ငါ့ကို လာထိုးစမ်းပါကွ
Vol. 57 Ch. 784
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူ၏ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လည်ပတ်နေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ စူးရှတောက်ပသော အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ သို့သော် ထို အလင်းရောင်မှာ ချက်ချင်းဆိုသလိုပင် ပြန်၍ အရောင်မှိန်သွား၏။ သို့ဖြစ်ရာ အသက်ရှူကြိမ်အနည်းငယ်အတွင်းတွင် ၎င်းမှာ အကြည်ရောင်ပြောင်းသွားပြီး သိသာထင်ရှားနေခြင်း မရှိတော့ပေ။
" ဒါက ငါ့ဒိုင်းကာရဲ့ ကွယ်ဝှက်နိုင်စွမ်းပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်ပြီး ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ဖူးကြောင်း ခံစားလိုက်ရ၏။ သူသည် ကောင်းကင်တာအိုကျောင်းတွင် ရှိခဲ့စဉ်တုန်းက ယခုကဲ့သို့ ပြုမူခဲ့ဖူးသည်ကို ပြန်၍သတိရသွားခြင်းဖြစ်သည်။
" မဟုတ်မှလွဲရော။ ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီး မလုပ်သင့်ဘဲ စီးပွားရေးသမားတစ်ယောက် လုပ်သင့်တာများလား။ အဲတာကြောင့်မလို့ ရှဲ့ဟေးရန်က ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်နှလုံး လှုပ်ရှားသွားရပါသော်လည်း ရပ်တန့်သွားခြင်းမရှိပေ။ စစ်တပ်ပေါင်း မြောက်မြားစွာ ရှိနေသည့် စစ်မြေပြင်ကြီးထဲတွင် သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးခွင်းသွား၏။
ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ရန်သူစစ်တပ်များမှ ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့သွားတော့သည်။ သူ ရောက်ရှိလာသည်နှင့် သွေးဆာနေကြသည့် ကျင့်ကြံသူများမှာ သူ့အား တိုက်ခိုက်လိုက်ကြ၏။ ထို့ကြောင့် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး ဓမ္မအဆောင် ခုနစ်ခု၊ ရှစ်ခုခန့်မှာ စူးရှသော အငွေ့အသက်များကို ထုတ်လွှတ်ရင်း ဝမ်ပေါင်လဲ့၏ရှေ့သို့ ရောက်ရှိလာကြတော့သည်။
ထို ဓမ္မအဆောင်ပစ္စည်းများ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခါနီးတွင် သူ၏ရှေ့၌ အလင်းရောင်အလွှာများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းတို့၏ အရေအတွက်မှာ နှစ်သောင်းအထိရှိပြီး တစ်လွှာပေါ်တစ်လွှာ ထပ်နေကြသည်။ ၎င်းတို့မှာ ဓမ္မအဆောင်ပစ္စည်းများနှင့် ရိုက်ခတ်သွားကြသဖြင့် ထစ်ချုန်းသံပေါင်းမြောက်မြားစွာ ရုတ်တရက်ဆိုသလို ပဲ့တင်ထပ်သွား၏။ ထိုအခါ ထို ဓမ္မအဆောင်ပစ္စည်းများအားလုံးမှာ တုန်ရီသွားကြပြီး ၎င်းတို့၏ အတွင်းပိုင်းများမှာလည်း ချက်ချင်းဆိုသလိုပင် ပျက်စီးသွားတော့သည်။ သို့သော် တန်ပြန်အား၏ ဖိနှိပ်ချုပ်တည်းမှုများကြောင့် ၎င်းတို့၏ အပြင်ပိုင်းကိုယ်ထည်များမှာ ကွဲအက်ပျက်စီးသွားကြခြင်း မရှိပေ။ ၎င်းတို့အားလုံးမှာ တစ်ရာ့ခုနစ်ဆယ်ရာခိုင်နှုန်းအထိရှိသော တန်ပြန်စွမ်းအားများကြောင့် နောက်သို့လွင့်ထွက်သွားကြပြီး ၎င်းတို့၏ ပိုင်ရှင်များ၏ရှေ့သို့ ပြန်ရောက်သွားသော အချိန်မှသာ ပေါက်ကွဲသွားကြသည်။
ထိုအခါ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွား၏။ ၎င်းတို့မှာ တိုက်ပွဲကြီးထဲမှ ထွက်ပေါ်နေသည့် ဆူညံသံများကြောင့် ဗလုံးဗထွေးဖြစ်သွားရပါသော်လည်း ထို ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်မှာမူ နောက်သို့ လွင့်ထွက်သွားကြပြီး အပြင်းအထန် ဒဏ်ရာရသွားကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များထဲမှလည်း သွေးအမြောက်အမြား ပန်းထွက်လာနေကြဆဲပင်။ ထိုမြင်ကွင်းကြောင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့်လူများမှာ တုန်လှုပ်ချောက်ချားသွားရ၏။
ဝမ်ပေါင်လဲ့မှာမူ သူ၏ရန်သူများကို တုံ့ပြန်ချိန်ပင် မပေးဘဲ သူ၏ခန္ဓာကိုယ်အား လှုပ်ရှားကာ လူအုပ်ကြီးထဲသို့ ထပ်၍ ပြေးဝင်သွားလိုက်ပြန်သည်။ သူ သွားလိုက်သည့် နေရာတိုင်းတွင် စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာရသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဖြူတစ်ကောင်ကဲ့သို့ပင်။ သူသည် သူ့အား မတိုက်ခိုက်သည့်လူများကို သူ့ဘက်မှစ၍ တိုက်ခိုက်ခြင်း မရှိပေ။ သို့သော် လူတစ်ယောက်ယောက်မှာ သူ့အား တိုက်ခိုက်လိုက်မည်ဆိုပါက ထိုသူမှာ သေချာပေါက် သေဆုံးသွားရမည်သာဖြစ်သည်။
အစပိုင်းတွင် ဝမ်ပေါင်လဲ့၏ ပေါ်ပေါက်လာမှုကြောင့် နေရာအနည်းငယ်တွင်သာ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ သို့သော် သူသည် စစ်မြေပြင်ကြီးထဲ၌ ပြေးလွှားနေပြီး သူ့အား တိုက်ခိုက်ခဲ့သည့် လူတိုင်းမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းကာ ထွက်ခွာသွားရသည်သာဖြစ်သည်။ အကယ်၍ သူတို့မှာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ခဲ့ခြင်းမရှိပါက ဒဏ်ရာများသာ ရသွားကြသည် ဖြစ်ပါသော်လည်း အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ခဲ့သည့် လူများမှာမူ သေဆုံးသွားရသည်သာ ဖြစ်သည်။
ထိုမျှလောက်သာ ဆိုပါက ကိစ္စမရှိသေးပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ တန်ကြေးအား မြှင့်တင်နိုင်ရန်အတွက် ရှေ့သို့ပြေးလွှားနေရင်း လူအများ၏ အာရုံစိုက်ခြင်းကို ခံရစေရန် အဆက်မပြတ် အော်ဟစ်နေသေးသည်။
" ငါ့ကို လာထိုးကြစမ်းပါကွ။ ထွက်မပြေးကြပါနဲ့ "
" မင်းတို့ကောင်တွေ အကုန်လုံးက ငကြောက်တွေပဲ။ ဘာလို့ ထွက်ပြေးနေကြတာလဲ။ သတ္တိရှိရင် ငါ့ကို လာထိုးလေ "
" တာအိုရောင်းရင်း။ ခဗျားရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်နဲ့ ကျုပ်ကို တိုက်ခိုက်လိုက်စမ်းပါ "
သူ၏အော်ဟစ်သံများနှင့် လုပ်ရပ်များကြောင့်လူတိုင်း၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ရွံရှာစက်ဆုပ်ဖွယ်ရာ ကောင်းနေတော့သည်....
ဝမ်ပေါင်လဲ့မှာ ငါးရှဉ့်တစ်ကောင်ကဲ့သို့ အရပ်မျက်နှာအနှံ့ ပြေးလွှားသောင်းကျန်းနေသောကြောင့် စစ်မြေပြင်ကြီးမှာ ပို၍ပင်ရှုပ်ထွေးလာရ၏။ နောက်ဆုံးတွင် လူတိုင်းမှာ သူ့အားမြင်လိုက်ရသည်နှင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ချက်ချင်းဆုတ်ခွာသွားကြသည်သာဖြစ်သည်။ ထိုကဲ့သို့သော ထူးဆန်းထွေလာ ဖြစ်ရပ်များကို တိုက်ပွဲထဲ၌ အလုပ်ရှုပ်နေကြသည့် နှစ်ဖက်စလုံးမှ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ သတိထားမိသွားကြသည်။
သိပ်မကြာခင်တွင် ပဉ္စမအဆင့်စစ်တပ်မှ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည့် အဘိုးကြီးတစ်ယောက်မှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ်ဦးတည်လာ၏။ သူသည် မကြာသေးမီတုန်းက အဝေးတစ်နေရာ၌ တိုက်ခိုက်နေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ မည်မျှအထိအစွမ်းထက်ကြောင်း သိရှိထားခြင်း မရှိသေးသည့်ပုံပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာနေရင်း မောက်မာဝင့်ကြွားကာ ရေခဲတမျှအေးစက်သည့် လေသံဖြင့် ကြိမ်းဝါးလိုက်၏။
" မင်းလို အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့် ကောင်ကများ အဆင့်မြင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာလေးတစ်ခု ပိုင်ဆိုင်ထားရုံနဲ့ ဒီလောက်အထိ မောက်မာဝင့်ကြွားရဲနေတယ်ပေါ့။ ငါ မင်းကို သင်ခန်းစာပေးရမယ် " ထိုအဘိုးကြီး၏ ကြိမ်းဝါးသံကြီးမှာ စစ်မြေပြင်ထဲ၌ ပေါက်ကွဲထွက်ပေါ်လာပြီး သူဟည် ဝမ်ပေါင်လဲ့ဆီသို့ ကြယ်ပျံတစ်လုံးကဲ့သို့ ဦးတည်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ထိုအဘိုးကြီး၏ စကားများကို ကြားလိုက်ရသောအခါ အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်သွား၏။ သူသည် သူ၏ပြိုင်ဘက် စိတ်ပြောင်းသွားမည် စိုးသောကြောင့် အရှိန်ကုန်မြှင့်တင်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
မျက်စိတစ်မှတ်အတွင်းတွင် သူတို့နှစ်ယောက်မှာ လေထဲ၌ ထိပ်တိုက်ဆုံတွေ့သွားကြသဖြင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ရီသွားစေသည့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် ထိုအဘိုးကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားပြီး တစ်ခေါင်းလုံး တုန်ရီသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ခါသွားပြီး သူ၏ ခြေလက်များအားလုံးမှာလည်း ပေါက်ကွဲသွားတော့သည်။ နောက်ဆုံးတွင် သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာကာ နောက်သို့ လွင့်ထွက်သွား၏။ သူ၏ စူးရှကျယ်လောင်သော အော်သံကြီးကို ကြားလိုက်ရသည့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း မျက်တောင်တဖျတ်ဖျတ် ခပ်ကာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏ ရင်ဘတ်အား လက်ဖြင့်ဖိထားလိုက်၏။ ထို့နောက် သူသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားပြီး သူ၏ ပတ်ပတ်လည်ရှိ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာပင်လျှင် ပျက်စီးသွားတော့မည့်ပုံ ပေါက်နေတော့သည်။
သူသည် ဟန်ဆောင်ခြင်းဖြစ်ပါသော်လည်း မည်သူကမှ သတိမထားမိခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား လိုချင်တပ်မက်နေကြသည့် လူများမှာ လှစ်ခနဲ လှုပ်ရှားလိုက်ကြပြီး သူ့၏ခန္ဓာကိုယ်အား ဝင်တိုက်လိုက်ကြ၏။
သို့သော် သူတို့ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာခါနီးမှာပင် အရောင်များ မှေးမှိန်သွားသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီးမှာ နောက်ထပ်တစ်ကြိမ် ပြန်၍ လင်းလက်တောက်ပလာပြန်သည်။ ထို့ကြောင့် ၎င်းအား ခိုးယူချင်နေသည့် ကျင့်ကြံသူများ အားလုံးမှာလည်း နာကြည်းစွာ အော်ဟစ်မြည်တမ်းကာ နောက်သို့လွင့်ထွက်သွားကြတော့သည်။
" ရွံဖို့ကောင်းလိုက်တာ။ တော်တော်လေးကို အရှက်မရှိကြတာပဲကွ " ဝမ်ပေါင်လဲ့မှာ သူတို့အား စကားပြောခွင့်မပေးဘဲ အသံကုန်အော်ဟစ်လိုက်၏။ သို့သော် ယခုအကြိမ်တွင်မူ ထိုစကားလုံးများမှာ အလုပ်မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မည်မျှပင် အားနည်းသည့်ပုံပေါက်အောင် ဟန်ဆောင်နေစေကာမူ မည်သူကမှ မယုံကြည်တော့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် သက်ပြင်းများသာ ချလိုက်ရ၏။ ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာမူ သူ့အား စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြပြီဖြစ်သည်။
သို့သော် သူတို့မှာ ဘာမှ မတတ်နိုင်ကြသဖြင့် ပုန်းကွယ်ကာ သူ့အား ရှောင်ရှားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် စစ်မြေပြင်ကြီးပေါ်တွင် အလွန်အင်မတန်မှထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ တိုက်ပွဲတွင် အာရုံနှစ်မြှုပ်ထားကြသည့် ကျင့်ကြံသူများမှာ လုံနန်ကျစ် ရောက်ရှိလာပြီဖြစ်ကြောင်း သတိပေးသည့် အော်သံများကို ကြားလိုက်ရသည့် အချိန်တိုင်း ထွက်ပြေးဆုတ်ခွာသွားကြပြီး သူတို့၏ နတ်ဘုရားစွမ်းရည်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြရသည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နယ်ခြားမျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်နေ၏။ သူ သွားသည့်နေရာတိုင်းတွင် လူများမှာ နှစ်ဖွဲ့ကွဲသွားရသည်ဖြစ်သလို လူတိုင်းမှာလည်း သူ့အား ကပ်ဘေးရောဂါဆိုးကြီးတစ်ခုကဲ့သို့ ရှောင်ရှားနေကြ၏။ သူ၏ မဟာမိတ်တပ်ဖွဲ့များပင်လျှင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ကြောက်ရွံ့နေကြသောကြောင့် ဝမ်ပေါင်လဲ့မှာ ဖြူတစ်ကောင်နှင့် တူနေတော့သည်။ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ တန်ပြန်စွမ်းအားများမှာ မိတ်ဆွေနှင့်ရန်သူ ခွဲခြားနေခြင်းမရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့အား သူတို့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် တောင်းဆိုခဲ့သည့် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး ကျင့်ကြံသူလေးမှာ ဆွံ့အမှင်တက်နေရတော့သည်။ အရာအားလုံးမှာ သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများမှာ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံလွန်းနေ၏။ ထို့ကြောင့် သူမသည် ထိုမြင်ကွင်းများကို မြင်လိုက်ရပြီးနောက် မသိစိတ်မှနေ၍ ပင့်သက်များ ရှိုက်နေမိတော့သည်။ သူမသည် မစားသင့်သောအသီးအား စားမိလိုက်ပြီဟု ခံစားနေရ၏။ ဝမ်ပေါင်လဲ့၏ ပေါ်ပေါက်လာမှုကြောင့် စစ်မြေပြင်ကြီးမှာ လုံးဝပြောင်းလဲသွားရပြီ မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာလည်း ကြံရာမရ ဖြစ်နေပြီဖြစ်သည်။ သူသည် လူတိုင်းမှာ သူ့အား ရှောင်ရှားနေကြသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ အဝေးတစ်နေရာရှိ ကောင်းကင်ယံကြီးထဲ၌ တိုက်ခိုက်နေကြသည့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူတို့ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
ထိုအခါ ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာလည်း သူ အနားသို့ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားကြပြီး သူတို့၏တိုက်ပွဲအား ရပ်တန့်လိုက်ကြ၏။
သူတို့မှာ စဉ်းစားဆင်ခြင်ဉာဏ် ရှိကြသောကြောင့် ဝမ်ပေါင်လဲ့မှာ ထူးဆန်းနေသည်ဖြစ်ကြောင်း ရိပ်မိထားကြပြီးသား ဖြစ်သည်။ ထို့အပြင် သူတို့မှာ သခင်လင်းတောက်၏ အခြေအနေအစစ်အမှန်ကို မသိရသေးသလို တာအိုသခင်ရွှေယွင် ထွက်ခွာမသွားခင် ပြောခဲ့သည့် စိတ်ဓာတ်ကျစရာ စကားများကိုလည်း ကြားခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ အကြမ်းဖျင်းခန့် ခန့်မှန်းမိထားပြီးသား ဖြစ်သည်။
" တော်တော်ကို သရဲဘောကြောင်တဲ့ ကောင်တွေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏နဖူးအား လက်ဝါးဖြင့် ရိုက်လိုက်၏။ သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ အစွမ်းများကို ထုတ်ပြချင်နေပါသော်လည်း ယခုအထိ အခွင့်အရေး တစ်ခုတလေပင် မရသေးပေ။ ထို့ကြောင့် သူသည် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် အမြင့်ဆုံးသောနေရာအား လှမ်းကြည့်လိုက်တော့သည်။ ၎င်းမှာ... တာအိုရောင်းရင်းနဂါးနီနှင့် နတ်သမီးလင်ယိုတို့ တိုက်ခိုက်နေသည့် နေရာဖြစ်၏။
" ငါ့ရဲ့ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ကွက်တွေကို တောင့်ခံနိုင်မလားမသိဘူး။ သဘောတရားအရ ဆိုရင်တော့ တောင့်ခံနိုင်ရမှာ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် စမ်းသပ်ကြည့်ချင်ပါသော်လည်း နောက်ဆုံးတွင် မစမ်းသပ်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူ တွေဝေနေသောကြောင့်မဟုတ်ဘဲ ဤ စိန်ခေါ်မှုတိုက်ပွဲအတွက် သတ်မှတ်ထားသည့် အချိန် ပြည့်သွားသောကြောင့်ပင်။
ဤ တိုက်ပွဲအား မပြီးမချင်း တိုက်ခိုက်ခွင့်မရှိပေ။ စစ်တပ်များမှာ အချိန်နှစ်နာရီသာရ၏။ ထိုအချိန်နှစ်နာရီအတွင်းတွင် ပြိုင်ဘက်၏ နယ်မြေများကို သိမ်းယူနိုင်လျှင် သို့မဟုတ် မိမိ၏ ပြိုင်ဘက်အား လက်မြှောက်အရှုံးပေးအောင် ဖိအားပေးနိုင်လျှင် အနိုင်ရရှိမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ တာအိုရောင်းရင်းနဂါးနီမှာ နတ်သမီးလင်ယိုအား အချိန်ဆွဲထားနိုင်သည့်တိုင်အောင် အခြားစစ်တပ်များမှာ အောင်မြင်စွာ ကျူးကျော်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အချက်ပေးခေါင်းလောင်းသံ ပဲ့တင်ထပ်သွားသည့်အချိန်တွင် ထိုစိန်ခေါ်မှုတိုက်ပွဲကြီးမှာလည်း ပြီးဆုံးသွားတော့သည်။
ဝမ်ပေါင်လဲ့ကြောင့် ဤတိုက်ပွဲကြီးမှာ အများကြီး ပြောင်းလဲသွားစေခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုတိုက်ပွဲကြီး ပြီးဆုံးသွားချိန်တွင် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကျင့်ကြံသူလေး၏ အောက်ရှိ ပလ္လင်ပေါ်တွင် ခပ်ရေးရေးမျှ တောက်ပနေခဲ့သည့် ကမ္ဗည်းစာလုံးအချို့ အရောင်မှေးမှိန်သွားသည်ကို လူအများစုမှာ သတိမထားမိလိုက်ပေ။
ထို ကမ္ဗည်းစာလုံးများမှာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ ဝှက်ဖဲဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ မတော်တဆ ပေါ်ပေါက်လာခဲ့ခြင်းသာ ဖြစ်၏။ သူတို့၏ နဂိုမူလ အစီအစဉ်အရဆိုလျှင် ထိုဝှက်ဖဲမှာလည်း တိုက်ပွဲကြီး ပြီးဆုံးသည့်အထိ အချိန်ဆွဲထားနိုင်စွမ်း ရှိနေမည်သာ ဖြစ်သည်။
ယခုတွင် အစွမ်းထက် လူပုဂ္ဂိုလ်များအားလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီဖြစ်သည်။ သူတို့အားလုံး သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းသွားချိန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ စကားသံကြီးမှာ ရုတ်တရက်ဆိုသလို ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွား၏။
" ရေခဲဖီးနစ်ငှက်တပ်ရင်း။ မင်းတို့တွေ ထပ်ပြီးတော့ စိန်ခေါ်စရာမလိုတော့ဘူး။ မင်းတို့ရဲ့စစ်တပ်ကို ပဉ္စမအဆင့်အထိ အခုပဲ အဆင့်တိုးမြှင့်ပေးလိုက်ပြီ။ သူတို့ရဲ့နောက်က စစ်တပ်တွေကိုလည်း တစ်ဆင့်စီ အဆင့်လျှော့လိုက်တယ် "
" လုံနန်ကျစ်။ မနက်ဖြန် နေ့လည်ကျရင် မင်း ငါ့ကို ဂါရဝလာပြုပါ "