တွေ့ဆုံခြင်းဟူသည် နောက်ကျရိုးထုံးစံမရှိ
Vol. 21 Ch. 292
အနောက်ကမ္ဘာမြေ၊ နတ်တောင်အပေါ်ရှိ ယဇ်ပလ္လင်ထက်က ကောင်းကင်ယံတွင် ..။
အလင်းရောင်များ လွင့်မျောဖြာဆင်းနေသည်။ တခဏကြာသော် ပြစ်မျိုးမှဲ့မထင် ချောမောလှပသော လူငယ်တစ်ဦး လမ်းလျှောက်ဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ ကျင့်ယန်နှင့် ယွီလျုတ်တို့၏ မျက်ဝန်းများ ရွှန်းလက်သွားသည်။ လူငယ်၏မျက်နှာထားသည် အတန်ငယ်အေးစက်နေသော်လည်း မောင်းမနှစ်ဦးကို မြင်လျှင် ရှုက်ရိပ်သမ်းသွား၏။
“သခင်လေး၊ ကြယ်ဘုရင်ချောင်က သခင်လေး လူသားဧကရာဇ်အသစ်ကို ဖယ်ရှားနိုင်အောင် ကူညီပေးဖို့ ကျွန်တော်မျိုးမတို့ ညီမနှစ်ဖော်ကို မိန့်ကြားခဲ့ပါတယ်။ ယောင်ဟွာနဲ့ ချင်းယင်က လူသားဧကရာဇ်သတင်းထောက်လှမ်းဖို့ လိုလန်ရွှေနန်းတော်ဆီ သွားပါတယ်ရှင်”
ယွီလျုတ်က နူးညံပျော့ပျောင်းသောအသံဖြင့် ပြောသည်။ “သခင်လေး၊ ကျွန်မတို့လည်း သူတို့နောက် လိုက်သွားသင့်ပါတယ်....”
ရှုရှန်းဟွာက အသာအယာ ခေါင်းညိတ်၍ ပြောသည်။ “ငါ အထက်ကောင်းကင်ဘုံမှာပဲ နေချင်တာဆိုတော့ ဒီကိစ္စကို မြန်မြန်ဖြေရှင်းရမယ်။ ဒီသေမျိုးလူ့ပြည်က စိတ်နောက်ကျိစရာများပြီး ကြာကြာနေဖို့ နေရာကောင်းမဟုတ်ပေဘူး”
ကျင့်ယန်က ပြုံးသည်။ “သခင်လေး ဒီလူ့ပြည်မှာ တမူထူးခြားတဲ့ လူသားတွေ ရှိပါတယ်။ သူတို့ကို လျှော့တွက်လို့မရပါဘူး။ လူသားဧကရာဇ်ဆိုတာလည်း ကျွန်တော်မျိုးမတို့ အထက်ကောင်းကင်ဘုံကို နှစ်ပေါင်းများစွာ ဆန့်ကျင်ဖီဆန်လာခဲ့တဲ့ ရန်သူပါ။ သူ့ကို အလွယ်တကူ ဖယ်ရှားဖို့မရနိုင်ပါဘူးရှင်”
ရှုရှန်းဟွာ တောင်ပေါ် ဆင်းလျှောက်လာနေစဉ် သူ၏ဖြူဆွတ်သောဝတ်ရုံအား ဖုန်တစ်စမျှ ကပ်ငြိခြင်းမရှိချေ။ “လူ့ပြည်မှာ ကျောက်စိမ်းမြို့တော်ငယ်၊ မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်း၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ အလယ်ကမ္ဘာမြေဆိုတဲ့ သာမန်မဟုတ်တာတွေ ရှိတယ်။ ဒီအထွတ်အမြတ်မြေတွေထဲမှာ အနောက်ကမ္ဘာမြေအောက် အားမလျော့တဲ့ ပညာရှင်တွေ ကိန်းဝပ်နေကြတယ်။ သူတို့ကို ငါ လျှော့မတွက်သလို၊ လူသားဧကရာဇ်ကိုလည်း အထင်မသေးပါဘူး။ အဲဒီမြေတွေကို ငါ သွားကြည့်ချင်ပေမယ့် သေမျိုးကမ္ဘာက ငါနဲ့မအပ်စပ်ဘူး။ ဒါကြောင့် မြန်မြန်ပြန်တာ အကောင်းဆုံးပဲ”
မိန်းကလေးနှစ်ယောက်က သူ့အား အမှီလိုက်လာသည်။
“အခု အောက်ရောက်လာပြီဆိုတော့ အလယ်ကမ္ဘာမြေက အထွတ်အမြတ်မြေတွေအကုန်လုံးကို သွားလည်ချင်တယ်” ရှုရှန်းဟွာက ပြောသည်။ “သူတို့ရဲ့ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်ပညာရပ်တွေ ဘယ်လောက်တိုးတက်လာလဲ ကြည့်ချင်တယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း တောမီးလို တရှိန်ထိုးအားကောင်းနေတာဆိုတော့ တစ်ချက်လောက်ကြည့်ဦးမှဖြစ်မယ်။ ငါ့ဆရာ၊ ကျောက်စိမ်းဧကရာဇ်က ကပ်ဘေးတစ်ခု စေလွှတ်ခိုင်းခဲ့ပေမယ့် နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်ကြောင့် ဒဏ်ရာရခဲ့တယ်။ နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်က ဘယ်လိုပုံစံလဲဆိုတာ သိပ်သိချင်မိတယ်”
မိန်းကလေးနှစ်ယောက်မှာ စိုးရိမ်စိတ်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဟဲကျိုးပြည်နယ်တွင် ...။
အရာရှိမင်းတစ်ဦးမှာ ထိတ်ထိတ်ပျာပျာ လျှောက်တင်သည်။ “အရှင့်သားက ဂိုဏ်းသခင်ချင် အန္တရာယ်မရှိမှန်း သိတာနဲ့ တခြားမြို့တွေရဲ့ ကိစ္စတွေ ဖြေရှင်းဖို့ ထွက်သွားပါပြီ”
“အစ်ကိုတော်က အခု ဘယ်ပြည်နယ်မှာလဲ” လင်ယွိရှို့က မေးသည်။
“အရှင့်သားက ပီကျိုးပြည်နယ်ကို ထွက်သွားပေမယ့် အချိန်အတော်ကြာနေပြီဆိုတော့ အခု ဘယ်ပြည်နယ်ရောက်နေမှန်း ကျွန်တော်မျိုး မသိပါဘူး”
ချင်မူက ခေါင်းညိတ်၍ ပြောသည်။ “ငါ့နတ်ဂိုဏ်းသားတွေကို စုံစမ်းခိုင်းလိုက်မယ်။ မကြာခင် မင်းသားတို့ ဘယ်ရောက်နေလဲ သိရမှာပါ”
သုံးယောက်သား ဟဲကျိုးတွင် အနားယူ၍ ဗိုက်ဖြည့်ပြီးနောက် ကောင်းကင်နတ်ဆိုးဂိုဏ်းက သတင်းပို့သည်။ “အရှင့်သားက ဝမ်ကျိုးပြည်နယ်ကို ရောက်နေပါတယ်”
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏မြေပုံကို ဖွင့်ကြည့်သည်။ “ဒါဆို အိမ်ရှေ့မင်းသား သွားမယ်နောက်နေရာက ပင့်ကျင့်ကျိုးပြည်နယ် ဖြစ်လိမ့်မယ်။ မင်းသားက မြန်ချက်ပဲ”
လင်ယွိရှုသည် တောင်ပိုင်းသို့ ဦးစွာသွားခဲ့ပြီး မြစ်သင်္ချိုင်းမြို့ကို ရောက်ပြီးနောက် ရွှေမြစ်အတိုင်း အနောက်ပိုင်းသို့ ဆက်သွား၏။ လမ်းတစ်လျှောက် ရေလွှဲဆည်များ၊ ရေကာတာများ တည်ဆောက်ပြုပြင်သွားခြင်း ဖြစ်လိမ့်မည်။
လင်ယွိရှုက ဧကရာဇ်ယန်ဖုန်းကဲ့သို့ ရဲဝင့်မပြတ်သားသော်လည်း အင်ပါယာတစ်ခွင်ရှိ ရေမြေအနေအထားများကို စီမံခန့်ခွဲရာ၌ ထူးချွန်သည်။ စက်မှုလက်မှုဝန်ကြီးဌာန၏ အကူအညီကြောင့် သူ၏စီမံခန့်ခွဲနိုင်နှုန်းက ပိုမိုမြန်လာသည်။ ထိုမျှသာမက လင်ယွိရှုသည် အိမ်ရှေ့စံဟောင်းလင်ယွိရှကဲ့သို့ ထီးနန်းလုဖို့ စိတ်မဝင်စားချေရာ ဧကရာဇ်ယန်ဖုန်းမှာ လွန်စွာစိတ်အေးလက်အေး ဖြစ်ရ၏။
ဖန်းယွင်ရှောင်၏ တိမ်လိုက်သင်္ဘောကြောင့် လင်ယွိရှုအား ဖမ်းမရပေ။ လဝက်ကြာသော် ချင်မူနှင့် မိန်းကလေးနှစ်ယောက် ပင့်ကျင့်ကျိုးပြည်နယ်သို့ ရောက်လာခဲ့သော်လည်း လင်ယွိရှုက ပင့်ကျင့်ကျိုးမှ ထွက်ခွာ၍ အနောက်ပိုင်းရှိ မော်ကျိုးပြည်နယ် သို့ ရောက်နေခဲ့လေပြီ။
မော်ကျိုးပြည်နယ်က မဟာမိုးခြိမ်းသံကျောင်းတော်နှင့် သိပ်မဝေး။ မီတာထောင်ဂဏန်းမျှသာ ကွာသည်။
မော်ကျိုးပြည်နယ်သို့ အမှီလိုက်မှ လင်ယွိရှို့မှာ အစ်ကိုတော်နှင့် ပြန်တွေ့ရပြီး မျက်လုံးများရဲလာသည်။ ဤရက်များအတွင်း လင်ယွိရှ စိတ်ပင်ပန်း၍ ပိန်ကျသွားခဲ့သည်မှာ သိသာလှ၏။
“ဘီလူးချင်က ညီမတော်ကို ဘာမှမလုပ်ဘူးမလား” လင်ယွိရှုက သူမကို နှစ်ယောက်ကြားတိုးတိုး မေးသည်။
လင်ယွိရှို့မှာ ရှက်လည်း ရှက်၊ စိတ်လည်း တိုတိုဖြင့် ပေါက်ကွဲတော့သည်။ “အစ်ကိုတော် ဘာတွေလျှောက်တွေးနေတာလဲ။ ကောင်းကင်နတ်မယ်ရှန်းလည်း ရှိနေခဲ့တာကို”
လင်ယွိရှုက ခြောက်ကပ်ကပ် ရယ်သည်။ “ညီမတော်အတွက် စိတ်ပူလို့တောင် မရဘူးလား။ ဘီလူးချင်က....”
လင်ယွိရှို့က သူ့ကို မျက်စောင်းထိုးသည်။ “သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်၊ အစ်ကိုတော်က သူ အရင်အိမ်ရှေ့မင်းသားကို သတ်လိုက်တော့မှ အိမ်ရှေ့မင်းသားဖြစ်လာတာနော်။ ဘီလူးချင်လို့ ကြပ်ကြပ်ခေါ်နေ၊ ဟိုက အစ်ကိုတော့်ခေါင်းကိုပါ လာဖြတ်ပြီး ညီမလေးကို အိမ်ရှေ့မင်းသမီးအဖြစ် တင်မြှောက်လိုက်လိမ့်မယ်”
လင်ယွိရှု ရင်ထဲ အောင့်သွားသည်။ “ချစ်သူတောင် မဟုတ်သေးတဲ့ ယောက်ျားတစ်ယောက်ကို ကာကွယ်ပြီး အစ်ကိုလုပ်သူကိုတောင် ကပ်ကပ်လန် ရန်တွေ့နေတယ်။ အေး ဒါနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က ဒီအနီးမှာရှိတယ်။ မဟာမိုးခြိမ်းသံကျောင်းတော် သိမ်းပိုက်ထားတဲ့မြေတွေကို အင်ပါယာလက်ထဲ ပြန်အပ်ဖို့ အစ်ကိုတော် အမိန့်ထုတ်ထားပြီးပြီ။ ကျောင်းတော်နဲ့က သိပ်မလှမ်းဘူးဆိုတော့ ညီမတော် သတိနဲ့နေပါ။ အစ်ကိုတော်တော့ ဘုန်းတော်ကြီးတစ်ပါးပြီးတစ်ပါး လာအလှူခံနေလို့ ခေါင်းကိုက်နေတယ်”
လင်ယွိရှို့၏အကြည့်များ လှုပ်ခတ်သွားသည်။ “မြေတွေ ပြန်ပေးဖို့ အလှူခံနေတာလား”
လင်ယွိရှုက ခေါင်းညိတ်၏။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မြေတွေက အနီးပတ်ဝန်းကျင်မှာ အဖွံ့ဖြိုးဆုံးလယ်ယာမြေတွေပဲ။ မဟာမိုးခြိမ်းသံကျောင်းတော်က ဧကရာဇ်ကို သတ်ပြီး ဧကရာဇ်အသစ် တင်မြှောက်ဖို့ အကွက်ချပုန်ကန်ခဲ့တာမလို့ သူတို့မြေတွေကို အစ်ကိုတော် ပြန်သိမ်းလိုက်တာ။ သူတို့ကို မကွပ်မျက်ခဲ့ပေမယ့် ခဏပြီးခဏ လာအလှူခံနေတာလေ ဟူးးးးးး.... အစ်ကိုတော်က ပြည်သူပြည်သားတွေအတွက် ရေမြေအနေအထားစီမံကြည့်ရှုပေးဖို့ပဲ ထွက်လာတာ။ ဒါပေမဲ့ ဒီနေရာကြောင့် အစ်ကိုတော်ရဲ့ ခရီးဖင့်ရလိမ့်မယ်”
ပြောရင်းဆိုရင်းမှာပင် အပြင်မှ ရှင်းလင်းပြတ်သားသောအသံတစ်သံ ထွက်လာသည်။ “ဒီကဘုန်းကြီးအိုကြီး ဒကာလေးဆီက အလှူခံပါတယ်”
လင်ယွိရှုမှာ ရယ်ရခက်ငိုရခက်ဖြင့် အပြင်ထွက်သွားသည်။ ချင်မူလည်း သူ့အနောက်မှ လိုက်သွားရာ မိစ္ဆာနှိမ်သပိတ်တစ်လုံးကို ပိုက်လျက် သူတို့အရှေ့၌ ရပ်နေသော မျက်နှာဝါဝါဖြင့် ခပ်ပိန်ပိန်ရဟန်းတစ်ပါးကို မြင်လိုက်ရသည်။ စစ်သည်များက သူ့အား ချီမသွားချင်သော်လည်း မည်မျှအားထည့်ထည့် ရဟန်း၏ခန္ဓာကိုယ်က ကြွမလာပေ။
“ဒီဘုန်းကြီးအိုကြီးက သပိတ်အရွယ် မြေပမာဏကိုပဲ အလှူခံချင်တာပါ။ ဒကာလေးအနေနဲ့ ကုသိုလ်ပြုနိုင်တော်မူမလား” ရဟန်းက အိမ်ရှေ့မင်းသား ထွက်လာသည်ကို မြင်လျှင် မျက်လွှာချသည်။
“ကိုယ်တော်ရဲ့ သပိတ်က မဟာမိုးခြိမ်းသံကျောင်းတော်က အရင်တထာဂတရဲ့ မိစ္ဆာနှိမ်သပိတ်တော် မဟုတ်လား” လင်ယွိရှုက ခနဲ့သည်။ “တခြားဂိုဏ်းမှာ ထားရင် ဒီသပိတ်က ဂိုဏ်းအမွေအနှစ်ရတနာတစ်ပါး ဖြစ်လိမ့်မယ်။ သပိတ်ရဲ့အရွယ်က မိုင်ပေါင်းရာချီ ကျယ်ပြန်တဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ နယ်နိမိတ်နဲ့ ညီမျှလောက်တယ်။ ကိုယ်တော်၊ ကိုယ်တော်က သာမန်ရဟန်းမဟုတ်တန်ဘူး။ သာမန်ရဟန်းသာဆို ဂိုဏ်းအမွေအနှစ်ရတနာကို ကိုင်ဆောင်နိုင်မှာမဟုတ်ဘူး”
ထိုအခိုက်တွင် ရဟန်းက ချင်မူကို မြင်သွား၍ မျက်ခုံးများပင့်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်”
ချင်မူက ပြုံး၍ သူ့အား အရိုအသေပေးလိုက်သော်လည်း ရဟန်း၏မျက်နှာက မသာယာတော့ပေ။ နန်းစိုက်မြို့တော်၏ ကောင်းကင်ကျောင်းဆောင်တိုက်ပွဲတွင် မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်း၏ ထိပ်သီးပညာရှင်များစွာ သေသူကသေ၊ ဒဏ်ရာအပြင်းအထန်ရသူက ရခဲ့သည်။ ထိပ်သီးပညာရှင်အတော်များများမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏လက်ချက်ကြောင့် သေပွဲဝင်ခဲ့ရသည့်အပြင် ဉာဏ်အလင်းပွင့်ပြီးသား ရဟန်းများနှင့် ကောင်းကင်တံတားအဆင့် တာအိုရသေ့များစွာကိုလည်း ကျဆုံးစေခဲ့သည့်အတွက် ရဟန်းအင်အား အင်မတန်လျော့ကျသွားခဲ့၏။
သည့်အတွက်ကြောင့်သာမဟုတ်လျှင် လင်ယွိရှုအနေဖြင့် မဟာမိုးခြိမ်းသံကျောင်းတော်၏ မြေများကို မည်ကဲ့သို့ ပြန်သိမ်းနိုင်ခဲ့မည်နည်း။
မျက်နှာဝါကိုယ်တော်က ဘာမှမပြောဘဲ ခပ်သုတ်သုတ် ထွက်သွားသည်။
လင်ယွိရှုက ချင်မူကို ကြည့်၍ အသံနှိမ့်ပြောသည်။ “အလှူတောင်မခံဘဲ ပြန်သွားတာကြည့်ရင် မင်းကို ပြဿနာရှာဖို့ စစ်ကူသွားခေါ်တာပဲ ဖြစ်ရမယ်။ သတိထားဦး”
ချင်မူက ခေါင်းခါသည်။ “စိတ်မပူပါနဲ့။ တထာဂတက သူ့ကို အာရုံမရှိဘူး”
မျက်နှာဝါကိုယ်တော်က မဟာမိုးခြိမ်းသံကျောင်းတော်သို့ လျှပ်စီးတန်းသဖွယ် လျင်မြန်စွာ ပြန်သွားသည်။ ရွှေတောင်ထွတ်ဆီ ရောက်သောအခါ တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့လိုက်ရ၏။ ကျောင်းဆောင်အသီးသီးမှ အဆောင်မှူးကိုယ်တော်အားလုံးလည်း တရုံးရုံး စုဝေးရောက်ရှိနေကြသည်။ ကိုယ်တော်တချို့မှာ ပူဆွေးနေကြပြီး ဆင်းရဲခြင်းဆရာသခင်တို့ပင် တရားပွဲတက်ရောက်နေကြလေသည်။
လက်ရှိအချိန်တွင် တထာဂတက တရားပွဲကျင်းပနေပြီး အဝါရောင်သင်္ကန်းနှင့် မြက်ခြေနင်းကို ချွတ်သည်။ ကိုယ်ပေါ်ရှိ ဗုဒ္ဓရတနာများကို ဖယ်ခွာပြီးနောက် တထာဂတမှာ စိတ်လက်ပေါ့ပါးသွားသည်။
သူ့အနောက်၌ ရဟန်းအိုကြီးကျင့်မင်က တိတ်ဆိတ်စွာ ရပ်နေသည်။
“ဒါက....”
မျက်နှာဝါကိုယ်တော်၏နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခတ်သွား၏။ တထာဂတက ပြုံးလျက် သူ့ကို လှည့်ကြည့်သည်။ “ညီတော်နန်ယဲ့၊ ကိုယ်တော်ရဲ့ ကံတော်က ကုန်ခါနီးနေပြီ။ ဒါကြောင့် တထာဂတနေရာကနေ အနားယူပါတော့မယ်။ ကိုယ်တော့်ရဲ့ အပုပ်ခန္ဓာကြီးဟာ အနှောင်အဖွဲ့တွေကနေ လွတ်လပ်သွားပြီဆိုတော့ သဗ္ဗုညုတဉာဏ်တော်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပဲ အေးအေးချမ်းချမ်း စောင့်ရင်း လမ်းလျှောက်ထွက်ဖို့ တွေးထားတယ်။ ကိုယ်တော် မဂ်ဖိုလ်ရသွားရင်တော့ မဟာမိုးခြိမ်းသံကျောင်းတော်ကို ဆက်လက်ကာကွယ်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားစေဖို့ ကျင့်မင်က ကိုယ်တော်ရဲ့ ရုပ်ကလာပ်ကို ပြန်ပင့်လာလိမ့်မယ်”
မျက်နှာဝါကိုယ်တော်မှာ ပူဆွေးနေသော်လည်း ပူဆွေးပြရန် မသင့်တော်ပေ။ “တထာဂတဆိုတာ ဖယ်ရှားလို့မရသလို၊ ပြန်လည်အပ်နှင်းလို့လည်း မရတဲ့ အဆင့်တစ်ဆင့်ပါ ဘုရား”
တထာဂတက ပြုံးသည်။ “ငါ့ရှင် ကိုယ်တော် ပြန်လည်အပ်နှင်းနေတာက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ သုံးလောကထွတ်ထားအရှင်သူမြတ်ထိုင်ခုံပဲ”
“ဒါဆို ဘယ်သူက တထာဂတအဖြစ် အဆင့်တက်မှာလဲ အရှင်ဘုရား” မျက်နှာဝါကိုယ်တော်နန်ယဲ့က မေးသည်။။
တထာဂတက သုံးလောကထွတ်ထားအရှင်သူမြတ်၏ ထိုင်ခုံကို လက်ညှိုး၍ ပြုံးသည်။ “တထာဂတဖြစ်လာတဲ့သူက ဒီထိုင်ခုံမှာ ထိုင်လိမ့်မယ်၊ တထာဂတမဟုတ်တဲ့သူတွေ ထိုင်နိုင်မှာမဟုတ်ဘူး။ မစိုးရိမ်ပါနဲ့ ငါ့ရှင်။ အဲဒီနေရာမှာ ထိုင်မယ့် တထာဂတ ပေါ်လာပါလိမ့်မယ်။ ငါကိုယ်တော်ရဲ့ တာအိုရောင်ရင်း ရောက်နေပြီ။ ကိုယ်တော် ကြွတော့မယ်”
နန်ယဲ့မှာ မေးခွန်းများ မေးချင်သေးသော်လည်း တထာဂတက တောင်အောက် ကြွသွားချေပြီ။
နန်ယဲ့ကိုယ်တော်မှာ သုံးလောကထွတ်ထားအရှင်သူမြတ်၏ ထိုင်ခုံကို ကြည့်ရင်း ငေးငိုင်နေသည်။
တောင်အောက်တွင် ရသေ့အိုတစ်ပါး၊ ရသေ့ပျိုတစ်ပါးက တောင်တံခါးမုခ်ဝဘေး၌ ရပ်နေကြသည်။
“တာအိုသခင်၊ တောက်ကျစ်” တထာဂတနှင့် ရဟန်းအိုကြီးကျင့်မင်က ခရီးသည်နှစ်ဦးကို နှုတ်ဆက်၏။
တောက်ကျစ်လင်းရွှမ်နှင့် တာအိုသခင်ကလည်း အလျင်အမြန် ပြန်လည်နှုတ်ဆက်သည်။ တာအိုသခင်က ပြုံးသည်။ “ကိုယ်တော်ကြီး လွတ်လပ်သွားပြီလား”
တထာဂတက ပြုံး၍ ခေါင်းညိတ်သည်။ “လွတ်လပ်သွားပြီ။ သွားကြစို့”
အင်အားအကြီးဆုံး သမာသမတ်အထွတ်အမြတ်မြေများ၏ ဂိုဏ်းသခင်နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးရင်း တစ်ပြိုင်တည်း ပြောလိုက်ကြ၏။ “မင်းလည်း အိုနေပြီ”
တာအိုသခင်က သက်ပြင်းချသည်။ “ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားကြည့်ချင်တယ်။ အဲဒီမှာ မသေမျိုးတန်ခိုးရှင်က အပူအပင်ကင်းကင်း လွတ်လွတ်လပ်လပ် နေထိုင်ကြတယ်လို့ ကြားတယ်။ သူတို့က တာအိုတရားကို အမှန်တကယ် နားလည်သိမြင်ထားတယ်တဲ့လေ”
“ငါကတော့ မဟာမြို့ပျက်ကို အရင်ဆုံးသွားကြည့်ချင်တယ်” တထာဂတက ပြောသည်။
တာအိုသခင်က သူ့ကို ငဲ့စောင်းကြည့်၏။ “သုံးလောကထွတ်ထားအရှင်သူမြတ် မဟုတ်တော့တာတောင်မှ မဟာမိုးခြိမ်းသံကျောင်းတော်ကို လွှတ်မချနိုင်သေးဘူးပဲ”
“မင်းလည်း အတူတူပဲမဟုတ်လား” တထာဂတက ပြုံးသည်။ “တာအိုသခင်ရာထူးကနေ နုတ်ထွက်ထားတာဆိုရင် ဘာကြောင့် တာအိုသခင်ငယ်လေးကို ခေါ်လာသေးတာလဲ။ မထွက်သွားခင် လူငယ်လေးကို မသေမျိုးတန်ခိုးရှင်တစ်ဦးဖြစ်လာအောင် ပျိုးထောင်ပေးချင်နေတာမဟုတ်ပေလား”
တာအိုသခင်က သက်ပြင်းချကာ ပြောသည်။ “မဟာမြို့ပျက်ကို အရင်ဆုံး သွားကြတာပေါ့”
လေးယောက်သား မဟာမြို့ပျက်ဆီ လျှောက်သွားကြသည်။
သူတို့ထွက်သွားပြီးမကြာခင် ခပ်ငယ်ငယ် သခင်လေးတစ်ဦးက မောင်းမလေးဦးကို ခေါ်၍ တောင်တံခါးမုခ်ဝသို့ ရောက်ရှိလာသည်။ မောင်းမလေးဦးသည် အဝတ်အစားအရောင်မတူသည်သာမက ကျောက်စိမ်းပန်းအိုး၊ ကုချင်း၊ ဓားတစ်လက်နှင့် ဖီဖာတို့ကို ကိုယ်စီကိုင်ထားကြ၏။ သူတို့က မုခ်ဝတွင် ကြိုဆိုနေသော ရဟန်းကို ကြည့်ကာ ပြောသည်။ “အထက်ကောင်းကင်ဘုံက သခင်လေးရှုရှန်းဟွာ အလည်လာပါတယ်”
“အထက်ကောင်းကင်ဘုံတဲ့လား”
ဧည့်ကြိုကိုယ်တော်မှာ ရင်ထဲလှုပ်ခတ်သွားပြီး သတင်းပို့ရန် ချက်ချင်း တောင်ပေါ်တက်သွားသည်။ သူ တောင်ထွတ်သို့ ရောက်သည့်အခါ နန်ယဲ့ကိုယ်တော်နှင့် ကျန်ကိုယ်တော်များ အမူအရာအကြီးအကျယ် ပျက်ယွင်းသွားကြ၏။ အကုန်လုံး အတန်ငယ် ဗျာများသွားကြသည်။
“အထက်ကောင်းကင်ဘုံက လူတွေ လာတာဆိုတော့ ဘယ်လိုလုပ်ရမလဲ။ တထာဂတနေရာကလည်း လစ်လပ်နေတယ်။ အထက်ကောင်းကင်ဘုံက ဧည့်သည်တော်မြတ်တွေကို ကြိုဆိုနိုင်တဲ့ အရည်အချင်း ဘယ်သူမှာ ရှိလောက်လဲ”
“အရင်ဆုံး ဗျာများမနေကြနဲ့” နန်ယဲ့ကိုယ်တော်က မိန့်သည်။ “ဒီသခင်လေးရှုရှန်းဟွာကို အပေါ်ကို အရင်ဖိတ်ခေါ်ရအောင်။ မဟုတ်ဘူး ငါတို့အားလုံး သူ့ကို သွားကြိုသင့်တယ်။ ထုံးစံကို မမေ့ကြနဲ့”
ရဟန်းအားလုံး တောင်အောက်ဆင်းလိုက်ရာ တောင်တံခါးမုခ်ဝ၌ မိန်းမလှလေးဦးဖြင့် ရပ်နေသော သခင်လေးတစ်ဦးကို တွေ့လိုက်ရသည်။ ငါးယောက်လုံးသည် အလွန်တင့်တယ်မြင့်မြတ်နေ၏။ နန်ယဲ့ကိုယ်တော်က ရှေ့ထွက်ကာ ပြော၏။
“အော်မီတော်ဖော်…”
“ကိုယ်တော်က တထာဂတမဟုတ်ဘူးလား” ရှုရှန်းဟွာ၏အကြည့်က နန်ယဲ့ကိုယ်တော်၏မျက်နှာထက်သို့ လျှပ်စီးသဖွယ် ကျရောက်လာပြီး သူက ခေါင်းယမ်းသည်။ “တထာဂတဆို ဒီလိုလုပ်နေမှာမဟုတ်ဘူး။ တထာဂတက ဘယ်မှာလဲ”
“ဟို...” နန်ယဲ့ကိုယ်တော်က ပြောသည်။ “သုံးလောကထွတ်ထားအရှင်ဘုရားက အခုလေးတင် အနားယူသွားလို့ ဒီနေ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ တထာဂတ မရှိတော့ပါဘူး”
ရှုရှန်းဟွာက ရဟန်းများကို အာရုံမစိုက်ဘဲ လှည့်ပြန်သွားသည်။ မောင်းမလေးဦးမှာ ချက်ချင်း အမှီလိုက်သွားပြီး အစိမ်းရောင်ဝတ်ရုံနှင့် ယွီလျုတ်က မေး၏။ “သခင်လေး ဘာလို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို မဝင်တာလဲ”
ရှုရှန်းဟွာက ခေါင်းယမ်းသည်။ “တထာဂတက အနားယူသွားပေမယ့် တထာဂတအသစ် မရှိသေးတာက တောင်တစ်တောင်လုံးအပေါ်မှာ တထာဂတဖြစ်ထိုက်တဲ့ ရဟန်းတစ်ပါးမှ မရှိလို့ တထာဂတက အခုလို ထွက်သွားတယ်လို့ ဆိုလိုတယ်။ တထာဂတကိုယ်တိုင်တောင် သူ့တောင်ပေါ်က ရဟန်းတွေကို စိတ်တိုင်းမကျရင် ငါက ဘာကြောင့် သူတို့ရဲ့အစွမ်းအစတွေကို သွားကြည့်နေဦးမှာလဲ”
ချင်းယင်က ပြုံးသည်။ “ဒါဆို သခင်လေးက သူတို့ကို မကြည်ညိုဘူးပဲ။ သခင်လေး၊ ကျွန်မတို့ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတွေကို တွေ့တုန်းကလည်း တစ်ယောက်မှ အရည်အချင်းမရှိခဲ့ဘူး။ သူတို့ရဲ့ဥသျှောင်မှော်ဆရာက အရည်အချင်းမှီရုံလေး မှီပေမယ့် တိုက်တောင်မတိုက်ခိုက်ရသေးဘူး၊ သခင်လေးကို ထွက်တွေ့ရမှာ ကြောက်လို့ ရှောင်နေခဲ့တယ်။ ဒီတစ်ကြိမ်လည်း မဟာမိုးခြိမ်းသံကျောင်းတော်မှာ တွေ့သင့်တွေ့ထိုက်တဲ့ ကိုယ်တော်တစ်ပါးမှ မရှိမှတော့ တာအိုဂိုဏ်းကို သွားကြမလား”
ရှုရှန်းဟွာက ခေါင်းညိတ်ကာ ပြောသည်။ “တာအိုဂိုဏ်းမှာ တာအိုဓားဆယ်လေးခန်း ရှိတယ်။ ငါ့ဆရာပြောတာတော့ တာအိုဓားတွေဟာ သိပ်ပြောင်မြောက်တယ်တဲ့။ တစ်ချက်လောက်သွားကြည့်လည်း အကျိုးမယုတ်ပါဘူး”
သူတို့သည် မော်ကျိုးပြည်နယ်သို့ ရောက်လာကြပြီး ရွှေမြစ်အထက်ပိုင်းသို့ သွားကြ၏။ သင်္ဘောတစ်စင်းတွေ့၍ မြစ်အတိုင်း စုန်ဆင်းရန် ပြင်နေစဉ် မြစ်၏အတိမ်အနက်ကို တိုင်းတာနေသော လူငယ်တစ်ယောက်အား မြစ်လယ်ခေါင်တွင် မြင်လိုက်ရသည်။
လူငယ်က ချီစွမ်းအင်ကို ပေတံအဖြစ် သုံးကာ တိုင်းနေသည်။ သူ့လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ချီစွမ်းအင်ကြိုးမျှင်များသည် မြစ်ထဲ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး လူငယ်က ထိုသို့လုပ်ပြီးတိုင်း မြစ်၏အနက်ကို ပြောနေသည်။ သူ့ဘေးတွင် အရာရှိမင်းတစ်ဦးက စုတ်တံတစ်ချောင်းဖြင့် အတိုင်းအတာများအား ရေးမှတ်နေ၏။
ရှုရှန်းဟွာက လှေကို ရပ်၍ လူငယ်အား တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။
လူငယ်က သူ့ကို သတိပြုမိဟန်တူပြီး လှမ်းကြည့်ကာ သွားဖြူဖြူများ ပေါ်လာသည့်တိုင်အောင် တောက်ပစွာ ပြုံးပြလေသည်။ အင်မတန် နှစ်လို့ဖွယ်ကောင်းလှ၏။
ရှုရှန်းဟွာလည်း အပြုံး၏သက်ရောက်မှုကြောင့် ပြန်ပြုံးပြလိုက်မိသည်။
သူ့ဘေးရှိ မိန်းကလေးလေးဦး၏ နှလုံးသားများမှာတော့ သူ့အပြုံးကြောင့် အရည်ပျော်ကျသွားကြ၏။
“သခင်လေး ပြုံးနေတယ်”
ရှုရှန်းဟွာသည် မြစ်လယ်ခေါင်ရှိ လူငယ်ကို နှုတ်ဆက်၍ မေး၏။ “နောင်တော်၊ လှေပေါ်မှာ စကားနည်းနည်းပြောချင်လို့ အချိန်များရမလား”
“ခဏလေးစောင့်ပါဦး နောင်တော်၊ ရေအနက်တိုင်းနေတာလေး လက်စသတ်လိုက်ဦးမယ်”
ရှုရှန်းဟွာက ခဏစောင့်နေသည်။ လူငယ်သည် ရေအနက်တိုင်းတာပြီးနောက် သင်္ဘောပေါ် ဆင်းလာပြီး မထိုင်ခင် တစ်ယောက်ကိုတစ်ယောက် အရိုအသေပေးလိုက်ကြ၏။