← Chapters

မူလဝိညာဉ်

Vol. 21 Ch. 293

မူလဝိညာဉ်

Vol. 21 Ch. 293

“ရေအနက်ကို တိုင်းနေရတာနဲ့ ရွှံ့တွေ ‌ပေနေပါတယ်။ နောင်တော် စိတ်မရှိပါနဲ့”

ချင်မူက သင်္ဘောပေါ်က သခင်လေးကို အကဲခတ်လိုက်ရာ ဤလူငယ်သည် လူ့ပြည်မှမဟုတ်တန်ကြောင်း ခံစားလိုက်ရ၏။ ယောက်ျားတစ်ယောက်က နတ်သားတစ်ပါးသဖွယ် တင့်တယ်ချောမောနိုင်လွန်း၍ ချင်မူမှာ မချိတင်ကဲ သက်ပြင်းချမိသည်။ “နောင်တော် ဘယ်ကလာတာလဲ မေးခွင့်ရှိမလား”

“အထက်ကောင်းကင်ဘုံက လာတာပါ”

ရှုရှန်းဟွာကလည်း ချင်မူကို အကဲခတ်နေပြီး ဤလူငယ်မှာ အလွန်ရိုးရှင်းကြောင်း မြင်လိုက်ရသည်။ သူ၏အကြည့်က အင်မတန်သန့်ရှင်းစင်ကြယ်ပြီး စိတ်အညစ်အထေးတစ်စုံတစ်ရာ ကိန်းအောင်းနေခြင်းမရှိပေ။ သို့သော် အရိုင်းဆန်ပြီး ထိန်းချုပ်ရခက်သော အငွေ့အသက်လည်း ရှိနေသည်။ “နောင်တော်ကရော ဘယ်က လာတာပါလဲ”

ချင်မူက အတန်ငယ်တွေးကြည့်သော်လည်း အထက်ကောင်းကင်ဘုံ ဆိုသည့် နေရာအကြောင်း မကြားဖူးသည့်အတွက် လျှို့ဝှက်အထွတ်အမြတ်မြေတစ်မြေ ဖြစ်လိမ့်မည်ဟု သုံးသပ်လိုက်သည်။ သူက လူငယ်၏အမေးကို ပြန်ဖြေ၏။ “ဒုက္ခိတဘိုးဘွားကျေးရွာကပါ”

ရှုရှန်းဟွာမှာလည်း ဒုက္ခိတဘိုးဘွားကျေးရွာနာမည်ကို မကြားခဲ့ဖူး၍ မှတ်ထားလိုက်သည်။ ‘လျှို့ဝှက်အထွတ်အမြတ်မြေများ ဖြစ်နေမလား’

“စောစောက နောင်တော် လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ချီစွမ်းအင်ကြိုးမျှင်တွေကို စေလွှတ်လိုက်တာ မြင်မိပါတယ်။ ကြိုးမျှင်တွေကြည့်ရတာ ဓားသေးသေးလေးတွေနဲ့ ဖွဲ့စည်းထားသလို ထင်ရတယ်။ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့တဲ့ သမားရိုးကျနည်းလမ်းနဲ့ ကွာခြားနေသလိုပဲ။ ဒါကြောင့် ကျွန်တော် အနည်းငယ်မရှင်းမလင်း ဖြစ်မိပါတယ်”

ရှုရှန်းဟွာက လက်ဖက်ရည်ဖျော်ဖို့ လက်ဖက်ခြောက်ထုပ်ကို ဖွင့်လိုက်၍ မောင်းမလေးဦးက ရေနွေးအိုးသွားတည်သည်။ အတန်ကြာစောင့်ပြီးသော် သူတို့က လက်ဖက်ရွက်များကို ရေဆူဆူထဲ ခတ်ပြီးနောက် အအေးခံလိုက်၏။

ရှုရှန်းဟွာက လက်ဖက်ရည်အိုးကို ဖုံးကာ ပြောသည်။ “နောင်တော်ရဲ့ ဓားသိုင်းက တမူထူးခြားတယ်။ ရေထဲလွှတ်လိုက်တဲ့ ချီစွမ်းအင်ကြိုးမျှင်တွေက ဘယ်ကိုမှမကွေ့ကောက်ဘဲ မြစ်ကြမ်းပြင်တည့်တည့် ထိုးဆင်းသွားတယ်။ ချီစွမ်းအင်ကြိုးမျှင်တိုင်း သဲမြေအပေါ် ကျဆင်းပြီး သဲမှုန်တွေကို နစ်မသွားစေသလို၊ မြောက်ကြွမလာစေခဲ့ဘူး။ မြစ်‌ရေစီးသန်တာကလည်း နောင်တော်ရဲ့ ချီစွမ်းအင်ကြိုးမျှင်တွေအပေါ် သက်ရောက်မရှိခဲ့ဘူး။ ဒီလိုထိန်းချုပ်နိုင်စွမ်းမျိုးဟာ တကယ်ကို ‌လေးစားထိုက်ပါပေတယ်။ အတွက်အချက်စွမ်းရည်ပိုင်နိုင်လို့ တာအိုဂိုဏ်းရဲ့ ဓားသိုင်းတွေကို လေ့လာခဲ့တာများလား”

ချင်မူမှာ အံ့အားသင့်သွားသည်။ “နောင်တော်က အမြင်စူးရှပါပေတယ်။ တာအိုဂိုဏ်းရဲ့ တာအိုဓားဆယ့်လေးခန်းကို ကျွန်တော် အမှန်တကယ် လေ့လာခဲ့ပါတယ်။ ချီစွမ်းအင်ကြိုးမျှင်တွေက အလေးချိန်မရှိလို့ ထိန်းချုပ်ရခက်တာကြောင့် မြစ်ကြမ်းပြင်တည့်တည့် ထိုးဆင်းသွားအောင် တွက်ချက်ဖို့ လိုအပ်ခဲ့တာမှန်ပါတယ်။ ကျွန်တော်က မြေဆွဲအားကို တွက်ချက်ပြီး ကြိုးမျှင်တွေ လှုပ်မသွားအောင် လုပ်ခဲ့တာပါ”

ရှုရှန်းဟွာက လက်ဖက်ရည်နှပ်ပြီးသွား၍ ချင်မူကို တစ်ခွက်ငှဲ့ပေးရင်း ပြောသည်။ “အားစိုက်မထုတ်ဘဲ ဒီလောက်များပြားတဲ့ ချီစွမ်းအင်ကြိုးမျှင်တွေကို ထိန်းချုပ်နိုင်ဖို့ ဗဟုသုတအသိအမြင်တွေနဲ့ အသေးစိတ်ဆုံးအထိ တိကျနိုင်စွမ်းတို့ လိုအပ်ပါတယ်။ အခုလို ချီစွမ်းအင်ကြိုးမျှင်တွေကို ထိန်းချုပ်သလို၊ ဓားတွေကိုသာ ထိန်းချုပ်လိုက်ရင် နောင်တော်ရဲ့ ဓားကွက်တွေက အင်မတန် ကြောက်စရာကောင်းလိမ့်မယ်။ တာအိုဓားဆယ့်လေးခန်းကပဲ ဒီလောက်အနုစိတ်တဲ့ ဓားပျံထိန်းချုပ်ပညာရပ်ဖြစ်မယ် ထင်ပါတယ်။ ဒါ့အပြင် နောင်တော်ရဲ့ ချီစွမ်းအင်ကြိုးမျှင်က တခြားသူတွေနဲ့ မတူဘူး။ ဓားချီကို ကြိုးမျှင်ဖွဲ့ရင်း ဓားကွက်ပုံစံ ပေါက်နေတယ်”

“ချီစွမ်းအင်ကြိုးမျှင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တီထွင်ထားတဲ့ ဝဲကတော့ဓားချက်ပါ” ချင်မူက အံ့ဩတကြီးဖြင့် ‌လေးစားသွားရပြန်သည်။ “နောင်တော်က သိပ်ထက်မြက်တာပဲ။ တစ်ချက်လေးကြည့်ရုံနဲ့ ကျွန်တော်ရဲ့ ချီစွမ်းအင်ကြိုးမျှင်ကို ထိုးဖောက်မြင်နိုင်တဲ့ နောင်တော့်လိုလူကို ဒါ ပထမဆုံးဆုံတွေ့ဖူးတာပဲ။ ကျွန်တော့်ကို ရှုံးဖူးတဲ့လူတွေတောင် သဘောမပေါက်ခဲ့ဘူး။ နောင်တော်က အမှန်တကယ် ထူးချွန်လှပါတယ်။ အထက်ကောင်းကင်ဘုံကလည်း သိပ်ထူးခြားမယ်ထင်ပါရဲ့”

ရှုရှန်းဟွာက ပြုံးသည်။ “ကြက်ကန်းဆန်အိုးတိုးလို့ရယ်သာ မြင်မိတာပါ။ နောင်တော့်လို တပည့်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒုက္ခိတဘိုးဘွားကျေးရွာကလည်း ထူးခြားမှာအသိသာကြီးပါ။ ကဲ ကျွန်တော်တို့ အထက်ကောင်းကင်ဘုံက လုယွမ်လက်ဖက်ရည်ရဲ့ အရသာကို မြည်းစမ်းကြည့်ပါဦး”

ချင်မူက လက်ဖက်ရည်နံ့ကို တစ်ချက်ရှူပြီးနောက် တစ်ကျိုက်မော့လိုက်သည်။ လည်ချောင်းထဲ စစစီးသွားချင်းတွင် ဖန်ခါးခါးရှိ၏။ သို့သော် ချိုမြိန်သောအရသာက သူ့လျှာပေါ်က အရသာခံအဖုလေးများဆီ စိမ့်ဝင်‌ရောက်လာကာ သွားရည်ကျလုမတတ်ပင် ဖြစ်သွားစေသည်။

လုယွမ်လက်ဖက်ရွက်များကလည်း အလွန်လှ၏။ တစ်ရွက်ချင်းစီက ရှည်မျောမျောငှက်မွှေးများသဖွယ် လက်ဖက်ရည်ခွက်၏အလယ်၊ အောက်ခြေနှင့် အပေါ်ယံတွင် မျောနေကြသည်။

“သိပ်ကောင်းတဲ့ လက်ဖက်ရည်ပဲ။ ကျွန်တော့်ကို လက်ဆောင်ပေးလို့ရမလား” ချင်မူက အားမနာလျှာမကျိုး မေးသည်။

ရှုရှန်းဟွာမှာ တွန့်ဆုတ်သွား၏။ “ဒီခရီးအတွက် လုယွမ်လက်ဖက်ခြောက်များများစားစား မယူလာမိဘူး...”

ချင်မူက ပြုံးသည်။ “နောက်ရက်ကျ အရက်လိုက်တိုက်ပါ့မယ်”

ရှုရှန်းဟွာ၏မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဖက်ခြောက်ထုပ်ကို ထုတ်၍ ချင်မူ့အား တစ်ဝက်ခွဲပေးသည်။ “ဟုတ်ပြီ။ ကျွန်တော့်တာဝန်ပြီးသွားရင် နောင်တော့်ကို ဘယ်မှာလာရှာရမလဲ”

ချင်မူက လက်ဖက်ခြောက်ထုပ်ကို သိမ်းသည်။ “နန်းစိုက်မြို့တော်မှာ ကျွန်တော်က ကျုံးစန်းအရာရှိတစ်ဦးပါ။ မြို့တော်ကို ရောက်တဲ့အခါ နန်းတွင်းကောလိပ်မှာ လာရှာနိုင်ပါတယ်”

“ဒါဆို တာဝန်ပြီးတာနဲ့ နောင်တော်နဲ့ တစ်ခွက်လောက်သောက်ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လာခဲ့ပါ့မယ်”

ထို့နောက် နှစ်ယောက်သား အရက်အစား လက်ဖက်ရည်ဖြင့် ခွက်ချင်းတိုက်လိုက်သည်။

ချွင်

ချင်မူနှင့် ရှုရှန်းဟွာက က္ကန္ဒြေမပျက်သော်လည်း သူတို့၏အင်္ကျီလက်အိုးများက ရုတ်တရက် လှုပ်ခတ်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်သွား၏။

မြစ်‌ရေပြင်မှာ လှိုင်းထန်သွားပြီး ရေများ တဝုန်းဝုန်း ပေါက်ကွဲသွားသည်။ မြောက်တက်လာသည့် လှိုင်းများက မြစ်စုန်နှင့်မြစ်ဆန်သို့ ဆန့်ကျင်ဘက် ကွဲထွက်သွားပြီးနောက် တဖောင်းဖောင်း ပေါက်ကွဲနေ၏။

သင်္ဘောပေါ်ရှိ မောင်းမလေးဦးမှာ အလန့်တကြား ထခုန်မိကြသည်။ ချင်မူနှင့် ရှုရှင်းဟွာက ကောင်းကောင်းမွန်မွန် စကားပြောနေရာမှ အဘယ်သို့ပြု၍ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြသနည်း။

ချင်မူ့မျက်နှာထက်တွင် အံ့ဩသွားသောအရိပ်အယောင် ဖြတ်ပြေးသွားပြီး ရှုရှန်းဟွာအား လေးလေးနက်နက် ကြည့်သည်။ ရှုရှန်းဟွာလည်း အတန်ငယ်အံ့အားသင့်သွားပြီး လက်ဖက်ရည်ခွက်အား နှုတ်ခမ်းနားတေ့လိုက်သည်။

လက်ဖက်ရည်နံ့ကို ခံစားပြီးနောက် ရှုရှန်းဟွာက ကျင့်ယင်၏လက်မှ ခုနစ်ကြိုးတပ်ကုချင်းကို ယူ၍ အေးအေးဆေးဆေး တီးခတ်လိုက်သည်။ ကောင်းကင်ဘုံကိုးဆင့်အလွန်မှ နတ်ဘုရားတစ်ပါးက သူ၏ခံစားချက်အစစ်အမှန်ကို ကုချင်းတေးသံဖြင့် ဖော်ကျူးဖွင့်ဟနေသယောင် နားဝင်ပီယံလှ၏။ ကောင်းကင်ဘုံ၏အလွန်မှ ဧည့်သည်များကို ဖိတ်ခေါ်သယောင်လည်း ထင်ရသည်။

ချင်မူက နားထောင်ရင်း ချီးကျူးမိသည်။ “သီချင်းသံကြောင့် ဒီလူ့ပြည်ကနေ ထွက်ခွာသွားတဲ့ ခံစားချက်ကို ရမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလူ့ပြည်ရဲ့ လူသားတစ်ယောက်ဆိုတော့ မထွက်သွားနိုင်သေးပါဘူး”

ထိုအချိန်တွင် လင်ယွိရှို့က မြစ်ကမ်းစပ်မှ လှမ်းအော်သည်။ “နွားကျောင်းသား မြန်မြန်ပြန်လာတော့”

“အေး လာပြီ” ချင်မူက လင်ယွိရှို့ကို ပြန်အော်လိုက်သည်။ ထို့နောက် အားတုံ့အားနာဖြင့် ထရပ်သည်။ “လုပ်စရာ ကိစ္စလေးတွေ မပြီးပြတ်သေးလို့ နောင်တော့်ကို မနှောင့်ယှက်တော့ပါဘူး။ ‌ရေလွှဲဆည်တွေ၊ ရေကာတာတွေကို သွားစစ်ဆေးရပါဦးမယ်”

ရှုရှန်းဟွာကလည်း ထရပ်၍ သူ့အား နှုတ်ဆက်သည်။ “လူ့ပြည်ရဲ့ကိစ္စဝိစ္စတွေက နောင်တော့်နှလုံးသားမှာ ဒုက္ခတွေပဲ ပေါက်ဖွားလာစေပါလိမ့်မယ်။ ဆိတ်ငြိမ်အေးချမ်းစွာ ကျင့်ကြံနိုင်ဖို့ အထက်ကောင်းကင်ဘုံဆီ တက်လှမ်းတာ ပိုကောင်းပါတယ်”

ချင်မူက သင်္ဘောပေါ်မှ ခုန်ဆင်းကာ ပြုံးပြ၏။ “နောင်တော်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းလွန်းပါတယ်။ ကျွန်တော်‌ကတော့ အဲဒီလိုမျိုးမနေနိုင်ဘူး၊ အလုပ်များနေတာကို သဘောကျတယ်။ မြို့တော်မှာ လာရှာဖို့မမေ့ပါနဲ့ နောင်တော့်ကို အရက်လိုက်တိုက်ပါ့မယ်”

ရှုရှန်းဟွာက ခေါင်းညိတ်လိုက်ပြီး သူ၏သင်္ဘောသည် မြစ်ကို စုန်ဆင်းသွား၏။

သင်္ဘောပေါ်တွင် ချင်းယင်က စားပွဲဆီ လျှောက်လာကာ လက်ဖက်ရည်ခွက်များကို သိမ်းမည်ပြုသော်လည်း ရှုရှန်းဟွာက တားသည်။ “မထိနဲ့”

ချင်းယင်မှာ ဇဝေဇဝါနှင့် ချက်ချင်း ရပ်လိုက်သည်။

စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်နှစ်ခွက် ရှိသည်။ တစ်ခွက်ကို ချင်မူ၏ခွက်၊ တစ်ခွက်က ရှုရှန်းဟွာ၏ ခွက်ပင်။ ချင်မူ၏ခွက်ထဲတွင် လက်ဖက်ရည်တစ်ဝက်ခန့် ကျန်သေးသော်လည်း ရှုရှန်းဟွာ၏ခွက်ကတော့ ဗလာကျင်းနေသည်။

ရှုရှန်းဟွာက ယွီလျုတ်ကို ပြောသည်။ “ကျောက်စိမ်းပန်းအိုးနဲ့ စားပွဲကို ကာပြီး သင်္ဘောပေါ် လက်ဖက်ရည်မဖိတ်ကျအောင် ဂရုစိုက်”

ယွီလျုတ်က ချီစွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည့်အခါ သူမ ကိုင်ထားသော ကျောက်စိမ်းပန်းအိုးက ပျံတက်သွားပြီး ပန်းအိုး၏နှုတ်ခမ်းဝက အောက်သို့ငိုက်စိုက် ကျသွားသည်။

ကျောက်စိမ်းပန်းအိုးမှ အလင်းပြင် ဖြာထွက်လာကာ စားပွဲကို ကာလိုက်သည်။

ရှုရှန်းဟွာက လေဖြင့် စားပွဲကို မှုတ်လိုက်ရာ လက်ဖက်ရည်ခွက်နှစ်ခွက်သည် ခွမ်းခနဲ ကွဲထွက်သွား၏။ ရှုရှန်းဟွာ၏ လက်ဖက်ရည်ခွက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အပိုင်းအစများက စားပွဲအား မှုန့်မှုန့်ညက်ညက် ကြေသွားစေသည်။

ထိုအချိန်တွင် ချင်မူ၏ လက်ဖက်ရည်ခွက်ထဲရှိ လက်ဖက်ရည်များက ရုတ်ခြည်း တောက်ပလာပြီး ခွက်အား အလယ်တည့်တည့်မှ ခြမ်းလိုက်သည်။ ခွက်မှာ နှစ်ခြမ်းကွဲသွားသော်လည်း ကြေမွမသွားပေ။

“ပညာရှင်ပဲ” ရှုရှန်းဟွာက ယွီလျုတ်အား ကျောက်စိမ်းပန်းအိုးကို ပြန်သိမ်းစေလိုက်ပြီး လက်ဖက်ရည်ခွက်နှစ်ခွက်၏အကွဲစများကို လေ့လာသည်။ ထို့နောက် လေးနက်စွာ သုံးသပ်၏။ “ဒီလူငယ်က ငါနဲ့သက်တူရွယ်တူပေမယ့် ကျင့်စဉ်စွမ်းအင်က ငါ့ထက် ပိုအားကောင်းနေတယ်။ တကယ်‌ရှိန်လောက်စရာပဲ။ အလယ်ကမ္ဘာမြေက ကောင်းကင်နတ်သိုင်းပညာရှင်တွေကို လျှော့တွက်မရပါလား”

သူနှင့်ချင်မူ ခွက်ချင်းတိုက်လိုက်တုန်းက နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အကဲစမ်းရန် ထိုအခွင့်အရေးအား အမိအရအသုံးချခဲ့သည်။ ချီစွမ်းအင်အချင်းချင်း ပွတ်တိုက်သွားစဉ်တွင် ကောင်းကင်နတ်သိုင်းများလည်း ငုပ်လျှိုးပါဝင်သွားခဲ့၏။ ထိုအခိုက်အတန့်တွင် ရှုရှန်းဟွာ၏ချီစွမ်းအင်က ချင်မူ၏ချီစွမ်းအင်အောက် မသိမသာ နိမ့်ကျသွားခဲ့ရသည်။ ပွတ်တိုက်မှုက ပြင်းထန်အားကောင်းသည့်အတွက် ခွက်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့သည်။

သို့သော် ရှုရှန်းဟွာက ကောင်းကင်နတ်သိုင်းများကို ကျွမ်းကျင်၍ စွမ်းအင်ကို မျဉ်းဖြောင့်တစ်ကြောင်းထဲ၌ စုစည်းခဲ့ရာ ချင်မူ၏ခွက်အား အလယ်တည့်တည့်မှ ထက်ခြမ်းပိုင်းပစ်နိုင်ခဲ့သည်။

နှစ်ယောက်လုံးက ကျင့်စဉ်စွမ်းအင်မြင့်မားသောကြောင့် တစ်ဖက်၏ ကောင်းကင်နတ်သိုင်းစွမ်းအားကို ဟန့်တား၍ ခွက်ထဲတွင် ရှိစေခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဖက်၏ ကောင်းကင်နတ်သိုင်းအာရုံနှင့် စွမ်းအားကို ယာယီပိတ်လှောင်ထားလိုက်သည့်အတွက် စားပွဲထက်တွင် ခွက်နှစ်ခွက်မှာ ခြေရာလက်ရာမပျက် ရှိနေခဲ့သည်။ သို့ရာတွင် ပြင်ပအားတစ်ရပ်မှ ထိလိုက်လျှင် ခွက်များအတွင်းရှိ အာရုံနှင့်စွမ်းအားများ လှုံ့ဆော်ခံရလိမ့်မည်။

“သူက တာအိုဂိုဏ်းရဲ့ တောက်ကျစ်ဖြစ်လောက်တယ်” ရှုရှန်းဟွာက မြစ်ဆန် လှမ်းကြည့်ကာ ချီးကျူးမိသည်။ “တာအိုဂိုဏ်းက သိပ်ထူးချွန်တာပဲ။ နောက်တစ်ချိန်မှာ လက်ရှိတောက်ကျစ်ရဲ့ အောင်မြင်မှုတွေဟာ ကျော်ကြားထင်ရှားလာလိမ့်မယ်။ အခု တာအိုဂိုဏ်းရဲ့ တောက်ကျစ်နဲ့ တွေ့ပြီးပြီဆိုတော့ လူသားဧကရာဇ်အသစ်ကို သွားမရှာခင် ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားကြစို့။ ဥသျှောင်မှော်ဆရာရဲ့စကားအရ လူသားဧကရာဇ်အသစ်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုတော့ ကျောက်စိမ်းမြို့တော်ငယ်ကနေ ပြန်မှ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်ကြမယ်”

ဆည်ထဲတွင် တိုင်များစိုက်နေသော လင်ယွိရှို့ကို ကူဖို့ ချင်မူက မြစ်ပြင်တစ်လျှောက် ပြေးသွားသည်။ လင်ယွိရှို့က မေးသည်။ “စောစောက သင်္ဘောပေါ်က ဘယ်သူလဲ။ လူကောင်းရော ဟုတ်ရဲ့လား။ နင်တို့နှစ်ယောက်ရဲ့ ကောင်းကင်နတ်သိုင်းတွေ ပေါက်ကွဲသွားတာ ငါ မြင်လိုက်တယ်”

ချင်မူက ပြုံးသည်။ “ဒီတိုင်း တစ်ယောက်နဲ့တစ်ယောက် အကဲစမ်းနေရုံတင်ပါဟာ။ နင်သိလား ငါ ဒီနေ့ သိပ်ပျော်တယ်၊ သိပ်ကိုပျော်တယ်”

လင်ယွိရှို့က တိုင်လုံးကို သူ့ဆီ ပစ်ပေးပြီး ဇဝေဇဝါဖြင့် မေးသည်။ “ပြောစမ်းပါဦး  သိပ်ပျော်နေတဲ့ အကြောင်းရင်း”

“ဒီကမ္ဘာမှာ လောကသခင်ခန္ဓာပိုင်ဆိုင်ထားတာ ငါ တစ်ယောက်ပဲရှိတယ်လို့ အမြဲထင်နေခဲ့တာ” ချင်မူမှာ စိတ်လှုပ်ရှားလွန်း၍ လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ မြစ်ကိုစုန်ဆင်းသွားသော သင်္ဘောကို လှမ်းကြည့်ရင်း သူက ပြောသည်။ “ဒါပေမဲ့ ဒီနေ့တော့ နောက်ထပ်လောကသခင်ခန္ဓာတစ်ခုကို တွေ့ပြီ။ ရွာလူကြီးသာ သိလို့ကတော့ ရူးမတတ် ပျော်သွားမှာပဲ။ ဒီကမ္ဘာမှာ ဒုတိယလောကသခင်ခန္ဓာရှိလာပြီဆိုတော့ အဲဒီအဘိုးကြီး ငါ့အတွက် သေချာပေါက် ဝမ်းသာသွားလိမ့်မယ်”

လင်ယွိရှို့မှာ နားလည်သဖြင့် တွေးနေမိသည်။ ‘လောကသခင်ခန္ဓာက ဘာပါလိမ့်’

ချင်မူက ငြိမ်ငြိမ်မရပ်နိုင်ဘဲ စိတ်လှုပ်တရှား ဟိုလျှောက်သည်လျှောက် လျှောက်နေသည်။ “စောစောက သူ့ရဲ့ကျင့်စဉ်စွမ်းအင်ကို ငါ အကဲစမ်းကြည့်တုန်းက သူက ငါ့ထက် မဆိုစလောက်လေးပဲ အားနည်းတာ။ မျဉ်းတစ်မျဉ်းစာလေးပဲ။ မိန်းကလေးယွိရှို့၊ နင် သိလား၊ ဧကရာဇ်အတိုင်ပင်ခံတောင်မှ ငါနဲ့အဆင့်တူဆိုရင် ငါ့ထက် အများကြီးအားနည်းတယ်။ ဒါပေမဲ့ ဒီလူငယ်က ငါ့ထက် မျဉ်းတစ်မျဉ်းစာလေးပဲ နိမ့်ကျတာဟ။ ဒါကမှ လောကသခင်ခန္ဓာမဟုတ်ရင် ဘယ်ဟာက လောကသခင်ခန္ဓာ ဖြစ်နိုင်တော့မှာလဲ”

လင်ယွိရှို့မှာ ဆည်ထဲသို့ တိုင်နောက်တစ်တိုင် စိုက်ထည့်ရင်း ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “ဟဲ့ နွားကျောင်းသား၊ ဧကရာဇ်အတိုင်ပင်ခံက နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်လေ၊ သူက အဆင့်တူချင်းမှာ နင့်ထက် ဘယ်လိုလုပ်နိမ့်ကျနိုင်မှာလဲ။ လာစမ်းပါ ငါ့ကို မြန်မြန်ကူပေးဦး။ ငါ တစ်ယောက်တည်း ဒါတွေအကုန်ပြီးအောင် မလုပ်နိုင်ဘူး။ ကျန်တဲ့လူတွေက ရေလှည်းဘီးတွေ သွားဆောက်ကြတယ်”

ချင်မူက ကူပေးဖို့ ချက်ချင်း ပြေးလာသော်လည်း စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ‘ဒုတိယလောကသခင်ခန္ဓာ.... သူ့ကျင့်စဉ်စွမ်းအင်က ငါ့အောက် နိမ့်ကျပေမယ့် သူ့သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ငါ့ထက် ပြင်းထန်တယ်.... လောကသခင်ခန္ဓာဆိုတဲ့ အတိုင်းပဲ’

လင်ယွိရှို့မှာ ချင်မူ သူ့အတွေးနှင့်အတူ နစ်မျောနေသည်ကို မြင်လျှင် စိတ်တိုလာသော်လည်း သူ့အတွက် သူလည်း လိုက်ပျော်မိသည်။ မိမိကဲ့သို့ လူတစ်ယောက်ကို ရှာတွေ့ပြီးနောက် ပျော်နေခြင်းက သဘာဝသာ ဖြစ်၏။

အတန်ကြာသော် ချင်မူမှာ စိတ်တည်ငြိမ်သွားပြီး သူ၏ချီစွမ်းအင်က လှုပ်ရှားလာကာ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာတို့အား ချိတ်ဆက်လိုက်သည်။ ချိတ်ဆက်နှုန်းက မြန်သထက် မြန်လာပြီး ချောမောသထက် ချောမောလာသည်။

လင်ယွိရှို့မှာ ပတ်ဝန်းကျင်ရှိ ထူးခြားမှုများကို ခံစားလိုက်ရ၍ ရပ်လိုက်သည်။

ဤအခိုက်အတန့်တွင် ရေစီးသံက ပိုမိုပြတ်သားလာပြီး ငှက်ကလေးများ၏ ကျီကျီကျာကျာ အော်မြည်သံများက သာယာနာပျော်ဖွယ်ကောင်းလာသည်။ မွှေးပျံ့သော ပန်းရနံ့များ၊ စိမ်းစိမ်းစိုစို မြက်ခင်းတို့၏ လတ်ဆတ်သောသင်းရနံ့နှင့် သူမ၏အာရုံအတွေ့အထိများပင် အတိုင်းထက်အလွန် ရှင်းလင်းပေါ်လွင်လာ၏။

လင်ယွိရှို့မှာ စိတ်ရှုပ်ထွေးသွား၍ ချင်မူအား လှမ်းကြည့်သည်။ ချင်မူ၏အကြည့်က ကြည်လင်ပြတ်သားနေပြီး သူမအကြည့်နှင့် ဆုံသွားသည်။ ထိုအခိုက်လေး၌ လင်ယွိရှို့မှာ သူ့အကြည့်ထဲတွင် နစ်‌မျောသွားပြီး ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ကို လှုပ်ခတ်သွားစေသော ထူးဆန်းသည့် စိတ်အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွား၏။

နှစ်ယောက်သား ဆည်ပေါ်တွင် ရပ်လျက်၊ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်လျက် ပြုံးနေကြသော်လည်း သူတို့၏ခန္ဓာကိုယ်များက မလှုပ်မယှက်သာ ရှိသည်။

သူတို့၏ ဝိညာဉ်သန္ဓေသားများနှင့် ဝိညာဉ်များက ရုပ်ခန္ဓာထဲမှ ပျံထွက်လာပြီး အတိုင်းအဆမရှိ ကြီးမားကျယ်ပြောလာသယောင် ထင်ရသည်။ နှစ်‌ယောက်သား ကောင်းကင်ကို ဖြတ်၍ မိုင်ပေါင်းထောင်ချီ စိတ်ခရီးနှင်နေကြသည်။

လင်ယွိရှို့မှာ ချင်မူ၏လက်အား ဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်၏။ လုလင်ပျိုနှင့် လုံမလေးသည် လက်ချင်းဆွဲလျက် မိုးမြင့်ကောင်းကင်ယံသို့ ပျံတက်လိုက်ရာ မြင့်းမိုရ်တောင်ပေါ်ရှိ ဘုရားကျောင်းဆောင်များ၊ နန်းဆောင်များကို မြင်လိုက်ကြရသည်။ ထို့နောက် မြောက်ဝင်ရိုးစွန်းသို့ ရောက်ရှိသွားပြီး နှင်းကမ္ဘာထဲတွင် နှင်းကြာပွင့်များကို ရှုစားကြသည်။ ပြီးလျှင် တောင်ပင်လယ်သို့ သွားရောက်၍ တိမ်သားဖြူများအပေါ် နင်းကာ ကျောက်စိမ်းပင်လယ်ပြင်နှင့် ကြည်ပြာပြာကောင်းကင်ကြီးကို ကြည့်ရှုကြသည်။ မဟာမြို့ပျက်ကိုလည်း အလည်သွားပြီး အဆုံးမဲ့တောင်စဉ်တန်းများအကြား ထင်းလင်းနေသော နတ်ရောင်ဝါအထပ်အထပ်ကိုလည်း ကြည့်ရှုခံစားကြ၏။

ဤအခိုက်အတန့်တွင် တစ်ယောက်ယောက် သူတို့နာမည် ခေါ်လိုက်သည်ကို ကြားလိုက်ရပြီး မမြင်ရသော ဆွဲအားတစ်ရပ်က မိုင်ထောင်ချီဝေးနေသော နှစ်ယောက်လုံးကို ဆွဲခေါ်၍ ရုပ်ခန္ဓာထဲ ပြန်ရောက်လာစေသည်။

ဝှစ်

လူနှစ်ယောက်၏ ဝိညာဉ်များ ရုပ်ခန္ဓာထဲ ပြန်ဝင်သွားကြသည့်အခါ ဆည်အပေါ်တွင် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလျက် ရပ်နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လင်ယွိရှို့၏မျက်နှာလေးမှာ နီမြန်းသွားပြီး ချင်မူ့လက်ကို ရှုက်ရွံ့စွာ လွှတ်လိုက်သည်။ သူတို့ဘေးတွင်တော့ အိမ်ရှေ့မင်းသာလင်ယွိရှုက မည်းမှောင်နေသောမျက်နှာဖြင့် ကြည့်နေ၏။

ချင်မူက ယခုလေးတင် ကြုံတွေ့ခဲ့ရသော ခံစားချက်ကို ပြန်တမ်းတနေပြီးနောက် ပြောသည်။ “အရှင့်သား၊ ကျွန်တော် အခုလေးတင် အရပ်ခြောက်မျက်နှာအဆင့်ရဲ့ ပေါင်းစည်းကျင့်စဉ်ကို သုံးသပ်ပြီး ထူးဆန်းတဲ့ အခြေအနေတစ်ရပ်ကို ရုတ်တရက် ဝင်ရောက်သွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ ဝိညာဉ်သန္ဓေသားနဲ့ ဝိညာဉ်က တစ်သားတည်းပေါင်းစည်းပြီးတော့ ရုပ်ခန္ဓာအပြင်ကို ခုန်ထွက်ပြီး ကမ္ဘာလောကတစ်ခွင် လျှောက်သွားခဲ့ပါတယ်။ ဘာဖြစ်သွားတာလဲဆိုတာ အရှင့်သား သိလား”

လင်ယွိရှုမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။ “မြန်လိုက်တာဟ။ မင်း မူလဝိညာဉ်ကို ကျင့်ကြံပြီးသွားပြီပေါ့”

All Chapters