← Chapters

တောင်ပေါ်တွင် ကျားရှိကြောင်း သိထား၏

Vol. 75 Ch. 1035

တောင်ပေါ်တွင် ကျားရှိကြောင်း သိထား၏

Vol. 75 Ch. 1035

စစ်တပ်များက လျင်မြန်စွာ လှုပ်ရှားနေကြသည်။

ကျားနိုင်ဂိုဏ်းမှ စစ်တပ်သာမဟုတ် မီးနဂါးမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် ဓားခုတ်ကောင်ဂိုဏ်းတို့မှ စစ်တပ်များကလည်း လှုပ်ရှားလာကြသည်။ မျိုးနွယ်တစ်ခုစီသည် အင်အားကြီးတပ်သား သုံးသိန်းစုစည်း၍ လူပုတောင်သို့ အလုံးအရင်းဖြင့် ချီတက်လာသည်။

အင်အားသုံးသိန်းပါသော စစ်တပ်တိုင်းသည် ကီလိုမီတာဒါဇင်ကျော်ရှည်သော စစ်ကြောင်းအဖြစ် တစ်ဖြောင့်တည်း ချီတက်ကြသည်။ စစ်အလံများကိုလည်း လေပြင်းများက တိုးဝှေ့တိုက်ခတ်နေ၍ တဖျပ်ဖျပ်အသံများ ထွက်ပေါ်နေသည်။ အဝေးမှကြည့်လျှင် တပ်သားများ၏ ဓားများမှ တလက်လက်အလင်းရောင်များကို ကြောက်မက်ဖွယ် လှမ်းမြင်ရသည်။

မျိုးနွယ်လေးခုမှ စစ်တပ်များသည် တစ်ချိန်တည်း စတင်လှုပ်ရှားကြသော်လည်း သူတို့၏ ချီတက်နှုန်းများက ကွဲပြားပေသည်။ အနောက်မြောက်ဘက်ရှိ ဓားခုတ်ကောင်ဂိုဏ်းက အမြန်ဆုံးဖြစ်ပြီး လူပုတောင်နှင့်အနီးဆုံးဖြစ်သော မီးနဂါးမျိုးနွယ်က အနှေးဆုံးဖြစ်သည်။ ခန့်မှန်းတွက်ချက်မှုအရ စစ်တပ်လေးခုစလုံးသည် ဆယ်ရက်ကြာပြီးနောက်တွင် လူပုတောင်သို့ တစ်ချိန်တည်း ရောက်လာမည်ဟု ယူဆရသည်။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် နေရာအနှံ့တွင် အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။

မျိုးနွယ်ကြီးများစွာက သူတို့၏ ထောက်လှမ်းရေးများကို စေလွှတ်လိုက်ကြသည်။ အကယ်၍ မျိုးနွယ်လေးခုက လူပုတောင်ကို တိုက်ခိုက်လျှင် သေချာပေါက် လူပုမျိုးနွယ် ပျက်သုဉ်းသွားပေလိမ့်မည်။ သို့ဆိုလျှင် တော်ဝင်‌တောင်တစ်လုံးက လွတ်သွားမည်ဖြစ်သည်။ ထို့နောက်တွင် မျိုးနွယ်ကြီးများသည် လူပုမျိုးနွယ်နေရာတွင် ဝင်အစားထိုးရန် ယှဉ်ပြိုင်ကြပြီး အနိုင်ရသူက နှင်းဒေသထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်း စားရင်ဝင်သွားပေလိမ့်မည်။

နှင်းဒေသတွင် ဂိုဏ်းကြီး၊ ဂိုဏ်းငယ် တစ်ထောင်နီးပါး ရှိသည်။ အနည်းဆုံး မျိုးနွယ်ကြီးနှစ်ဆယ်တွင် နတ်ဘုရားတစ်ပိုင်းများရှိသည်။ မျိုးနွယ်လေးခုသည် လူပုမျိုးနွယ်ကို ရှင်းပစ်ပြီးလျှင်လည်း လူပုတောင်ကို သိမ်းပိုက်ကြမည် မဟုတ်ပေ။ သူတို့တွင် လူပုတောင်ကို ကာကွယ်ရန် စစ်အင်အားမရှိချေ။ ထို့ကြောင့် သူတို့ သိမ်းပိုက်လျှင်လည်း အခြားမျိုးနွယ်ကြီးများ၏ လုယူမှုကို အလွယ်တကူ ခံလိုက်ရမည်သာ။ ထို့ကြောင့် လူပုတောင် လွတ်သွားသည်နှင့် အခြားမျိုးနွယ်ကြီးတစ်ခုက ထိုတောင်ကို သိမ်းပိုက်မည်ဖြစ်သည်။

တောင်ဝင်တောင်များမှာ နှင်းဒေသရှိ အကောင်းဆုံးနေရာများဖြစ်သည်။ ထိုတောင်များတွင် မိုးမြေအတွင်းအား သိပ်သည်းသည်။ တော်ဝင်တောင်တစ်လုံးကို ပိုင်ဆိုင်ထားသူသည် သိုင်းပညာရှင်များကို အဆက်မပြတ် မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး အင်အားကြီးလာမည်ဖြစ်သည်။ ထို့ကြောင့် တော်ဝင်တောင်တစ်လုံးကို ပိုင်ဆိုင်ခြင်းက အင်အား၏ ပြယုဂ်ဖြစ်နေသည်။ ရေခဲသားရဲများကို အမဲလိုက်သည့်အချိန်တွင် မည်သူကမှ တော်ဝင်တောင်ကို ပိုင်ဆိုင်ထားသော မျိုးနွယ်၏ အမဲကောင်များကို လုယူမည်မဟုတ်သလို ထိုမျိုးနွယ်မှ လူများကိုလည်း သတ်ရန်ကြိုးစားကြမည် မဟုတ်ပေ။

ထို့ကြောင့် မျိုးနွယ်လေးခုက လူပုမျိုးနွယ်ကို ရှင်းပစ်သည်ဖြစ်စေ၊ မရှင်ပစ်သည်ဖြစ်စေ မျိုးနွယ်ကြီးများစွာက စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ စစ်တပ်များကို စုစည်း၍ လူပုတောင်သို့ ဦးတည်သွားကြလေသည်။ သူတို့သည် အခွင့်အရေးရလျှင် သေသည်အထိ တိုက်ခိုက်၍ တော်ဝင်တောင်ကို သိမ်းပိုက်နိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။

ရုတ်ခြည်းအတွင်းမှာပင် နှင်းဒေသတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မျိုးနွယ်ကြီးများစွာသည် ဆန်းကြယ်သော လူပုမျိုးနွယ်က မည်မျှအင်အားကြီးကြောင်း မေ့သွားပုံပင်။ သိပ်အင်အားမကြီးသည့် မျိုးနွယ်များမှ ထောက်လှမ်းရေးများပင် သွားရောက်ထောက်လှမ်းကာ အခြေအနေအရပ်ရပ်ကို ပြန်တင်ပြနေကြသည်။

ကောင်းကင်နတ်ဆိုးနန်းတော်...

မိုယောင်အာသည် သတင်းကို ကြားလိုက်သောအခါ အလွန်စိတ်လှုပ်ရှားလာသည်။ သူမသည် မိုရှန်း၏ စာကြည့်ခန်းသို့ အပြေးအလွှားသွားလိုက်ပြီး အခန်းထဲသို့ မရောက်သေးခင်မှာပင် အော်ပြောလိုက်သည်။

“အဖေ... မျိုးနွယ်လေးခုက စစ်တပ်တွေ စေလွှတ်လိုက်ပြီ။ ဒီတစ်ခေါက်တော့ လူပုမျိုးနွယ်က သေချာပေါက် ပျက်စီးသွားတော့မှာပဲ။ ဟီးဟီး... လူပုမျိုးနွယ်က သမီးတို့ရဲ့လူတွေအများကြီးကို သတ်ခဲ့တာ။ နောက်ဆုံးတော့ သူတို့နဲ့ ထိုက်တန်တာကို ရတော့မှာပေါ့”

မိုရှန်း သတင်းရထားပြီးသည်မှာ ကြာပြီဖြစ်သည်။ သူသည် မိုယောင်အာ၏မျက်နှာပေါ်မှ ကျေနပ်သော အပြုံးကို မြင်လိုက်သောအခါ ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်သည်။

“ကျားနိုင်ဂိုဏ်းမှာ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ရှိတယ်။ လူပုမျိုးနွယ်က ဖျက်ဆီးမခံရလောက်ဘူး။ ဒီကိစ္စရဲ့နောက်ကွယ်မှာ တခြားအကြံတွေရှိရမယ်”

“အဖေ ဘာကိုပြောချင်တာလဲ”

မိုယောင်အာက ရိုးရှင်းသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမ မျက်တောင်ပုတ်ခတ်၍ မေးလိုက်သည်။

“အဖေ... မျိုးနွယ်လေးခုက ဒီတစ်ခေါက် စစ်တပ်တွေ စေလွှတ်လိုက်ပြီဆိုတော့ သေချာပေါက် တိုက်ခိုက်လောက်မှာပါ”

“ဟင်းဟင်း...”

မိုရှန်းက လက်ဖက်ရည်ခွက်ကို ယူ၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။ သူ၏ လက်က သာမန်ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များကဲ့သို့ မဟုတ်ပေ။ သူသည် လက်ဖက်ရည်ခွက်ကို ပြန်ချပြီးမှ မိုယောင်အာကို ကြည့်၍ မေးလိုက်၏။

“လူပုမျိုးနွယ်ကို ရှင်းပစ်တာက မျိုးနွယ်လေးခုအတွက် ဘာအကျိုးရှိလဲ။ မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်အတွက် လာအကျိုးမှရှိမှာ မဟုတ်ဘူး... ဟုတ်တယ်မလား။ သူတို့ရဲ့ မဟာမိတ်က ပျက်သွားမှာမို့ သူတို့အတွက် ဆိုးကျိုးတောင်ဖြစ်စေဦးမယ်။ အဲ့လိုဆိုမှတော့ ဘာလို့ သူတို့က လူပုတောင်ဆီ စစ်တပ်တွေ စေလွှတ်ရတာလဲ”

မိုယောင်အာတစ်ယောက် ပို၍ နားမလည်နိုင်ဖြစ်သွား၏။ သူမ ဆံပင်ကိုသပ်ကာ မေးလိုက်သည်။

“ဟုတ်သား... အဲ့ဒါဆို ဘာလို့လဲ”

“လူတစ်ယောက်အတွက်ကြောင့်ပေါ့”

မိုရှန်းက အရှေ့တောင်ဘက်ကိုကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ ကျန်းရီက လူပုတစ်ယောက်လို ဟန်ဆောင်ပြီး မဆင်မခြင် သတ်ဖြတ်နေရတာလဲ။ မျိုးနွယ်လေးခုက ဒေါသထွက်သွားပြီး လူပုမျိုးနွယ်ကို သွားလက်စားချေအောင်လို့ မဟုတ်လား။ အဲ့ဒါကြောင့် မျိုးနွယ်လေးခုက သူ့ရဲ့အကြံကိုသိသိရက်နဲ့ သူလိုချင်သလို လိုက်လုပ်နေတာပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က သူ့ကို မျှားခေါ်ထုတ်ဖို့ဖြစ်မယ်။ အဖေမှန်းတာ မမှားဘူးဆိုရင် ဂိုဏ်းချုပ်ချောင်၊ ဟော်ရန်၊ ဓားခုတ်ကောင်နဲ့ အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင်တို့က သူတို့ရဲ့ စစ်တပ်တွေနဲ့အတူ ပါလာပြီး ကျန်းရီ လူပုတောင်ကို ရောက်လာမှာကို စောင့်နေမှာပဲ”

“အာ...”

မိုယောင်အာ၏မျက်နှာလေး ရုတ်တရက် ဖြူဖျော့သွား၏။ သူမသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်က ကျန်းရီကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြောင်း တွေးမိသောအခါ တုန်လှုပ်သွားပြီး မိုရှန်း၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

“အဖေ... သူ့ကို သွားကယ်ပေးပါ။ တကယ်လို့ သူ သေသွားရင် သမီးလည်း...”

မိုယောင်အာသည် စကားမဆုံးသေးခင်မှာပင် မျက်ရည်များ စီးကျလာသည်။ သူမ မိုရှန်းကို အသနားခံသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ မိုရှန်းက မျက်လုံးများ မှိတ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကောင်းပြီ... သမီး ဘာမှမပြောရင်တောင် အဖေက လူပုတောင်ကို သေချာပေါက် သွားမှာပါ။ နှင်းဒေသတစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ အဲ့လိုကိစ္စကြီးတစ်ခု ဖြစ်နေတာကို အဖေက ဘယ်လိုလုပ် သွားမကြည့်ဘဲ နေနိုင်မှာလဲ။ ဒါပေမဲ့ အဖေ ဂိုဏ်းချုပ်ချောင်နဲ့ တခြားသူတွေကို ထိပ်တိုက် တိုက်ခိုက်မှာမဟုတ်ဘူး။ အဲ့ကောင်လေး သေမလား၊ ရှင်းမလားဆိုတာက သူ့ရဲ့ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်”

မိုယောင်အာက ခြေလေးဆောင့်၍ ပြောလိုက်သည်။

“သမီးလည်း အဖေနဲ့ လိုက်ခဲ့မယ်”

“တဇွတ်ထိုးပါလား”

မိုရှန်းသည် မျက်နှာထားတည်သွားပြီး မိုယောင်အာကို ဆူလိုက်သည်။

“သမီး ဘယ်ကိုမှ မသွားရဘူး။ သမီးဘယ်တော့မှ ရင့်ကျက်မှာလဲ။ ဒီမှာပဲ ကောင်းကောင်းနေပြီး ကျင့်ကြံနေပါ။ တကယ်လို့ သမီး အဖေ့စကားကို နားမထောင်ဘူးဆိုရင် အဖေ အဲ့ကောင်လေးကိုလည်း ဂရုစိုက်တော့မှာ မဟုတ်ဘူး”

မိုရှန်းသည် စကားပြောပြီးနောက် စာကြည့်ခန်းထဲမှ ပျောက်သွားပြီး ကောင်းကင်နတ်ဆိုးနန်းတော်အပြင်တွင် ပြန်ပေါ်လာသည်။ သူက လက်တစ်ဘက်မှနေ၍ အတွင်းအား ထုတ်လွှတ်လိုက်ရာ ကောင်းကင်နတ်ဆိုးနန်းတော်က စူးရှသောအလင်း လင်းလက်လာလေသည်။ သူက အကာအရံကို နှိုးလိုက်ခြင်းပင်။

မိုရှန်းက အောက်တွင်စောင့်နေသော မိုဖူ၊ မိုချီနှင့် အခြားသူများကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ငါ အပြင်ကို သွားတော့မယ်။ ငါ ပြန်ရောက်တဲ့အထိ ကောင်းကင်နတ်ဆိုးတောင်ကို ပိတ်ထားလိုက်။ နေ့ရောညပါ သတိကြီးကြီးနဲ့ စောင့်ကြပ်နေကြ။ တော်ဝင်သခင်မလေးကိုလည်း ကောင်းကင်နတ်ဆိုးနန်းတော်ထဲက မထွက်စေနဲ့... တာဝန်ပေါ့လျော့တဲ့သူတိုင်းကို ငါ သက်ညှာမှုမရှိ သတ်ပစ်မယ်”

“နားလည်ပါပြီ”

မိုဖူတို့က ဒူးတစ်ဘက်ထောက်၍ အမိန့်နာခံလိုက်ပြီး မိုရှန်း အရှေ့တောင်ဘက်သို့ လျင်မြန်စွာ ထွက်သွားသည်ကို ကြည့်နေလိုက်ကြသည်။ မိုချီနှင့် မိုဖူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအကြည့်များထဲတွင် နောင်တတို့နှင့် ပြည့်နှက်နေသည်။ လူပုတောင်တွင် မျိုးနွယ်ရာကျော် စုစည်းနေ၏။ သို့သော် သူတို့သည် ထိုကဲ့သို့မြင်ကွင်းမျိုးကို မမြင်နိုင်‌တော့ပေ။ မည်မျှ နှမြောစရာနည်း။

‘နောက်တစ်စုလာပြန်ပြီ’

ရေခဲပင်လယ်အောက် ပေတစ်သောင်းအနက်တွင် ကျန်းရီသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ဟန်‌ဆောင်၍ ပုန်းအောင်းနေ၏။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံးကာ အထက်မှ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းနေခြင်းပင်။

ရေခဲပင်လယ်က တော်ဝင်တောင်ဆယ်လုံး၏ အလယ်တွင် တည်ရှိသည်။ ထို့ကြောင့် မျိုးနွယ်ကြီးများစွာသည် လူပုတောင်သို့ ရောက်ရန် ရေခဲပင်လယ်ကို ဖြတ်သွားကြရသည်။ ကျန်းရီသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင် မျိုးနွယ်များစွာနှင့် စစ်တပ်များစွာကို အာရုံခံမိခဲ့သည်။ လူပုတောင်သို့သွားသော စစ်တပ်ကြီးများက ဆယ်တပ်ကျော်ပြီး လူအရေအတွက်က တစ်သန်းကျော်ပေသည်။

မျိုးနွယ်လေးခုမှ စစ်တပ်များနှင့် နှင်းဒေသရှိ မျိုးနွယ်အားလုံးမှ ထောက်လှမ်းရေးများက လှုပ်ရှားနေကြသည်။ ထို့ကြောင့် နေရာအနှံ့တွင် လူများရှိနေသည်။ ကျန်းရီသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပုံစံပြောင်းထား၍ အလွန်လုံခြုံနေသည်။ လွန်ခဲ့သော နှစ်ရက်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်သည် ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံခဲ့သည်။ သို့သော် ထိုနတ်ဘုရားတစ်ပိုင်းက သူ့ကို များစွာအရေးမစိုက်ခဲ့ချေ။ နေရာအနှံ့တွင် လူများ ရှိနေသည် မဟုတ်ပါလား။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ထောက်လှမ်းရေးတစ်ယောက်က ရေခဲပင်လယ်တွင် ရှိနေခြင်းမှာ သာမန်သာဖြစ်ပေသည်။

“မျိုးနွယ်လေးခုရဲ့ စစ်တပ်တွေက ငါးရက်အတွင်း လူပုတောင်ကို ရောက်တော့မှာ မလား”

ကျန်းရီသည် သူ့ဘာသာ တိတ်တဆိတ် ရေရွတ်လိုက်၏။ သူ မြေအောက်လမ်းကြောင်းထဲတွင် တစ်ပတ်ပြည့်အောင် လှည့်ပတ်လျှောက်လိုက်သည်။ နောက်ဆုံးတွင် လူပုတောင်သို့သွားရန် သူ ဆုံးဖြတ်ချက်ချလိုက်လေသည်။

ချောင်တွမ်ထျန်း၏ သုံးသပ်ချက်က မှန်ကန်ပေသည်။ ကျန်းရီ မျိုးနွယ်လေးခုမှ လူများကို သတ်ဖြတ်ခဲ့ခြင်းမှာ သူတို့က လူပုမျိုးနွယ်ကို လက်စားချေစေရန်ဖြစ်သည်။ ယခုတွင် သူတို့က လှုပ်ရှားနေပြီဖြစ်၍ ကျန်းရီ ထိုင်ကြည့်မနေနိုင်ပေ။ လူပုမျိုးနွယ်က ရှင်းပစ်ခံရမည်၊ မခံရမည်ကို သူကိုယ်တိုင် သွားကြည့်လိုပေသည်။

ကျန်းရီသည် ချောင်ဖေးဝမ်၊ ဓားခုတ်ကောင်နှင့် အခြားနှစ်ယောက်က သေချာပေါက် လူပုတောင်သို့ သွားမည်ဖြစ်ကြောင်း သိထား၏။ ချိုးရှန်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် မဟုတ်ပါလား။ အကယ်၍ ကျန်းရီသာ လူပုတောင်နားသို့ ကပ်သွားလိုက်လျှင် ထိုနတ်ဘုရားတစ်ပိုင်းများက သူ၏ဟန်ဆောင်ထားမှုကို ဖောက်မြင်သွားနိုင်လောက်သည်။

သို့သော် လူပုမျိုးနွယ် ပျက်သုဉ်းသွားမှ ကျန်းရီက ကောင်းကင်လျှို့ဝှက်ဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရမည်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရမှ စုလောရွှယ်၏ မှတ်ဉာဏ်များကို ပြန်ချိပ်ဖွင့်ပေးရန် တောင်းဆိုနိုင်ပေမည်။ သို့ဖြစ်ရာ မျိုးနွယ်လေးခု၏ စစ်တပ်များက လူပုတောင်သို့ ချီတက်သွားသော်လည်း မတိုက်ခိုက်လျှင် မည်သို့လုပ်ရပါမည်နည်း။

ကျန်းရီ လူပုတောင်နားသို့သွား၍ အခြေအနေကို ထောက်လှမ်းရပေမည်။ အကယ်၍ လိုအပ်လာလျှင် သူ တိုက်ပွဲကြီးတစ်ပွဲကို အစပျိုးပေးခြင်း သို့မဟုတ် ချိုးရှန်ကို တိုက်ရိုက်လုပ်ကြံခြင်းတို့ လုပ်ရမည်ဖြစ်သည်။ ချိုးရှန်သာ‌ သေသွားပါက လူပုအနည်းငယ် ရှင်ကျန်ခဲ့လျှင်ပင် အခြားမျိုးနွယ်ကြီးများက သူတို့ကို လူပုတောင်မှ မောင်းထုတ်ကြပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူ့ကို ပေးအပ်ထားသော ပထမတာဝန် ပြီးဆုံးသွားမည်ဖြစ်သည်။

ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်နှင့် ကောင်းကင်ရှောင်တိမ်းခြင်းစွမ်းရည်တို့က ကျန်းရီ၏ အကောင်းဆုံး ဝှက်ဖဲများပင်။ လက်ရှိတွင် လူပုတော်တစ်ဝိုက်၌ လူပေါင်းများစွာ ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ချောင်ဖေးဝမ်တို့က လူအယောက်တိုင်းကို အာရုံခံကြည့်လျှင်ပင် သေချာပေါက် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ သူ မဆင်မခြင် မလှုပ်ရှားသ၍ မည်သူမှ သူ့ကို ရှာတွေ့မည် မဟုတ်ချေ။ သူသည် မူမမှန်သောအရာတစ်ခုကို သတိပြုမိသည်နှင့် ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်းသုံးကာ ထွက်ပြေးမည်ဖြစ်သည်။ မည်သူမှ သူ့ကို လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ကျန်းရီသည် တောင်ပေါ်တွင် ကျားရှိကြောင်း သိထားသော်လည်း ထိုကျားရှိရာတောင်သို့ သွားရန် ဆုံးဖြတ်လိုက်ခြင်းပင်။

***

All Chapters