တတိယစစ်မေးမှု
Vol. 6 Ch. Chapter 27
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 27 - တတိယစစ်မေးမှု
အိုင်ဗီရဲ့မျက်နှာပေါ်ကနေ ချွေးစေးတွေကျလာတယ်။ သေချာပေါက် စိတ်မှန်တဲ့ ဟီးရိုးကျောင်းအုပ်တစ်ယောက်က အခုလိုစစ်မေးမှုမျိုးကို လုပ်မှာမဟုတ်ဘူး။ အိုင်ဗီကြောက်နေတာကိုတွေ့တော့ မက်ဒါနာကလည်း စိတ္တဇဆန်ဆန် ပြန်ပြုံးပြလိုက်တယ်။
အိုင်ဗီလည်း အထိတ်ထိတ်အလန့်လန့်နဲ့ နောက်ကိုနည်းနည်းဆုတ်မိသွားတယ်။ ဒါပေမဲ့ သူ့ပုံစံက ယုန်မလေး ဝံပုလွေကိုကြောက်နေတဲ့ ပုံစံမျိုးမလို့ ဘယ်လိုယောက်ျားသားမျိုးမဆို ကြွေဆင်းမိသွားမယ့်ပုံစံမျိုးပါ။ ဒါပေမဲ့ ဖရက်ကတော့ ဒီမိန်းကလေးရဲ့တကယ့်ပုံစံအစစ်ကို မြင်ဖူးပြီးသားမလို့ မျက်စိကိုမှေးရုံပဲမှေးထားတယ်။
"ဒါ အဓိပ္ပါယ်ရောရှိသေးရဲ့လား။ ရှင်တို့ကျောင်းက ဘယ်လိုကျောင်းလဲ။ ကျောင်းမှာအလုပ်လာလျှောက်တဲ့ သူတွေကိုတောင် အန္တရာယ်ဖြစ်စေနိုင်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလုပ်စစ်ဆေးနေနိုင်တာလဲ။ တစ်ယောက်ယောက် ထိခိုက်သွားရင်မခက်ဘူးလား။"
အိုင်ဗီက နှင်းတွေဖုံးနေတဲ့နေရာတစ်ခုမှာ ရပ်နေရလို့ ချမ်းစိမ့်နေသူလိုမျိုး သူ့ကိုယ်သူပြန်ဖက်ထားလိုက်တယ်။ သူ့မျက်လုံးတွေက လှုပ်ခါနေပြီး တုန်လှုပ်မှုကို အတိုင်းသားမြင်နိုင်ပါတယ်။
"ကျွန်မအရင်က ပြောခဲ့သလိုပါပဲ၊ ဒဏ်ရရတဲ့သူတွေကို ကျွန်မတို့ကျောင်းက အကောင်းဆုံးကုသရေးမြူတန့်တွေနဲ့ ကုသခွင့်ပေးမယ်။ ဒါပေမဲ့ အခုစစ်ဆေးမှုမှာက လက်ပြတ်နိုင်တဲ့အန္တရာယ်ရှိတာဆိုတော့ ရှင့်လိုကုသရေးမြူတန့်တစ်ယောက်အနေနဲ့ ကုသဖို့ဘယ်လောက်တောင် ခက်ခဲလဲဆိုတာတော့ သိမှာပါနော်။ ဒီတော့ ရှင်မစမ်းချင်ရင် ပြန်လို့ရပြီ။"
မက်ဒါနာက အိုင်ဗီကို လုံးဝဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ သူ့လေသံက တီဗီမှာ မိုးလေဝသသတင်းကြေညာပေးနေတဲ့အတိုင်းပဲ။ ဖရက်လည်း ပြုံးလိုက်တယ်။ အိုင်ဗီစိတ္တဇဆန်တယ်ဆိုတာ မက်ဒါနာနဲ့ယှဥ်ရင် ကလေးအဆင့်ပဲရှိသေးတာ။
"ရှင်တို့အကုန်လုံး ရူးနေကြပြီပဲ။" အိုင်ဗီက စိတ်ကုန်သွားဟန်နဲ့ အကျယ်ကြီးအော်ဟစ်ပြီး တိုက်ပွဲခန်းမထဲကနေ ထွက်ပြေးသွားတယ်။ ဒါပေမဲ့ ခန်းမထဲက ဘယ်ဆရာမှ သူထွက်သွားတာကို ဂရုမစိုက်ကြဘူး။
ဆရာမဟဲရိုးကတော့ ခေါင်းခါလိုက်တယ်။ "ကိုယ့်ကိုယ်ကိုယ် အစစ်အဆေးမခံနိုင်တဲ့ မိန်းကလေးမျိုးက တကယ်ပဲဟီးရိုးနည်းပြဖြစ်လာဖို့ မထိုက်တန်ဘူး။"
ဆရာအာသာကလည်း ခေါင်းညိတ်ပြီးသဘောတူလိုက်တယ်။ "မြူတန့်စွမ်းအားနဲ့ပညာအရည်အချင်းက စိတ်ဓာတ်ခိုင်မာမှုလောက် အရေးမကြီးဘူးဆိုတာ ကြည့်တာနဲ့မြင်နိုင်တာပဲလေ။ တစ်ယောက်က စစ်ဆေးမခံနိုင်လို့ ထွက်ပြေးနေချိန် တခြားတစ်ယောက်က လမ်းမလျှောက်နိုင်တာတောင် ပျက်စီးနေတဲ့ ကျောင်းကြီးကို ကယ်ဆယ်ဖို့လုပ်နေတယ်။"
"ရှင်တော်တော် ဖြစ်နေလား။"
"သေပါပြီဗျ။"
ဆရာအာသာက မက်ဒါနာကို အကဲပိုပိုချီးကျူးလိုက်တဲ့အတွက် အမြင်ကပ်လာတဲ့ ဆရာမဟဲရိုးက ဒေါက်ဖိနပ်နဲ့ ခြေထောက်ကို တက်နင်းလိုက််တယ်။ ဆရာအာသာလည်း သူ့ခြေထောက်သူဆုပ်ကိုင်ရင်း ခြေတစ်ပေါင်ကျိုးနဲ့ ခုန်ဆွခုန်ဆွဖြစ်သွားတယ်။
မက်ဒါနာလည်း သူ့ပါးစပ်သူ လက်ဖဝါးလေးနဲ့အုပ်ပြီး ရယ်မောလိုက်တယ်။ အဲဒီနောက် ဘရီစာကိုလှည့်ကြည့်ပြီး ပြောလိုက်ပါတယ်။
"အခုရှင်တစ်ယောက်ပဲ ကျန်တော့တာဆိုပေမဲ့ တတိယစစ်ဆေးမှုကတော့ ဆက်သွားနေဦးမှာနော်။ တစ်ယောက်မှမအောင်လဲ နောက်အလုပ်လျှောက်မယ့်လူတစ်အုပ်ကို ထပ်ဖိတ်ခေါ်ရုံပဲ။ ရှင်လည်းမစမ်းချင်ရင် ပြန်လို့ရပြီ။"
ဒါပေမဲ့ ဘရီစာက ခေါင်းခါလိုက်ပြီး ရှေ့တက်လာပါတယ်။ မက်ဒါနာလည်း အံ့ဩမှုကြောင့် ပါးစပ်ကိုခပ်ကျယ်ကျယ်ဟလိုက်မိတယ်။ ဘရီစာက ဘာမှမပြောဘဲ သူ့လက်သီးနှစ်ဖက်ကိုဆုပ် လက်ကောက်ဝတ်နှစ်ဖက်ကိုပူးပြီး ဓားစက်ထဲလက်လျှိုသွင်းလိုက်တယ်။
"ရှင်က သတ္တိရှိသားပဲ၊ ကျွန်မအသိအမှတ်ပြုတယ်။ ဒီတော့ မေးခွန်းက ရှင်ဘာကြောင့် ဆရာဖြစ်ချင်တာလဲ။"
ဘရီစာက သက်ပြင်းချလိုက်တယ်။ တစ်ခုခုမှားတာနဲ့ စက်က သူ့လက်နှစ်ဖက်လုံးကို ဖြတ်ချသွားမှာပါ။ ကုသရေးမြူတန့်တွေက ဒီလိုဒဏ်ရာမျိုးကို ကုသပေးနိုင်တယ်ဆိုပေမဲ့ သာမန်ဟီးရိုးတစ်ယောက် မတတ်နိုင်တဲ့ အရင်းအမြစ်ပမာဏမျိုးလိုအပ်တယ်။ ပြီးတော့ သိပ်ကိုလည်းနာကျင်ရတယ်လေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ဆရာအာသာ၊ ဆရာမဟဲရိုးနဲ့ ဖရက်တို့အားလုံး ဘရီစာဖြေလာမယ့်အဖြေနဲ့ ဖြစ်လာမယ့်အကျိုးဆက်ကို စောင့်ကြည့်နေကြတယ်။ မက်ဒါနာကတော့ ပြုံးနေဆဲဖြစ်ပြီး အေမီက ကော်ဖီခွက်ထဲကို ရေနွေးနည်းနည်း ထပ်ထည့်ပေးနေတယ်။
နောက်ဆုံးတော့ ဘရီစာ ပါးစပ်ကိုဖြည်းဖြည်းချင်းဟပြီး ဖြေလိုက်တယ်။
"ကျွန်မလို ရည်မှန်းချက်မျိုးရှိတဲ့ကလေးတွေကို လမ်းပြပေးဖို့ပါ။"
"ရှင့်ရည်မှန်းချက်ဆိုတာကရော..."
"ဟီးရိုးတစ်ယောက်ဖြစ်လာပြီး လူတွေကိုကူညီဖို့ပါ။"
"ကောင်းပြီ၊ ရှင်အောင်သွားပြီ။ ကျောင်းအပ်နှံရေးရက်သတ္တပတ်အမီ အလုပ်ခွင်ဝင်ဖို့ ပြန်လာခဲ့ပါ။"
ဘရီစာ ခေါင်းကိုစောင်းလိုက်တယ်။ ဖြစ်ပျက်တဲ့ စစ်မေးမှုက အရင်နှစ်ခုထက်စာရင် လွယ်လွန်းလို့ သူ့ကိုယ်သူတောင် မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဘရီစာ စက်ကိုယူပြီး မစစ်ဆေးကြည့်နိုင်ခင် အေမီရောက်လာပြီး စက်ကိုလာဖြုတ်သွားတယ်။
ဒါကြောင့် ဘရီစာလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ သူ့ခေါင်းသူကုတ်ကာ ကျောင်းဝင်းထဲကနေ ထုတ်ခွာသွားတော့တယ်။
....
မိနစ်အနည်းငယ်ကြာပြီးနောက်။
ဆရာအာသာနဲ့ဆရာမဟဲရိုးတို့ကတော့ ဘရီစာကို ဆရာအသစ်အဖြစ် ခန့်အပ်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ဖို့ ဆရာရုံးခန်းကို ထွက်သွားကြပြီ။ ကျောင်းဘုတ်အဖွဲ့ဆီ ဖွဲ့စည်းပုံ ပြည့်မီတဲ့အကြောင်း တင်ပြရဦးမယ်လေ။
ဖရက်၊ မက်ဒါနာနဲ့အေမီကတော့ ကျောင်းတိုက်ပွဲခန်းမထဲမှာ ရှိနေကြတုန်းပဲ။ တကယ်တော့ မက်ဒါနာဇိမ်ယူပြီး ကော်ဖီသောက်နေတာ မပြီးသေးလို့ပါ။ ဖရက်က အခုမှသူသိချင်တာတွေကို ထုတ်မေးလာတယ်။
"ဆိုခါမှ... အဲဒီစက်က...."
"တကယ်အလုပ်မလုပ်ဘူးမလားလို့ မေးမလို့မဟုတ်လား။" မက်ဒါနာက ဖရက်စကားပြောလို့မဆုံးသေးခင်မှာပဲ ဖြတ်ပြောလိုက်လို့ ဖရက်လည်ချောင်းထဲမှာ တစ်ခုခုနင်သွားသလို ခံစားလိုက်ရတယ်။
ဖရက်က သူ့ကိုယ်သူ ရိုးရှင်းတဲ့လူတစ်ယောက်လို့ မခံယူထားပေမဲ့ ဒီမိန်းကလေးက သူ့ခံစားချက်တွေနဲ့ အတွေးတွေအားလုံးကို သိနေတဲ့အတိုင်းပဲ။ အဲဒီမိန်းကလေးရဲ့ငွေရောင်မျက်လုံးအိမ်တွေက သူ့ရဲ့ဦးနောက်ကို ဖောက်မြင်နိုင်စွမ်းရှိနေသလိုပေါ့။ ဒါပေမဲ့ အဲဒီခံစားချက်ကို သူသဘောကျနေမိပြန်တယ်။
မက်ဒါနာက ဖရက်ရဲ့မေးခွန်းကို ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်တယ်။ အဲဒီနောက် သူ့ခေါင်းပေါ်က ဆံပင်တွေကို ထိုးဖွလိုက်တယ်။ ရှူပ်ပွနေတဲ့ဆံနွယ်တွေကြားမှာ မိန်းကလေးတစ်ယောက်ရဲ့ချစ်စရာမျက်နှာလေးကို တစ်ပိုင်းတစ်စ ဖရက်မြင်နေရတယ်။
"တကယ်တော့ အဲဒီစက်က ပေါင်မုန့်ဖုတ်တဲ့စက်ကို ငါနည်းနည်းလျှောက်ပြင်ထားတာ။ တကယ်မုသားဖော်တဲ့စက်မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာလှည့်စားဖို့အတွက်ဆိုရင် အသွင်အပြင်နဲ့တင်ရပြီလေ။"
ဖရက်ခေါင်းကုတ်လိုက်တယ်။ "စက်က အတုဆိုတော့ လာလျှောက်တဲ့သူတွေ မေဆင်လွှတ်လိုက်တာဟုတ်မဟုတ် ကျွန်တော်တို့ဘယ်သိရတော့မလဲ။"
မက်ဒါနာက လက်ညိုးလေးသုံးချောင်းထောင်ပြလိုက်ပြီး စရှင်းပြလိုက်တယ်။ "နံပါတ်တစ်၊ အခုတတိယစစ်မေးမှုအထိ တက်လာနိုင်တဲ့သူက နှစ်ယောက်ပဲရှိခဲ့တယ်။ ငါတို့က တစ်ယောက်ကို မဖြစ်မနေအလုပ်ခန့်ရမှာ။ အဲဒီတစ်ယောက် မေဆင်ဟုတ်မဟုတ် ငါတို့ဂရုစိုက်စရာမလိုတော့ဘူး။ သူ့ကိုအလုပ်ခန့်ပြီး စောင့်ကြည့်နေရင်ရပြီ။"
"နံပါတ်နှစ်၊ အခုစစ်မေးမှုကို မေဆင်ဘက်ကလူတွေပဲ ရောက်လာတာမဟုတ်တာတော့ သေချာသွားပြီ။ မဟုတ်ရင် နင်ငါ့ကိုပြောသလို မွေထိုင်းပညာရှင်နဲ့သေနတ်သမားက လူသေလောက်တဲ့ တိုက်ကွက်တွေနဲ့ အချင်းချင်းတိုက်ခိုက်ကြမှာမဟုတ်ဘူး။ ဘာပဲပြောပြော အလုပ်လျှောက်ရုံပဲလေ။ အိုင်ဗီအတွက်လဲအတူတူပဲ။"
"နံပါတ်သုံး၊ ဘရီစာကို ငါသဘောကျတယ်။ သူက သူလျှိုဆိုရင်တောင်မှ ငါတို့အတွက် တန်ဖိုးရှိတဲ့ ဆရာတစ်ယောက်ဖြစ်လာနိုင်တယ်။"
မက်ဒါနာက စကားကိုလက်စသတ်လိုက်ပြီး ပါးစပ်ကို လက်ကိုင်ပုဝါနဲ့သုတ်လိုက်တယ်။ အေမီက ခွက်တွေပန်းကန်တွေ လိုက်သိမ်းနေပြီ။ သိမ်းစရာရှိတာ သိမ်းပြီးနောက်တော့ မက်ဒါနာရဲ့ဝှီးချဲလေးကိုတွန်းပြီး ခန်းမအပြင်ထွက်သွားတယ်။ ဖရက်တော့ ခန်းမအလယ်မှာ မတ်တပ်ရပ်ပြီး ကြောင်ရပ်နေတုန်းပဲ။
"တခြားမဆိုင်တဲ့အဖွဲ့တစ်ခုပါ ရှိနေသေးတာလား။ ငါဘယ်လိုလုပ်ပြီး သတိမထားမိတာလဲ။"
.....
ဟီးရိုးကျောင်းနဲ့ခပ်လှမ်းလှမ်းမှာ မာစီးဒီးတံခါးခြောက်ပေါက်ကားတစ်စီးရပ်ထားတယ်။ ကားရဲ့နောက်ပေါက်မှာတော့ တစ်ခေါင်းလုံးဆံပင်တွေဖြူဖွေးနေတဲ့ အသက်ခြောက်ဆယ်အရွယ် အဖိုးကြီးတစ်ယောက်က ဒေါသထွက်စွာနဲ့ သူ့ဘေးမှာထိုင်နေတဲ့ အိုင်ဗီကိုကြည့်ကာ အော်ငေါက်လိုက်တယ်။
"နင်အသုံးကိုမကျဘူး၊ လျှို့ဝှက်စွမ်းအားကို ထုတ်သုံးလာတဲ့အပြင် တတိယစစ်မေးမှုကိုကြောက်လို့ ထွက်ပြေးလာတယ်ပေါ့။"
ဒေါသထွက်လာတဲ့ကျောင်းအုပ်က အိုင်ဗီရဲ့မျက်နှာကို လက်ဖဝါးနဲ့ရိုက်ချလိုက်တယ်။ ဖြန်းခနဲအသံနဲ့အတူ အိုင်ဗီရဲ့ပါးပြင်တစ်ခုလုံး ရဲတက်လာတယ်။ ကျောင်းအုပ်ကတော့ ဒေါသတကြီးနဲ့ အော်ဟစ်ပြီး မဆင်မပြေသမျှကို ခရားရေလွှတ်လျှောက်ပြောတော့တာပဲ။
"ကျောင်းမြေနေရာဝယ်လို့မရရတဲ့အပြင် ဟိုအသစ်ကောင်မဘာကြံနေလဲဆိုတာလည်း နင့်ကြောင့် ငါတို့မသိရတော့ဘူး။ သမ္မတကြီး ငါတို့ကိုတာဝန်ပေးထားတဲ့ကိစ္စ မအောင်မြင်ရင် ငါတို့အားလုံးခွေးဖြစ်မှာနော်။"
အရိုက်ခံရပြီးနောက် အိုင်ဗီက မျက်နှာငယ်နဲ့ ကျောင်းအုပ်ကြီးဆိုတဲ့သူကို မရဲတရဲ မော့ကြည့်တယ်။
"ကျောင်းအုပ်၊ ကျွန်မတို့ဘာဆက်လုပ်ကြမလဲ။"
"ဘာမှဆက်လုပ်စရာမရှိတော့ဘူး၊ နင့်ကို နင်လာခဲ့တဲ့နေရာဆီ ပြန်ပို့ရုံပဲရှိတော့မယ်။"
လာခဲ့တဲ့နေရာဆီ ပြန်ပို့မယ်ဆိုတာကြားတာနဲ့ အိုင်ဗီသွေးပျက်သွားပြီး မျက်လုံးလည်း ပြူးကျယ်လာပါတယ်။ မသိရင် သူ့ကိုသေမယ့်နေရာဆီ ပြန်ပို့တော့မယ့်အတိုင်းပဲ။
"ကျွန်မကို အဲဒီနေရာမပို့ပါနဲ့ ဆရာကြီးရယ်။ အဲဒီက စမ်းသပ်မှုတွေကို ကျွန်မမခံနိုင်ဘူး။ ပြီးတော့ ရေဂင်ကို ကျွန်မကြောက်တယ်။" တဖြည်ဖြည်းနဲ့အိုင်ဗီက စိတ်မထိန်းနိုင်တော့ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်လာတယ်။ နောက်တော့ အရူးတစ်ယောက်လိုမျိုး စတင်အော်ဟစ်ပြီး အနက်ရောင်စပြောင်းလာတယ်။
ကျောင်းအုပ်ရဲ့လည်ပင်းကို သူ့ရဲ့အဆိပ်ဓားနဲ့ဖြတ်ဖို့ စပြီးကြိုးစားပေမဲ့ ကျောင်းအုပ်က လက်ဖျောက်တစ်ချက် တီးလိုက်တယ်။
ဖျောက်...
လက်ဖျောက်တီးသံနဲ့အတူ အိုင်ဗီအကြောတစ်ချက်ဆွဲသွားပြီး ငိုက်ကျသွားတယ်။ ခနနေတော့ ပြန်ခေါင်းထောင်လာပေမဲ့ ကိုယ်ပိုင်အသိစိတ်မရှိတော့သလိုပဲ။ သူ့မျက်လုံးတွေက လူသေမျက်လုံးလိုမျိုး ဗလာဖြစ်နေပြီး ရှေ့ကိုပဲစိုက်ကြည့်နေတယ်။
"ရေဂင်ထွင်ထားတဲ့ နာနိုစက်ပစ္စည်းလေးတွေက ဒီလိုမျိုးကျ အသုံးဝင်သားပဲ။ ဒီကောင်မလေးကို ငါတို့ကြိုက်သလိုထိန်းချုပ်ပြီး သုံးချင်သလိုသုံးလို့ရတယ်။ အခုဆိုရင် သမ္မတကြီးက လွှတ်တော်တစ်ခုလုံးကို ဒီစက်တွေနဲ့ထိန်းချုပ်ဖို့ စဥ်းစားနေပြီကွ။"
ကျောင်းအုပ်က သူ့ဘာသာသူပြောရင်း ရယ်မောလိုက်တယ်။ ကားဒရိုက်ဘာကလည်း ကားမှန်ကနေ နောက်ကိုလှမ်းကြည့်ရင်း မေးလိုက်တယ်။
"ဆရာကြီး၊ ကြိုက်သလိုဆိုတော့ ဟိုကိစ္စတွေရောပါလားဗျ။"
"ပါတာပေါ့ကွ၊ လူတွေမသိအောင် ဆင်ခြင်ဖို့ပဲလိုတာ။"
နောက်တော့ နှစ်ယောက်လုံးက တစ်ယောက်အထာတစ်ယောက် သိနေတဲ့ပုံစံမျိုးနဲ့ ကြည့်ပြီးရယ်လိုက်ကြတယ်။ အသိစိတ်မရှိဖြစ်နေတဲ့ အိုင်ဗီကတော့ ငြိမ်သက်လျက်သား။
...
တစ်ဖက်မှာတော့ ဘရီစာက သာမန်ဘက်စ်ကားစီးပြီး အိမ်ပြန်လာတယ်။ အိမ်ဆိုပေမဲ့ သာမန်တိုက်ခန်းလေးတစ်ခုပါ။ မက်ဒါနာငှားနေတဲ့ အဆောင်ထက်စာရင် နည်းနည်းအဆင်ပြေပေမဲ့ ကျဥ်းတော့ကျဥ်းနေတုန်းပဲ။ ဘရီစာက တံခါးကိုဆွဲဖွင့်လိုက်ပြီး အထဲကို လှမ်းအော်လိုက်တယ်။
"သမီးရေ၊ ညစာကျက်ပြီလား။" ဒါပေမဲ့ ဘယ်သူမှ ပြန်မတုံ့ပြန်ဘူး။ အတော်ကြာမှ တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့ ခြေသံကိုကြားရပြီး မျက်နှာဖုံးတပ်ထားတဲ့ မေဆင်ဝတ်စုံဝတ်လူကြီးတစ်ယောက် ရှေ့မှာလာရပ်တယ်။
"မင်းသမီးက ခါတိုင်းလိုပဲ ဆေးရုံမှာပါ။ ကျုပ်တို့ငှားထားတဲ့ ဆရာဝန်တွေက အကောင်းဆုံးစောင့်ကြည့်နေပါတယ်။ တံခါးသော့ပွင့်နေတာက ကျုပ်မင်းကို လာစောင့်နေလို့ပါ။"
ဘရီစာရဲ့မျက်နှာက ရှိရင်းစွဲထက် အများကြီးအိုစာသွားတယ်။ ဘရီစာပိုင်ဆိုင်တဲ့ နာမည်အသင့်အတင့်ရှိ ဟီးရိုးတစ်ယောက်ရဲ့ဘဝက မဆိုးပါဘူး။ မဆိုးခဲ့ဘူးလို့ ဆိုရမလားပဲ။ တစ်ဦးတည်းသော သမီးဖြစ်သူ သွေးကင်ဆာနဲ့ဆေးရုံမတင်ရခင်အထိပေါ့။
ခါတိုင်းကြားနေကျ ခေါက်ရိုးကျိုးဇာတ်လမ်းတွေလိုပါပဲ။ ဒါပေမဲ့ ခင်ပွန်းက ကွယ်လွန်သွားတာမဟုတ်ဘဲ ဘရီစာက အစကတည်းက တစ်ကိုယ်တော်မိခင်တစ်ယောက်။ သမီးကလည်း ဆယ်ကျော်သက်တစ်ယာက်မဟုတ်တော့ဘူး။ မကြာခင်လက်ထပ်တော့မှာ။ ဒါပေမဲ့ သွေးကင်ဆာလက္ခဏာတွေပြလာချိန်မှာတော့ သတို့သားလောင်းက ငွေကုန်ခံရမှာကြောက်ပြီး ထွက်ပြေးသွားတယ်။ နောက်ဆုံးတော့ တာဝန်က ဘရီစာအပေါ်ပုံကျလာတာပဲ။ B rank ဟီးရိုးတစ်ယောက်အနေနဲ့ ဟီးရိုးလစာက အသင့်အတင့်များပေမဲ့ ဆေးကုဖို့အတွက်ကျ အလုံးအရင်းမရှိဘူးဖြစ်နေပြန်တယ်။
တစ်နေ့ ဘရီစာဆေးရုံကပြန်လာတော့ အခုလိုပဲတုတ်ကောက်နဲ့ မေဆင်အဖွဲ့ဝင်ကို တွေ့ရတာပဲ။ ထုံးစံအတိုင်းပဲ အပေးအယူစကားမျိုးပဲ အရင်ပြောတာ။ သမီးကိုအကောင်းဆုံးဆရာဝန်တွေနဲ့ပြပြီး ဆေးဖိုးအကုန်ခံကုပေးမယ်။ အပြန်အလှန်အနေနဲ့ သူတို့အတွက် တစ်ခုပဲလုပ်ပေးရမယ်။
"မင်းတာဝန်က ထွေထွေထူးထူးဆော့မဟုတ်ပါဘူး၊ ဟီးရိုးကျောင်းတစ်ခုမှာ ဆရာသွားလုပ်ပြီး ငါတို့သိချင်တာလေးတွေ စုံစမ်းပေးရုံပါ။" ဒါကတော့ သူတို့ပြောခဲ့တာပဲ။
အကျပ်အတည်းတွေ့နေတဲ့အချိန်မလို့ ဘရီစာလည်းခေါင်းညိတ်မိခဲ့တယ်။ နောက်တော့ သူ့ကို ချောင်နည်းနည်းကျတဲ့ ဟီးရိုးကျောင်းက လျှောက်လွှာတစ်စောင် ယူလာပြီးအင်တာဗျူးဖြေခိုင်းတော့တာပဲ။ တကယ်လည်း သူ့သမီးကို လိုတာထက်ပိုတဲ့ အကူအညီတွေပေးနေတာမလို့ ဘရီစာကျေးဇူးတင်မိပေမဲ့ ဒီတာဝန်က တကယ်ရောဆရာလုပ်ရင်း စုံစမ်းရုံသက်သက်ပဲလား။
ဘရီစာအတွေးများနေတုန်း မေဆင်အဖွဲ့ဝင်က ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ မသိရင် သူက အိမ်ရှင်အစစ်လိုလို။
"ဒီနေ့ မင်းသမီးကို ကျုပ်သွားကြည့်ခဲ့သေးတယ်။ သူ့ကျန်းမာရေးက တဖြည်းဖြည်းပြန်တည်ငြိမ်လာပါပြီ။"
ဘရီစာလည်း ဆန့်ကျင်ဖက်ခုံမှာ ဝင်ထိုင်ပြီး မေဆင်အဖွဲ့ဝင်ကို သတိနဲ့ကြည့်လိုက်တယ်။ တကယ်လည်း သူက တခြားသူတွေလိုမျိုးပဲ မေဆင်အဖွဲ့လာဆက်သွယ်မှာ သူတို့တကယ်ရှိမှန်း သိတဲ့သူတွေထဲက တစ်ယောက်ပါ။
"ဘရီစာ၊ မင်းဒီနေ့ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒီနေ့ ငါတို့လွှတ်လိုက်တဲ့ လူတစ်ဒါဇင်လောက်ထဲက အောင်မြင်တဲ့တစ်ယောက်တည်းသောသူမလို့ ချီးကျူးစရာပါပဲ။"
ဘရီစာ မျက်မှောင်ကြုတ်လိုက်တယ်။ မေဆင်က သူ့အပြင် တခြားသူတွေကိုလည်း လွှတ်ခဲ့တဲ့ပုံပဲ။ ဘရီစာက မေးငေါ့လိုက်ပြီး မေဆင်အဖွဲ့ဝင်ကို ကြည့်လိုက်တယ်။
"ကျွန်မတစ်ခုလောက်မေးချင်တယ်၊ ရှင်တို့လွှတ်ထားတဲ့ တခြားသူတွေကရော ကျွန်မလိုမျိုးပဲ ဒုက္ခရောက်နေတဲ့သူတွေလား။"
မေဆင်အဖွဲ့ဝင်က ချက်ချင်းပြန်မပြန်ဘူး။ အဲဒီအစား သူ့မေးကိုယ်သူပွတ်ပြီး စဥ်းစားတယ်။ အတော်ကြာမှ ပြန်ဖြေတယ်။
"ငါတို့မေဆင်တွေက ဒုက္ခရောက်နေတဲ့သူတွေကို အလင်းရောင်ဆီ ဆောင်ကျဥ်းပေးဖို့ လမ်းပြပေးလေ့ရှိပေမဲ့ တချို့သူတွေကတော့ သူတို့ဘာသာ စိတ်လိုလက်ရနဲ့ ငါတို့ကိုကူညီပေးတတ်ပါသေးတယ်။ မင်းတွေ့ခဲ့တဲ့ လူတွေထဲကတစ်ယောက်က အရှေ့ပိုင်းကနေလာပြီး စွန့်စားရမယ့်ကိစ္စတွေကိုရှာဖွေနေတာ။ တခြားတစ်ယောက်ကတော့ ငါတို့ထဲကတစ်ယောက် ဖြစ်ချင်လို့။"
ဘရီစာသက်ပြင်းချလိုက်တယ်။ နောက် မေးခွန်းပြောင်းမေးတယ်။ "ဒီတော့ ရှင်တို့စေခိုင်းတဲ့အတိုင်း ဖြစ်မလာတဲ့သူတွေကျတော့ရော ရှင်တို့ဘာဆက်လုပ်လဲ။"
မေဆင်အဖွဲ့ဝင်လူကြီးက ပြုံးလိုက်တယ်။ "သူတို့က ငါတို့နဲ့အပေးအယူလုပ်ထားတဲ့ကိစ္စကို မအောင်မြင်တဲ့အတွက် ငါတို့ဘက်က ဘာမှဆက်ဖြည့်ဆည်းပေးစရာမလိုတော့ဘူး။ မင်းအနေနဲ့ဆိုရင်တော့ မင်းသမီးလေးကို ငါတို့ဆက်ပြီးဆေးကုမပေးတော့ဘူး။"
ဘရီစာလည်း မျက်ခုံးပင့်လိုက်တယ်။ အတော်ကြာမှ အားယူပြီး ဆက်မေးလိုက်တယ်။ "ရှင်တို့က ကျွန်မကျရှုံးတာနဲ့ ကျွန်မသမီးသေတာရှင်တာ စိတ်မဝင်စားတော့ဘူးပေါ့။"
အဲဒီနောက် လူကြီးက တောင်ဝှေးကို အားပြုပြီးပြန်ထရပ်လိုက်တယ်။ အဲဲဒီနောက် တစ်ချက်ရယ်မောလိုက်ပြီး "ငါတို့က လျှို့ဝှက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့မှမဟုတ်တာ။ အလုပ်ကို အလုပ်လိုပဲသဘောထားတယ်။"
"ကျွန်မက ဆက်ပြီးမလျှို့ဝှက်ထားချင်တော့ဘူး ဆိုရင်ရော။" ဘရီစာက မေးလိုက်တော့။ မေဆင်လူကြီးက ဘရီစာ့ဘက်လှည့်ပြီး ပါးစပ်ပေါ် လက်ညိုးတစ်ချောင်း ကန့်လန့်ဖြတ်တင်ပြတယ်။ အဲဒီနောက် ပိုပြီးကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ရယ်ပြတယ်။
"မင်း တခြားသူတွေကို ပြောမပြနိုင်တော့အောင် လုပ်ရုံပဲပေါ့။ ဟီးရိုးတစ်ယောက်ကို နှုတ်ပိတ်ပစ်ဖို့ ငါတို့မှာ နည်းလမ်းရာနဲ့ချီရှိပါတယ်ကွ။"
မေဆင်လူကြီးက တုတ်ကောက်နဲ့လမ်းလျှောက်ရင်း အိမ်ခန်းထဲကနေ စထွက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဘရီစာကို စကားဆက်ပြောနေတုန်းပဲ။
"ပြီးတော့ မင်းသိထားဖို့လိုတာ တစ်ခုရှိသေးတယ်နော်။ မင်းတာဝန်က ပထမအဆင့်ပဲရှိသေးတာ။ အဲဒီကျောင်းမှာနေပြီး ငါတို့ခိုင်းတဲ့အတိုင်းလုပ်နိုင်မှ မင်းသမီးကို ငါတို့ဆက်စောင့်ရှောက်ပေးမှာ။"
မေဆင်လူကြီးရဲ့အသံက တဖြည်းဖြည်းဝေးသွားတယ်။ အဲဒီနောက် ဘယ်တုန်းကမှ မရှိဖူးသလိုမျိုး အခန်းထဲကနေ ပျောက်ကွယ်သွားတယ်။ ဘရီစာကတော့ ထိုင်ခုံပေါ်မှာ ထိုင်လျက်သား ငေးငိုင်ပြီး ကျန်နေရစ်တယ်။