ကြည်နူးဖွယ် ပင်လယ်ညလေး
Vol. 21 Ch. 291
ဆေးဆရာက ရွာလူကြီးကို ဆေးထည့်ပေးရင်း ပွစိပွစိပြောနေသည်။ “လူတစ်ယောက်ရဲ့ ကြွက်သားတွေ၊ အရိုးတွေက အိုမင်းလာတဲ့အခါ မသန်စွမ်းတော့ဘူးတဲ့။ ဘာက ပိုဆိုးလဲသိလား ခင်ဗျားမှာ ကြွက်သားနဲ့အရိုးတွေတောင် ရှိတော့တာမဟုတ်ဘူး။ ခေါင်းမာမာနဲ့ ဟိတ်ဟန်က ထုတ်ချင်သေးတယ်။ အခု ပျော်ပြီလား”
ရွာလူကြီးမှာ အသက်မနည်းရှူနေရသည်။ “သူ့ဒဏ်ရာတွေက ငါ့ထက်တောင် ပိုဆိုးသေးတယ်။ ငါက အရင်တုန်းက အထက်ကောင်းကင်ဘုံရဲ့ အင်အားအကြီးဆုံး သိုင်းသမားအားလုံးနဲ့ တိုက်ခိုက်ခဲ့ပြီးသား”
“သိပ်ကို သန်စွမ်းတာပေါ့လေ” ဆေးဆရာက ရွာလူကြီး၏ဒဏ်ရာများကို အပ်စိုက်ဖိနှိပ်ပြီး ခေါင်းယမ်းသည်။ “နောက်ဆုံးတော့လည်း တစ်ယောက်ယောက်ရဲ့ဓားကြောင့် ခြေလက်ဖြတ်ခံခဲ့ရတာပဲ မဟုတ်ဘူးလား”
“လူသားဧကရာဇ်ဘွဲ့ကို လက်ဆင့်ကမ်းပေးလိုက်ကတည်းက မူအာဆီ သူတို့သွားကြမယ့် နေ့ ရောက်လာမယ်ဆိုတာ ငါ သိခဲ့ပြီးသားပဲ” အဝေးကိုကြည့်နေသော ရွာလူကြီး၏အကြည့်သည် အတန်ငယ်မှိန်ကျသွား၏။ “အထက်ကောင်းကင်ဘုံက လူသားဧကရာဇ်တစ်ပါးရဲ့ တည်ရှိမှုကို သည်းခံမှာမဟုတ်ဘူး
“ငါက အိုမင်းမစွမ်းတော့လို့ သူတို့ ငါ့ကို အာရုံထဲမထည့်တော့ပေမယ့် လူသားဧကရာဇ်အသစ်ကိုတော့ သေချာပေါက် ဖယ်ရှားကြလိမ့်မယ်။ ကြယ်ဘုရင်ချောင်က အထက်ကောင်းကင်ဘုံမှာ အတော်ဆုံးတွေထဲကတစ်ယောက်ပဲ။ ငါ သူ့ကို တားပြီး နောက်ဆုတ်ရအောင် လုပ်မှ သူ့လို အဆင့်မြင့်သိုင်းသမားတွေ မူအာ့နောက် မလိုက်ဘဲနေမှာပေါ့။ စည်းမျဉ်းတွေကို သူတို့ လိုက်နာကိုလိုက်နာရမယ်။ မလိုက်နာရင်လည်း လိုက်နာရအောင် ငါ လုပ်မယ်”
ဆေးဆရာက သူ့အတွက် ဆေးညွှန်းရေးကာ ပြောသည်။ “ခင်ဗျား သေသွားရင်ရော ဘာဖြစ်မှာလဲ။ သူတို့တွေ စည်းမျဉ်းကို လိုက်နာဦးမှာလား”
ရွာလူကြီးမှာ အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ကောက်ကာငင်ကာ ပြုံးသည်။ “အသက်ရှင်နေတဲ့အချိန်မှာ လူသားဧကရာဇ်၊ သေသွားတဲ့အချိန်မှာ တစ္ဆေသူရဲကောင်းတဲ့။ ငါ့အသက်လောင်စာ ကုန်သွားရင် ကုန်သွားလိမ့်မယ်။ ငါ့ရဲ့ တိုက်ပွဲဝင်လိုစိတ်ကတော့ ထာဝရရှင်သန်နေမှာ။ မင်းအတွက် အပြင်လေးဘာလေး လမ်းလျှောက်ထွက်ဖို့ အချိန်ကျပြီထင်တယ်”
ဆေးဆရာက တုန်လှုပ်သွားပြီး ခေါင်းခါသည်။ “ငါ မသွားဘူး။ သွားချင်တဲ့သူတွေ သွားပစေ”
အနောက်မြေကမ္ဘာ နတ်တောင်မြတ်တွင် ကြယ်ဘုရင်ချောင်၏ ရထားလုံး ဆင်းသက်လာပြီး ကြယ်ဘုရင်မှာ သူ၏ချီစွမ်းအင်ကို ခဲရာခဲစစ် လှုံ့ဆော်နေရသည်။ အထက်ကောင်းကင်ဘုံသို့ ပြန်သွားတော့မည့်အချိန်မှာပဲ သူ့မှာ သွေးတစ်လုပ်လိုက်ရပြီး သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများ ချက်ချင်း ပွင့်ထွက်သွား၍ မောင်းမလေးဦးကို လှမ်းပြောလိုက်သည်။ “အမွှေးတိုင်တွေ ထွန်း....”
မောင်းမလေးဦးမှာ ထိတ်ပျာသွားပြီး အစိမ်းရောင်ဝတ်ရုံနှင့်မောင်းမက အမွှေးတိုင်သုံးတိုင် ကပျာကယာထုတ်၍ ယဇ်ပလ္လင်ထက်၌ ထွန်းလိုက်သည်။ တခဏကြာသော် ကောင်းကင်ထက်တွင် အောက်သို့ငုံ့ကြည့်နေသည့် မျက်နှာကြီး ပေါ်လာ၏။
“ကျွန်တော်မျိုး လူသားဧကရာဇ်အဟောင်းနဲ့ တွေ့ဆုံခဲ့ပါတယ်” ကြယ်ဘုရင်ချောင်က အသက်မနည်းရှူသွင်းလျက် ပြောသည်။ “အဲဒီလူက အိုပြီး ခြေလက်ပြတ်နေတာတောင်မှ မသေသေးပါဘူး။ သူ့အစွမ်းအစကလည်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့လို့ ကျွန်တော်မျိုး သူ့ကြောင့် ဒဏ်ရာရခဲ့ပါတယ်။ ဝါစဉ်မြင့်သိုင်းသမားတွေ လူသားဧကရာဇ်အသစ်ကို သွားရှာရင် သူ ဝင်ပါမယ်၊ ဝါစဉ်ငယ်တွေဆိုရင်တော့ ဝင်မပါဘူးလို့ ဆိုပါတယ်”
“အသက်ရှင်တုန်းပဲပေါ့” မျက်နှာကြီးက အံ့အားသင့်သွားသောအမူအရာဖြစ်သွားပြီး သူ၏အသံက တိုးဝင်မျောလွင့်သွားသည်။ “ကြယ်ဘုရင်၊ လူသားဧကရာဇ်အသစ်ကို ဖယ်ရှားဖို့ အထက်ကောင်းကင်ဘုံသား ဘယ်သူ့ကို လွှတ်ဖို့ တွေးထားလဲ”
“သခင်လေးရှုရှန်းဟွာ”
ကောင်းကင်ထက်ရှိ မျက်နှာကြီးမှာ အတန်ငယ်လေးနက်သွားသည်။ “သခင်လေးရှုကို လွှတ်ဖို့ လိုသလား”
ကြယ်ဘုရင်ချောင်က ခေါင်းညိတ်သည်။ “လူသားဧကရာဇ်ဟောင်းက အိုမင်းပြီး သေခါနီးနေပါပြီ။ လူသားဧကရာဇ်အသစ်ကတော့ ငယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးပါဘူး။ လူသားဧကရာဇ်အသစ်ကို အပြတ်ရှင်းလိုက်တာက ကျွန်တော်တို့ရဲ့ ဒုက္ခတွေကို ထာဝရပျောက်ကင်းသွားစေပါလိမ့်မယ်”
ကောင်းကင်ထက်မှ အလင်းတန်းတစ်တန်း ထိုးဆင်းလာပြီး ကြယ်ဘုရင်ချောင်၏ကိုယ်အပေါ် ဖြာကျကာ လမ်းတစ်လမ်းအဖြစ် ဖွဲ့တည်သွားသည်။ ကောင်းကင်ရှိ မျက်နှာကြီးက ပြောသည်။ “သခင်လေးရှုက တောင်အောက်ဆင်းချင်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် သူ့ကို သွားပြောရလိမ့်မယ်”
ကြယ်ဘုရင်ချောင်က မောင်းမလေးဦးကို အမိန့်ပေးသည်။ “ယွီ၊ ချင်း၊ ယောင်၊ ကျင့် ဒီမှာ နေကျန်ခဲ့ပြီး လူသားဧကရာဇ်အသစ်ကို သခင်လေးရှု သတ်နိုင်အောင် ငါ့မင်းမြတ်ရတနာလေးပါးကို ယူသွား။ ငါ အထက်ကောင်းကင်ဘုံကို ပြန်သွားပြီး မကြာခင် သခင်လေးရှု ဆင်းလာလိမ့်မယ်”
မောင်းမလေးဦးက သူ့အမိန့်ကို နာခံ၍ ရထားလုံးအပေါ်မှ ဆင်းသွားသည်။ စွမ်းနီခြင်္သေ့နှစ်ကောင်က ပျက်စီးနေသော ရထားလုံးကို ဆွဲ၍ အလင်းလမ်းအတိုင်း ကောင်းကင်ထက် တက်ကာ အထက်ကောင်းကင်ဘုံသို့ ပြန်သွား၏။
အလင်းရောင်ပျောက်ကွယ်သွားသည့်အခါ မောင်းမလေးဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ယွီလျုတ်က ပြောသည်။ “သခင်ကြီးက ငါတို့ကို လူသားဧကရာဇ်ကို သတ်ဖို့ သခင်လေးရှုအနောက် လိုက်သွားခိုင်းပေမယ့် လူသားဧကရာဇ်အသစ်က ဘယ်သူမှန်း ငါတို့ မသိသေးဘူး”
ကျင့်ယန်က ပြောသည်။ “ဒီသတင်းကို လိုလန်ရွှေနန်းတော်က ပို့ခဲ့တာဆိုတော့ ငါတို့ အဲဒီကို အရင်သွားရလိမ့်မယ်။ ချင်းယင်၊ ယောင်ဟွာ အဲဒီနန်းတော်ကို သွားချည်။ ယွီလျုတ်နဲ့ ငါက သခင်လေးရှု ဆင်းလာမှာကို ဒီမှာစောင့်နေမယ်”
ချင်းယင်နှင့် ယောင်ဟွာက ခေါင်းညိတ်၍ တောင်အောက်ဆင်းသွားသည်။ သူတို့သည် မဟာမြို့ပျက်ကို ဖြတ်မသွားဘဲ အနောက်ကမ္ဘာမြေ၊ မီးကန္တာရနှင့် နှင်းဖုံးတောင်ကုန်းမြင့်ကို ဖြတ်၍ လိုလန်ရွှေနန်းတော်သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။
ကြယ်ဘုရင်ချောင်မပါလျှင် မဟာမြို့ပျက်ထဲ သူတို့ မဝင်ရဲကြပေ။
အရှေ့ပင်လယ်တွင်
ချင်မူ၊ စစ်ယွင်ရှန်းနှင့် လင်ယွိရှို့တို့သုံးယောက်သား ရေလှိုင်းစီးနေကြသည်။ ညအချိန်ရောက်သည့်အခါ ကျောက်သံပတ္တမြားများသဖွယ် အလင်းရောင်ဖြန့်ကျက်နေသော ထူးဆန်းငါးများကြောင့် ပင်လယ်ရေပြင်သည် လင်းထိန်လာ၏။
ချင်မူက လှိုင်းလုံးများကို စေ့စားစီးနင်းနေစဉ် အလင်းငါးများက လှိုင်းလုံးများမှ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာကြသည်။ လှိုင်း၏အလျဉ်ကို မှီအောင် ကူးခတ်နေသော ငါးများက အတော်လေး စိတ်ဝင်စားစရာကောင်းလှပေသည်။
ငါးတချို့၏နဖူးမှ ဦးမှင်နှစ်ချောင်းပေါက်နေပြီး အဆိုပါဦးမှင်၏အဆုံးတွင် လက်သီးဆုပ်အရွယ် ကြည်လဲ့လဲ့အသားဖုများ ရှိကြသည်။ ဤအသားဖုများက ညရောက်လျှင် ခပ်မှိန်မှိန် လင်းနေသော မီးအိမ်များပမာ ပြုမူသည့်အတွက် ယင်းငါးတို့အား ငါးမီးအိမ်အဖြစ် အသိများ၏။
ငါးမီးအိမ်များ၏ ဘေးဆူးတောင်များက တောင်ပံများနှင့် တူသည်။ ဆူးတောင်လေးဖက်ကို လှုပ်ခါခြင်းအားဖြင့် လှိုင်းလုံးများထဲမှ ခုန်ထွက်သည့်အခါ ရေပေါ်ပြန်မကျခင် ဆယ့်လေးငါးကိုက်အထိ ပျံဝဲသွားနိုင်သည်။
ဤထူးဆန်းငါးများက သုံးကောင်တွဲ ကူးခတ်လျက် ချင်မူတို့၏ဘေးရှိ ပင်လယ်ပြင်ကို အလင်းရောင်ပေးတတ်သည်။
ထိုအခါမျိုးတွင် သုံးကိုက်မှ ခြောက်ကိုက်အရှည် ငါးကြီးများလည်း ဆူးတောင်များကို ခတ်ရင်း ချင်မူတို့အား လာရောက်စပ်စုတတ်ကြ၏။
စစ်ယွင်ရှန်းမှာ ကလေးစိတ်မပျောက်သေး၍ အသိဉာဏ်အနည်းငယ်ရှိသော ငါးမီးအိမ်ကြီးများကို မြင်လျှင် ကစားချင်လာပြီး ငါးမီးအိမ်ကြီးများအား စကားပြောတတ်အောင် တစ်လုံးချင်းတစ်လုံးချင်း သင်ပေးနေသည်။ မထင်မှတ်ထားဘဲ ငါးမီးအိမ်ကြီးတချို့က လူ့စကားတစ်ခွန်းနှစ်ခွန်းပင် ပြောတတ်သွားခဲ့လေသည်။
လမ်းတွင် သူတို့သုံးယောက်သား ပင်လယ်နေရေသူမျိုးနွယ်တစ်စု၏ ပိုင်နက်မှ ဖြတ်သွားကြရသည်။ ရေသူမများက အမြီးလှလှများကို လှုပ်ခတ်ရင်း ဟိုမှသည် ကူးခတ်ကာ တိမ်းမက်ယစ်မူးဖွယ် အချစ်သီချင်းတစ်ပုဒ်ကို သီကျူးနေကြသည်။ သီချင်းက လုလင်ပျိုလေးတစ်ဦးကို ချစ်မိသွားသော မိန်းကလေးနှစ်ဦး၏ ခံစားချက်အကြောင်း ဖြစ်နေသည်။ ကမာယောက်သွားများကလည်း ဝိညာဉ်ဖွဲ့တည်ကာ အခွံများကို တဖြောင်းဖြောင်းတီးလျက် သံစဉ်များ ဖန်တီးနေကြ၏။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ ရေသူမများ၏ သီချင်းသံကြောင့် မျက်နှာမထားတတ်အောင် ရှက်လာသည်။ နှစ်ယောက်သား ဘေးရှိ လူငယ်လေးကို တိတ်တခိုး ငဲ့စောင်းကြည့်ပြီးနောက်တွင်တော့ စိတ်မတိုမိဘဲမနေပေ။
ချင်မူက မြန်မြန်ပြန်ဖို့ စိတ်ကူးမရှိပေ။ ပင်လယ်ရေသူမများ၏ အချစ်သီချင်းကိုလည်း နားထောင်မနေ။ သူ၏လမ်းစဉ်ကိုသာ လေ့လာသုံးသပ်နေ၏။
သူ မည်သည့်အရာကို တွေးနေလဲ သူတို့မသိပေ။ သူ့မျက်နှာအပေါ်တွင် အပြုံးဖြစ်ထွန်းလာသော်လည်း သူ့နှလုံးသားက သူ့အရှေ့ရှိ လှပသောပင်လယ်ပြင်ကို သော်လည်းကောင်း၊ ဘေးရှိ မိန်းမလှလေးနှစ်ဦးကို သော်လည်းကောင်း တွေးမနေပေ။
ချင်မူက လမ်းတစ်လျှောက်လုံး အရပ်ခြောက်မျက်နှာအဆင့် ပေါင်းစည်းကျင့်စဉ်ကို နားလည်အောင် ကြိုးစားနေခဲ့၍ ယခုရက်ပိုင်းအတွင်း အရေးပါသောနေရာသို့ ရောက်လာခဲ့သည်။
‘အလိုက်ကမ်းဆိုးမသိတဲ့ကောင်၊ တစ်သက်လုံး တစ်ယောက်တည်း နေဖို့ပဲ တန်တယ်’ မိန်းကလေးနှစ်ယောက်မှာ စိတ်ဆိုးနေကြသည်။
တာအိုသခင်သည် ချင်မူ့အား တာအိုဓားဆယ့်လေးခန်းကို လေ့လာခွင့်ပေးခဲ့ပြီး ချင်မူကလည်း အခွင့်အရေးကို ကောင်းစွာဖမ်းဆုပ်နိုင်ခဲ့သည်။ တာအိုဓားကို ဓားသိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း သင်္ချာသဘောတရားများနှင့် ဓားသဘောတရားများက မည်သည့်သိုင်းကွက်နှင့်မဆို ပေါင်းစည်းနိုင်ပုံရရာ လေ့လာခဲ့ခြင်းက အကျိုးမယုတ်ခဲ့ပေ။
တစ်နာရီကြာသော် ချင်မူ၏ ချီစွမ်းအင်မှာ တစတစ လျော့နည်းလာပြီး လှိုင်းအလျဉ်လည်း နှေးကျသွား၏။ သုံးယောက်သား ရေထဲ တဖြည်းဖြည်း နစ်လာကြသည်။ လင်ယွိရှို့က မှော်အစီအရင်တစ်ခုကို ကမန်းကတန်း ထုတ်၍ ရေနဂါးတစ်ကောင်အား သူတို့ကို သယ်ဆောင်သွားစေလိုက်သည်။
ချင်မူမှာ ရေနဂါးပေါ်တွင် ရပ်လိုက်မှ သက်တောင့်သက်သာ ဖြစ်သွားရာ လင်ယွိရှို့အား သူတို့ကို ခေါ်ဆောင်သွားစေလိုက်သည်။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာသည် မှော်အစီအရင်ပညာရပ်၊ ဓားပျံထိန်းချုပ်ပညာရပ် သို့မဟုတ် သိုင်းကွက်အသားပေးပညာရပ်သုံးမျိုးလုံးကို ကောင်းကင်နတ်သိုင်းအဆင့်သို့ မြှင့်တင်ပေးနိုင်၏။ ကောင်းကင်နတ်သိုင်းအဆင့်ရောက်သည့်အခါ စွမ်းအားက အဆများစွာ ပိုမိုပြင်းထန်သွားမည်။
ဤအဆင့်တွင် ကျင့်စဉ်များသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာတို့ကို အတူတကွချိတ်ဆက်၍ ကောင်းကင်ရတနာသုံးပါးထဲရှိ စွမ်းအားကို ထုတ်သုံးနိုင်သွား၏။ ချင်မူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က ကျင့်စဉ်တစ်ခုဖြစ်သော်လည်း သိုင်းကွက်များမပါရှိ။ သစ်ခုတ်သမား၏ သင်ကြားပို့ချမှုက သိုင်းကွက်များပါဝင်သော်လည်း လမ်းစဉ်မရှိ။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက လောကတစ်ခွင်ကို ခြုံငုံထားသော်လည်း ပေါင်းစည်းကျင့်စဉ်မရှိ။ သို့သော် သုံးခုလုံးပေါင်းလိုက်လျှင် ရုပ်လုံးပေါ်လာသည်။
သို့သော် ချင်မူ မတင်းတိမ်မသေးပေ။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၏ အသွင်ပြောင်းလဲမှုများ၊ တထာဂတ၏ မဟာယနသုတ္တန်၏ မယိမ်းယိုင်ခြင်းနှင့်အတူ တာအိုဓား၏ သင်္ချာသဘောတရားများကိုလည်း သူ၏ကျင့်စဉ်ထဲတွင် ထည့်ပေါင်းချင်သည်။
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်သည် အသွင်ပြောင်းလဲရာ၌ ပြောင်မြောက်သည့်အပြင် ဧကရာဇ်ယန်ဖုန်းကိုယ်တိုင် သူ့အား သင်ကြားထောက်ပြပေးခဲ့ခြင်းဖြစ်သည်။ ချင်မူ ဤကျင့်စဉ်ကို ကျင့်ကြံခဲ့ရသောအချိန်က တိုတောင်းခဲ့သော်လည်း အသွင်ပြောင်းလဲမှုများ၏ အနှစ်သာရအစစ်အမှန်ကို နားလည်သဘောပေါက်ခဲ့ပြီးသားဖြစ်၏။
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၏ အသွင်များက နှလုံးသားထဲ၌ တည်ရှိသည်ဟု ဆိုနိုင်သည်။ နတ်နဂါးများတွင် အသွင်ပြောင်းထောင်သောင်းချီ ရှိပြီး အပြောင်းအလဲများမှတစ်ဆင့် တခြားဂိုဏ်းများ၏ ဓားသိုင်းများ၊ မှော်အစီအရင်များနှင့် သိုင်းကွက်အသားပေးပညာရပ်များကို ဖြိုခွင်းနိုင်၏။ နဂါးကိုးကောင်းဧကရာဇ်ကျင့်စဉ်၏ သိုင်းကွက်များက ခက်ထန်ကြမ်းတမ်းသလို၊ နူးညံ့ညင်သာမှုလည်း ရှိသည်။
တထာဂတ၏ မဟာယနသုတ္တန်ကတော့ မယိမ်းယိုင်ခြင်း၌ စံပြဖြစ်သည်။ တထာဂတသည် ဤသုတ္တန်ကို ချင်မူ့အား ကိုယ်တိုင်မသင်ပေးခဲ့သော်လည်း ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို ရှုစားခွင့်ပြုခဲ့၏။ ချင်မူက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လုံးကို သွားရောက်ခဲ့ပြီးဖြစ်၍ တထာဂတ၏မဟာယနသုတ္တန်ကို နားလည်ထားသည်ဟု ဆိုလိုသည်။
တထာဂတ၏ မဟာယနသုတ္တန်တွင် ကောင်းကင်ဘုံအဆင့်နှစ်ဆယ် ရှိသည်။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ နတ်ဘုရားများ၊ မိစ္ဆာများ၏ ကောင်းချီးများက လူတစ်ယောက်အား မြင့်းမိုရ်တောင်ပမာ မယိမ်းယိုင် တည်မြဲခိုင်မာစေသည်။
တာအိုဓားကမူ တွက်ချက်မှု စွမ်းရည်ကို ပိုင်နိုင်ပြီး မိုးနှင့်မြေ၏ သဘာဝတရားနှင့် မဟာတာအိုကို သင်္ချာသဘောတရားများဖြင့် ဖြေရှင်းသည်။ ဆယ်လေးချက်မြောက်ဓားကွက်ဆိုလျှင် တာအိုနှင့်နီးကပ်နေပြီဖြစ်သည်။
ဤကျင့်စဉ်သုံးမျိုးလုံးကို ထိုးထွင်းသိမြင်၍ ကောင်းကွက်များကို ပေါင်းစည်းကျင့်စဉ်အဖြစ် ပေါင်းစည်းနိုင်လျှင် ချင်မူ ခုန်ပျံကျော်လွှား တိုးတက်သွားပြန်လိမ့်မည်။
သို့သော် ပြီးခဲ့သောရက်များအတွင်း စိတ်ရောကိုယ်ပါ နှစ်ထားခဲ့သည့်တိုင် သိပ်အရာမထင်ခဲ့ပေ။ သူ ပေါင်းစည်းချင်သော ကျင့်စဉ်များက ထိပ်တန်းကျင့်စဉ်များ ဖြစ်ကြသည်။ သက်ဆိုင်ရာဂိုဏ်းကိုယ်စီ၏ အဆင့်အမြင့်ဆုံးကျင့်စဉ်များ ဖြစ်သည်သာမက အထွတ်အမြတ်သိုင်းကွက်များလည်း ဖြစ်၏။
အကုန်လုံးကိုသာ ပေါင်းစည်းနိုင်လျှင် တစ်လောကလုံး၌ နံပါတ်တစ်ကျင့်စဉ် ဖြစ်သွားမည်မဟုတ်လော။
‘ငါ နည်းနည်းလောဘကြီးမိသွားတယ်’
ချင်မူမှာ ဖြေရှင်းမရသော ပုစ္ဆာတစ်ပုဒ်တွင် အချိန်ဖြုန်းမိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤကျင့်စဉ်များသည် ပြီးပြည့်စုံပြီးသားဖြစ်သည့်အတွက် သူ့အနေဖြင့် ပေါင်းစည်းလိုပါက လက်ရှိအသိအမြင်လေးဖြင့် ပေါင်းစည်းဖို့ မဖြစ်နိုင်ပေ။
သို့ဆိုလျှင် ဘာအတွက်ကြောင့် ဒုက္ခခံနေဦးမည်နည်း။
‘ငါလိုချင်တာက ဒီကျင့်စဉ်တွေရဲ့ နောက်ကွယ်က သင်္ချာသဘောတရားတွေပဲ။ ဒါကြောင့် ကျင့်စဉ်တွေကို ဘာလို့ပေါင်းစည်းစရာ လိုတော့မှာလဲ။ သဘောတရားတွေကို ပေါင်းစည်းတာက ပိုမလွယ်ကူဘူးလား’
ပင်လယ်ပြင်၏ ရှုမငြီးသော ညအလှကြားတွင် ချင်မူမှာ ဉာဏ်အလင်းပွင့်သွားပြီး စိတ်အေးသွား၏။ သူလည်း ပို၍လှပလာသော ပင်လယ်ပြင်နှင့် သူ့ဘေးရှိ မိန်းကလေးနှစ်ယောက်ကို ခံစားရလာသည်။
ကျင့်စဉ်များကို ပေါင်းစည်းခြင်းက သူ မလုပ်နိုင်သော အရာဖြစ်သည်။ ထို့အပြင် ထိုသို့လုပ်လျှင် အသေးစိတ်အာရုံစိုက်ရင်း အခြေခံသဘောတရားများကို လျစ်လျူရှုမိလိမ့်မည်။ ကျင့်စဉ်များအစား သင်္ချာသဘောတရားများကို ပေါင်းစည်းခြင်းက များစွာပို၍ လွယ်ကူသည်။
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် ချင်မူက လမ်းစဉ်အပေါ်တွင်သာ တစိုက်မတ်မတ် ရှေ့ရှုမနေတော့ဘဲ စိတ်လက်ပေါ့ပါးလာသည်။
ပင်လယ်ရေသူမျိုးနွယ်စု၏ ပိုင်နက်ကို ကျော်လာသည့်အခါ ပင်လယ်ပြင်သည် တိတ်ဆိတ်အေးချမ်းလာ၏။ လိပ်ကြီးတစ်ကောင်က မျောလာပြီး သူတို့ကို သယ်သွားပေးမည်ဟု ပြောသည်။
ဤလိပ်ကြီးသည် သိုင်းကျင့်ထားသူဖြစ်ပြီး ပင်လယ်ပြင်ထက်၌ ကျွန်းငယ်လေးသဖွယ် မျောနေ၏။ သူက အနောက်အရပ်သို့ ကူးခတ်ရင်း သိုင်းကျင့်ရာ၌ ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများနှင့်ပတ်သက်၍ သူတို့အား မေးမြန်းနေသည်။
ချင်မူနှင့် မိန်းကလေးနှစ်ယောက်က သိသမျှအကုန်ပြောပြ၍ သူ၏သံသယများ ရှင်းသွားသည်။ လိပ်အိုကြီးမှာ အလွန်ဝမ်းပန်းတသာဖြင့် သူတို့အား အလည်လာဖို့ ဖိတ်ခေါ်၏။ ချင်မူက သိချင်စိတ်များဖြင့် မေးလိုက်သည်။ “ဆရာကြီးရဲ့အိမ်က ဘယ်မှာလဲ။ ကျွန်တော်တို့က ဘယ်ကို အလည်လာရမှာလဲ”
“ပင်လယ်လေးစင်းက ငါ့အိမ်ပဲ၊ အဲ့လိုဆိုပေမယ့်လဲ ငါ့ကျောပေါ်မှာ နေနေတဲ့ ကလေးတွေလည်း ရှိသေးတယ်”
လိပ်အိုကြီး ဤသို့ပြောသောအခါ လိပ်များစွာက လှိုင်းနှင့်အတူ တက်လာပြီး လိပ်အိုကြီးကျောပေါ် ခုန်ဆင်းကြသည်။
“မီးတွေထွန်းကြ”
လိပ်အိုကြီးက ပြုံးလိုက်သည်။ လိပ်ခွံပေါ်၌ အလင်းပုလဲကြီးများ လင်းကာ လိပ်ကျောခွံပေါ်ရှိ ကျွန်းလေးအား ဝင်းထိန်သွားစေသည်။
လိပ်သေးသေးလေးများသည် ခြေထောက်များဖြင့် မတ်တပ်ရပ်ကာ ချင်မူ၊ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ကို ဝိုင်းပတ်ကာ ကခုန်သီဆိုကြလေသည်။ လိပ်ကလေးများက ဗိုက်ခွံနှင့် ကျောခွံများကို တဗြန်းဗြန်း ရိုက်လျက် စည်းချက်ဝါးချက်ကျကျ ကခုန်နေကြ၏။
စစ်ယွင်ရှန်းက ကျွန်းပေါ်တွင် ကခုန်သီဆိုရန် ချင်မူကို ဆွဲခေါ်သွားသည်။ အတန်ငယ်လှည့်ပတ်ကပြီးနောက် ချင်မူကလည်း လင်ယွိရှို့ကို ဆွဲခေါ်သည်။ မင်းသမီးမှာ ပထမတော့ က္ကန္ဒြေကြီးနေသော်လည်း မကြာခင် အတူတူလိုက်ကလေသည်။
ညမီးပုံပွဲမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားပြီး နေထွက်လာသောအခါ လိပ်အိုကြီးက ပြောသည်။ “ကမ်းရောက်ပြီ၊ နှုတ်ဆက်ခဲ့ပါတယ် မိတ်ဆွေလေးတို့”
ချင်မူက မော့ကြည့်လိုက်ရာ သိပ်မလှမ်းတော့သော ကုန်းမြေကို လှမ်းမြင်လိုက်ရသည်။ ဆိပ်ကမ်းနှင့် အဆောက်အဦးများက နွေဦးမနက်ခင်း၏ မြူမှုန်များဖြင့် လွှမ်းခြုံခံထားရသည်။
သုံးယောက်သား လိပ်ကြီး၏ကျောပေါ်မှ ခုန်၍ ဆိပ်ကမ်းပေါ် ဆင်းလိုက်ကြသည်။
“သွားတော့မယ်နော်” လိပ်သေးသေးလေးက သူတို့ကို လက်ပြနှုတ်ဆက်သည်။
“နှုတ်ဆက်ပါတယ်” ချင်မူလည်း သူတို့ကို လက်ပြန်ပြသည်။ လိပ်အိုကြီး ပျောက်ကွယ်သွားသောအခါ ဟဲကျိုးမြို့ထဲ သူတို့ လမ်းလျှောက်ဝင်လာသည်။
“ချစ်စရာကောင်းတဲ့ ပင်လယ်တစ်စင်းပဲ” လင်ယွိရှို့က တိုးတိုးလေး ရေရွတ်သည်။
စစ်ယွင်ရှန်း၏မျက်ဝန်းများမှာ ဝေဝါးနေဆဲပင်။ “သိပ်ကြည်နူးစရာကောင်းတဲ့ ပင်လယ်ညလေး ဖြစ်ခဲ့ပေမယ့် ကုန်းမြေပေါ် ခြေချလိုက်တာနဲ့ လူ့ကမ္ဘာကို ပြန်ရောက်သွားရပြီ....”