← Chapters

တိုက်ပွဲကြီးတစ်ပွဲ၏အစ

Vol. 75 Ch. 1037

တိုက်ပွဲကြီးတစ်ပွဲ၏အစ

Vol. 75 Ch. 1037

မျိုးနွယ်လေးခု၏ စစ်တပ်များက လူပုတောင်သို့ ရောက်လာသောအခါ အပြင်ဘက်မှ အခြားစစ်တပ်များကလည်း လှုပ်ရှားလာကြသည်။ သို့သော် မည်သူမှ ‌တောင်အနားသို့ ကပ်မသွားဝံ့ကြပေ။ သူတို့သည် လူပုတောင်နှင့် ကီလိုမီတာတစ်ရာအကွာတွင် စခန်းချထားကြပြီး လှုပ်ရှားနိုင်မည့် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြသည်။ မျိုးနွယ်တိုင်းမှ ထောက်လှမ်းရေးများကလည်း လူပုတောင်တစ်တောင်လုံးကို ဝန်းရံထားကြသည်။ လှုပ်ရှားမှုတစ်ခုခု ရှိလာသည်နှင့် သူတို့က ပထမဆုံးသိသွားမည်ဖြစ်ပြီး ချက်ချင်း တုံ့ပြန်နိုင်မည်ဖြစ်သည်။

စစ်တပ်လေးတပ်ရောက်ရှိလာသည်ကို ကျန်းရီ ချက်ချင်း အာရုံခံမိခဲ့သည်။ မြေအောက်ရေခဲမြစ်ကမ်းမှ ထောက်လှမ်းရေးအားလုံးသည်လည်း အပြင်သို့ ထွက်သွားကြသည်။ သို့သော် ကျန်းရီကမူ မဆင်မခြင် မလှုပ်ရှားလိုက်ပေ။ သူသည် ဒုတိယရက်အထိ စောင့်လိုက်ပြီး ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်၍ မြေအောက်ရေခဲမြစ်တစ်လျှောက်အတိုင်း သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် ကျန်းရီသည် အခြားမျိုးနွယ်များမှ ထောက်လှမ်းရေးများနှင့် မကြာခဏတွေ့ဆုံခဲ့သည်။ သို့သော် အားလုံးသည် တစ်ယောက်နှင့်တစ်ယောက်၏ အရှိန်အဝါကို အာရုံခံပြီးနောက်တွင် ခပ်ဝေးဝေးမှခွာ၍ လမ်းကြောင်းလွှဲသွားကြသည်။

ဝုန်း...

လူပုတောင်နှင့် ကီလိုမီတာတစ်ရာ့ငါးဆယ်အကွာတွင် ကျန်းရီတစ်ယောက် လမ်းကြောင်းတစ်ခုမှတဆင့် မြေပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူ သိုသိုဝှက်ဝှက်ဖြင့် ဆက်သွားလိုက်သည်။ သူသည် ယခင်က ဝိညာဉ်မျိုးနွယ်ဝင်များ၏ အပြုအမူများကို လေ့လာခဲ့ဖူးသဖြင့် ကောင်းစွာ တုပနိုင်နေသည်။ သူသည် ဝိညာဉ်မျိုးနွယ်ဝင်များကဲ့သို့ ပျံသန်းသွားပြီး ရံဖန်ရံခါဆိုသလို နေရာတစ်ခုရှာ၍ ပုန်းအောင်းသည်။ အချို့အချိန်များတွင်လည်း နှင်းတောထဲသို့ဝင်အောင်းသည်။

ကျန်းရီ လူပုတောင်နှင့် ပိုနီးကပ်လာသောအခါ ထောက်လှမ်းရေးအရေအတွက်လည်း တိုးလာသည်။ လူများက နေရာအနှံ့တွင် ပုန်းအောင်းနေကြသည်။ သူသာ အရှေ့သို့ ဆက်သွားလိုက်ပါက ကီလိုမီတာဒါဇင်များစွာ လျှောက်ပြီးလျှင်ပင် နှင်းတောထဲ၌ ပုန်းနေသော ထောက်လှမ်းရေးများကို တက်နင်းမိနိုင်လောက်သည်။

‘ကျားနိုင်ဂိုဏ်းရဲ့ စစ်တပ်’

နေ့လယ်ခင်းအချိန်တွင် ကျန်းရီသည် အတော်ဝေးဝေးနေရာရှိ ကျားနိုင်ဂိုဏ်း၏ စစ်တပ်ကို ထောက်လှမ်းမိလိုက်၏။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် တစ်ကြိမ်အာရုံခံပြီးနောက် ချက်ချင်း ပြန်ဆုတ်သွားလိုက်သည်။ နှစ်ဆယ့်ငါးကီလိုမီတာ ပြန်ဆုတ်ပြီးနောက် သူ တောင်ကြားလေးတစ်ခုကို ရှာ၍ ကျောက်တုံးတစ်တုံးအောက်တွင် ပုန်းအောင်းလိုက်သည်။ သူသည် သူ့ကိုယ်သူကွယ်ရန် နှင်းများကိုပင် အသုံးပြုလိုက်သည်။

ထို့နောက် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ အနီးနားတွင် ထောက်လှမ်းရေး ဆယ်ယောက်ကျော် ပုန်းအောင်းနေကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူ ဝမ်းသာသွား၏။ ထိုထောက်လှမ်းရေးများ ရှိနေလျှင် သူတစ်ယောက်တည်း ထီးထီးကြီး ထွက်နေမည် မဟုတ်ပေ။ အကယ်၍ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က ဤနေရာတစ်ဝိုက်ကို ထောက်လှမ်းလျှင်ပင် မူမမှန်မှုများကို တွေ့သွားမည် မဟုတ်ချေ။

“ကောင်းကင်နားလည်သိမြင်ခြင်း”

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်၏။ သူ၏ အာရုံသည် လေစီးကြောင်းတစ်ခုအလား ကျားနိုင်ဂိုဏ်း၏ စခန်းဆီသို့ ဦးတည်သွားလိုက်သည်။ ကျန်းရီသည် တစ်ခါအာရုံခံပြီးတိုင်း သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းကို ချက်ချင်း ပြန်ရုတ်လေသည်။ ထိုအခိုက်တွင် အာရုံများစွာက ကျားနိုင်ဂိုဏ်းကို ပစ်မှတ်ထားနေသဖြင့် မည်သူကမှ အရေးစိုက်မည် မဟုတ်ချေ။ သူသည် နာရီဝက်ကြာပြီးတိုင်း တစ်ကြိမ်အာရုံခံ၏။ ကျန်အချိန်များတွင် သူသည် အချိန်မရွေးတိုက်ခိုက်နိုင်ရန် အင်အားပြည့်ဖို့ အနားယူနေလေသည်။

‘လှုပ်ရှားမှု ရှိလာပြီ’

ညမှောင်လာသောအခါ ကျားနိုင်ဂိုဏ်း၏ စခန်းထဲမှနေ၍ တပ်သားများ လျင်မြန်စွာ ထွက်လာလေသည်။ သူတို့သည် စခန်းအပြင်ဘက်တွင် စုဝေးလိုက်၏။ တပ်သား သုံးသိန်းစလုံးသည် ဆယ့်ငါးမိနစ်အတွင်း စုဝေးပြီးသွားသည်။ ချောင်တွမ်ထျန်းက အချက်ပြလိုက်ပြီး ‘တက်’ဟူ၍ အမိန့်ပေးလိုက်ရာ စစ်တပ်တစ်ခုလုံးက လူပုတောင်ဆီသို့ တစ်ပြိုင်တည်း ချီတက်သွားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဓားခုတ်ကောင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့ကလည်း သူတို့၏ စစ်တပ်များကို ချီတက်စေလိုက်သည်။ စစ်တပ်လေးတပ်သည် ထက်ရှသော ဓားလေးစင်းအလား လူပုတောင်သို့ ချီတက်သွားကြသည်။ သူတို့သည် လူပုတောင်ကို တစ်စစီဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားကြပုံပင်။

“ဝိုး...”

စစ်တပ်များ စတင်လှုပ်ရှားသောအခါ ထောက်လှမ်းရေးများအားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် အပြင်တွင် စခန်းချထားသည့် အခြားမျိုးနွယ်ကြီးများ၏ စစ်တပ်များထံသို့ လျင်မြန်စွာ သတင်းပို့လိုက်ကြသည်။ ထိုစစ်တပ်များကလည်း လူပုတောင်ဆီသို့ စတင်ချီတက်လိုက်ကြပြီး စစ်တပ်လေးခုက လူပုမျိုးနွယ်ကို ရှင်းပစ်ပြီးနောက်တွင် လူပုတောင်ကို သိမ်းပိုက်ရန်အတွက် ပြင်ဆင်ထားလိုက်ကြသည်။

ကျန်းရီသည်လည်း စတင်လှုပ်ရှားလိုက်သည်။ သို့သော် သူသည် အလွန်စိတ်မလှုပ်ရှားဘဲ လူပုတောင်ဆီသို့ အလျင်စလို မသွားလိုက်ပေ။ ထိုအစား သူသည် အချိန်ယူတွေးတောကာ သူ လူပုတောင်အနီးသို့ ရောက်ချိန်တွင် တိုက်ပွဲက စနေလောက်ပြီဟု ခန့်မှန်းလိုက်သည်။

ဤတစ်ခေါက်တွင် မျိုးနွယ်လေးခုက အလွန်မြန်မြန် ချီတက်နေ၏။ သူတို့သည် လူပုတောင်နှင့် ငါးဆယ်ကီလိုမီတာသာ ကွာဝေးတော့သည်။ ထို့ကြောင့် သူတို့ နာရီဝက်အတွင်း တောင်ခြေသို့ ရောက်သွားမည်ဖြစ်သည်။ ချောင်တွမ်ထျန်းနှင့် အခြားမျိုးနွယ်သုံးခုသည် ချက်ချင်း မတိုက်ခိုက်လိုက်ကြပေ။ ချောင်တွမ်ထျန်းသည် ဖေးလျန်သားရဲတစ်ကောင်ကို စီးကာ လူအုပ်ထဲမှ ထွက်လာ၏။ သူသည် လူပုတောင်အရှေ့တွင် တစ်ကိုယ်တော်ရပ်ကာ ပြောလိုက်သည်။

“တပ်မှူးချုပ် ချိုးဟန်... ထွက်လာပြီး ကျွန်တော်နဲ့ တွေ့ပါ”

လူပုတောင်က ကောင်းကင်နတ်ဆိုးတောင်နှင့် ဆင်တူသည်။ လူပုတောင်ကို အထပ်များ ပိုင်းခြားထားသည်။ သို့သော် လူပုမျိုးနွယ်က ထိုအထပ်များကို ပြုပြင်မွမ်းမံထား၍ ဆယ့်ရှစ်ထပ်ကနေ သုံးဆယ်ခြောက်ထပ်ဖြစ်လာသည်။ လူပုမျိုးနွယ်က အရပ်ပုကျ၍ နေထိုင်ရန် အမိုးမြင့်သောဂူများကို မလိုအပ်ပေ။ ထို့ပြင် လူပုမျိုးနွယ်က လူဦးရေများသည်။ ထို့ကြောင့် ပြုပြင်မွမ်းမံမှုကို မလုပ်မနေ လုပ်ရပေသည်။

ထိုအခိုက်တွင် အောက်ဘက် ဆယ့်ရှစ်ထပ်တွင် လူပုစစ်တပ်မှ တပ်သားများနှင့် ပြည့်နှက်နေသည်။ သူတို့က မရေတွက်နိုင်လောက်အောင် များပြားသည်။ ထိုနေရာရှိ လူပုအားလုံးက စစ်တပ်မှ တပ်သားများဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်သည်များနှင့် ကလေးများကို အရိပ်အယောင်ပင် မတွေ့ရပေ။ သူတို့က ပုန်းအောင်းနေကြခြင်းလော သို့မဟုတ် လူပုတောင်၏ အထက်ပိုင်းသို့ ရွှေပြောင်းထားကြခြင်းလောကိုမူ မသိရချေ။

ဝှစ်...

လူပုမျိုးနွယ်မှ မဟာအကြီးအကဲချိုးကျဲက တပ်သားများကြားမှ ပျံထွက်လာပြီး တောင်ခြေတွင် ဆင်းသက်လိုက်လေသည်။ သူသည် ဆူးချွန်နှစ်ခုကို ကိုင်ထားပြီး မည်းမှောင်သော မျက်နှာထားဖြင့် ချောင်တွမ်ထျန်းကို ပြောလိုက်သည်။

“သခင်လေးတွမ်ထျန်း... ဘာလို့ မင်းတို့က စစ်တပ်တွေကိုခေါ်ပြီး လူပုတောင်ကို လာဝိုင်းရတာလဲ။ မင်းတို့က ဘာဖြစ်ချင်နေတာလဲ။ ငါတို့ လူပုမျိုးနွယ်က ကျားနိုင်ဂိုဏ်းနဲ့ ဘာပဋိပက္ခမှ မရှိဘူး။ ဂိုဏ်းချုပ်ချောင်ရဲ့ ပြီးခဲ့တဲ့မွေးနေ့တုန်းကတောင် ငါတို့က ငါတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ကို စေလွှတ်ပြီး အရိုအသေပေးခဲ့သေးတယ်။ ငါတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်က အဲ့ခရီးက အပြန်မှာပဲ သေသွားခဲ့ရတာ...”

“လွန်ခဲ့တဲ့ နှစ်သောင်းကျော်တုန်းက နှင်းဒေသရဲ့ မျိုးနွယ်တစ်ထောင်က သူတော်စင်တောင်ခြေမှာ သစ္စာဆိုခဲ့ကြတယ်။ အကြောင်းမရှိဘဲနဲ့ အချင်းချင်း တိုက်ခိုက်မှာမဟုတ်ဘူး၊ မဟုတ်ရင် ကျန်တဲ့မျိုးနွယ်အကုန်လုံးက ပြဿနာရှာတဲ့မျိုးနွယ်ကို ရှင်းပစ်မယ်ဆိုတဲ့ သစ္စာပဲ။ ဒီနေ့ ကျားနိုင်ဂိုဏ်း၊ ဓားခုတ်ကောင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်တို့က အဲ့သစ္စာကို ဖောက်ဖျက်တော့မှာလား။ မင်းတို့က နှင်းဒေသရဲ့ မျိုးနွယ်တစ်ထောင်နဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးပြီလား”

ချိုးကျဲ၏ အစစကားများမှာ ချောင်တွမ်ထျန်းကိုသာ ရည်ညွှန်းလိုက်ခြင်းပင်။ သူသည် ‌နောက်ပိုင်းစကားများကိုမူ အတွင်းအားဖြင့် အသံမြှင့်တင်လိုက်သည်။ သူက သူပြောသည်များကို မျိုးနွယ်လေးခုစလုံးကို ကြားစေလိုကြောင်း ထင်ရှားပေသည်။ လက်ရှိတွင် အခြားမျိုးနွယ်သုံးခုကလည်း လူပုတောင်ကို အခြားအရပ်မျက်နှာများမှ ဝန်းရံထားသည်။ သူက အတွင်းအားဖြင့် အသံမြှင့်တင်ကာ ပြောလိုက်၍ အခြားမျိုးနွယ်များက သူ့စကားများကို ကြားလိုက်ရလေသည်။

အခြားသုံးဘက်မှနေ၍ မည်သည့်တုံ့ပြန်စကားမှ ပြန်ထွက်မလာပေ။ သူတို့သည် ချောင်တွမ်ထျန်း စပြောမည်ကို စောင့်နေကြကြောင်း ထင်ရှားသည်။ ချောင်တွမ်ထျန်းက ခေါင်းခံ၍ ပြောလိုက်လေသည်။

“အကြီးအကဲချိုးကျဲ... အကြီးအကဲ အထင်လွဲနေပြီထင်တယ်။ ကျွန်တော်တို့က ဒီကို တိုက်ပွဲစရအောင် ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အကြီးအကဲတို့ကို လူတစ်ယောက်ကို လွှဲပေးဖို့ လာတောင်းဆိုတာပါ။ လူပုမျိုးနွယ်က စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်က နှင်းဒေသမှာ မဆင်မခြင် သတ်ဖြတ်နေပါတယ်။ အဲ့အတောအတွင်းမှာ ကျွန်တော်တို့ မျိုးနွယ်လေးခုက အများကြီး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ တကယ်လို့ အကြီးအကဲတို့က အဲ့လူသတ်သမားကို လွှဲပေးမယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်း ပြန်ဆုတ်သွားပါမယ်။ ဘယ်လိုပါလဲ”

“သူ့ကို လွှဲပေးရမှာလား”

ချိုးကျဲက အေးစက်စက် ရယ်လိုက်သည်။ သူတို့သည်ပင် ထိုလူပုကို ရှာမတွေ့ပေ။ အကယ်၍ သူတို့ သူ့ကို ရှာတွေ့လျှင်လည်း မည်သည့်အခါတွင်မှ လွှဲပေးမည် မဟုတ်ချေ။ ထို့ကြောင့် သူ ခနဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်တွမ်ထျန်း... အထင်လွဲနေတာက မင်းတို့ပဲ။ ငါတို့လူပုမျိုးနွယ်မှာ အဲ့လိုစွမ်းအားကြီးတဲ့ သိုင်းပညာရှင်မျိုး ရှိနိုင်မှာလဲ။ ငါတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် အပြင်ကိုသွားပြီး အဲ့လူကို လဝက်လောက် ရှာခဲ့တယ်... ဒါပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါကို မင်းတို့အကုန်လုံးလည်း သိတာပဲ...”

“ပြီးတော့ အဲ့လူက အရပ်ပုပြီး ဆူးချွန်တွေကို ကိုင်ဆောင်ထားတာပဲရှိတာ။ အဲ့ဒါနဲ့ပဲ သူက ငါတို့လူပုမျိုးနွယ်ကပါလို့ အတပ်ပြောလို့မရဘူးလေ။ သူက နှင်းနဂါးတို့ မြေတုန်ထုချက်တို့ကို ထုတ်သုံးခဲ့လို့လား။ မသုံးခဲ့ဘူးမလား။ မင်းရှာနေတဲ့လူက ဒီမှာမရှိဘူး။ အခုချက်ချင်း ထွက်သွားပါ၊ ငြိမ်းချမ်းရေးကို မထိခိုက်ပါစေနဲ့။ ငါသာ အဲ့လူကို ရှာတွေ့ရင် သူ့ကို ချက်ချင်းဖမ်းပြီး မင်းတို့လက်ထဲကို လွှဲပေးမယ်လို့ ငါ ချိုးကျဲ နတ်ဘုရားတွေကို ကျိန်ဆိုတယ်။ ကဲ... ဘယ်လိုလဲ”

“ကျွန်တော်တို့က ဘာလို့ အကြီးအကဲရဲ့စကားကို ယုံရမှာလဲ”

ချောင်တွမ်ထျန်း အတန်ငယ် စိတ်မရှည်ဖြစ်လာသည်။ သူသည် လက်ကို ခပ်သွက်သွက် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော် အကြီးအကဲကို ရွေးချယ်စရာနှစ်ခုပေးမယ်။ အဲ့လူကို ကျွန်တော်တို့ဆီ လွှဲပေးမလား ဒါမှမဟုတ် ကျွန်တော်တို့ကို တောင်ကိုရှာခွင့် ပေးမလား။ ကျွန်တော်တို့ သူ့ကို ရှာမတွေ့ရင် ချက်ချင်း ပြန်ဆုတ်သွားပါမယ်”

“တောင်ကိုရှာမှာတဲ့လား”

ချိုးကျဲ မျက်နှာထား ပြောင်းသွားသည်။ အကယ်၍ တပ်သားတစ်သန်းက တောင်ပေါ်သို့ တက်သွားပြီး ရုတ်တရက် စတင်သတ်ဖြတ်လိုက်လျှင် လူပုစစ်တပ်သည် ပြန်၍ပင် တိုက်ခိုက်နိုင်လိုက်မည် မဟုတ်ပေ။ သို့ဆိုလျှင် လူပုမျိုးနွယ် ပျက်သုဉ်းသွားပေလိမ့်မည်။ မျိုးနွယ်လေးခုက စစ်တပ်များကို ခေါ်ဆောင်၍ ရောက်လာခဲ့ခြင်းမှာ သေချာပေါက် ရည်ရွယ်ချက်ကောင်းနှင့်တော့ မဟုတ်နိုင်ပေ။ ချိုးကျဲသည် ဆူးချွန်များကို မြှောက်၍ အော်ပြောလိုက်၏။

“မင်းတို့ကို လွှဲပေးစရာ ဘယ်သူမှ မရှိဘူး။ တကယ်လို့ မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ လူပုမျိုးနွယ်က မင်းတို့နဲ့ တိုက်ခိုက်ပေးမယ်။ လူပုမျိုးနွယ်က တိုက်ပွဲမှာပဲ အသေခံမယ်၊ အစော်ကားတော့ မခံနိုင်ဘူး”

“တိုက်၊ တိုက်၊ တိုက်...”

လူပုတောင်မှနေ၍ အော်သံများ ထွက်ပေါ်လာသည်။ သူတို့၏ အော်သံများက မြေပြင်ကိုပင် တုန်ခါသွားစေသည်။ သူတို့၏ ကြောက်မက်ဖွယ်အရှိန်အဝါများကလည်း ငါးကီလိုမီတာပတ်လည်အတွင်း လွှမ်းခြုံသွားသည်။ အဝေးမှ ထောက်လှမ်းရေးများပင် ကျောစိမ့်သွားကြသည်။

“အဲ့လိုဆိုမှတော့ ကျွန်တော်တို့ တောင်ပေါ်ကို ကိုယ့်ဘာသာတက်ပြီး လူသတ်သမားကို ရှာရမှာလဲ။ တက်ကြ...”

ချောင်တွမ်ထျန်းက အမိန့်ပေးလိုက်သောအခါ လူသုံးသိန်းက အရှေ့သို့ ချီတက်လိုက်ကြသည်။ ကျားနိုင်ဂိုဏ်းသားအားလုံး၏ မျက်ခုံးနှစ်ခုကြားမှ ကြာပန်းပုံအမှတ်အသားက စတင်လင်းလက်လာသည်။ ထို့နောက် ယင်းအမှတ်အသားများမှနေ၍ အနက်ရောင်အလင်းတန်းများ ထွက်သွားကြသည်။ သူတို့က စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ပေပြီ။

“သတ်ကြ...”

တောင်၏ အခြားသုံးဘက်မှ စစ်တပ်များသည် တိုက်ပွဲစပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ လူပုတောင်သို့ ချီတက်သွားလိုက်ကြသည်။ ဓားခုတ်ကောင်ဂိုဏ်းမှ အကြီးအကဲက ရှေ့မှ ဦးဆောင်သည်။ သူ့ခေါင်းထက်ရှိ ဓားသွားကဲ့သို့ ဦးချိုက အလင်းရောင်ဖြာထုတ်လိုက်၏။ ထိုအလင်းက ညကောင်းကင်ကို ဖောက်ထွင်းသွားလေသည်။

ဓားခုတ်ကောင်းဂိုဏ်းမှ တပ်သားသုံးသိန်းကလည်း စတင် လှုပ်ရှားလိုက်ပေပြီ။ သူတို့သည် ဓားသွားကဲ့သို့ ဦးချိုများကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ကြသည်။ ထိုအခိုက်တွင် ညကောင်းကင်တစ်ခွင်လုံး လင်းလက်သွားသည်။ အေးစက်စက် သတ်ဖြတ်အရှိန်အဝါက နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး တိုက်ပွဲကို ထောက်လှမ်းနေသော ထောက်လှမ်းရေးများ၏ ရင်ထဲသို့ အကြောက်တရား သွင်းလိုက်လေသည်။

“သတ်ကြ...”

ချိုးကျဲက အော်ကာအမိန့်ပေးလိုက်ပြီး တပ်ဦးကို ဦးဆောင်သွားလိုက်သည်။ လူပုတောင်ပေါ်မှ မရေမတွက်နိုင်သော လူပုများသည် သေရမည်ကို မကြောက်ဘဲ ပျံဆင်းလာကြလေသည်။

တိုက်ပွဲကြီး စတင်ပေပြီ။

***

All Chapters