ကြပြီး နောက်ဆုံး ဆယ်ဦးမြောက်မှာ ယှဉ်ပြိုင်မှုရပ်နားလိုက်သော လပ် ဖြစ်လေသည်။ နိုရာကတော့ အယောက်နှစ်ဆယ်အဆင့်တွင် (၁၈)ဖြစ်လေသည်။
“ တွီ တွီ ” လပ်၏ ဘဏ်စာရင်းထဲသို့ UM ဆယ်သန်းကျော် ဝင်ရောက်လာလေပြီ။ လပ် ငွေစားရင်းကို တစ်ချက်ကြည့်လိုက်ပြီး အော်ရယ်လိုက်လေသည်။
“ ဟား ဟား ဟား အဆင့် ၁၀ တောင် ဆယ်သန်းရတယ်ကွ ငါချမ်းသာပြီဟ ဟား ဟား ဟား ”
နိုရာက လပ်ကို ပြုံးကြည့်ပြီး “ နင်တော့ အိမ်ကောင်းကောင်းတစ်လုံးဝယ်ပြီး မိန်းမယူဖို့ပဲ ကျန်တော့တယ် ”
လပ်က အမြန်ပြောလိုက်သည်။ “ အမ် အိမ်တော့ဝယ်မှာပါ မိန်းမကတော့ ဘယ်သူ့ကို ယူရမလဲ ရှိမှမရှိတာ ”
“ ဟမ် အခုထိ နင့်မှာ ရည်းစားမရှိသေးဘူးလား ”
“ ဟီး ဟီး နင်က အဲ့ဘက်မှာတော့ တော်တော်ညံ့တာပဲ ” ဟု နိုရာက ရယ်ပြီး ပြောလိုက်လေသည်။
“ ငါက အရင်ကတည်းက တစ်ယောက်ထဲ နေတတ်တဲ့အကျင့်ရှိတယ် ” လပ်က ရုတ်တရက် ပြောလိုက် သည်။
“ ငါ အခု ဒဏ်ရာရထားတာ နှစ်လလောက် အနားယူဖို့ လိုတယ် ငါ နင့်အိမ်လိုက်ပြီး နေမယ်လေ နင် ကျွေးထားမှာမလား နိုရာ ”
နိုရာ၏မျက်နှာလေးမှာ နီရဲသွားပြီး ခေါင်းလေးငုံ့ကာ လပ်ကို ပြန်ပြောလိုက်လေသည်။
“ အမ် နင်က ငါတို့မျိုးရိုးရဲ့ ဓလေ့ကို မသိလို့ဘဲ၊ ငါတို့မျိုးနွယ်က မိန်းကလေးတစ်ယောက်အိမ်ကို ထမင်း စားဖို့ ယောင်္ကျားတစ်ယောက်ကို ခေါ်လာရင် သူ့ကို လက်ထပ်မယ်ဆိုတဲ့ သဘောဟ ”
လပ်က အော်ရယ်လိုက်သည်။ ထို့နောက်
“ ဟား ဟား ဟား ဆောရီးပါ ငါ တကယ်မသိလို့ပါဟ ”
“ ငါလည်း ဒီစိမ်းပြာဂြိုလ်ပေါ်မှာ ကွန်ဒိုတစ်ခန်းဝယ်ဦးမယ် နင် ကူညီပေးအုံး ”
“ အေးပါ ငါ ရှာပေးပါ့မယ် UM နှစ်သန်းလောက်ဆိုရင် S2 ကွန်ဒိုတိုက်ခန်း ကောင်းကောင်းရတယ် ”
လပ်နှင့်နိုရာတို့ စကားကောင်းနေစဉ်တွင် ရွှေကိုင်းမျက်မှန်နှင့်လူကြီး အနားသို့ရောက်လာလေသည်။ ထို့နောက် သူက စကားစလိုက်သည်။
“ အဟမ်း စကားကောင်းနေတုန်း ပြောရတာ အားနာပါတယ် ”
“ ဦးက သိမ်းငှက်တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင်ပါ၊ ငါ့ကို လူအိုကြီးချမ်းလို့ ခေါ်နိုင်ပါတယ် ”
လပ်အား ပြုံးရွှင်စွာဖြင့် ကြည့်ပြီး သူ့လက်ထဲတွင် ကိုင်ဆောင်လာသော ဗူးတစ်ဗူးကို လပ်ထံသို့ ပေးလေ၏။ ထို့နောက် သူက ဆက်ပြောလေသည်။
“ မစ္စတာ လပ် အခုအချိန်ကစပြီး သိမ်းငှက်အဖွဲ့ရဲ့ အရာရှိဗိုလ်ကြီးတစ်ယောက် တရားဝင်ဖြစ်သွားပါပြီ၊ အဖွဲ့အတွက် လိုအပ်တဲ့အချိန်မှာ ပူးပေါင်းကူညီရမှာဖြစ်ပြီး တရားဝင်အကျိုးခံစားခွင့်များကိုလည်း ခံစားရမှာ ဖြစ်တယ်၊ အသေးစိတ်ကို မင်းရဲ့ ကွန်ပျူတာစနစ်ထဲကို မကြာခင် ပို့ပေးလိုက်မယ် ”
လပ်တစ်ယောက် ခေါင်းညိတ်ကာ အရိုအသေပေးလိုက်လေသည်။ ထို့နောက် ဗူးလေးအား ဖွင့်ကြည့်လိုက်ရာ ရွှေရောင်တြိဂံပုံ ရင်ထိုးတံဆိပ်တစ်ခုနှင့် သိုလှောင်လက်ပတ်တစ်ခုကို တွေ့ရလေသည်။
ရင်ထိုးမှာ သိမ်းငှက်အဖွဲ့ ဝင်ဖြစ်ကြောင်း သက်သေဖြစ်ပြီး လက်ပတ်မှာ အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်နိုင်သောကိရိယာဖြစ်ပြီး လိုအပ်သော ဒေတာများနှင့် ပစ္စည်းများ၊ သက်မဲ့အရာဝတ္ထုများကို သိမ်းဆည်းနိုင်သော ၁ မီတာအကျယ် နေရာလွတ်ခန်းများ ပါရှိလေသည်။
ထို သိုလှောင်လက်ပတ်မှာ UM တစ်သန်းခန့် တန်ဖိုးရှိလေသည်။ လပ်တစ်ယောက် ရုတ်တရက်
“ သူရဲကောင်းတွေ ဘယ်တော့မှ မသေဘူး ” ဟု အော်ဟစ်ကာ လူအိုကြီးချမ်းကို အလေးပြုလိုက်လေ သည်။
စာစဉ် (၃) ပြီး၏။