တစ်လောကလုံးတွင် နံပါတ်နှစ်
Vol. 21 Ch. 294
“မူလဝိညာဉ်ဟုတ်လား”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ သူက အရပ်ခြောက်မျက်နှာအဆင့်တွင် ပေါင်းစည်းကျင့်စဉ်ကို အပြည့်အဝသိနားလည်ပြီးနောက် လင်ယွိရှို့၏ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားနှင့်အတူ ပျံထွက်သွားခဲ့သည်။ ဤအရာက မူလဝိညာဉ်ဖြစ်သည်လား။
“ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်ပဲ။ ပထမက ယင်ဝိညာဉ်၊ ဒုတိယက ယန်ဝိညာဉ်။ ယင်ဝိညာဉ်ဆိုတာ ဝိညာဉ်သန္ဓေသား၊ ယန်ဝိညာဉ်က ဝိညာဉ်လို့ ဆိုလိုတယ်။ ဝိညာဉ်သန္ဓေသားကို အောင်အောင်မြင်မြင် ဖော်ဆောင်ပြီးသွားတဲ့အခါ ဝိညာဉ် ဖွဲ့တည်လာတယ်”
လင်ယွိရှု၏ ကျင့်စဉ်စွမ်းအင်က သူတို့ထက် မြင့်မားသည်။ ထို့အပြင် အိမ်ရှေ့မင်းသားဟောင်း လင်ယွိရှ ကွပ်မျက်ခံခဲ့ရပြီးနောက် ဧကရာဇ်ယန်ဖုန်းသည် လင်ယွိရှုအား ပိုမိုအလေးထားလာပြီး အိမ်ရှေ့မင်းသားတစ်ပါးအနေဖြင့် နိုင်ငံရေးကိစ္စများကို စီမံခန့်ခွဲနိုင်စေဖို့နှင့် ကျင့်စဉ်စွမ်းအင်တိုးတက်လာစေဖို့ အိမ်ရှေ့စံဆရာ၊ အိမ်ရှေ့စံအတိုင်ပင်ခံနှင့် အိမ်ရှေ့စံကိုယ်ရံတော်အသစ်များကို အသီးသီးခန့်အပ်ခဲ့သည်။
လင်ယွိရှုကလည်း ပါရမီရင့်သန်သူဖြစ်သည့်အတွက် နန်းတွင်းကောလိပ်တွင် ပညာသင်ကြားစဉ်ကထက်ပို၍ လျင်မြန်စွာ တိုးတက်လာခဲ့၏။ ယခုတွင် သူက ခုနစ်စင်ကြယ်အဆင့်၏အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ချင်မူနှင့် လင်ယွိရှို့ကို ကောင်းစွာလမ်းပြပေးနိုင်လေသည်။
“ရုပ်ခန္ဓာထဲမှာ ဝိညာဉ်သန္ဓေသားနဲ့ ပူးကပ်နေတဲ့ ဝိညာဉ်က နတ်ဘုရားအသွင် ဖွဲ့တည်လာတဲ့အချိန် မူလဝိညာဉ် ဖြစ်ပေါ်လာတယ်။ ချီစွမ်းအင်က ဝိညာဉ်ရဲ့ မူလအဆီအနှစ် ဖြစ်လာပြီး မူလဝိညာဉ်ကို ဖော်ဆောင်ပေးလိုက်တာမျိုးပဲ
“အရပ်ခြောက်မျက်နှာအဆင့်မှာ ဝိညာဉ်လက်နက် ထုတ်သုံးတာအပြင် မူလဝိညာဉ်ဆိုတာလည်း ရှိတယ်။ ဒါပေမဲ့ အရပ်ခြောက်မျက်နှာအဆင့်ကနေ ကောင်းကင်နတ်အသွင်အဆင့်ကို ဝင်ရောက်မှ မူလဝိညာဉ်က အရွယ်ရောက်လာပြီး ကမ္ဘာလောက၏ အဆုံးအနားသတ်တွေဆီ သွားလာနိုင်တာပဲ။ မင်းတို့နှစ်ယောက်က အခုမှ အရပ်ခြောက်မျက်နှာအဆင့်ကို ဝင်ခဲ့တာလေ၊ မင်းတို့ရဲ့ မူလဝိညာဉ်က ဘယ်လိုလုပ် ရုပ်ခန္ဓာအပြင်ထွက်ပြီး လျှောက်သွားနိုင်တာလဲ”
ချင်မူနှင့် လင်ယွိရှို့မှာ ပြောစရာစကားမရှိပေ။ သူတို့ကိုယ်တိုင်လည်း အဘယ်သို့ဖြစ်ပျက်သွားခဲ့ကြောင်း မသိသည်သာ။ သူတို့၏မူလဝိညာဉ်များက ရုပ်ခန္ဓာထဲမှ သတိလက်လွတ် ထွက်သွားပြီး လျှောက်သွားခဲ့ခြင်းဖြစ်သည်။
“ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီး၊ မြောက်ရပ်၊ တောင်အရပ်၊ အရှေ့အရပ်နဲ့ အနောက်အရပ်က အရပ်ခြောက်မျက်နှာပဲ။ ရုပ်ခန္ဓာနဲ့ စိတ်အလျဉ်၊ စိတ်အလျဉ်နဲ့ ချီစွမ်းအင်၊ ချီစွမ်းအင်နဲ့ ယန်ဝိညာဉ်၊ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်၊ ယင်ဝိညာဉ်နဲ့ ကောင်းကင်ဘုံ၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ပေါင်းစည်းတာလည်း ဟုတ်တယ်။ အရပ်ခြောက်မျက်နှာလုံးကို ရောက်မှ ဒီအဆင့်ပြီးမြောက်တယ်”
လင်ယွိရှုက တွေးပြီး ဆက်ပြောသည်။ “အရပ်ခြောက်မျက်နှာကို ရောက်ပြီးသွားရင် ဝိညာဉ်နဲ့ အဆီအနှစ်က ချိတ်ဆက်သွားပြီ။ မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာက ပေါင်းစည်းသွားတဲ့အတွက် မူလဝိညာဉ်က ရုပ်ခန္ဓာအပြင်ကို ထွက်လာနိုင်သွားတယ်။ မပေါင်းစည်းထားဘဲ ထွက်လာရင်တော့ ရုပ်ခန္ဓာထဲ ပြန်ဝင်လို့မရလောက်တော့ဘူး။ မင်းတို့တွေ ဘယ်လိုများလုပ်ခဲ့တာပါလိမ့်...”
လင်ယွိရှုမှာ နားမလည်နိုင်အောင် ဖြစ်နေသည်။
ချင်မူနှင့် လင်ယွိရှို့မှာတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တုန်လှုပ်သွားကြ၏။ သူတို့သာ ရုပ်ခန္ဓာ၊ စိတ်အလျဉ်၊ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို အောင်မြင်စွာ မပေါင်းစည်းနိုင်ခဲ့လျှင် မူလဝိညာဉ်များ ထွက်သွားပြီးနောက် ရုပ်ခန္ဓာများကို ပြန်ရှာနိုင်ခဲ့မည်မဟုတ်ပေ။
‘အစ်ကိုတော် အချိန်မီရောက်လာပြီး ငါတို့ကို ခေါ်လိုက်လို့သာပေါ့။ မဟုတ်လို့ကတော့ အပျော်လွန်ပြီး ငါတို့ရဲ့မူလဝိညာဉ်တွေ ရုပ်ခန္ဓာကို ပြန်ရှာတွေ့တော့မှာ မဟုတ်ဘူး’ လင်ယွိရှို့မှာ တွေးရင်း ကျောစိမ့်သွားသည်။
“ကမ္ဘာလောကတခွင် လျှောက်သွားတာက ဘာမှမဟုတ်သေးဘူး။ ကောင်းကင်နတ်အသွင်အဆင့် ရောက်သွားရင် စကြဝဠာတစ်ခွင် လျှောက်သွားပြီး ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ရလိမ့်မယ်။ ဒါပေမဲ့ အလယ်မှာ ခုနစ်စဉ်ကြယ်အဆင့် ရှိသေးတယ်”
လင်ယွိရှုက ဆက်လက်မရှင်းပြတော့ဘဲ တိုက်တွန်းလိုက်သည်။ “နန်းတွင်းကောလိပ်က အရပ်ခြောက်မျက်နှာအဆင့်နဲ့ပတ်သက်ပြီး အလေးထားသင်ပေးတယ်။ မင်းတို့ အတန်းမှန်မှန်တက်ပြီး နားထောင်ကြည့်ဦး။ ရှန်းယိုရှင်က ရေလှည်းဘီးကို ဆောက်ပြီးသွားလို့ မော်ကျိုးပြည်နယ်ရဲ့ ကုန်ထုတ်စက်ရုံကို သွားနေတယ်။ သူက ဘီ...”
ဘီလူးဟု ခေါ်ချင်သော်လည်း လင်ယွိရှုက အသုံးအနှုန်းပြောင်းလိုက်သည်။ “ဂိုဏ်းသခင်ချင်ကိုလည်း အဲဒီလိုက်လာစေချင်နေတယ်”
ချင်မူက ချီတုံချတုံဖြစ်သွားသည်။ “ဒီဆည်ကရော....”
ချန်ဝမ်ယွင်နှင့် နန်းတွင်းကျောင်းသားများက မြစ်ကမ်းဘေးသို့ ရောက်လာကြသည်။ လင်ယွိရှုက ပြောသည်။ “ဆည်ကို သူတို့နဲ့ ထားခဲ့လိုက်။ လက်ထောက်ဝန်မင်းက ဒီတစ်ခေါက် မြစ်ရေထိန်းသားရဲတွေ ဖန်တီးပြီးတော့ စက်မှုလက်မှုဝန်ကြီးဌာနရဲ့ လက်ရာကို မြှင့်တင်ဖို့ ရည်ရွယ်ထားလို့ မင်း လာမှဖြစ်မယ်”
သူတို့သုံးယောက်သား ကုန်ထုတ်စက်ရုံသို့ ဦးတည်၍ စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိများနှင့် တွေ့ဆုံနေသော ရှန်းယိုရှင်ဆီ သွားရောက်သည်။ မော်ကျိုးပြည်နည်တွင် တောင်ကုန်းတောင်တန်း ထူထပ်ပြီး သတ္တုတွင်းများလည်း ပေါများ၏။
ကုန်ထုတ်စက်ရုံက မဟူရာရွှေများနှင့် မဟူရာသံများကို သန့်စင်သွန်းလုပ်ရခြင်း ဖြစ်သည်။ ချင်မူက ရှန်းယိုရှင်နှင့် သွားတွေ့ပြီး ရှန်းယိုရှင်က သူ့အား ချက်ချင်း အရိုအသေပေးသည်။
“ရတနာတွေသွန်းဖို့နဲ့ လက်နက်ထုတ်ဖို့အတွက် မဟူရာရွှေနဲ့ မဟူရာသံတွေကို လိုအပ်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးက မော်ကျိုးပြည်နယ်မှာ ကုန်ထုတ်စက်ရုံတစ်ရုံ တည်ဆောက်ဖို့ စိတ်ကူးခဲ့ပေမယ့် အဲဒီအချိန်တုန်းက မဟာမိုးခြိမ်းသံကျောင်းတော်က အင်အားတောင့်နေတော့ မတတ်သာခဲ့ဘူး။ ဒါပေမဲ့ အခု မဟာမိုးခြိမ်းသံကျောင်းတော်က အင်အားကျဆင်းသွားပြီဆိုတော့ အရှင်မင်းကြီးက ဒီအခွင့်အရေးကို အသုံးချပြီး ကုန်ထုတ်စက်ရုံကို တိုးချဲ့ချင်နေပါတယ်။ ဒါကြောင့် သတ္တုအရည်ကျိုစက်တွေနဲ့ ပန်းပဲပညာရပ်ကို အဆင့်တိုးမြှင့်ပေးဖို့ ဂိုဏ်းသခင်ကို ဖိတ်ခေါ်တာပါ”
ချင်မူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါက လွယ်ပါတယ်”
ထိုအခိုက်တွင် လင်ယွိရှို့က ရှေ့တက်လာပြီး ရှန်းယိုရှင်ကို ပြောသည်။ “လက်ထောက်ဝန်မင်း၊ ကျွန်မ အရပ်ခြောက်မျက်နှာအဆင့်ကို ရောက်ပြီး ဝိညာဉ်လက်နက် သွန်းလုပ်ခဲ့ပါတယ်။ လက်ထောက်ဝန်မင်း ကျွန်မလက်နက်ကို မွမ်းမံပေးလို့ရမလား” လင်ယွိရှို့က စကားပြောပြီးသောအခါ နဂါးကိုးကောင်လက်နက်ကို ထုတ်လိုက်သည်။
ရှန်းယိုရှင်က ယူကြည့်ပြီး ပြုံး၏။ “မင်းသမီး ဘေးမှာ ပန်းပဲပညာရှင်တစ်ယောက်လုံး ရှိနေတာတောင် ဘာကြောင့် ကျွန်တော်မျိုးကို တောင်းဆိုနေတာလဲ”
လင်ယွိရှို့မှာ ပန်းပဲပညာရှင်က မည်သူမှန်း မသိသဖြင့် ဇဝေဇဝါဖြစ်သွားသည်။
စစ်ယွင်ရှန်းလည်း ပိုးချည်မျှင်တစ်ထောင်ကို ထုတ်ကာ ပြောသည်။ “စံအိမ်သခင်၊ ဒါက ကျွန်မရဲ့ ပိုးချည်မျှင်တစ်ထောင်ဝိညာဉ်လက်နက်ပါ။ ကြည့်ပေးလို့ရမလား”
ရှန်းယိုရှင်က ပိုးချည်မျှင်တစ်ထောင်လက်နက်ကို ယူပြီး ဝိညာဉ်လက်နက်နှစ်လက်ကို စစ်ဆေးကြည့်ရှုနေသည်။ သူ့မျက်နှာအမူအရာ မဆိုစလောက် ပြောင်းလဲသွားပြီးနောက် လက်နက်နှစ်လက်ကို အသာအယာ သုံးကြည့်၏။ နဂါးကိုးကောင်လက်နက်က ချက်ချင်း ကားထွက်ကာ မယှဉ်နိုင်လောက်အောင် မာကြောသော အကြွေးခွံများဖြင့် နဂါးကိုးကောင်အသွင် ပြောင်းသွားသည်။ ပိုးချည်မျှင်တစ်ထောင်ကမူ ခန့်မှန်းမရနိုင်အောင် ဆင့်ကဲပြောင်းလဲ၍ ပြန့်ကားသွားလိုက်၊ လိပ်သွားလိုက် ဖြစ်နေသည်။
“အရာရှိမင်းတို့၊ လာကြည့်စမ်းပါဦး” ရှန်းယိုရှင်က ဝန်ကြီးဌာန၏ အရာရှိမင်းများကို လှမ်းခေါ်သည်။ အကုန်လုံး ဝိညာဉ်လက်နက်နှစ်လက်ကို လေ့လာပြီးနောက် ချီးကျူးမဆုံးတော့ပေ။ လက်ထောက်စံအိမ်သခင်က ပြောသည်။ “သိပ်ကိုပြောင်မြောက်တဲ့ လက်ရာပဲ၊ ပန်းပဲပညာကလည်း အမှန်တကယ် နက်နဲသိမ်မွေ့လှပါပေတယ်”
စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိများ ဝိညာဉ်လက်နက်နှစ်လက်ကို လေ့လာပြီးနောက် ရှန်းယိုရှင်က လင်ယွိရှို့နှင့် စစ်ယွင်ရှန်းကို ပြန်ပေးအပ်ကာ ပြောသည်။ “ကောင်းကင်နတ်မယ်၊ မင်းသမီး ဒီဝိညာဉ်လက်နက်နှစ်လက်ကို ဂိုဏ်းသခင် သွန်းလုပ်ပေးထားတာမလား”
လင်ယွိရှို့က ခေါင်းညိတ်၏။ “ကျွန်မတို့ပင်လယ်ထဲ ရောက်နေတုန်းက နွားကျောင်းသားက သွန်းလုပ်ပေးခဲ့တာပါ”
ရှန်းယိုရှင်က ချီးကျူးနေသောအမူအရာဖြင့် ပြောသည်။ “ဂိုဏ်းသခင်ရဲ့ ပန်းပဲပညာက စက်မှုလက်မှုဝန်ကြီးဌာနရဲ့ အရာရှိမင်းအားလုံးထက် ကျော်လွန်နေပါပြီ။ တချို့နည်းစနစ်တွေမှာတော့ ဂိုဏ်းသခင်ထက် သာလောက်ပေမယ့် အကုန်လုံးခြုံကြည့်လိုက်ရင် ဂိုဏ်းသခင်အောက် နိမ့်ကျပါတယ်”
လင်ယွိရှို့မှာ မှင်သက်စွာဖြင့် အော်လိုက်မိသည်။ “ဒါဆို ဒီထက်ကောင်းအောင် ဝန်မင်းတို့ မလုပ်နိုင်တော့ဘူးပေါ့”
“ဂိုဏ်းသခင်ထက် ပိုလက်ရာမြောက်အောင် ကျွန်တော်မျိုးတို့ မလုပ်နိုင်ပါဘူး” ရှန်းယိုရှင်က ပြောသည်။ “ကျွန်တော် တစ်ချက်လေးပဲ ကြည့်ရသေးတယ်၊ မင်းသမီးနဲ့ ကောင်းကင်နတ်မယ်ရဲ့ လက်နက်တွေကနေ အတော်များများ သင်ယူသိရှိလိုက်ရပါတယ်။ မင်းသမီးတို့ လက်နက်နှစ်လက်လုံးက ချို့ယွင်းချက်မရှိ ပြည့်စုံနေပြီးသားပါ။ စက်မှုလက်မှုဝန်ကြီးဌာနအနေနဲ့ ဒီထက်ကောင်းအောင် မစွမ်းဆောင်နိုင်တော့ပါဘူး”
စစ်ယွင်ရှန်းမှာ လက်မခံနိုင်သေးပေ။ “စံအိမ်သခင်ရှန်းက သူ့ကို ဂိုဏ်းသခင်မလို့ မျက်နှာသာပေးနေတာလား”
ရှန်းယိုရှန်းက ချက်ချင်း လေးနက်သွားသည်။ “ဂိုဏ်းသခင်ချင်ရဲ့ ပန်းပဲပညာနဲ့ သွန်းလုပ်နည်းစနစ်တွေက နတ်ဘုရားနဲ့ရော တာအိုပါ နီးစပ်နေပါပြီ။ သွန်းလုပ်နည်းစနစ်တစ်ခုတည်းနဲ့တင် ဒီကမ္ဘာပေါ်က ဘယ်သူမှ ဂိုဏ်းသခင်ကို မယှဉ်နိုင်ပါဘူး။ သွန်းလုပ်တဲ့ပုံစံဟာ အင်မတန် အနုစိတ်ပြီး ရှုပ်ထွေးလှပါတယ်။ အများစုကို ကျွန်တော် မြင်လည်းမမြင်ဖူးသလို၊ ကြားတောင်မကြားဖူးပါဘူး။ ဓားပြစံအိမ်သခင်ဖန်းယွင်ရှောင်ရဲ့ သင်္ဘောပေါ်က ဆေးမီးဖိုကိုလည်း ဂိုဏ်းသခင်ပဲ သွန်းလုပ်ပေးခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်တော်လည်း ရှိခဲ့ပြီး ဂိုဏ်းသခင်ရဲ့ပန်းပညာကို အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။ ဂိုဏ်းသခင်ရဲ့ စွမ်းရည်က တစ်လောကလုံးမှာ နံပါတ်တစ်လို့တောင် တင်စားထိုက်ပါတယ်”
မိန်းကလေးနှစ်ယောက်မှာ ဘာစကားမှမပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ချင်မူက နှိမ့်ချကာ ပြောလိုက်သည်။ “လက်ထောက်ဝန်မင်းက ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်က အဲဒီလောက်လည်း မဟုတ်ရပါဘူး။ လက်နက် ဘယ်လိုသွန်းရမလဲကိုပဲ သင်ယူခဲ့ရတဲ့အတွက် တစ်လောကလုံးမှာ နံပါတ်တစ်လို့ မခံယူဝံ့ပါဘူး”
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မဟာမြို့ပျက်မှ နွားကျောင်းသားလေးကို ကြည့်ကာ တွေးလိုက်မိသည်။ ‘အမြဲကြွားလုံးထုတ်နေတတ်ပေမယ့် ဘယ်လိုနှိမ့်ချရမလဲ သိသေးတာပဲ။ ထူးထူးခြားခြား....’
“ကျွန်တော်က အလွန်ဆုံး တစ်လောကလုံးမှာ နံပါတ်နှစ်လောက်ပါပဲ” ချင်မူက နှိမ့်ချစွာ ပြောသည်။ “ကျွန်တော့်ရွာက ဘိုးဘိုးရွှေအကို မယှဉ်နိုင်ပါဘူး။ ဘိုးဘိုးက ကျွန်တော်တို့အနီးတစ်ဝိုက်ရွာတွေမှာ အတော်ဆုံးပန်းပဲဆရာပါ။ ဘုရားပွဲသွားတိုင်း ဘိုးဘိုးရဲ့ မီးခိုချောင်သုံးဓားတွေက ကျွန်တော့်ဓားတွေထက် အမြဲ အရင်ရောင်းရတယ်”
ရှန်းယိုရှင်က သက်ပြင်းချသည်။ “အဲဒီလိုနတ်ဓားတစ်လက်ကို ကျွန်တော်လည်း တစ်လက်လောက် ဝယ်လာပြီး လေ့လာပါချင်စမ်းပါဘိ။ ရွာလေးတစ်ရွာရဲ့ ဘုရားပွဲမှာ တိမ်မြုပ်နေလိမ့်မယ်လို့ တွေးတောင်မထားမိဘူး။ အဲဒီကိုသွားပြီး အကုန်ဝယ်လိုက်ချင်ပါတယ်။ ဂိုဏ်းသခင်ချင်၊ ဒီတစ်ခေါက်တော့ စက်မှုလက်မှုဝန်ကြီးဌာနကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ သင်ပြပေးပါ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်”
အရာရှိမင်းများအားလုံး ချင်မူအား ခေါင်းဆောင်သဖွယ် သတ်မှတ်၍ ဝိုင်းအုံနေကြ၍ လင်ယွိရှု၊ လင်ယွိရှို့၊ စစ်ယွင်ရှန်းနှင့် ဝန်မင်းတို့မှာ နောက်ရောက်သွားကြသည်။ လေးယောက်လုံး မျက်လုံးအပြူးသားနှင့် မှင်သက်နေကြ၏။
စက်မှုလက်မှုဝန်မင်းက သက်ပြင်းချကာ ပြောသည်။ “နတ်ဆေးသမားတော်လေးချင်၊ နန်းတွင်းကောလိပ်ရဲ့ ပထမဆုံးတော်ဝင်ကျောင်းသား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင် အခု တစ်လောကလုံးမှာ နံပါတ်နှစ်ပန်းပညာရှင်တဲ့လေ။ ဒီကျောင်းသားလေးက အမှန်တကယ် ပြိုင်ဘက်ကင်းတာပဲ။ လူမသိသေးတဲ့ ဘာစွမ်းရည်တွေများ ရှိနေဦးမလဲမသိဘူး”
လင်ယွိရှို့က တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောသည်။ “သူ့ပန်းချီစွမ်းရည်ကလည်း သိပ်အသက်ဝင်တယ်၊ တစ်ခါတုန်းက ကျမပုံတူကို ဆွဲပြီး တံဆိပ်နှိပ်ပေးဖူးတယ်။ သူပြောတာတော့ အဲဒီလိုတံဆိပ်မနှိပ်ရင် ပန်းချီကားထဲက ကျွန်မက ထွက်လာပြီး ထွက်ပြေးသွားလိမ့်မယ်တဲ့”
စစ်ယွင်ရှန်းလည်း အဖြစ်အပျက်တစ်ခုကို မှတ်မိသွား၍ ပြောလိုက်၏။ “လုံကျောင်းနန်လက်ထဲကနေ ကျမတို့ လွတ်လာတာလည်း သူ့ပန်းချီကားတွေကြောင့်ပဲ။ သူက ပင်လယ်မုန်တိုင်းကြားမှာ လေပြင်းလှိုင်းလုံးတွေ ရိုက်ခတ်ခံနေရတဲ့ သင်္ဘောပုံကို ဆွဲခဲ့တာ။ ပြီးတာနဲ့ မုန်တိုင်းကျလာလို့ ကျမတို့ ထွက်ပြေးလာနိုင်ခဲ့တာပဲ”
လင်ယွိရှုက ဝန်မင်းကို ကြည့်၍ မေးသည်။ “ပန်းချီနတ်ဘုရားစံအိမ်မှာ ဒီလိုစွမ်းရည်မျိုး ရှိသလား”
စက်မှုလက်မှုဝန်မင်းက ခေါင်းယမ်းလိုက်သည်။ “ပန်းချီနတ်ဘုရားစံအိမ်ရဲ့ ပါရမီရှင်တွေက မြင်တာကိုပဲ ရေးခြယ်နိုင်တယ်။ ပန်းချီတွေက လှပပြီး ပါရမီရှင်တွေကလည်း အရည်အချင်းရှိကြပေမယ့် အသက်ဝင်လာတဲ့ ပန်းချီရယ်လို့ မကြားခဲ့ဖူးပါဘူး အရှင့်သား။ ဒီကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကတော့ တကယ်ကိုပဲ....”
သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “အံ့ဖွယ်ကောင်းလွန်းပါတယ်။ လူတစ်ယောက်က ဘယ်လိုကြောင့် ပညာရပ်အများကြီး တတ်မြောက်နိုင်ရပါလိမ့်။ ဒါတောင် နှိမ့်ချနေသေးတယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးက အမှန်တကယ် လေးစားထိုက်ပါပေတယ်”
“နွားကျောင်းသားက နှိမ့်ချတယ်တဲ့လား” လင်ယွိရှို့မှာ နားမလည်နိုင်အောင် ဖြစ်ရသည်။ နွားကျောင်းသားက အမြဲဘဝင်မြင့်ပြီး ‘ငါက နင့်အဖေ၊ တစ်လောကလုံးမှာ နံပါတ်နှစ်’ ဟူသောပုံစံ ရှိသည်မဟုတ်ပါ၏လော။
စစ်ယွင်ရှန်းလည်း လက်မခံချင်ပေ။ နတ်ဂိုဏ်းသခင်က နှိမ့်ချသည် ဆိုသော စကားလုံးနှင့် လားလားမျှ မအပ်စပ်သည်သာ။ သူမ သူ့ကို စိန်ခေါ်ချင်တိုင်း ‘နင် ငါ့ကို မနိုင်ဘူး သွားလေ့ကျင်ချေဦး’ ဟူသော မျက်နှာပေးမျိုးရှိတတ်သည်။
“ဂိုဏ်းသခင်ချင်က တော်တော်လေး နှိမ့်ချထားနေပါပြီ” စက်မှုလက်မှုဝန်မင်းက မချိတင်ကဲ သက်ပြင်းချသည်။ “ကျွန်တော်မျိုးသာ သူ့ရဲ့ နှစ်ဆယ်သုံးဆယ်ရာခိုင်နှုန်းလောက် အစွမ်းအစရှိရင် တစ်လောကလုံးမှာ နံပါတ်တစ်လို့ ကြွားနေမိမှာ။ သူကတော့ အဲဒီလိုလည်းမခံယူသလို၊ ကြွားလည်း မကြွားတတ်ဘူး။ မေးမှပဲ အမှန်ကို ပြောတယ်။ တစ်လောကလုံးမှာ နံပါတ်တစ်လို့ မပြောဘဲ နံပါတ်နှစ်တဲ့လေ။ အဲဒီလောက် နှိမ့်ချတတ်တဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
လင်ယွိရှုမှာ မှင်သက်နေသည်။ ဤကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က သူမျှော်လင့်ထားသည်ထက် ပိုတော်နေသည်။ ‘သိပ်ထူးချွန်တဲ့လူငယ်တစ်ယောက်ပဲ။ ညီမတော်ကတော့....’
လင်ယွိရှုမှာ သူ၏ညီမတော် ထိုမျှထူးချွန်သော ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နှင့် အမှန်တကယ် ယှဉ်တွဲနိုင်မည်ကို စိုးရိမ်လာတော့သည်။ သူက ခေါင်းခါလိုက်သည်။ ‘ငါ ဘာတွေတွေးနေတာလဲ။ အဲဒီအကောင် ငါ့ညီမတော်နဲ့ မနီးစပ်တာ အကောင်းဆုံးပဲ’
ချင်မူနှင့် အရာရှိမင်းများက သတ္တုအရည်ကျိုစက်များ၏ ကိုယ်ထည်ကို တိုင်းတာနေကြသည်။ စက်မှုလက်မှုဝန်ကြီးဌာန၏ အရာရှိမင်းက ချင်တွယ်ကိရိယာမျိုးစုံဖြင့် တိုင်းတာသူက တိုင်းတာ၊ တွက်ချက်သူက တွက်ချက်နေကြ၏။ အကုန်လုံး အလုပ်များနေသည့်အတွက် အိမ်ရှေ့မင်းသားနှင့် ဝန်မင်းတို့လေးယောက်ကို အာရုံမရှိကြပေ။
အချိန်အနည်းငယ်ကြာသော် ချင်မူ ချီစွမ်းအင်ဖြင့် ပုံကြမ်းများ ရေးဆွဲနေသည်ကို အရာရှိမင်းအားလုံး ဝိုင်းအုံကြည့်ကြသည်။ ချင်မူက လေထဲတွင် အရည်ကျိုစက်အသစ်နှင့် သတ္တုပုံသွန်းစက်အသစ်များ၏ ကိုယ်ထည်ပုံစံကို ရေးဆွဲနေသည်။ လူပုံစံယန္တရားစက်ရုပ်ပုံကြမ်းများလည်း တွေ့မြင်ရ၏။ အရာရှိမင်းများမှာ ကပျာကယာ ရေးမှတ်ပြီး လိုအပ်သော ကုန်ကြမ်းများ သွားယူကြသည်။
ကုန်ထုတ်စက်ရုံမှာ ဒေါင်ဒေါင်ဒင်ဒင် ပန်းပဲထုသံများဖြင့် တရုန်းရုန်း အလုပ်များနေတော့သည်။ ချင်မူက သတ္တုသွန်းရင်း နည်းစနစ်များကို အနားပတ်ဝန်းကျင်ရှိ လူများအား ရှင်းပြနေပြီး စက်မှုလက်မှုဝန်ကြီးဌာန၏ အရာရှိမင်းများအားလုံး ခေါင်းတငြိတ်ငြိတ်ဖြင့် နားထောင်နေကြ၏။
အချိန်အနည်းငယ်ကြာသောအခါ ချင်မူက ပထမဆုံး သတ္တုပုံသွန်းစက်ကို သွန်းလုပ်ပြီးသွားသည်။ စက်က နှလုံးသားနေရာတွင် ဆေးမီးဖိုတစ်ခုရှိသော လက်ရှစ်ဖက်ဖြင့် လူပုံစံယန္တရားရုပ် ဖြစ်၏။ ဆေးမီးဖိုထဲသို့ စွမ်းအင်ဆေးတုံးများ ထည့်လျှင် ယန္တရားရုပ်က အသက်ဝင်လာလိမ့်မည်။
ဤလူတူယန္တရားရုပ်၏ ကိုယ်အပေါ်ပိုင်းက မဟူရာရွှေနှင့် မဟူရာကြေးအား ပေါင်းစပ်ထားခြင်းဖြစ်သည်။ မဟူရာရွှေနှင့် မဟူရာကြေးဓာတ်တို့က လက်များအတွင်း စီးဆင်းဝင်ရောက်ကာ လက်များအား တူအသွား သို့မဟုတ်၊ သံမဏိလွန်သွား၊ သံမဏိပလာယာများအသွင် ပြောင်းလဲစေနိုင်သည်။ ထို့အပြင် ယန္တရားရုပ်သည် အင်မတန် သန်မာသည့်အတွက် ဖိအားတန်ချီ ပေးနိုင်၏။
ဆေးမီးဖိုကို ဘေးမှ မီးထိန်းပေးမည့် လူအနေဖြင့်လည်း ခပ်နွေးနွေးအပူရှိန်မျှသာ ဟပ်ခံရမည်။ ဆေးမီးဖိုနေရာမှ ယန္တရားကို စေစားထိန်းချုပ်ခြင်းအားဖြင့် မဟူရာရွှေနှင့် မဟူရာကြေးတို့ကို အလိုရှိရာ ပုံသွန်းနိုင်သည်။
အသုံးပြုထားသော မှော်အစီအရင်များနှင့် ယန္တရားအလုပ်လုပ်ပုံသည်လည်း လွန်စွာ ရှုပ်ထွေးလှ၏။ ရှန်းယိုရှင်နှင့် အရာရှိမင်းများ ရေးမှတ်နေသည့်စာအုပ်များက အတော်လေးထူနေသည်ကို မြင်လျှင် လင်ယွိရှုမှာ ကြက်သေသေသွားသည်။ စာအုပ်တို့ကို ထပ်လိုက်လျှင် လူတစ်ယောက်၏ အရပ်တစ်ဝက်ခန့်ပင် ရှိလောက်မည်။
လင်ယွိရှုမှာ စာအုပ်များကို သွားလှန်ကြည့်ပြီးနောက် လေးစားသွားသည်။ စာသားများက ကောင်းကင်နတ်သိုင်းများမှ ပြောင်းလဲထားသော မှော်သင်္ကေတများ ဖြစ်ချေသည်။ ချင်မူက ကောင်းကင်နတ်သိုင်းများနှင့် မှော်အစီအရင်များကို ပန်းပဲပညာတွင် အသုံးချ၍ သူ သင်ယူထားသည့်အရာများကို ကောင်းစွာပြသပေးခဲ့သည်။
‘ဂိုဏ်းသခင်က ဟိုမကောင်းဆိုးဝါး လီထျန်းရှင်လို မဟုတ်ဘူး။ နတ်ဂိုဏ်းသခင်ဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တယ်’
လင်ယွိရှုမှာ စိတ်နှလုံးတုန်လှုပ်မိသွားသည်။ ချင်မူ နားနေသည်ကို မြင်လျှင် သူက အပြုံးလေးဖြင့် ချက်ချင်း သွားလိုက်၏။ “ဂိုဏ်းသခင်၊ ငါ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်ရင် ငါ့ကို ဘယ်နေရာပေးမှာလဲ”
ချင်မူက အံ့အားသင့်သွားဟန်ဖြင့် ခေါင်းထောင်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မင်းသား ဝင်လိုက်ရင် ဧကရာဇ် အမျက်ထွက်မှာ မစိုးရိမ်ဘူးလား”
လင်ယွိရှုမှာ စိတ်လှုပ်ရှားလာသည်။ “ခမည်းတော်မှာ ဧကရာဇ်အတိုင်ပင်ခံရှိတာပဲ။ ငါလည်း ဧကရာဇ်အတိုင်ပင်ခံလိုတယ်။ နောင် ငါ အရိုက်အရာဆက်ခံရင် ဂိုဏ်းသခင်ချင်က ငါ့ရဲ့ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာမှာပေါ့”
ချင်မူက ခေါင်းယမ်းသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျွန်တော်ရဲ့ မွေးရပ်မြေမဟုတ်ပါဘူး။ ကျွန်တော်က မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံ လူသားတစ်ယောက်ပါ။ အရှင့်သား အဲ့ဒါကို မှတ်မိသေးရဲ့လား။ ကျွန်တော်က နတ်ဘုရားတွေ စွန့်ပစ်ထားတဲ့လူတစ်ယောက်မလို့ မင်းသားရဲ့ ဧကရာဇ်အတိုင်ပင်ခံ မလုပ်နိုင်ပါဘူး။ နတ်ဘုရားတွေရဲ့ အမိန့်ကို ဖီဆန်ပြီး မဟာမြို့ပျက်က လူတွေကို အရှင့်သားရဲ့ ပြည်သူပြည်သားတွေအဖြစ် အသိအမှတ်ပေးရဲတဲ့ သတ္တိ အရှင့်သားမှာ ရှိသလား”
လင်ယွိရှု ဆွံ့အသွားသည်။
“အရှင့်သားက အရှင်မင်းကြီးကို မမှီဘူး။ အရှင်မင်းကြီးကတော့ အဲဒီလိုလုပ်ရဲတယ်”
ချင်မူက လင်ယွိရှု၏ပခုံးကို ပုတ်၍ ရှန်းယိုရှင်တို့ဆီ လျှောက်သွားသည်။ “ဧကရာဇ်က ပြစ်တင်ရှုံ့ချမှုတွေကို ရင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဝံ့တယ်။ ကျွန်တော့်ကို ပထမဆုံး တွေ့တုန်းကလည်း အစွန့်ပစ်ခံလူတစ်ယောက်အဖြစ် မမြင်ခဲ့ဘူး။ မင်းသားကတော့ အရင်မျိုးဆက်ရဲ့ အတွေးအမြင်တွေကြောင့် ကျွန်တော့်ကို မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူသားအဖြစ် ခံစားနေရတုန်းပဲ။ အရှင့်သား၊ အရှင့်သားမှာ ဧကရာဇ်လို မြင့်မားတဲ့ ရည်ရွယ်ချက်တွေ ရှိရင် ကျွန်တော် အရှင့်သားရဲ့ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာပေးမယ်။ ဒါပေမဲ့ ဧကရာဇ်လို ရည်ရွယ်ချက်မျိုး အရှင့်သားမှာ ရှိပါရဲ့လား”
လင်ယွိရှုမှာ ဧကရာဇ်ယန်ဖုန်း၏စကားများနှင့် လုပ်ဆောင်မှုများကို တွေးမိသောအခါ ချွေးများကျလာ၏။ ခမည်းတော်၏ခြေရာကို မနင်းနိုင်ကြောင်း သူ သိလေသည်။
လင်ယွိရှို့က ဤလူငယ်နှင့် မယှဉ်နိုင်ခြင်းမဟုတ်။ ချင်မူ့လို ဧကရာဇ်အတိုင်ပင်ခံနှင့် မယှဉ်နိုင်သူက သူကိုယ်တိုင်သာ ဖြစ်ပေသည်။