← Chapters

ဘာလဲဟ

Vol. 57 Ch. 782

ဘာလဲဟ

Vol. 57 Ch. 782

လက်ရှိတွင် ထိုတိုက်ပွဲကြီးအား ကြည့်ရှုခွင့်ရသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ လူတိုင်းမှာ ရေခဲဖီးနစ်ငှက်တပ်ရင်းရှိရာအရပ်သို့ လှမ်းကြည့်နေကြ၏။ ထိပ်ဆုံးအဆင့် ဆယ်ဆင့်ထဲမှ စစ်တပ်များ ယခုကဲ့သို့ အုပ်စုဖွဲ့ကာ တိုက်ခိုက်ကြသည့် ဖြစ်ရပ်မျိုးမှာ ရှားပါးပေသည်။

အမှန်အတိုင်းဆိုရလျှင် နတ်သမီးလင်ယို၏ ကြီးမားသော ရည်မှန်းချက်များကြောင့် ယခုလိုဖြစ်လာရခြင်း ဖြစ်ပေသည်။ အကယ်၍ သူမသည် သူမ၏စစ်တပ်အား ဆဋ္ဌမအဆင့်သို့သာ မြှင့်တင်လိုမည်ဆိုပါက သူမ၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ထမင်းစားရေသောက်အဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။ ထို ဆဋ္ဌမအဆင့်စစ်တပ်မှာ သူမအား ယှဉ်ပြိုင်တိုက်ခိုက်ရန်ပင် စိတ်ကူးနေမည်မဟုတ်ပေ။

သို့သော် နတ်သမီးလင်ယိုမှာ ဆဋ္ဌမအဆင့်ကို မဟုတ်ဘဲ ပဉ္စမအဆင့်အား ပစ်မှတ်ထားနေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူမသည် အခြား ထာဝရဝိညာဉ်အဆင့်ခေါင်းဆောင်ကြီးများကို စိန်ခေါ်ရတော့မည်ဖြစ်၍ အခက်အခဲများနှင့် ပို၍ကြုံတွေ့ရမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း လူအများမှာ သူမအား စိတ်ဝင်စားသွားကြခြင်း ဖြစ်၏။ ထို့အပြင် ထိုအကြောင်းအရင်းကြောင့်လည်း ပဉ္စမအဆင့်စစ်တပ်မှာ ထိတ်လန့်တုန်လှုပ်သွားရပြီး အခြားစစ်တပ်များနှင့်ပူးပေါင်းကာ နတ်သမီးလင်ယိုအား သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤ တိုက်ပွဲကြီးမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ဂြိုဟ်အဆင့်ဂိုဏ်းခေါင်းဆောင်ကြီး၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့၏။ ယခုတွင် သူ၏ အကြည့်မှာ ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ စစ်မြေပြင်ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

ထိုသို့ဖြင့် သူတို့အားလုံး ထိုတိုက်ပွဲကြီးအားစောင့်ကြည့်နေကြစဉ် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကျင့်ကြံသူ၏ အမိန့်ကြောင့် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ ဖီးနစ်ငှက်တစ်ကောင်၏ အော်ဟစ်မြည်တမ်းသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့နောက် အပြာရောင် မီးတောက်များဖြင့် ဖွဲ့စည်းထားကာ ကြည်လင်တောက်ပနေသည့် မီးဒိုင်းကာတစ်ခု ပေါ်ပေါက်လာပြီး ရေခဲဖီးနစ်ငှက်တပ်ရင်းအား ပက်လက်မှောက်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ လွှမ်းခြုံသွားတော့သည်။

၎င်းမှာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ အကာအကွယ် မန္တန်အစီအရင်ကြီးဖြစ်သော ဖီးနစ်ငှက်မီးလျှံပြာ ဖြစ်ပေသည်။

ထိုအခါ ကောင်းကင်ယံကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွား၏။ ထိုအပြာရောင်မီးလျှံဒိုင်းကာကြီးမှာ အပူဓာတ်များ ထုတ်လွှတ်နေခြင်းမရှိဘဲ အအေးဓာတ်များကိုသာ ထုတ်လွှတ်နေ၏။ ထိုအအေးဓာတ်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ ဘေးပတ်ပတ်လည်တွင် ဆီးနှင်းပွင့်လေးများ ပေါ်ပေါက်လာသည်ကိုပင် ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ထို ဆီးနှင်းပွင့်များ လေထဲ၌ ပျံ့လွင့်နေကြစဉ် ရေခဲဖီးနစ်ငှက်တပ်ရင်း မန္တန်အစီအရင်ကြီး၏ အလွန်ရှိ ကောင်းကင်ယံကြီးထဲရှိ အက်ကွဲကြောင်းများထဲမှ စစ်သင်္ဘောကြီးများ ဆက်လက်ထွက်ပေါ်လာ၏။

၎င်းတို့ထဲတွင် တမူထူးခြားသည့် ပုံပန်းသွင်ပြင်နှင့် ခမ်းနားထည်ဝါသော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည့် စစ်သင်္ဘောကြီးသုံးစင်း ရှိနေသည်။ ၎င်းတို့မှာ ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်နှင့် အဆင့်ဆယ့်တစ် စစ်တပ်များမှ ခေါင်းဆောင်ကြီးများ၏ စစ်သင်္ဘောကြီးများ ဖြစ်ကြပေသည်။ ၎င်းတို့ထဲမှ တစ်စင်းမှာ ပိရမစ်ပုံစံ ဖြစ်နေပြီး အခြားတစ်စင်းမှာ ချပ်ပြားဝိုင်းပုံစံ ဖြစ်နေသည်။ အဆင့်ဆယ့်တစ် စစ်တပ်ခေါင်းဆောင်ကြီးမှာမူ ဧရာမ ရေခဲမီးကြာပွင့်ကြီးတစ်ပွင့်ပေါ်တွင် ရပ်နေပြီး လက်ထဲ၌ လှံတစ်ချောင်း ကိုင်ဆောင်ထား၏။ ထို့ကြောင့် သူသည် တမူထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေသည်။

၎င်းတို့နှင့် ယှဉ်လိုက်ပါက အာရုံဖမ်းစားနိုင်စွမ်းအရှိဆုံး စစ်သင်္ဘောကြီးမှာ ၎င်းတို့၏ နောက်ဆုံးတွင် ပေါ်ပေါက်လာသည့် ဧရာမ အနီရောင်နဂါးကြီးတစ်ကောင် ဖြစ်သည်။ ထိုနဂါးကြီး၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ ကြီးမားနေပြီး ၎င်း ထုတ်လွှတ်နေသည့် ဖိနှိပ်စွမ်းအားများမှာလည်း ဝိညာဉ်ကြားခံနယ်အဆင့်ထက်ပင် ပို၍သာလွန်ကာ ထာဝရဝိညာဉ်အဆင့်အထိ ရောက်နေပြီဖြစ်သည်။ ထို အနီရောင်နဂါးကြီးပေါ်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရပ်နေသေးသည်။ သူသည် ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး ဒေါသထွက်နေခြင်း မရှိသည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။ သူသည်လည်း ထာဝရဝိညာဉ်အဆင့် ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်နေသည်။

ထိုလူကြီးမှာ ပဉ္စမအဆင့်စစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သူ တာအိုရောင်းရင်းနဂါးနီ ဖြစ်ပေသည်။ သူ၏ လိုက်ပါစီးနင်းလာသည့် အနီရောင်နဂါးကြီးမှာမူ သူ၏ ဓမ္မစစ်သင်္ဘောကြီး ဖြစ်သည်။

" တာအိုရောင်းရင်း လင်ယို။ ကျုပ် ထပ်မေးမယ်။ ခဗျား ကျုပ်ရဲ့ နဂါးနီတပ်ရင်းကို စိန်ခေါ်ဖို့ စိတ်ကူးရှိသေးလား " တာအိုရောင်းရင်းနဂါးနီမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်၏။ သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်း၏ မန္တန်အစီအရင်ကြီးနှင့် ၎င်းထဲတွင် ရှိနေသည့် လူတိုင်းကို လျစ်လျူရှုကာ နောက်ဆုံးတွင်ရှိနေသော အဆောင်အား လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ထိုအဆောင်၏ နံရံများကို ထိုးဖောက်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူသည် ထိုအဆောင်ထဲ၌ တရားထိုင်နေသည့် နတ်သမီးလင်ယို မျက်လုံးများပွင့်လာသည်ကို မြင်လိုက်ရ၏။

" တာအိုရောင်းရင်းနဂါးနီ။ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပါဘူး "

မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင် ရှိနေသော တာအိုရောင်းရင်းနဂါးနီမှာ ထိုစကားကို ကြားလိုက်ရသောအခါ အသာအယာ ခေါင်းယမ်းလိုက်၏။ အမှန်တွင် သူသည်လည်း နှလုံးသားထဲ၌ ဒေါသများဖြင့် ပြည့်နှက်နေရသည်ဖြစ်သည်။ အစတွင် နဂါးနီတပ်ရင်းမှာ စတုတ္ထအဆင့်၌ ရှိနေခဲ့ပါသော်လည်း သူတို့မှာ ချပ်ဝတ်တန်တာနက်တပ်ရင်းအား ရှုံးနိမ့်ခဲ့သောကြောင့် အဆင့်ကျသွားခဲ့ရ၏။ သူသည် ထိုကိစ္စကြောင့် မကျေမနပ်ဖြစ်နေရစဉ်မှာပင် ယခုတွင် ရေခဲဖီးနစ်ငှက်တပ်ရင်းကလည်း သူ့အား စိန်ခေါ်ရန် ပြင်နေပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်လက်သွားကာ ပါးစပ်ပိတ်သွားပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အနီရောင်မီးတောက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏အောက်တွင် ရှိနေသော အနီရောင်နဂါးကြီးမှာလည်း အနီရောင်မီးတောက်များကို မှုတ်ထုတ်နေတော့သည်။ ၎င်းတို့မှာ တာအိုရောင်းရင်းနဂါးနီ၏ နတ်ဘုရားစွမ်းရည်နှင့် ပေါင်းစည်းသွားကြသောအခါ မျက်စိတစ်မှိတ်အတွင်းတွင် ဧရာမ မီးလက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ရေခဲဖီးနစ်ငှက်တပ်ရင်း၏ မန္တန်အစီအရင်ကြီးဆီသို့ ဦးတည်သွားတော့သည်။

သို့သော် ထိုလက်ဝါးကြီး မန္တန်အစီအရင်ကြီးနှင့် ရိုက်ခတ်သွားခါနီးဆဲဆဲမှာပင် ရေခဲဖီးနစ်ငှက်တပ်ရင်း မန္တန်အစီအရင်ကြီးထဲရှိ အပြာရောင်မီးတောက်များထဲမှလည်း ဧရာမ လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာ၏။ ထို့ကြောင့် ခဏအကြာတွင် ထို လက်ဝါးကြီးနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဝင်တိုက်သွားကြတော့သည်။

ထိုအခါ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး အပြာရောက်မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးမှာ လေထဲ၌ လွင့်စင်ပျောက်ကွယ်သွား၏။ ထို့ကြောင့် စစ်နတ်ဘုရားတစ်ပါးနှင့် တူသည့် နတ်သမီးလင်ယို၏ စစ်သင်္ဘောကြီး ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ လက်ဝါးကြီးထဲမှ ထိုးထွက်လာပြီးနောက် တာအိုရောင်းရင်းနဂါးနီဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သူတို့မှာ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေကြတော့သည်။ တစ်ချိန်ထဲမှာပင် မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင်ရှိနေသည့် အခြားစစ်တပ်များမှာလည်း စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ကျင့်ကြံသူပေါင်းမြောက်မြားစွာ ပျံထွက်လာကြသလို စစ်သင်္ဘောကြီးများမှာလည်း အဖျက်အဆီး အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြ၏။ ထိုအလင်းတန်းများ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ မန္တန်အစီအရင်ကြီးပေါ်သို့ ကျရောက်လာချိန်တွင် ရေခဲဖီးနစ်ငှက်တပ်ရင်းမှာလည်း တန်ပြန်တိုက်စစ်အား စတင်လိုက်တော့သည်။

မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကျင့်ကြံသူ အမိန့်များ ပေးလိုက်သောအခါ မြေကြီးထဲမှ ရုပ်တုရုပ်သေးရုပ်ပေါင်းမြောက်မြားစွာ ပေါ်ထွက်လာကြ၏။ လေထဲ၌ စစ်သင်္ဘောကြီးများအပြင် ယခုလေးတင် ရောက်ရှိလာကြသည့် အဋ္ဌမအဆင့်နှင့် နဝမအဆင့် စစ်တပ်များမှာလည်း တိုက်ပွဲထဲ၌ ပါဝင်လာကြပြီဖြစ်သည်။

ထိုသို့ဖြင့် လျှပ်တစ်ပြက်အတွင်းတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်ကာ နတ်ဘုရားစွမ်းရည်များမှာ မြေပြင်ကြီးအား တုန်ရီသွားစေပြီး မန္တန်အစီအရင်ကြီး၏ အနီး၌ ပေါက်ကွဲထွက်ပေါ်လာကြတော့သည်။ ထိုတိုက်ပွဲကြီးမှာ ပြင်းထန်သည့်ပုံ

ပေါ်ပါသော်လည်း ဂိုဏ်းတွင်းတိုက်ပွဲတစ်ခုသာ ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည့်တိုင်အောင် အသေအပျောက် အများကြီး မရှိကြပေ။ သို့သော် ဤ အနေအထားအတိုင်းသာ ဆိုပါက အခြေအနေများမှာ ပို၍ဆိုးရွားလာမည်သာ ဖြစ်သည်။

အကယ်၍ တခြားတစ်ချိန်ချိန်တွင်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်လိုက်ရပါက စိတ်နှလုံး လှုပ်ရှားသွားရမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ အသိစိတ်ထဲတွင် အဆင့်ဆယ့်ရှစ် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာနှင့် ပတ်သတ်၍ သူစဉ်းစားမိခဲ့သည့် အကြံအစည်တစ်ခုသာ ကြီးစိုးနေ၏။ သို့ဖြစ်ရာ သူသည် ဤ စိန်ခေါ်မှုတိုက်ပွဲအကြောင်းအား ဂရုစိုက်နေရန် အချိန်မရှိဘဲ စိတ်နှင့်ကိုယ်နှင့် မကပ်သည့် လူတစ်ယောက်ကဲ့သို့ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီး၏ အကြောင်းများကိုသာ တွေးနေမိတော့သည်။

ထို့အပြင် အလုပ်လုပ်ရသည့် အပိုင်းတွင်လည်း ရေခဲဖီးနစ်ငှက်တပ်ရင်းမှာ ဝမ်ပေါင်လဲ့၏ အကူအညီအား မလိုအပ်ကြပေ။ ထိခိုက်ပျက်စီးနေသည့် ရုပ်သေးရုပ် ရုပ်တုများ ပြန်လည်ရောက်ရှိလာကြသောအခါ ဘေးပတ်ပတ်လည်ရှိ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှ ဝမ်ပေါင်လဲ့ကဲ့သို့သော ဓမ္မလက်နက်ကျင့်ကြံသူများမှာ ၎င်းတို့အား အပြေးအလွှား သွားရောက်ပြုပြင်လိုက်ကြသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အားလပ်နေသဖြင့် စိတ်ထဲ၌ တွက်ချက်မှုများ ဆက်လုပ်နေမိတော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး တိုက်ပွဲကြီးမှာလည်း ပို၍ပြင်းထန်လာ၏။ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ မန္တန်အစီအရင်ကြီးထဲတွင်လည်း ဧရာမ အက်ကွဲကြောင်းကြီးနှစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။ ထို့နောက် ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ထိုအက်ကွဲကြောင်းများအား ဖြတ်၍ အထဲသို့ ဝင်ရောက်လာကြတော့သည်။

ထိုအခါ ရေခဲဖီးနစ်ငှက်တပ်ရင်း ကျင့်ကြံသူများမှာလည်း ချက်ချင်းဆိုသလိုပင် အမူအရာ တည်ကြည်သွားကြပြီး အတူတကွ စုစည်းလိုက်ကြ၏။ တစ်ချိန်ထဲမှာပင် ကျန်ရှိနေသေးသည့် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် အမျိုးသမီးကျင့်ကြံသူ သုံးယောက်မှာလည်း အလျင်အမြန် ပြန်လည်ရောက်ရှိလာကြသည်။

ထို့နောက် ထိုတပ်ဖွဲ့နှစ်ခုမှာ ချက်ချင်းဆိုသလိုပင် ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြ၏။ ထိုသို့ဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေစဉ် မန္တန်အစီအရင်ကြီး၏ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်းများကို အသုံးပြုလိုက်တော့သည်။ ထိုသို့ဖြင့် ထို မန္တန်အစီအရင်ကြီး အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့မည့် အချိန်တွင် အံ့သြမှင်တက်ဖွယ်ရာကောင်းသော အငွေ့အသက်နှစ်ခုမှာ ကြယ်ပျံများကဲ့သို့ အက်ကွဲကြောင်းများကို ဖြတ်၍ မန္တန်အစီအရင်ထဲ၌ ပေါ်ပေါက်လာကြ၏။ ထို့နောက် ၎င်းတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ စစ်မြေပြင်ထဲသို့ ရောက်ရှိလာကြတော့သည်။

" သခင်လင်းတောက် "

" တာအိုသခင် ရွှေယွင် " ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာစဉ် ထိုလူရိပ်နှစ်ခု၏ ရယ်မောသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ သူတို့နှစ်ယောက်မှာ သတ္တမမြောက်စစ်တပ်နှင့် အဆင့်ဆယ့်တစ်စစ်တပ်တို့၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြပေသည်။

သူတို့နှစ်ယောက် ထိုသို့ ပေါ်ပေါက်လာကြပြီးနောက် သခင်လင်းတောက်မှာ သူ၏ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် ၎င်းတို့မှာ အရပ်မျက်နှာနှံ့သို့ ပျံ့နှံ့သွား၏။ ထို့အပြင် သူသည် မျက်လုံးများ မှေးသွားပြီး သူတို့အား ကမ္ဘာ့ရန်သူကြီးများအဖြစ် ရင်ဆိုင်တိုက်ခိုက်နေသည့် ရေခဲဖီးနစ်ငှက်တပ်ရင်း အမျိုးသမီးကျင့်ကြံသူများကို စိုက်ကြည့်လိုက်သေးသည်။ အဆင့်ခုနစ်စစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သူ တာအိုသခင် ရွှေယွင်မှာဆိုလျှင် ကိုယ်လုံးကိုယ်ပေါက်လှသည့် အမျိုးသမီးကျင့်ကြံသူများကို မြင်လိုက်ရသည့်အချိန်တိုင်း မကောင်းသည့် အတွေးများ တွေးမိသွားပြီး မျက်ဝန်းများ အရောင်လက်သွားရသည်သာ ဖြစ်သည်။

ထို အက်ကွဲကြောင်းကြီးနှစ်ခုမှာ ဝမ်ပေါင်လဲ့နှင့် မလှမ်းမကမ်းတွင် ရှိနေပါသော်လည်း သူသည် ခေါင်းမော့ကာ သူတို့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက် ပြန်သည်။ သူ၏ စိတ်ထဲရှိ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာနှင့် ပတ်သတ်သည့် တွက်ချက်မှုများမှာ အရေးကြီးသော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်တွင် ဝမ်ပေါင်လဲ့မှာ အရေးအကြီးဆုံးသော အချက်အား တွေးမိသွားပြီဟု ခပ်ရေးရေးမျှ ခံစားနေရ၏။

သို့သော် သူသည် ထို စစ်တပ်ခေါင်းဆောင်ကြီး နှစ်ယောက်အား လျစ်လျူရှုထားသည့်တိုင်အောင် သူ၏ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ အမျိုးသမီးများ ဖြစ်နေကြသည်ဖြစ်ရာ သူ၏ပုံစံမှာ လယ်ပြင်မှာဆင်သွားသကဲ့သို့ အများနှင့်မတူဘဲ ခွဲထွက်နေ၏။ သူသည် တစ်ဦးတည်းသော အမျိုးသားကျင့်ကြံသူ မဟုတ်ပါသော်လည်း အခြား ကျင့်ကြံသူများအားလုံးမှာ စိုးထိတ်ကာ အမူအရာများ တည်ကြည်နေကြသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် မလှုပ်မယှက်ရပ်ကာ စိတ်ကူးယဥ်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ သတ္တမအဆင့် စစ်တပ်၏ ခေါင်းဆောင်ကြီးမှာ သူ့အား ချက်ချင်းဆိုသလိုပင် သတိထားမိသွား၏။

" လုံနန်ကျစ်ပါလား " ထို ခေါင်းဆောင်ကြီးမှာ မျက်ဝန်းများ အရောင်လက်သွားပြီး လုံနန်ကျစ်အတွက် ထုတ်ပြန်ကြေညာထားသည့် ဆုကြေးငွေများမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။ ထိုစဉ်တွင် သူ၏နောက်မှ လိုက်ပါလာသည့် သခင်လင်းတောက်မှာလည်း သူ့နည်းတူပင် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

သူသည် လက်ထဲတွင် လှံတစ်ချောင်းကိုင်ဆောင်ထားပြီး သူ၏ခြေထောက်အောက်တွင် အနက်ရောင် ရေခဲတုံး ခုနစ်တုံး ရှစ်တုံးခန့် ရှိနေ၏။ သူသည် မကြာသေးမီကမှ ထာဝရဝိညာဥ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ သူ၏ ယုံကြည်မှုများမှာ မိုးထိုးလုမတတ် မြင့်မားနေသည်။ ထို့ကြောင့်လည်း သူသည် မန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်လာပြီးနောက် မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် အော်ဟစ်ရယ်မောလိုက်ခြင်း ဖြစ်ပေသည်။

" ဒီနေ့တိုက်ပွဲပြီးရင် ငါ့စစ်တပ် ထိပ်ဆုံးဆယ်ဆင့်ထဲကို သေချာပေါက် ရောက်ကိုရောက်စေရမယ် " သခင်လင်းတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လှံအား ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ တာအိုသခင်ရွှေယွင်နည်းတူ အမျိုးသမီး ကျင့်ကြံသူများ၏ ကြားတွင် ခေါင်းငုံ့ကာ တွက်ချက်မှုများ ပြုလုပ်နေသော ဝမ်ပေါင်လဲ့အား ချက်ချင်းဆိုသလိုပင် သတိထားမိသွား၏။

သခင်လင်းတောက်မှာ သူ့အား တစ်ချက်မျှကြည့်လိုက်ရုံနှင့် မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူသည် အလွန်အင်မတန်မှ အံ့အားသင့်နေသည့်ပုံဖြင့် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။ သူသည် တာအိုသခင်ရွှေယွင် ဝမ်ပေါင်လဲ့ဆီသို့ သူ့ထက်အရင်စော၍ ရောက်သွားမည်ကို စိုးရိမ်နေသည့်ပုံပင်။

သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သတိထားမိလိုက်ပါသော်လည်း ၎င်းအား အထူးတလည် ဂရုစိုက်နေခြင်းမရှိပေ။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် ထိုဒိုင်းကာမှာ အဆင့်နိမ့်နေသောကြောင့် စိုးရိမ်စရာမလိုကြောင်း သိရှိနိုင်သည်မဟုတ်ပါလော။

ထို့ကြောင့် သူ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား ဝမ်ပေါင်လဲ့ဟုပင် မမြင်နိုင်တော့ဘဲ ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်းက ချီးမြှင့်မည့် ဆုကြေးငွေကြီးအဖြစ်သာ မြင်ယောင်မိနေပြီဖြစ်သည်။

" မင်းကိုးကွ " သူစကားသံကြီး ပဲ့တင်ထပ်သွားစဉ် သူ၏ ခန္ဓာကိုယ်မှာလည်း လျှပ်စီးတန်းတစ်ခုကဲ့သို့ သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင်ရောက်ရှိလာ၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်သုံးလိုက်သဖြင့် သူ၏လက်ထဲတွင်ရှိနေသော လှံကြီးထဲမှ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာ၏။ ထိုမီးတောက်များမှာ အနက်ရောင် ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လှမ်းကိုက်လိုက်တော့သည်။

ထိုအခါ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် အစွမ်းအကုန်ထုတ်ကာ ထုတ်လွှတ်လိုက်သည့် ထို အနက်ရောင်ဝံပုလွေပုံရိပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ရှေ့သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ နေမင်းကြီးကဲ့သို့ စူးရှတောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို အလင်းရောင်များ၏ အောက်တွင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများမှာ အလိုအလျောက်ပေါင်းစည်းသွားကြ၏။ သို့ဖြစ်ရာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အခုရေနှစ်သောင်းကျော်၏ ပေါင်းစည်းသွားမှုကြောင့် အဆင့်ဆယ့်ခုနစ် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီးမှာ ယာယီခန့် ပေါ်ပေါက်လာပြီး တန်ပြန်စွမ်းအား တစ်ရာ့ခုနစ်ဆယ်ရာခိုင်နှုန်းတိတိကို ထုတ်လွှတ်ပေးလိုက်တော့သည်...

ထို့ကြောင့် အံ့ဩမှင်တက်ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် စူးရှကျယ်လောင်သော အော်ဟစ်သံကြီးတစ်သံမှာ ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ ထို အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် သခင်လင်းတောက်မှာ သူ ရှေ့သို့ပျံသန်းလာခဲ့စဉ်တုန်းကထက် ပို၍မြန်ဆန်သည့် အမြန်နှုန်းဖြင့် နောက်သို့လွင့်ထွက်သွားသည်ကို မြင်နိုင်ပေသည်။ သူ၏ လှံကြီးမှာ တစ်စစီကြေမွပျက်စီးသွားပြီ ဖြစ်သလို ၎င်းအား ကိုင်ထားသည့် သူ၏ လက်မှာလည်း ပေါက်ကွဲသွားပြီဖြစ်သည်။ ထို့ကြောင့် အရပ်မျက်နှာအနှံ့သို့ သွေးများပန်းထွက်သွားရ၏။ ထိုအချိန်တွင် သူ၏ အခြားလက်တစ်ဖက်မှာလည်း ပေါက်ကွဲသွားပြန်သည်။

ထိုအခိုက်အတန့်တွင် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ငြိမ်ကျသွား၏။ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် ရပ်နေဆဲပင်။ သူ၏ တွက်ချက်မှုများမှာ အလွန်အင်မတန်မှ အရေးကြီးသော အခြေအနေသို့ ရောက်နေခဲ့သည်ဖြစ်ရာ သူသည် သူ့ဆီသို့ ပျံသန်းလာပြီး သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အသက်ဝင်သွားစေခဲ့သည့် အရာအား သတိပင်မထားမိလိုက်ပေ...

" ဘာလဲဟ " ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေသည့် အမူအရာအဖြင့် ခေါင်းမော့လာ၏။

All Chapters