← Chapters

ဖီးနစ်ငှက်၊ နိုးထလော့

Vol. 57 Ch. 781

ဖီးနစ်ငှက်၊ နိုးထလော့

Vol. 57 Ch. 781

ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်၏ အတွေးများအားလုံးကို မသိနိုင်ပါသော်လည်း တစ်စိတ်တစ်ပိုင်းခန့် သိထား၏။ ထို့ကြောင့် သူသည် ကျိုးရိရှန်နှင့် ပတ်သက်၍ သူ သိရှိနားလည်ထားသည့် အချက်များကို ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် စိတ်ထဲ၌ ကောက်ချက်ချလိုက်တော့သည်။

သူသည် မျက်လုံးများ မှေးသွားပြီး ဆိုလိုက်၏ " မရောင်းနိုင်ဘူး "

သူ၏ စကားသံမှာ သူ၏ ဂူဗိမာန်အပြင်ဘက်သို့ ပျံ့လွင့်သွားပြီး အပြင်ဘက်ရှိ လူသုံးယောက်နှင့် မြည်းလေးတစ်ကောင်ဆီသို့ ရောက်ရှိသွား၏။ ထိုအခါ မြည်လေး၏ နားရွက်များမှာ ဆတ်ခနဲ တုန်ရီသွားပြီး ဝူလေးမှာမူ မျက်လုံးများအရောင်လက်သွားသည်။ ကျိုးရိရှန်နှင့် အမျိုးသမီးကျင့်ကြံသူတို့သာလျှင် အမူအရာများ ပြောင်းလဲသွားကြ၏။

ကျိုးရိရှန်မှာ စိုးထိတ်သွားရပြီး အမျိုးသမီးကျင့်ကြံသူမှာမူ မျက်ဝန်းများထဲ၌ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူမသည် မျက်မှောင်ကြုတ်ကာ ဂူဗိမာန်၏ တံခါးပေါက်အား စိုက်ကြည့်နေလိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ဆိုလိုက်တော့သည်။

" တာအိုရောင်းရင်းလုံနန်ကျစ်။ ကျွန်မက ရှင့်ရဲ့ အိမ်မွေးတိရစ္ဆာန်ကို တကယ်သဘောကျလို့ပါ။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ရောင်းပေးပါ။ ကျွန်မ ရှင့်ကို ရေခဲနှလုံးသားသစ်သီးတစ်လုံး ပေးပါ့မယ် "

ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခဲ့စဉ်တုန်းက ထို ရေခဲနှလုံးသားသစ်သီးအား မြင်ဖူးထားသည် မဟုတ်ပါလော။ ၎င်းမှာ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌သာ ရှိသည့် သစ်သီးတစ်မျိုးဖြစ်သည်။

ထိုသစ်သီး၏ သစ်ပင်အား အခြား လူမှုအဖွဲ့အစည်းတစ်ခုထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။ ရေခဲဖီးနစ်ငှက်တပ်ရင်းမှာ ထို လူမှုအဖွဲ့အစည်းအား လုယက်ဖျက်ဆီးခဲ့ပြီးနောက် ထိုသစ်ပင်အား တပ်ရင်းထဲရှိ တားမြစ်နယ်မြေထဲတွင် စိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသစ်ပင်မှာ ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ အသီးသီးပြီး တစ်ကြိမ်လျှင် အလုံးရေ တစ်ထောင်ဝန်းကျင်ခန့် သီးပေသည်။ ထိုပမာဏမှာ မနည်းပါသော်လည်း များသည်ဟုလည်း သတ်မှတ်၍မရပေ။ ထို့ကြောင့် ၎င်းမှာ အတော်အသင့် တန်ဖိုးကြီးမား၏။ ထိုသစ်သီးအား ဆေးဝါးတစ်ခုခုထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက ထိုဆေးအာနိသင်မှာ တိုးပွားလာမည်ဖြစ်သည်။

အကယ်၍ ထိုသစ်သီးအား တိုက်ရိုက် စားသုံးလိုက်မည်ဆိုလျှင်လည်း မိမိ၏ ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်ပေသည်။ ၎င်းတို့မှာ အလွန်အင်မတန်မှရှားပါးသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရ၏။

" ကျွန်တော် ဒီ အိမ်‌မွေးတိရစ္ဆာန်ကို‌ မွေးထားတာ နှစ်တွေအများကြီးရှိနေပြီ။ အဲတာကြောင့်မလို့ သူ့ကို ခွဲနိုင်မှာမဟုတ်ဘူး။ မေ့လိုက်ပါတော့ဗျာ " တစ်အောင့်ခန့်ကြာပြီးနောက် ဝမ်ပေါင်လဲ့၏ သက်ပြင်းချသံမှာ ဂူဗိမာန်အပြင်ဘက်သို့ ပျံ့လွင့်လာပြန်သည်။ မြည်းလေးမှာ သူ၏စကားများကို ကြားလိုက်ရသောအခါ တဟီဟီ အော်မြည်လိုက်၏။ ထိုအခါ ၎င်း၏ဘေးတွင် ရှိနေသည့် ဝူလေးမှာ ချက်ချင်းပင် မတ်တတ်ထလာကာ ထိုမြည်းလေးဆီသို့ သွားလိုက်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ၎င်း၏ အမွေးများကို ပွတ်သပ်ပေးနေလိုက်တော့သည်။

ကျိုးရိရှန်မှာမူ မကျေမနပ် ဖြစ်နေ၏။ အကယ်၍ သူသာ စကားပြောရဲနေမည်ဆိုပါက လုံနန်ကျစ်မှာ သူ့ကို မကြာသေးမီကမှ ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း ထိုအမျိုးသမီးကျင့်ကြံသူအား ပြောပြလိုက်မည်သာဖြစ်သည်။

" ရေခဲနှလုံးသားသစ်သီး နှစ်လုံးပေးမယ် " နတ်သမီးလင်ယို၏ ညီမဖြစ်သူမှာ မျက်ခုံးများပင့်ကာ ထပ်၍ ကမ်းလှမ်းလိုက်ပြန်သည်။ သူမသည် ဝမ်ပေါင်လဲ့မှာ လိမ်ညာနေ‌ခြင်းဖြစ်ကြောင်း သိရှိထားလျှင်မူ သူနှင့် ငြင်းခုန်နေရန် ဆန္ဒမရှိသောကြောင့် သူမဘက်မှ ပေးမည့် ဈေးကိုသာ တိုးမြှင့်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် စကားဆက်ပြောလိုက်ပြန်သည်။

" အင်း... သူ့ကို ဈေးအများကြီးပေးပြီး ဝယ်ခဲ့ရတဲ့အပြင် အခုလို ရုပ်ရည်ချောမောလာအောင်လို့ နေ့တိုင်း အကောင်းစား အစားအစာတွေပဲ ကျွေးခဲ့ရတာဆိုပေမဲ့ ကျွန်တော်က ငွေစကား ပြောနေတာ မဟုတ်ပါဘူးဗျာ။ အဓိကက ကျွန်တော်နဲ့ သူ့ရဲ့ကြားက သံယောဇဉ်ကြောင့်ဗျ။ ကျွန်တော်တို့က... "

" ရေခဲနှလုံးသားသစ်သီး လေးလုံးပေးမယ် " အမျိုးသမီးကျင့်ကြံသူမှာ အနည်းငယ်ခန့် စိတ်ကသိကအောက် ဖြစ်လာရပြီဖြစ်သည်။

" ကျွန်တော်တို့ရဲ့ သံယောဇဉ်က ဖြတ်တောက်လို့ မရ... "

" ရေခဲနှလုံးသားသစ်သီး ဆယ်လုံးပေးမယ်။ လုံနန်ကျစ်။ ဒီဈေးနှုန်းက မတန်တဆဖြစ်နေပြီနော်။ အဲတာကိုမှ နင် သဘောမတူသေးဘူးဆိုရင်တော့ ငါ မဝယ်တော့ဘူး " အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့အား စကားဖြတ်ပြောလိုက်၏။ သူမ၏ လေသံမှာ ပြတ်သားမှုအပြည့်ရှိပြီး ခြိမ်းခြောက်လိုသည့်လေသံ‌ ပေါက်နေသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် စိတ်ထဲတွင် အကြိမ်ရေထောင်သောင်းမက ခေါင်းညိတ်ပြီးနေပြီ ဖြစ်ပါသော်လည်း အပေါ်ယံတွင်မူ စိတ်မပါလက်မပါနှင့် လက်ခံလိုက်ရသည့် ပုံစံသာ ဟန်ဆောင်လိုက်၏။

ဝမ်ပေါင်လဲ့ဘက်မှ သဘောတူကြောင်း အကြောင်းပြန်လိုက်သည်ကို ကြားလိုက်ရသောအခါ ကျိုးရိရှန်မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိသွားတော့သည်။ သူ စိတ်ထဲတွင်ကျိတ်၍ ပျော်ရွှင်ကျေနပ်နေစဉ် အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့နှင့် အရောင်းအဝယ်ကိစ္စအား အလျင်အမြန် အဆုံးသတ်လိုက်ပြီးနောက် ကျိုးရိရှန်ကို ခေါ်ကာ ထွက်ခွာသွားတော့သည်။

ထိုမြင်ကွင်းအား အစမှအဆုံး မြင်ခဲ့ရသည့် ဝူလေးမှာမူ ကျိုးရိရှန် ထိုင်နေခဲ့သည့်နေရာသို့ လျှောက်လှမ်းသွားလိုက်ပြီး ရွံရှာစက်ဆုပ်နေသည့် မျက်နှာအမူအရာဖြင့် တံတွေးထွေးလိုက်၏။

" အရူးလိုကောင်။ ဖေဖေကြီးနဲ့ တူတူနေရတာ ဒီလောက်ကောင်းတာကို။ ကျွန်တော်တို့က အပေါက်စောင့်နေရတာ ဆိုပေမဲ့ သူ့ကို ကျွန်တော်နဲ့တန်းတူ ဆက်ဆံပေးထားတာပဲလေ။ ဒါပေမဲ့ အခုတော့ သူက အခြားတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန် လုပ်ဖို့ ထွက်သွားပြီ။ တော်တော်ကို အသိဉာဏ်မရှိတဲ့ကောင်။ ဟုတ်တယ်မလား ဒုတိယသခင်လေး " ဝူလေးမှာ ထိုသို့ဆိုရင်း မြည်းလေး၏ အမွေးများကိုလည်း သတိတရနှင့် ပွတ်သပ်ပေးနေသေးသည်။

သူ၏ ပွတ်သပ်နှိပ်နယ်မှုများမှာ ကောင်းလွန်းနေသောကြောင့်လားတော့ မသိပေ။ မြည်းလေးမှာ ဇိမ်ကျနေပြီး အမြီးယမ်းကာ တဟီဟီ အော်မြည်တမ်း၍ သူ၏စကားများကို သဘောတူလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏အိမ်တံခါးအပြင်ဘက်တွင် ရှိနေသည့် အရူးနှစ်ကောင်အား လျစ်လျူရှုထားလိုက်ပြီးနောက် သူ ရရှိခဲ့သော ရေခဲနှလုံးသားသစ်သီးများထဲမှ တစ်လုံးကို သိမ်းဆည်းကာ ကျန်ကိုးလုံးအား ရောင်းချလိုက်ပြီး ကုန်ကြမ်းပစ္စည်း အမြောက်အမြား ပြန်လည်ဝယ်ယူလိုက်၏။ ထို့နောက် သူသည် အဆင့်ဆယ့်သုံး မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား စတင်သန့်စင်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ယခင်နည်းလမ်းကိုသာ အသုံးပြုခဲ့သဖြင့် အဆင့်ဆယ့်သုံးသို့ အခက်အခဲမရှိ အလျင်အမြန် တက်လှမ်းသွားနိုင်ခဲ့၏။ ထိုရတနာ၏ တန်ပြန်စွမ်းအားမှာ တစ်ရာ့သုံးဆယ် ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ရာ ၎င်း၏တန်ကြေးမှာလည်း ထိုးတက်သွားပြီ ဖြစ်သည်။

သူသည် ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တိုက်သန့်စင်နေခဲ့သောကြောင့် ၎င်းအား အဆင့်ဆယ့်ခုနစ်အထိရောက်အောင် မြှင့်တင်နိုင်ခဲ့၏။

အဆင့်ဆယ့်ခုနစ် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ သတ္တမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အခုရေပေါင်း နှစ်သောင်းနီးပါးကို ပေါင်းစည်းကာ ဖန်တီးထားခြင်းဖြစ်၏။ ၎င်း၏ တန်ပြန်စွမ်းအားမှာ တစ်ရာ့ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအစစ်တစ်ယောက်ပင်လျှင် ထိုလက်နက်နှင့် ရင်ဆိုင်လိုက်ရမည်ဆိုပါက အခက်တွေ့သွားရမည်သာ ဖြစ်သည်။ ထို့အပြင် သူတို့မှာ သတိကြီးကြီးမထားပါက တန်ပြန်စွမ်းအားများကြောင့် ဒုက္ခလှလှ တွေ့နိုင်ပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့၏ ရှေ့၌ မျောလွင့်နေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ တတိယအဆင့်တွင်သာ ရှိသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ သတ္တမအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အား မသိထားသည့်လူမှာ အငိုက်မိသွားမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအဆင့်အထိ သန့်စင်ပြီးသည့်တိုင်အောင် စိတ်ကျေနပ်မှုမရှိသေးပေ။ သူ ထိုဒိုင်းကာအား ပို၍သန့်စင်လေလေ သူ၏ အတွေးများမှာ ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်နေ၏။ သူသည် အနည်းငယ်ခန့် လေ့လာသုံးသပ်လိုက်ပြီးနောက် ထိုသို့ဖြစ်နေရခြင်းမှာ အလွှာဆင့်ခြင်းနည်းလမ်းကြောင့် ဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။ ထိုနည်းလမ်းမှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ အဆင့်အား မြှင့်တင်ပေးနိုင်စွမ်း ရှိသည့်တိုင်အောင် ကန့်သတ်ချက်တစ်ခု ရှိပေသည်။

" အဆင့်ဆယ့်ရှစ်က နောက်ဆုံးပဲထင်တယ်။ ငါ ထပ်ပြီးတော့ အဆင့်မြှင့်တင်ချင်တယ်ဆိုရင် ဒီဒိုင်းကာရဲ့ မူလဇစ်မြစ်ကို ပြောင်းလဲပစ်မှ ရမှာ " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ၏နဖူးအား ပွတ်လိုက်၏။ သူသည် အနည်းငယ်ခန့် အနားယူလိုက်ပြီးနောက် ဆက်လက်စဉ်းစားတွေးတောရင်း အချိန်သုံးရက်တိတိ ကုန်ဆုံးသွားသည်။

ထိုသုံးရက် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် ဉာဏ်ကွန့်မြူးစ ပြုလာစဉ်မှာပင် သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှ ကျင့်ကြံသူအားလုံးအား ပြည်သူ့ရင်ပြင်ဆီသို့ ဆင့်ခေါ်သည့် အမိန့်စာတစ်စောင်ကို လက်ခံရရှိလိုက်သည်။ ထို အမိန့်စာထဲတွင် အဆင့်ဆယ့်တစ် စစ်တပ်မှာ ရေခဲဖီးနစ်ငှက်တပ်ရင်းအား စိန်ခေါ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထား၏။

ထို အမိန့်စာကြောင့် ဝမ်ပေါင်လဲ့၏ အတွေးများမှာ ယောက်ယက်ခတ်သွားရသည်။ သူသည် မျက်မှောင်ကြုတ်သွားပြီး မသွားရန် ဆုံးဖြတ်လိုက်ပါသော်လည်း အမိန့်ပေးစာများနှင့် အကြောင်းကြားစာများမှာ သူ့ဆီသို့ တစ်စောင်ပြီးတစ်စောင် ဆက်တိုက်ရောက်ရှိလာကြပြန်သည်။

" ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်နဲ့ သတ္တမအဆင့် စစ်တပ်တွေက အဆင့်ဆယ့်တစ် စစ်တပ်ဘက်ကနေ ကူညီပေးကြမှာ။ သူတို့က ခြောက်နာရီနေရင် တရားဝင် ရောက်ရှိလာကြတော့မှာ "

" စစ်တပ်စိန်ခေါ်မှုတိုက်ပွဲက ခြောက်နာရီနေရင် တရားဝင် စတင်တော့မှာဖြစ်ပါတယ် "

ထို အကြောင်းကြားစာများနှင့်အတူ စစ်တပ်တစ်ခုလုံးကို ဆင့်ခေါ်လိုက်သည့် အမိန့်စာပါ ရောက်ရှိလာ၏။ ထိုအမိန့်စာထဲတွင် ဝမ်ပေါင်လဲ့ ထမ်းဆောင်ရမည့် တာဝန်လည်း ပါပေသည်။ သူသည် နယ်စပ်ဒေသတွင် တာဝန်ကျမည်ဖြစ်ပြီး သူ၏တာဝန်မှာ သူ၏မိတ်ဆွေများနှင့်ပူးပေါင်းကာ စစ်တပ်၏ ဓမ္မအဆောင်များကို အချိန်မရွေး ပြုပြင်ပေးရန် ဖြစ်သည်။

တစ်ချိန်ထဲမှာပင် နတ်သမီးလင်ယို စစ်တပ်တစ်ခုလုံးဆီသို့ ပေးပို့လိုက်သည့် အသံလွှင့်အကြောင်းကြားစာကြီးမှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ သူမသည် ရေခဲဖီးနစ်ငှက်တပ်ရင်း ကျင့်ကြံသူများအား အဆင့်ဆယ့်တစ် စစ်တပ်၏ စိန်ခေါ်မှုအား ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားဖို့ မှာကြားလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အဋ္ဌမအဆင့်နှင့် နဝမအဆင့် စစ်တပ်များမှာ သူတို့၏ မဟာမိတ်များအဖြစ် တိုက်ပွဲထဲ၌ ဝင်ရောက်ကူညီပေးကြမည် ဖြစ်သည်။

ထိုကဲ့သို့ ဆက်တိုက်ဆိုသလို ရောက်ရှိလာသည့် အကြောင်းကြားစာများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ၎င်းတို့အား ဖတ်ရှုလိုက်တော့သည်။ သူသည် ထိုတိုက်ပွဲကြီးထဲ၌ ဝင်ရောက်ဆင်နွှဲရန် ဆန္ဒမရှိသည့်တိုင်အောင် သူ၏ ဂူဗိမာန် အပြင်ဘက်သို့ ထွက်သွားလိုက်ပြီး သူ တာဝန်ကျသည့်နေရာသို့ ဦးတည်သွားလိုက်ရဆဲပင်။

သူသည် လမ်းတစ်လျှောက်လုံးတွင် စစ်တပ်ထဲရှိ လူတိုင်းမှာ မျက်နှာအမူအရာများ တည်ကြည်နေကြသည်ကို မြင်ခဲ့ရသည်။ သူသည် လေထဲ၌ ပျံသန်းနေရင်း လေထုကြီးတစ်ခုလုံးမှာ ဖိနှိပ်ချုပ်တည်းခံထားရသကဲ့သို့ ဖြစ်နေသည်ကို ခံစားနေရ၏။

ဝမ်ပေါင်လဲ့မှာ သူတာဝန်ကျရာနေရာသို့ ချက်ချင်းပင်ရောက်ရှိလာ၏။ ထိုနေရာမှာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ နယ်စပ်ဒေသဖြစ်ပြီး ဒါဇင်ပေါင်းများစွာသော ဧရာမ ရုပ်တုကြီးများကို စိုက်ထူထားကြသည်။ လက်ရှိတွင် ထိုရုပ်တုကြီးများ၏ ဘေးပတ်ပတ်လည်၌ ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေကြပြီး သူတို့မှာ ၎င်းတို့အား ကြည့်ရှုစစ်ဆေးရင်း အလုပ်ရှုပ်နေကြသည်။ နောက်ဆုံးတွင် ထို ရုပ်တုကြီးများအားလုံးကို အသက်သွင်းလိုက်တော့သည်။ ထိုအခါ ၎င်းတို့ဆီမှ အားကောင်းသော ဖိနှိပ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကြ၏။

အခြားသူများမှာ အလုပ်ရှုပ်နေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရီဝေဝေနှင့် မလှုပ်မယှက်ရပ်ကာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာနှင့် ပတ်သတ်၍ သူ စဉ်းစားမိခဲ့သည့် အကြံအစည် အသစ်များကို တွေးနေဆဲပင်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ခြောက်နာရီတိတိ ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ ရေခဲဖီးနစ်ငှက်တပ်ရင်း တစ်ခုလုံးမှာမူ ခြောက်နာရီကြာမြင့်ခဲ့သည့် ပြင်ဆင်မှုများပြီးနောက် အိပ်ရာမှ နိုးထလာသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်နှင့် တူနေ၏။

မြေပြင်ပေါ်တွင် ရုပ်သေးရုပ် ရုပ်တုပေါင်း မြောက်မြားစွာမှာ မျက်စိတစ်ဆုံး ပြည့်နှက်နေကြသည်။ ထို ရုပ်တုများထဲတွင် အရွယ်အစားနှင့် ပုံပန်းသွင်ပြင် နှစ်ခုစလုံး အများနှင့်မတူဘဲ ကွဲထွက်နေသည့် ရုပ်တုတစ်ခု ရှိနေ၏။ ထို ရုပ်တုကြီး၏ ဦးခေါင်းအား ကြည့်လိုက်မည်ဆိုလျှင် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် အမျိုးသမီးချင်း ကျင့်ကြံသူတစ်ယောက်မှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တင်ပျဉ်‌ ခွေထိုင်နေသည်ကို မြင်နိုင်ပေမည်။

ထို အမျိုးသမီးမှာ နတ်သမီးလင်ယို၏ လူယုံတော်အဖွဲ့ထဲ၌ ဝမ်ပေါင်လဲ့ ဆုံတွေ့ဖူးခဲ့သည့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပေသည်။

လေထဲတွင်မူ စစ်သင်္ဘောကြီးများမှာ ကောင်းကင်ကြီးကိုပင် လွှမ်းခြုံကာ လမင်းကြီးအား ဖုံးလွှမ်းသွားတော့မည့်အလား ပြည့်နှက်နေကြ၏။ ၎င်းတို့ ဘေးဘက်သို့ ဖြန့်ကြက်သွားကြသောအခါ နတ်သမီးလင်ယို၏ လူယုံတော်အဖွဲ့ထဲမှ နောက်ထပ် တစ်ယောက် ပေါ်ပေါက်လာပြန်သည်။ သူမသည် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်တစ်ခုကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး စစ်သင်္ဘောကြီးတစ်စင်းပေါ်တွင် ရပ်ကာ ခေါင်းမော့၍ ကောင်းကင်ကြီးအား လှမ်းကြည့်နေသည်။

ထို့အပြင် ကောင်းကင်ယံထဲတွင် လေထဲ၌ မျောလွင့်နေသည့် ပလ္လင်တစ်ခု ရှိနေသေးသည်။ ထို ပလ္လင်ပေါ်တွင်မူ လူတစ်ယောက်ရပ်နေ၏။ ထိုပုဂ္ဂိုလ်မှာ နတ်သမီးလင်ယို မဟုတ်ဘဲ ဝမ်ပေါင်လဲ့နှင့် ဆုံတွေ့ခဲ့ဖူးသည့် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမငယ်လေး ဖြစ်ပေသည်။ သူမသည် ဤတိုက်ပွဲကြီး၏ ခေါင်းဆောင်ဖြစ်၏။

နတ်သမီးလင်ယိုမှာမူ နောက်ဘက်ရှိ အဆောင်တစ်ဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

အရာအားလုံးမှာ တည်ကြည်လေးနက်မှုအပြည့်ရှိနေသောကြောင့် စစ်တပ်ထဲမှ ကျင့်ကြံသူအားလုံးမှာ အာရုံအပြည့် စိုက်ထားကြပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ သူတို့အား ဂရုမစိုက်နိုင်ပေ။ သူသည် မလှုပ်မယှက်ရပ်နေရင်း စိတ်ထဲ၌ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာနှင့် ပတ်သတ်သည့် တွက်ချက်မှုများကိုသာ ပြုလုပ်နေမိတော့သည်။ ထို့သို့ဖြင့် သူ သူ၏ဘေးပတ်ဝန်းကျင်အား လျစ်လျူရှုထားရင်း တိုက်ပွဲစတင်မည့်အချိန်သို့ ရောက်ရှိလာ၏။

ထိုအခါ လေပြင်းများ စတင်တိုက်ခတ်လာပြီး ရေခဲဖီးနစ်ငှက်တပ်ရင်း၏ အထက်ရှိ ကောင်းကင်ယံထဲတွင် တိမ်တိုက်များမှာ တလိပ်လိပ်ထလာကြ၏။ ထို့နောက် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ဧရာမ အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် မျက်လုံးဖြင့်မမြင်နိုင်သည့် ဧရာမ လက်ကြီးများမှာ ကောင်းကင်ယံကြီးအား ဆုတ်ဖြဲနေသကဲ့သို့ပင်။

ထိုအချိန်တွင် ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်နှင့် အဆင့်ဆယ့်တစ် စစ်တပ်တို့မှ စစ်သင်္ဘောကြီးများမှာ ထို အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာကြ၏။

၎င်းတို့ ပေါ်ပေါက်လာကြသောအခါ ပလ္လင်ပေါ်တွင် ရပ်နေသည့် လိမ္မော်ရောင်ဂါဝန်အား ဆင်မြန်းထားသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကျင့်ကြံသူမှာ မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူမ၏ အေးစက်စက်စကားသံကြီးမှာ စစ်မြေပြင်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" ဖီးနစ်ငှက်၊ နိုးထလော့ "

All Chapters