တွင်းထဲမှမြွေကို အပြင်သို့ မျှားခေါ်ခြင်း
Vol. 75 Ch. 1034
ကျားနိုင်ဂိုဏ်းသည်လည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုများတွင် ပညာရှင်အဆင့်ရှိသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သိကြသည်။ ထိုတိုက်ခိုက်မှုများသည် လျင်မြန်ရုံသာမက လူတစ်စုကိုပင် ခြေရာလက်ရာမကျန်ဘဲ သတ်ပစ်နိုင်လေသည်။ ရန်သူများ၏ကိုယ်ပေါ်တွင်လည်း မြင်နိုင်သော ဒဏ်ရာများ မပေါ်ပေ။
ချောင်ရှစ်ရွှေလည်း နားလည်သွားသည်။ အကယ်၍ ထိုလူများက အမှန်သာ ဆူးချွန်ဖြင့် တစ်ယောက်ချင်း အသတ်ခံခဲ့ရခြင်းဖြစ်လျှင် သူတို့၏ ခန္ဓာကိုယ်များနှင့် ခြေလက်များလည်း ထိခိုက်ကြေမွနေရမည်ဖြစ်သည်။ သို့သော် လူများစွာ သေဆုံးခဲ့သော်လည်း သူတို့၏ ဦးနှောက်များသာ ကြေမွနေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မြင်နိုင်သော ဒဏ်ရာများ ရှိမနေပေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုလူများက သေပြီးမှ ဦးခေါင်း ခြေမွှခံရခြင်းပင်။
“အဲ့လူက အရမ်းဉာဏ်ကောင်းတယ်”
ချောင်ရှစ်ရွှေက အရောင်တောက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“သူက လူပုလို ဟန်ဆောင်ပြီး ဆူးချွန်တွေကို ကိုင်ပြီးတော့ ချိုးပိုင်နဲ့ ချိုးမင်အတွက် လက်စားချေမယ်လို့ အော်နေခဲ့တာပေါ့။ သူက တမင် လူတွေကို အမြင်မှားအောင် လုပ်နေတာ”
“ဒါပေမဲ့...”
ချောင်ရှစ်ရွှေသည် တွေးတောနေရင်း ထပ်မံ နားမလည်နိုင်ဖြစ်သွား၏။ သူမ မေးလိုက်သည်။
“သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက အဲ့မျိုးနွယ်တွေအကုန်လုံးနဲ့ ရန်သူဖြစ်ချင်နေတာလား။ သူ ရုပ်ဖျက်ထားတာက သူဘယ်သူဆိုတာ တခြားသူတွေကို မသိစေချင်လို့လား”
“မှားတယ်...”
ချောင်တွမ်ထျန်းက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“သူက ငါတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး။ အနည်းဆုံးတော့ ငါတို့အကုန်လုံးနဲ့ မရှိဘူး။ သူက လူပုမျိုးနွယ်အပေါ် ရန်ငြိုးရှိတာဖြစ်မယ်။ သူက ငါတို့ကို လူပုမျိုးနွယ်အပေါ် လက်စားချေစေချင်တာ၊ ငါတို့လက်တွေကိုငှားပြီး လူပုမျိုးနွယ်ကို ရှင်းပစ်ချင်နေတာ။ တကယ်တော့... ငါ သူ့ကို တစ်ခါ တွေ့ခဲ့ဖူးလောက်တယ်”
ချောင်တွမ်ထျန်းသည် လူပုမျိုးနွယ်မှ လူပုတစ်ယောက်က ရေခဲသားရဲဘုရင်ကို အမဲလိုက်နေစဉ်တွင် ဓားခုတ်ကောင်ဂိုဏ်းမှ လူတစ်ယောက်ဆီ ဆူးချွန်တစ်ချောင်း ပစ်လွှတ်လိုက်ပုံကို ပြန်ပြောပြလိုက်၏။ ထို့ကြောင့် လူပုမျိုးနွယ်နှင့် ဓားခုတ်ကောင်ဂိုဏ်းကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာခြင်းပင်။ ထို့နောက် သူက သိုဝှက်စွာပြုံး၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... တကယ်လို့ ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် သူဘယ်သူဆိုတာကို ကျွန်တော်တို့ သိထားလောက်တယ်”
“အို့...”
ချောင်ဖေးဝမ်က မေးလိုက်သည်။
“ရှောင်ထျန်း... သူက ဘယ်သူလဲ”
ချောင်ဖေးဝမ်က မေးလိုက်သည်။
ချောင်ရှစ်ရွှေကလည်း စိတ်ဝင်တစား ဝင်မေး၏။
“အစ်ကို ညီမလည်း အဲ့လူအကြောင်းကို ကြားဖူးတာလား”
“အင်း...”
ချောင်တွမ်ထျန်းက ပြုံးကာ တောင်ဘက်သို့ လက်ညှိုးညွှန်၍ ပြောလိုက်သည်။
“သူက အရှေ့ဘက် တော်ဝင်နယ်မြေက ဖြစ်လောက်မယ်။ သူက သူ့ကိုယ်သူ ပုံစံပြောင်းနိုင်တဲ့ ဆန်းကြယ်တဲ့စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားလောက်တယ်။ အဲ့စွမ်းရည်က စိတ်ဝိညာဉ်အရှိန်အဝါကိုတောင် ပြောင်းနိုင်တယ်။ သူက ဆန်းကြယ်တဲ့ တခြားစွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားတယ်။ အဲ့စွမ်းရည်တွေထဲက တစ်ခုက တော်တော်နာမည်ကြီးတယ်။ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားစွမ်းရည်တဲ့”
“အန်...”
ချောင်ဖေးဝမ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်ဝန်းများကလည်း အရောင်လက်သွားပြီး သူ၏သတ်ဖြတ်လိုသည့်အကြည့်က ပို၍ပင် ကြောက်စရာကောင်းလာသည်။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။
“ငါသိပြီ။ သူက အရှေ့ဘက် တော်ဝင်နယ်မြေမှာ ပြဿနာရှာရတာကို အားမရသေးလို့ နှင်းဒေသကိုပါ ရောက်လာတာလား။ သူက သူကိုယ့်သူ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား”
“အာ...”
ချောင်ရှစ်ရွှေသည် အစက အတန်ငယ်နားမလည်နိုင်ဖြစ်သော်လည်း မကြာခင်မှာပင် သဘောပေါက်သွားသည်။ ထို့ကြောင့် သူမ အံ့ဩတကြီးဖြင့် မေးလိုက်သည်။
“အစ်ကို... အဲ့လူက ကျန်းရီလို့ အစ်ကို ပြောချင်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျန်းရီက နှင်းဒေသမှာ ဘာလာလုပ်နေတာလဲ။ သူက တကယ်ပဲ နှင်းဒေသကို ရောက်လာရင်တောင် ဘာလို့ အခုလိုတွေ လုပ်မှာလဲ။ သူ ဒီလိုလုပ်ရင် နှင်းဒေသတစ်ခုလုံးနဲ့ ရန်သူဖြစ်သွားမယ်ဆိုတာ သူလည်း သိမှာပဲ”
“ငါလည်း အသေးစိတ်တော့မသိဘူး။ ဒါပေမဲ့ သူက ကျန်းရီဖြစ်နိုင်ခြေများတယ်”
ချောင်တွမ်ထျန်းက အလွန်ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ ထို့နောက် သူ ဆက်ပြော၏။
“နတ်ဘုရားတစ်ပိုင်းတွေအများကြီးရဲ့ လိုက်ဖမ်းတာကို ရှောင်နိုင်ဖို့က ကြယ်ခုနစ်ပွင့် သိုင်းပညာရှင်တွေတောင် မလုပ်နိုင်ကြဘူး။ သူက ကြယ်ရှစ်ပွင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အခုအချိန်အထိ ဘေးကကြည့်နေမှာ မဟုတ်ဘူး။ နှင်းဒေသက သူ့ရဲ့ ပိုင်နက်မလား။ တကယ်လို့ အရှေ့ဘက် တော်ဝင်နယ်မြေက သိုင်းပညာရှင်တစ်ယောက်က နှင်းဒေသမှာ မဆင်မခြင် လာသတ်ဖြတ်နေရင် သူက သေချာပေါက် ထွက်လာမှာပဲ”
“ဟုတ်တယ်...”
ချောင်ရှစ်ရွှေက မျက်တောင်ခတ်ကာ မေးလိုက်သည်။
“အစ်ကို... ဘာလို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဒီကိစ္စမှာ ဝင်မပါသေးတာလဲ။ သမိုင်းအရဆိုရင် အရှေ့ဘက် တော်ဝင်နယ်မြေက လူတွေ ရောက်လာတိုင်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းကပဲ သူတို့ကို မောင်းထုတ်ပစ်ခဲ့တာ မဟုတ်ဘူးလား”
“ဟားဟားဟား...”
ချောင်တွမ်ထျန်းက အသံထွက်ရယ်လိုက်၏။ ထို့ကြောင့် ချောင်ဖေးဝမ်က သူ့ကို ကြည့်လိုက်သည်။ ချောင်တွမ်ထျန်းက ရှင်းပြ၏။
“တကယ်လို့ ငါ မှန်းတာ မမှားဘူးဆိုရင် သူက တခြားတစ်ယောက်လိုလည်း ဟန်ဆောင်ခဲ့လောက်တယ်။ ငါတို့ သူ့ကို အရင်က တွေ့ဖူးပါတယ်။ သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်က မိုရှင်းပဲ”
“မိုရှင်း...”
ချောင်ရှစ်ရွှေတစ်ယောက် ထပ်မံမျက်လုံးပြူးသွား၏။ ပြီးခဲ့သည့်အခေါက်က ကျားနိုင်တောင်ပေါ်တွင် မိုရှင်းသည် အပျိုစင်ရွှယ်ကို တွေ့သောအခါ ချစ်ခင်သော မျက်နှာထားဖြင့် ကြည့်ခဲ့သည်။ ထို့ပြင် မိုရှင်းက ချိုးပိုင်၊ ဟော်ကူးနှင့် မုန့်တတို့ကို ရေခဲကျွန်းတွင် တစ်ကိုယ်တော် သတ်ပစ်ခဲ့သည်။ ထိုဆိုးဝါးသောမြင်ကွင်းကို ချောင်ရှစ်ရွှေ မည်သည့်အခါတွင်မှ မေ့ပစ်နိုင်တော့မည် မဟုတ်ပေ။
“ဟုတ်တယ်... သူက မိုရှင်းပဲ”
ချောင်တွမ်ထျန်းက အလွန်သေချာနေသည်။ သူ ဆက်ပြောလိုက်သည်။
“ကျန်းရီက ဘယ်သူ့ပုံစံလိုမဆို ပြောင်းနိုင်တယ်။ သူ့အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲကို ဝင်ဖို့က အရမ်းလွယ်ခဲ့မှာပဲ။ ပြီးတော့ မိုရှင်း အဆင့်တက်လာတဲ့နှုန်းကလည်း အရမ်းမြန်လွန်းတယ်။ အရင်တုန်းက အညတရတစ်ယောက်က ရုတ်တရက် အဆင့်တက်လာပြီး ချိုးပိုင်၊ မုန့်တ၊ ဟော်ကူးနဲ့ သိုင်းပညာရှင်ထောင်ကျော်ကို သတ်နိုင်ခဲ့တယ်ဆိုတာက မယုံနိုင်စရာပဲ။ တကယ်ပဲ ကောင်းကင်နတ်ဆိုးမျိုးနွယ်က သာမန်လူတစ်ယောက်က အဲ့လိုတွေ သတ်ပစ်နိုင်တယ်ဆိုရင်တောင် ကောင်းကင်နတ်ဆိုးမျိုးနွယ် အန္တရာယ်ဖြစ်မှာစိုးလို့ မဆင်မခြင် မသတ်လောက်ဘူး”
ချောင်ဖေးဝမ်၏ မျက်နှာထား တည်လာသည်။ သူ ရုတ်တရက် ဝင်ပြောလိုက်သည်။
“ရှောင်ထျန်း... မင်းရဲ့ သုံးသပ်ချက်က မဆိုးဘူး။ ဆက်ပြောပါ”
ချောင်တွမ်ထျန်း အတန်ငယ် မျက်နှာရဲသွား၏။ ချောင်ဖေးဝမ်းက အခြားသူများကို ချီးကျူးခဲသည်။ ထို့ကြောင့် ချောင်တွမ်ထျန်း ခပ်သွက်သွက် ပြောလိုက်သည်။
“မိုရှင်းက ကျန်းရီပါပဲ။ ဂိုဏ်းချုပ်ရဲ့မွေးနေ့ မတိုင်ခင်နေ့တုန်းက သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အပျိုစင်တစ်ယောက်ကို တွေ့တွေ့ချင်း မျက်နှာထား ထူးဆန်းသွားခဲ့တယ်။ သူက အဲ့အပျိုစင်ကို အရင်က တွေ့ခဲ့ဖူးတယ်လို့လည်း ပြောခဲ့တယ်။ အဲ့တုန်းက ရှစ်ရွှေလည်း ရှိတယ်။ သူလည်း မိုရှင်းက အပျိုစင်ရွှယ်အပေါ် နက်ရှိုင်းတဲ့ခံစားချက်ရှိနေတယ်ဆိုတာ ခံစားခဲ့ရလောက်မှာပါ။ ရေခဲကျွန်းမှာတုန်းကလည်း သူ ချိုးပိုင်တို့ကို သတ်ပြီးသွားတော့ ကျွန်တော် လူတွေခေါ်ပြီး အဲ့ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ ပဉ္စမအကြီးအကဲက တိုက်တိုက်ဆိုင်ဆိုင် အဲ့မှာ ရှိနေခဲ့ပြီးတော့ ကျန်းရီကို ကယ်သွားခဲ့ပါတယ်”
ချောင်ဖေးဝမ်က အနည်းငယ် နားမလည်နိုင်ဖြစ်သွားပြီး စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“ရှင်းရှင်းပဲပြောပါ”
ချောင်တွမ်ထျန်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“ကျွန်တော်သုံးသပ်ရတာတော့ ကျန်းရီက အပျိုစင်ရွှယ်ကို ကယ်ဖို့ နှင်းဒေသကို ရောက်လာခဲ့တာ ဖြစ်ရမယ်။ အရှေ့ဘက် တော်ဝင်နယ်မြေမှာလည်း သူက မိန်းမတစ်ယောက်အတွက် မြောက်ဘက်ဧကရာဇ်နဲ့ စစ်ပွဲတစ်ပွဲ စခဲ့တာ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲကို ဝင်ပြီးသွားရင် ပြန်ထွက်လို့မရတော့ဘူးဆိုတာ ဂိုဏ်းချုပ်လည်း သိမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်ခန့်မှန်းတာကတော့ ကျန်းရီက ကောင်းကင်လျှို့ဝှက်ဂိုဏ်းနဲ့ အပေးအယူတစ်ခု လုပ်ခဲ့တာဖြစ်မယ်။ ဥပမာအနေနဲ့ လူပုမျိုးနွယ်ကို ဖျက်ဆီးရမှာမျိုးပေါ့။ သူ ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဝင်ခဲ့တာ၊ အခုလုပ်နေတာတွေက လူပုမျိုးနွယ်ရဲ့ ပျက်သုဉ်းရေးကိုပဲ ဦးတည်နေတယ်”
အကယ်၍ ကျန်းရီသာ ထိုစကားများကို ကြားခဲ့လျှင် အလွန်တုန်လှုပ်သွားပေလိမ့်မည်။ ချောင်တွမ်ထျန်း၏ သုံးသပ်ခန့်မှန်းချက်က အားလုံးနီးပါး မှန်ပေသည်။ ယခင်တစ်ခေါက်က ကျန်းရီ ရေခဲကျွန်းပေါ်တွင် သေမလိုဖြစ်ခဲ့ခြင်းမှာလည်း ချောင်တွမ်ထျန်း၏ ထောင်ချောက်ကြောင့်ဖြစ်သည်။ နှင်းဒေသ၏ ပထမမင်းသားဖြစ်သော ကျားနိုင်ဂိုဏ်း၏ ထိုသခင်လေးက သူ၏ ဂုဏ်ပုဒ်နှင့် ထိုက်တန့်သည့်ပုံပင်။
“ညီမ နားမလည်သေးဘူး”
ချောင်ရှစ်ရွှေက ဆံပင်သပ်ကာ ပြောလိုက်သည်။
“ဘာလို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူပုမျိုးနွယ်ကို ရှင်းပစ်ချင်တာလဲ။ တကယ်လို့ သူတို့ ရှင်းပစ်ချင်တယ်ဆိုရင်လည်း သူတို့ဘာသာ လုပ်လိုက်လို့ရတာပဲ။ အစ်ကို မှန်းတာ မှန်တယ်ဆိုရင်တောင် ကျန်းရီက စေတီတောင်မှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကိုတောင် သတ်ပစ်နိုင်ခဲ့တာပဲ... သူ့အတွက် ချိုးရှန်ကို သတ်ဖို့ဆိုတာ အလွယ်လေး မဟုတ်ဘူးလား။ ဘာလို့ သူက အခုလိုတွေ လုပ်နေမှာလဲ”
“ပထမမေးခွန်းကို ရှင်းပြဖို့ လွယ်ပါတယ်။ ဂိုဏ်းချုပ်လည်း သိနေလောက်ပါပြီ”
ချောင်တွမ်ထျန်းက ချောင်ဖေးဝမ်းကို ကြည့်လိုက်သည်။ ချောင်ဖေးဝမ်က ခေါင်းညိတ်ပြလိုက်သည်။ ချောင်တွမ်ထျန်းက မျက်မှောင်ကြုတ်၍ အသံထွက်ကာ စဉ်းစားလိုက်သည်။
“ဘာလို့ သူက ချိုးရှန်ကို တိုက်ရိုက်မသတ်ရတာလဲဆိုတာကတော့... ကျွန်တော်လည်း မသိဘူး”
“တော်ပြီ... တော်ပြီ”
ချောင်ဖေးဝမ်သည် ချောင်ရှစ်ရွှေက ဆက်မေးရန် ဟန်ပြင်နေသည်ကို မြင်လိုက်သောအခါ စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“ရှောင်ထျန်းရဲ့ သုံးသပ်ချက်တွေတော်တော်များများက အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးဘူး။ အခု အရေးကြီးတာက ငါတို့ သူ့ကို ဘယ်လိုဖမ်းပြီးသတ်ရမလဲဆိုတာပဲ။ ငါတို့ သူ့ကို ဒီအတိုင်း ဆက်သတ်ခွင့်ပြုထားရင် ငါ မျက်နှာပျက်ရတော့မယ်”
“ဟင်းဟင်း...”
ချောင်တွမ်ထျန်းက ယုံကြည်မှုရှိရှိပြုံး၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... စိတ်မလောပါနဲ့။ သူက ကျန်းရီဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့်ဆီမှာ သူ့ကို အလွယ်တကူသတ်နိုင်မယ့် အကြံတစ်ခု ရှိထားပါပြီ”
ချောင်ဖေးဝမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
“အို့... မြန်မြန်ပြော”
“အရမ်း ရိုးရှင်းပါတယ်”
ချောင်တွမ်ထျန်း မျက်ဝန်းများက အရှေ့တောင်ဘက်သို့ ကြည့်လိုက်၏။ ထို့နောက် သူ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
“သူ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ သူက ကျွန်တော်တို့ရဲ့ လက်ကိုငှားပြီး လူပုမျိုးနွယ်ကို ရှင်းပစ်ချင်နေမှတော့ သူလိုချင်သလို လုပ်ပေးကြတာပေါ့။ ဓားခုတ်ကောင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်တို့ကိုလည်း လူပုမျိုးနွယ်ဆီ စစ်ချီဖို့ ဂိုဏ်းချုပ် သတင်းပို့ပေးပါ”
“အာ...”
ချောင်ရှစ်ရွှေသည် ကြောက်ရွံ့နေသော ယုန်သူငယ်လေးကဲ့သို့ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အကြောက်တရားနှင့် ပြည့်နှက်နေသည်။
ချောင်ဖေးဝမ်၏ မျက်လုံးများကလည်း အရောင်လက်သွားသည်။ ထို့နောက် သူသည် ချောင်တွမ်ထျန်းကို ပြုံး၍ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ရှောင်ထျန်းရဲ့ အကြံက မဆိုးဘူး။ ငါတို့ သူ့ကို မဖမ်းနိုင်မှတော့... တွင်းထဲကမြွေကို မျှားထုတ်ရမှာပေါ့။ ငါတို့ရဲ့ စစ်တပ်တွေ စလှုပ်ရှားတာနဲ့ အဲ့လူက သေချာပေါက် လူပုတောင်ကို သွားမှာပဲ”
***