← Chapters

တောင်ခြေသို့ စစ်တပ်များ ရောက်ရှိလာခြင်း

Vol. 75 Ch. 1036

တောင်ခြေသို့ စစ်တပ်များ ရောက်ရှိလာခြင်း

Vol. 75 Ch. 1036

လူပုတောင်က အလွန်စည်ကားနေ၏။

လူပုတောင်၏ ကီလိုမီတာငါးရာပတ်လည်အတွင်းတွင် စစ်တပ်များစွာ စခန်းချထားကြသည်။ မျိုးနွယ်လေးခုမှ စစ်တပ်များ ရောက်မလာသေးခင်မှာပင် အခြားမျိုးနွယ်ကြီးများမှ စစ်တပ်များက လူပုတောင်တစ်ဝိုက်သို့ အရင်ရောက်လာကြသည်။

လူပုတောင်၏ ကီလိုမီတာငါးထောင်ပတ်လည်အတွင်း၌မူ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ ထောက်လှမ်းရေများ ရှိနေသည်။ လူပုမျိုးနွယ်မှ ထောက်လှမ်းရေးများလည်း ရှိနေကြသည်။ လူအင်အားထောင်ကျော်သာ ရှိသည့် မျိုးနွယ်ငယ်လေးများသည်ပင် ထောက်လှမ်းရေးများ စေလွှတ်လိုက်ကြသည်။ ယခင်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ တူးထားခဲ့သော မြေအောက်လမ်းကြောင်းများထဲတွင် ယခု မျိုးနွယ်များစွာမှ ထောက်လှမ်းရေးများနှင့် ပြည့်နှက်နေပေပြီ။

နှင်းတောင်များအထဲတွင်၊ ရေခဲမြစ်များအောက်တွင်၊ ‌တောင်ကြားများအတွင်းတွင် စသဖြင့် နေရာအနှံ့တွင် လူများ ရှိနေကြသည်။ အမှန်တွင် ပုန်းအောင်းနေကြရန်ပင် မလိုချေ။ နေရာအနှံ့တွင် လူများရှိနေသဖြင့် ထိုလူများကြားတွင် ‌ရောနှေနေလိုက်ရုံဖြင့်ပင် ပုန်းအောင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။

‘တောက်... လူတွေက ဒီလောက်တောင်များတာလား’

ကျန်းရီသည် ညလယ်ချိန်တွင် လူပုတောင်၏ ကီလိုမီတာငါးရာအကွာသို့ ရောက်လာသည်။ လမ်းတစ်လျှောက်တွင်လည်း မြေအောက်လမ်းကြောင်းများထဲရှိ မရေမတွက်နိုင်သော ထောက်လှမ်းရေးများကို သူ တွေ့ခဲ့ရသည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ ပုံစံထပ်ပြောင်းခဲ့ရသည်။ ယခုတစ်ခေါက်တွင် သူ ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပုံစံပြောင်းလဲထားသည်။

ကျန်းရီသည် လာလမ်းတစ်လျှောက်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် လူပုတောင်တစ်ဝိုက်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာလျှင် သံသယဖြစ်စရာကောင်းနေပေလိမ့်မည်။ ဝိညာဉ်မျိုးနွယ်ကမူ လူများစွာ စေလွှတ်လိုက်သည်။ မျိုးနွယ်ကြီးများက သူတို့ကို အခြေအနေ ထောက်လှမ်းပေးရန် ငွေကြေးပေး၍ စေခိုင်းထားခြင်းဖြစ်နိုင်သည်။ လမ်းတွင် သူ ဝိညာဉ်မျိုးနွယ်မှ ထောက်လှမ်းရေးတစ်ထောင်နီးပါးကို တွေ့ခဲ့သည်။ ထို့ကြောင့် သူသည် အလွယ်တကူ ဝင်ဆံ့နိုင်ရန် ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပုံစံပြောင်းခဲ့ခြင်းဖြစ်သည်။

ကျန်းရီသည် လူပုတောင်အနားသို့ မဆင်မခြင် မသွားခဲ့ပေ။ ထိုအစား သူသည် လူပုတောင်၏မြောက်ဘက် ကီလိုမီတာငါးရာအကွာရှိ ရေခဲမြစ်တစ်ခုကို ရှာလိုက်သည်။ ထိုရေခဲမြစ်က လူပုတောင်သို့ စီးဆင်းသော မြေအောက်မြစ်တစ်ခုဖြစ်သည်။ သူသည် ရေခဲမြစ်ကမ်းပါးတွင် အပေါ်တစ်ပေါက် တူးလိုက်ပြီး အထဲတွင် ဝင်ပုန်းကာ မျိုးနွယ်လေးခု၏ စစ်တပ်များ ရောက်လာမည့်အချိန်ကို စိတ်ရှည်ရှည် စောင့်နေလိုက်လေသည်။

လူပုတောင်သို့ ရောက်သည့် ထိုမြစ်တစ်လျှောက်တွင် ထောက်လှမ်းရေးများ ရာနှင့်ချီ၍ ရှိနေသည်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းများက လာရောက် ထောက်လှမ်းလျှင်ပင် ကျန်းရီကို သတိထားမိမည် မဟုတ်ပေ။ လက်ရှိတွင် ကျန်းရီက မြေအောက် ပေတစ်ထောင်အနက်တွင် ရှိနေသည်။ နှင်းဒေသမှ မြေကြီးက ကောင်းကင်စိတ်အာရုံများကို ဟန့်တားနိုင်သည်။ နတ်ဘုရားတစ်ပိုင်းများ၏ ကောင်းကင်စိတ်အာရုံက မည်မျှ စွမ်းအားကြီးပါစေ ၎င်းတို့ သူ့အနားသို့ ရောက်မလာနိုင်ခင်မှာပင် အားနည်းသွားမည်ဖြစ်သည်။

ကျန်းရီကိုယ်တိုင်လည်း များစွာ ထောက်လှမ်း၍ မရပေ။ သို့သော် သူသည် သူ့အနားမှ ထောက်လှမ်းရေးများကိုသာ အာရုံခံရုံပင်။ ထိုထောက်လှမ်းရေးများက နေ့လယ်ခင်းတိုင်း အပြင်သို့ထွက်ကာ စုံးစမ်းကြပြီး ညအချိန်ကြမှ ပြန်လာကြသည်။ အကယ်၍ သူတို့ ပြန်မလာတော့လျှင် မျိုးနွယ်လေးခု၏ စစ်တပ်များရောက်လာပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ခွမ်း...

လူပုတောင်ထိပ်တွင် ကျောက်တိုင်တစ်တိုင်ရှိ၏။ ထိုကျောက်တိုင်အတွင်း၌ ဧရာမကျောက်ခန်းမကြီးတ်စခု ရှိသည်။ ထိုအခိုက်တွင် လူပုမျိုးနွယ်မှ အဘိုးအိုတစ်ယောက်က ကျောက်ခန်းမအတွင်းရှိ အဖိုးတန် ကြွေအိုးတစ်အိုးကို ဒေါသတကြီး ခွဲပစ်လိုက်သည်။

“မျိုးနွယ်ခေါင်းဆောင် စိတ်ကိုထိန်းပါ”

လူပုမျိုးနွယ်က အကြီးအကဲတစ်စုက စိုးရွံ့တကြီးဖြင့် ဒူးထောက်လိုက်ကြ၏။ သူတို့ ကျောစိမ့်အောင် ကြောက်ရွံ့နေကြပေသည်။ လူပုမျိုးနွယ်၏ မဟာအကြီးအကဲ ချိုးကျဲက ချိုးရှန် ဒေါသပြေသည်အထိ စောင့်လိုက်ပြီးမှ ခါးမတ်ကာ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... အရမ်းဒေါသထွက်ဖို့ မလိုပါဘူး။ ဂိုဏ်းချုပ်ချောင်တို့က လူပုတောင်ကို တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ လူပုမျိုးနွယ်က နှင်းဒေသမှာ အာဏာကြီးပါတယ်။ သူတို့ လူပုမျိုးနွယ်ကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် နှင်းဒေသမှာ အာဏာလုပွဲတွေ ဖြစ်လာမှာပါ...”

“တခြားမျိုးနွယ်ကြီးတွေကလည်း ဂိုဏ်းချုပ်ချောင်တို့ လုပ်ချင်တိုင်းလုပ်နေတာကို ထိုင်ကြည့်နေကြမှာ မဟုတ်ပါဘူး။ သူတို့ကလည်း နောက်ထပ်ပစ်မှတ်က သူတို့ဖြစ်လာမှာကို ကြောက်ကြမှာပါပဲ။ ပြီးတော့ ကျုပ် ကောင်းကင်လျှို့ဝှက်ဂိုဏ်းဆီ လူတွေ စေလွှတ်လိုက်ပါပြီ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသရဲ့ အုပ်စိုးသူပါ။ သူတို့က နှင်းဒေသကြီး ပရမ်းပတာဖြစ်သွားမှာကို ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး”

“ပေါက်ကရတွေ...”

ချိုးရှန်က ဒေါသတကြီး အော်လိုက်ပြီး အေးစက်စက် ပြောလိုက်၏။

“တခြားမျိုးနွယ်ကြီးတွေက ငါတို့ ဖျက်ဆီးခံရတာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး ဟုတ်လား။ သူတို့က ငါတို့ ဖျက်ဆီးခံရတာကို ကြည့်ဖို့ မစောင့်နိုင်ဖြစ်နေမှာကွ။ ငါတို့ ပျက်စီးသွားရင် သူတို့က ငါတို့နေရာကို အစားဝင်ကြမှာ...”

“ပြီးတော့ ကောင်းကင်လျှို့ဝှက်ဂိုဏ်း...”

ချိုးရှန်က ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

“အဲ့နှစ်တုန်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ငါတို့ကို ဖျက်ဆီးပစ်တော့မလို့ပဲ။ အဲ့ခွေးကောင်ချိုးမင်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ သူတော်စင်မကို သွားထိတာ။ ငါသာ သက်သေတွေကို အချိန်မီ ဖျက်ဆီးမပစ်လိုက်ရင် လူပုမျိုးနွယ်က ဒီနေ့အထိ ရပ်တည်နေနိုင်လိမ့်မယ်လို့ မင်းတို့ထင်လား။ အဲ့တော့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို မှီခိုမယ့်အစား အရှေ့ဘက် တော်ဝင်နယ်မြေက ဧကရာဇ်ကိုးပါးကို မှီခိုလိုက်တာကမှ ပိုကောင်းလိမ့်မယ်”

“အဲ့လို မဖြစ်လောက်ပါဘူး”

အခြားအကြီးအကဲတစ်ယောက်က လက်ဆုပ်ကာ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... အဲ့ကိစ္စဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီကြားထဲမှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဘာမှ မလုပ်ခဲ့ပါဘူး။ သူတို့က အဲ့ကိစ္စကို မေ့သွားလောက်ပါပြီ။ ပြီးတော့ သူတို့ ဘာသက်သေမှ မရှာနိုင်ခဲ့ဘူးမလား။ သူတို့ တခြားမျိုးနွယ်တွေကိုလည်း သံသယဝင်ချင်ဝင်မှာပါ။ သူတို့က နှင်းဒေသရဲ့ အုပ်စိုးသူပါ... ကျုပ်တို့က သူတို့ရဲ့ လက်အောက်ငယ်သားတွေပါ။ ကျုပ်တို့အချင်းချင်း တိုက်ခိုက်နေတာကို သူတို့ ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ...”

“ကျုပ်တို့သာ နောက်ဆုံးတစ်ယောက် ကျန်တဲ့အထိ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်ရင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သေချာပေါက် ဝင်ပါလာမှာပါ။ ပြီးတော့ ကျုပ်တို့သာ အစွမ်းကုန်တိုက်မယ်ဆိုရင် ဂိုဏ်းချုပ်ချောင်တို့က ကျုပ်တို့နဲ့ ထိပ်တိုက်တွေ့ရဲလောက်မှာ မဟုတ်ပါဘူး။ ထိပ်တိုက် တိုက်ခိုက်ရင် နှစ်ဘက်စလုံး အထိအခိုက်များမှာမလား”

“ဟုတ်တယ်၊ ဟုတ်တယ်... သေတဲ့အထိ တိုက်ကြမယ်”

“ကျုပ်တို့ တော်ဝင်တောင်ကို အဆုံးရှုံးမခံနိုင်ဘူး။ ဒီနှစ်တွေအတွင်းမှာ ကျုပ်တို့ မျိုးနွယ်ကြီးတွေအများကြီးကို အပြစ်ပြုမိခဲ့တယ်။ တကယ်လို့ ကျုပ်တို့သာ တော်ဝင်တောင်ကို စွန့်ခဲ့ရရင် သူတို့က သေချာပေါက် ကျုပ်တို့ကို လက်စားချေမှာပဲ။ ကျုပ်တို့မျိုးနွယ် ရှင်းပစ်ခံရလိမ့်မယ်။ အဲ့လို အဖြစ်ခံမယ့်အစား ကျုပ်တို့ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ အဲ့လိုဆို ရှင်သန်နိုင်ခြေရှိသေးတယ်”

“အကြီးအကဲကိုးပြောတာ မှန်ပါတယ်။ သေတဲ့အထိ တိုက်ခိုက်ကြမယ်”

အကြီးအကဲတစ်စုက သူတို့၏ အမြင်များကို ပြောလိုက်ကြသည်။ သူတို့၏ မျက်နှာများတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ လူပုမျိုးနွယ်က ရက်စက်ကြမ်းတမ်းမှုနှင့် သွေးဆာမှုကြောင့် ကျော်ကြားခြင်းပင်။ သူတို့သည် သေရမည်ကို ကြောက်သော သူရဲဘောကြောင်သူများ မဟုတ်ချေ။

“ကောင်းပြီ...”

ချိုးရှန်က ဒေါသတကြီး အော်ပြောလိုက်သည်။

“ချိုးကျဲ... သတင်းသွားပို့လိုက်။ ငါတို့ရဲ့ လူတွေကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းဆီသွားပြီး ကောင်းကင်လျှို့ဝှက်ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်တောင်းခိုင်းလိုက်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကသာ ငါတို့ကို ဒီကိစ္စ ကူညီပေးမယ်ဆိုရင် အခုကစပြီး လူပုမျိုးနွယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့အမိန့်ကို နားထောင်မယ်လို့ ပြောခိုင်းလိုက်။ ကျန်တဲ့သူတွေက လူပုတောင်ပို ပိတ်ထားလိုက်။ ငါတို့ရဲ့လူတွေ အကုန်လုံးကို လူပုတောင်ဆီ ပြန်ဆင့်ခေါ်လိုက်... သေတဲ့အထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြ”

“နားလည်ပါပြီ”

အကြီးအကဲများက တညီတညာတည်း ပြန်ဖြေလိုက်ကြသည်။ သူတို့သည် ချောင်ပိတ်ခံနေရပြီဖြစ်၍ ရွေးချယ်စရာမရှိတော့ဘဲ တိုက်ခိုက်ရတော့မည်သာ။ သူတို့သာ ဤတိုက်ပွဲကို မနိုင်လျှင် သေရပေလိမ့်မည်။ အခြားထွက်ပေါက် မရှိတော့ပေ။ သေသည်အထိသာ တိုက်ခိုက်ရတော့မည်ဖြစ်သည်။

သုံးရက်ကြာပြီးနောက် မျိုးနွယ်လေးခု၏ စစ်တပ်များ ရောက်ရှိလာသည်။ တပ်သားအင်အား စုစုပေါင်း တစ်သန်းနှစ်သိန်း ပါလာသည်။ သူတို့သည် လူပုတောင်၏ လေးဘက်လေးတန်တွင် စခန်းချထားလိုက်ကြသည်။ သူတို့စခန်းချသောနေရာက လူပုတောင်နှင့် ကီလိုမီတာငါးဆယ်သာ ဝေးပေသည်။

စစ်တပ်များသည် ရောက်ရှိလာပြီဖြစ်သော်လည်း ချက်ချင်း မတိုက်ခိုက်ကြပေ။ တပ်သားများက အနားယူလိုက်ကြပြီး မျိုးနွယ်သုံးခု၏ တပ်မှူးချုပ်များက ကျားနိုင်ဂိုဏ်း၏ စခန်းသို့ သွားလိုက်ကြသည်။ သူတို့ လာခဲ့ခြင်းမှာ ဖျောင်ဖေးဝမ်းက အားလုံး လူပုတောင်ကို တိုက်ခိုက်လျှင် ဆန်းကြယ်သော သိုင်းပညာရှင် သေချာပေါက် ထွက်ပေါ်လာလိမ့်မည်ဟု ပြောခဲ့၍ဖြစ်သည်။

မျိုနွယ်လေးခုသည် လူပုတောင်သို့ ရောက်လာပြီဖြစ်သော်လည်း အလျင်စလို မပြုမူကြပေ။ အထူးသဖြင့် မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့က ပို၍ တုံ့ဆိုင်းနေကြသည်။ ဆန်းကြယ်သော သိုင်းပညာရှင် ထွက်ပေါ်လာလိမ့်မည်ဟု မသေချာသေးသ၍ သူတို့ လူပုတောင်ကို တိုက်ခိုက်မည် မဟုတ်ချေ။ သူတို့က လူပုမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်ခဲ့သည် မဟုတ်ပါလား။

တပ်မှူးချုပ်များက ကျားနိုင်ဂိုဏ်း၏ စခန်းတွင် စုဝေးလိုက်ကြ၏။ သို့သော် ချောင်ဖေးဝမ်က ကိုယ်တိုင်လူလုံးထွက်မပြပေ။ လူပုတောင်သို့ လာရာလမ်းခရီးတစ်လျှောက်တွင်လည်း သူ့ကို မတွေ့ခဲ့ရချေ။ ထို့ကြောင့် သူက စစ်တပ်နှင့်အတူ ပါလာ၊ မပါလာကို မည်သူမှ မသိပေ။ ကျားနိုင်ဂိုဏ်း၏ စစ်တပ်ကို ချောင်တွမ်ထျန်းက ဦးဆောင်လာခဲ့ခြင်းပင်။ သူက တပ်မှူးချုပ်သုံးယောက်ကို ကိုယ်တိုင်လက်ခံတွေ့ဆုံသည်။

ချောင်တွမ်ထျန်းသည် အဖြူရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ရွက်ဖျင်တဲထဲ၌ ထိုင်နေသည်။ သူ၏ အရှိန်အဝါက အတော်လေး ခံ့ညားပေသည်။ သူသည် တပ်မှူးချုပ်သုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။

“လူကြီးမင်းတို့... ကျွန်တော်တို့ နှစ်ရက် နားပြီးပါပြီ။ မနက်ဖြန် နေဝင်ချိန်ကျရင် တောင်ကို အတူတူ တိုက်ခိုက်ကြပါမယ်”

ဓားခုတ်ကောင်ဂိုဏ်းမှ တပ်မှူးချုပ်က မည်သို့မှ မပြောလိုက်ဘဲ အခြားမျိုးနွယ်နှစ်ခုမှ တပ်မှူးချုပ်နှစ်ယောက်ကို သံသယဖြင့် ကြည့်လိုက်သည်။ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့မှ တပ်မှူးချုပ်များက ဆက်၍နှုတ်ဆိတ်မနေနိုင်တော့ပေ။ မီးနဂါးမျိုးနွယ်မှ တပ်မှူးချုပ်က ထရပ်ကာ ပြောလိုက်သည်။

“သခင်လေးတွမ်ထျန်း... ကျုပ်တို့ရဲ့ စစ်တပ်တွေသာ လူပုတောင်ကို ရောက်လာရင် အဲ့ဆန်းကြယ်တဲ့ သိုင်းပညာရှင် ထွက်ပေါ်လာလိမ့်မယ်လို့ ဂိုဏ်းချုပ်ချောင်က ပြောခဲ့တယ်မလား။ အခု သူ ဘယ်မှာလဲ။ ကျုပ်တို့ရဲ့ ထောက်လှမ်းရေးတွေက ပြီးခဲ့တဲ့ သုံးရက်ကတည်းက ကီလိုမီတာငါးရာပတ်လည်အတွင်းမှာ ထောက်လှမ်းပြီးပြီ။ ဒါပေမဲ့ ဘာထူးခြားတာကိုမှ ရှာမတွေ့ခဲ့ဘူး”

“ဟုတ်တယ်...”

အမွေးရှည်ဆင်မျိုးနွယ်မှ တပ်မှူးချုပ်ကလည်း ဝင်ပြောလိုက်သည်။

“ကျုပ်တို့က ဝိညာဉ်မျိုးနွယ်ကိုလည်း ထောက်လှမ်းခိုင်းထားတယ်။ ဒါပေမဲ့ ဘာမှ မတွေ့ဘူး။ သခင်လေးတွမ်ထျန်း... သခင်လေးက ကျုပ်တို့ကို လှည့်စားဖို့ ကြိုးစားနေတာလား”

အမွေးရှည်ဆင်မျိုးနွယ်က ခန္ဓာကိုယ်ထွားကြိုင်းသည်။ အကယ်၍ တိုက်ပွဲအတွင်း၌ ထိုမျိုးနွယ်နှင့်သာ ရင်ဆိုင်ရမည်ဆိုလျှင် လွယ်မည် မဟုတ်ပေ။ သို့သော် သူတို့သည် ထောက်လှမ်းရေးအပိုင်းတွင်တော့ မကျွမ်းကျင်ကြပေ။ သူတို့၏ ခန္ဓာကိုယ်များက အလွန်ထွားကြိုင်းသဖြင့် အလွယ်တကူ ရှာတွေ့ခံရမည်ဖြစ်သည်။ သူတို့က ရန်သူကို မတွေ့ခင် ရန်သူက သူတို့ကို ကြိုတွေ့၍ ထွက်ပြေးသွားကြမည်သာ။ ထို့ကြောင့် သူတို့က သတင်းအချက်အလက်များ ထောက်လှမ်းရန်အတွက် ဝိညာဉ်မျိုးနွယ်ကို အကူအညီတောင်းခဲ့ခြင်းပင်။

“ဟင်းဟင်း”

ချောင်တွမ်ထျန်းက ခပ်သဲ့သဲ့ ရယ်လိုက်သည်။

“ကျွန်တော်တို့ရဲ့ စစ်တပ်တွေက ရက်ပေါင်းများစွာ ချီတက်လာခဲ့တာ။ အဲ့ရက်တွေအတွင်းမှာ အဲ့ဆန်းကြယ်တဲ့ သိုင်းပညာရှင် ထွက်ပေါ်လာခဲ့သလား။ သူက  ကျွန်တော်တို့ရဲ့စစ်တပ်‌တွေကို၊ ကျွန်တော်တို့ရဲ့ လူတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့လား။ မတိုက်ခဲ့ဘူးမလား။ လူကြီးမင်းတို့ ကျွန်တော်ပြောတာကို နားထောင်ပါ။ တကယ်လို့ ခင်ဗျားတို့ မနက်ဖြန်ညမှာ တကယ်မတိုက်ခိုက်ချင်ဘူးဆိုရင် ဟန်ဆောင်တိုက်ခိုက်လို့ ရပါတယ်။ ခင်ဗျားတို့ တိုက်ပွဲစလိုက်ရုံပါပဲ။ လူတွေအများကြီးကို သတ်စရာမလိုပါဘူး။ ပြီးတော့ ခင်ဗျားတို့ တိုက်ပွဲထဲမှာ ချိုးရှန်နဲ့ ရင်ဆိုင်ဖို့လည်း မလိုပါဘူး။ ကျန်တဲ့ကိစ္စတွေကို ကျွန်တော်တို့ ကျားနိုင်ဂိုဏ်းကိုပဲ လွှဲပေးထားလိုက်ပါ”

“အဲ့လိုလား...”

ကျားနိုင်ဂိုဏ်းက တာဝန်များစွာ ယူလိုက်၍ အခြားမျိုးနွယ်သုံးခုမှ တပ်မှူးချုပ်များက အတော်လေး ကျေနပ်သွားကြ၏။ သို့သော် သူတို့ အတွေးနက်နေဆဲပင်။

ချောင်တွမ်ထျန်းက ပြုံးကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... မနက်ဖြန်တိုက်ပွဲစတာနဲ့ ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်တွေကို ပတ်ဝန်းကျင်ကို လျှို့ဝှက်‌ထောက်လှမ်းနေဖို့ ပြောလိုက်ပါ။ မနက်ဖြန်ညကျရင် အဲ့ဆန်းကြယ်တဲ့ သိုင်းပညာရှင်က သေချာပေါက် ထွက်ပေါ်လာလိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်”

“ကောင်းပြီ...”

တပ်မှူးချုပ်သုံးယောက်က တစ်ပြိုင်တည်း ထရပ်လိုက်ကြသည်။ ဤတစ်ခေါက် သူတို့ လူပုတောင်သို့ လာခဲ့ခြင်းမှာ လူပုမျိုးနွယ်ကို ရှင်းပစ်ရန် မဟုတ်ပေ။ သူတို့၏ ပစ်မှတ်က မျိုးနွယ်လေးခုစလုံးကို မျက်နှာပျက်စေခဲ့သော ဆန်းကြယ်သည့် သိုင်းပညာရှင်ဖြစ်သည်။ ထိုလူ မသေမချင်း သူတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်ပေ။

***

All Chapters