ထွက်ပေါ်လာပြီ
Vol. 75 Ch. 1038
“သူတို့က တောင်ကို တကယ်တိုက်ခိုက်နေကြတာပဲ”
အနီးတွင် ပုန်းအောင်းနေသော ထောက်လှမ်းရေးများအားလုံး မှင်တက်သွားကြသည်။ တစ်ခဏအတွင်းမှာပင် တိုက်ပွဲ စလာပြီဖြစ်သည်။ မျိုးနွယ်လေးခုက လူပုမျိုးနွယ်ကို အမှန်ပင် ရှင်းပစ်လိုနေသည်လော။
ဝုန်း...ဝုန်း...ဝုန်း...
တစ်ချီသာ တိုက်ခိုက်ရသေးသော်လည်း လူပုမျိုးနွယ်ဝင်များစွာက ကောင်းကင်မှ ပြုတ်ကျသွားကြသည်။ အနည်းဆုံး လူပုတစ်သောင်းသည် ကျားနိုင်ဂိုဏ်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခံလိုက်ရသည်။ ဓားခုတ်ကောင်ဂိုဏ်းကလည်း လူပုတစ်သောင်းကျော်ကို သတ်ဖြတ်လိုက်သည်။ ထိုလူများက ဟန်ဆောင်တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။
“မီးနဂါမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်တို့ကတော့ အသိတရားရှိသေးတယ်”
အခြားနှစ်ဘက်မှ ထောက်လှမ်းရေးများက သတင်းအချို့ဖြင့် ပြန်ရောက်လာသည်။ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့က တောင်ကို အမှန်တကယ် မတိုက်ခိုက်ကြသေးဘဲ ဟန်ဆောင်၍သာ တိုက်ခိုက်နေကြသည်။ ယင်းကြောင့် ထိုနှစ်ဘက်မှ ထောက်လှမ်းရေးများက ကျေးဇူးတင်နေကြသည်။
မီးနဂါးမျိုးနွယ်မှ မီးမြွေများက လူပုမျိုးနွယ်၏ တောင်ခြေတွင် ကခုန်နေကြသည်။ ယင်းတို့ကို ကြည့်မိသူတိုင်း ကြောက်ရွံ့သွားကြမည်သာ။ သို့သော် ထိုမီးမြွေများက မီးနဂါးမျိုးနွယ်၏ စွမ်းအားအကြီးဆုံး လက်နက်များ မဟုတ်ပေ။ ၎င်းတို့မှာ အဆင့်နိမ့် မီးတောက်များသာဖြစ်သည်။ ထိုကဲ့သို့သော မီးတောက်များက အင်အားကြီးလူပုများကို မဆိုထားနှင့် အင်အားအနည်းဆုံး လူပုများကိုပင် သတ်နိုင်မည် မဟုတ်ပေ။
“သတ်ကြ...”
အမွေးရှည်ဆင်မျိုးနွယ်၏ ဟန်ဆောင်တိုက်ခိုက်မှုများက ပို၍ပင် ဆိုးဝါးသည်။ ဧရာမလူတစ်စုက လူပုတောင်သို့ ပြေးသွားပြီး အံကြိတ်၍ သူတို့၏ လက်နက်များကို ဝှေ့ယမ်းလိုက်သည်။ လက်သီးများ ထိုးလိုက်ကြသည်။ သို့သော် သူတို့သည် မည်သည့်လူပုကိုမှ မသတ်လိုက်ကြပေ။ ထိုအစား သူတို့က တောင်ကိုသာ တိုက်ခိုက်နေကြသည်။ ထို့ကြောင့် ယခုတွင် လူပုတောင်၏ ပထမအထပ်မှ ဂူများက ပျက်စီးသွားပေပြီ။
မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့က ဟန်ဆောင်တိုက်ခိုက်နေကြသော်လည်း တိုက်ပွဲတစ်ခုလုံးကို ခြုံကြည့်လျှင် တိုက်ပွဲအစစ်အမှန်တစ်ခုနှင့် မခြားပေ။ အမှန်တွင် ကျားနိုင်ဂိုဏ်းနှင့် ဓားခုတ်ကောင်ဂိုဏ်းတို့က လူပုမျိုးနွယ်ကို အင်အားကုန်သုံး၍ တိုက်ခိုက်နေလျှင်ပင် လုံလောက်ပြီဖြစ်သည်။ ထို့ပြင် မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့ကလည်း လူပုများကို လွှတ်ပေးထားခြင်း မဟုတ်ပေ။ သူတို့သည် လူပုတော်တော်များများကို အလုပ်များနေစေပေသည်။
ကျားနိုင်ဂိုဏ်း၊ ဓားခုတ်ကောင်ဂိုဏ်းနှင့် လူပုမျိုးနွယ်ကြားတွင်မူ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်နေသည်။ နှစ်ဘက်စလုံးက မညှာကြပေ။ ထို့ကြောင့် ကျဆုံးသူအရေအတွက်က အဆက်မပြတ် တိုးနေလေသည်။ တိုက်ပွဲပြင်ကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ လူပုတောင်၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ယခု သွေးချင်းချင်းရဲနေပေပြီ။
အစတွင် ကျားနိုင်ဂိုဏ်းသည် ဓားခုတ်ကောင်ဂိုဏ်းကို ဟန်ဆောင်၍သာ တိုက်ခိုက်စေလိုခဲ့၏။ သို့သော် ဓားခုတ်ကောင်းဂိုဏ်းသည် ရေခဲသားရဲဘုရင်အတွက် ယှဉ်ပြိုင်ချိန်တွင် မျိုးနွယ်သုံးခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး လူသုံးထောင်သာ အသက်ရှင်ကျန်ခဲ့သည်။ ထိုလူသုံးထောင်ကလည်း အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဓားခုတ်ကောင်ဂိုဏ်းက ရူးသွပ်မှုကြောင်း ကျော်ကြားခြင်းပင်။ သို့ဖြစ်ရာ သူတို့သည် ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို အဘယ်ကြောင့် လက်လွတ်ခံမည်နည်း။ ဓားခုတ်ကောင်ဂိုဏ်းမှ တပ်သား သုံးသောင်းက သူတို့ ဒဏ်ရာရသွားမည်၊ အသတ်ခံရမည်ကို အရေးမစိုက်ဘဲ အစွမ်းကုန် တိုက်ခိုက်နေကြသည်။ သူတို့က လူပုမျိုးနွယ်ကို ရှင်းထုတ်ပစ်ရန် ကျိန်ဆိုထားကြပေသည်။
ကျားနိုင်ဂိုဏ်းကလည်း အစွမ်းကုန် တိုက်ခိုက်နေသည်။ ထို့ကြောင့် ကျားနိုင်ဂိုဏ်းမှ အကြီးအကဲများ နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့က ဆန်းကြယ်သော သိုင်းပညာရှင်ကို မျှားခေါ်ထုတ်ဖို့ လာခဲ့ခြင်းဖြစ်ရာ ဟန်ဆောင်တိုက်ခိုက်နေရန်သာ ရွေးချယ်နိုင်ပေသည်။ သို့သော် အဘယ်ကြောင့် သူတို့က အစွမ်းကုန် တိုက်ခိုက်နေကြသနည်း။
လူပုများက ခက်ထန်စွာ ပြေးဝင်လာကြသည်။ သူတို့က ရူးသွပ်နေပုံပေါ်ပြီး တိုက်ပွဲတွင် သေမည်ကို အရေးမစိုက်တော့ပုံပင်။ သူတို့သည် သေရမည်ဆိုလျှင်ပင် တတ်နိုင်သမျှ အချိန်ဆွဲထားလိုနေသည်။ ထို့ကြောင့် ဆယ့်ငါးမိနစ်အတွင်းမှာပင် ကျားနိုင်ဂိုဏ်းက လူတစ်သောင်းကျော် ဆုံးရှုံးခဲ့လေသည်။
“ဆက်တိုက်ခိုက်ကြ... လူပုတောင်ကို ဖျက်ဆီးပစ်ကြ”
ချောင်တွမ်ထျန်းက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ သူ၏မျက်နှာထားက အေးစက်နေဆဲပင်။ သူသည် အရှေ့တွင် လဲကျသေဆုံးနေသော လူများကို ကြည့်လိုက်၏။ သူလည်း ရင်နာနေရပေသည်။ သို့သော် နတ်ဘုရားတစ်ပိုင်းများက ပတ်ဝန်းကျင်တွင် ထောက်လှမ်းနေကြသော်လည်း ယခုအထိ ကျန်းရီကို ရှာမတွေ့သေးပေ။ သူ မည်သို့ဆက်လုပ်ရမည်နည်း။ သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ့လူများကို ဆက်၍တိုက်ခိုက်ခိုင်းနေရုံသာ ရှိပေသည်။
ချောင်တွမ်ထျန်းသည် ကျန်းရီ၏ လုပ်ပုံကိုင်ပုံများကို လေ့လာထား၍ ကျန်းရီက အလွန်သတိကြီးသူတစ်ယောက်ဖြစ်ကြောင်း သိထားသည်။ အကယ်၍ သူသာ အမှန်တကယ် မတိုက်ခိုက်ပြလျှင် ကျန်းရီက လုံးဝယုံမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လူပုမျိုးနွယ်ကို ရှင်းထုတ်ပစ်လိုက်လျှင်လည်း ကျားနိုင်ဂိုဏ်းအတွက် နစ်နာစရာမရှိချေ။ ထိုအစား ကျားနိုင်ဂိုဏ်း၏ ဂုဏ်သတင်းပင် တိုးတက်လာနိုင်လေသည်။ သို့ဆိုလျှင် အနာဂတ်တွင် မည်သူက ကျားနိုင်ဂိုဏ်းကို အပြစ်ပြုမိဝံ့တော့မည်နည်း။
“သတ်ကြ...သတ်ကြ...သတ်ကြ...”
ယခုတွင် လူပုများ ဒေါသူပုန်ထနေပေပြီ။ လူပုအရေအတွက်ကများသော်လည်း သန်မာသူက အနည်းငယ်သာ ရှိပေသည်။ ချိုးမင်နှင့် ချိုးပိုင်တို့ ခေါ်ဆောင်သွားခဲ့သော အင်အားကြီး သိုင်းပညာရှင်များအားလုံးက ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီဖြစ်သည်။ သူတို့သည် ရေခဲသားရဲဘုရင်ကို သတ်ရန် ကြိုးစားခဲ့စဉ်ကလည်း အင်အားကြီး သိုင်းပညာရှင်များစွာကို ဆုံးရှုံးခဲ့ရသည်။ ယခုတွင် လူပုမျိုးနွယ်၌ အင်အားကြီး သိုင်းပညာရှင် အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် လူပုများသည် ကျားနိုင်ဂိုဏ်းနှင့် ဓားခုတ်ကောင်ဂိုဏ်းတို့ကို ကောင်းစွာ မခုခံနိုင်ကြတော့ပေ။ ကျားနိုင်ဂိုဏ်းနှင့် ဓားခုတ်ကောင်ဂိုဏ်းတို့က သူတို့ကို အဆက်မပြတ် တိုက်ခိုက်နေသဖြင့် သူတို့ဘက်မှ အကျအဆုံး များလာလေသည်။
ချိုးကျဲ ပြောခဲ့သလိုပင်။ သူတို့သာ အကောင်းဆုံးကြိုးစားလျှင် အသက်ရှင်နိုင်ခြေ ရှိနိုင်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူတို့၏ အကျဉ်းအကြပ်ကို မြင်၍ လာရောက် ကူညီပေးနိုင်သည်။ အကယ်၍ သူတို့သာ လူပုတောင်ကို ကာကွယ်ရန် လက်လျှော့လိုက်ပါက သူတို့ရန်သူများ၏ ရှင်းပစ်မှုကို သေချာပေါက် ခံရမည်ဖြစ်သည်။
လူပုအုပ်စုများစွာ ရှေ့သို့ တက်လာခဲ့သည်။ သို့သော် သူတို့ထဲမှ ထက်ဝက်ကျော်က ကျားနိုင်ဂိုဏ်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများနှင့် ဓားခုတ်ကောင်ဂိုဏ်း၏ ဓားကွက်များကြောင့် သေဆုံးသွားခဲ့ရသည်။ ကျန်တစ်ဝက်မှာမူ ဓားကွက်များကို ဖြတ်ကျော်၍ ရန်သူများကို အတန်ကြာ တားဆီးနိုင်လိုက်သည်။ သို့သော် သူတို့လည်း မကြာခင်မှာပင် အသတ်ခံလိုက်ရလေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။ လေးနာရီကြာပြီးနောက် လူပုမျိုးနွယ်ဘက်မှ အကျအဆုံးက တစ်သန်းကျော်လာပေပြီ။ ဂိုဏ်းနှစ်ဂိုဏ်း၏ အင်အားသုံးသန်းစစ်တပ်များကလည်း အင်အားတစ်သိန်းစီသာ ကျန်တော့သည်။
လူပုတောင်ခြေတွင် အလောင်းများ တောင်လိုပုံနေပေပြီ။ သွေးများလည်း အိုင်ထွန်းနေပြီး သွေးညှီနံ့များက ငါးကီလိုမီတာပတ်လည်အတွင်း လှိုင်နေလေသည်။ ယခုတွင် နှစ်ဘက်စလုံးမှ စစ်တပ်များက သွေးနီရောင်များကိုသာ မြင်နေရသည်။ သူတို့သည် သူတို့တပ်မှူးများ၏ အမိန့်များကို အရေးမစိုက်ကြတော့ဘဲ မြင်မြင်ရာ သတ်ဖြတ်နေကြပေပြီ။
လူပုမျိုးနွယ်တွင် မျိုးနွယ်ဝင်စုစုပေါင်း သုံးသန်းရှိသည်။ သို့သော် သက်ကြီးရွယ်အိုများ၊ မိန်းမများ၊ ကလေးများနှင့် မတိုက်ခိုက်နိုင်သောယောက်ျားများကို ဖယ်လိုက်လျှင် အရေအတွက် တစ်သန်းခွဲသာ ကျန်ပေသည်။ ထိုအရေအတွက်မှာလည်း အားနည်းသော သိုင်းသမားများကိုပါ ထည့်တွက်ထားသော အရေအတွက်ပင်။
ယခုတွင် လူပုမျိုးနွယ်၏ တပ်သားတစ်သန်းနီးပါး သေဆုံးသွားပြီဖြစ်သည်။ သူတို့ ရှုံးတော့ပေမည်။ အကယ်၍ သူတို့သာ ဆက်တိုက်ခိုက်နေပါက တပ်သာအားလုံး ကျဆုံးသွားပေလိမ့်မည်။ သို့ဆိုလျှင် ကျန်ခဲ့သော သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးများကလည်း မကြာခင်မှာပင် ရှင်းပစ်ခံရမည်ဖြစ်သည်။
“ရပ်လိုက်ကြ...”
အသံအိုတစ်သံ ပဲ့တင်ထပ်လာပြီး အနက်ရောင်လူရိပ်တစ်ခုက လူပုတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက လက်ထဲတွင် တူကြီးတစ်လက် ကိုင်ထားသည်။ သူသည် အရေတွန့်နေသောမျက်ခွံများကိုဖွင့်၍ တောင်ခြေရှိ အလောင်းပုံကြီးကို ကြည့်လိုက်သည်။ သူ ရင်နာသွား၏။ ထို့ကြောင့် သူ အဝေးသို့ကြည့်ကာ ပြောလိုက်သည်။
“ဓားခုတ်ကောင်၊ ဂိုဏ်းချုပ်ချောင်... ပုန်းမနေနဲ့တော့။ ထွက်လာပြီး တိုက်ခိုက်လိုက်။ ခင်ဗျားတို့ သတ်ချင်တဲ့သူက ကျုပ်ပဲ။ ခင်ဗျားတို့ ကျုပ်ကို သတ်နိုင်ရင် ကျုပ်ရဲ့လူပုတွေကို ဆက်သတ်နေဖို့ မလိုတော့ဘူး။ ကျုပ်သာ သေသွားရင် သူတို့လည်း သူတို့ဘာသာ သတ်သေစေရမယ်လို့ ကျုပ်အာမခံတယ်”
“အာ...”
ကျားနိုင်ဂိုဏ်းနှင့် ဓားခုတ်ကောင်ဂိုဏ်းမှ တပ်သားများက တပ်မှူး၏ အမိန့်မပါဘဲ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး ပြန်ဆုတ်လိုက်ကြသည်။ နောက်ဆုံးတွင် ချိုးရှန် ထွက်ပေါ်လာပေပြီ။ ထို့ကြောင့် ဆက်တိုက်ခိုက်နေလျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
“ဟွန်း...”
အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။ တောင်၏ အရှေ့ဘက်မှနေ၍ လူတစ်ယောက် ပျံသန်းလာသည်။ သူ ပျံသန်းလာသောအခါ အေးစက်စက် ညလေညင်းများ ရုတ်ခြည်း ရပ်တန့်သွားသည်။ သူ့ခေါင်းထက်ရှိ ဦးချိုကလည်း ညကောင်းကင်တွင် တလက်လက် လင်းလက်နေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော အားကောင်းသည့် အရှိန်အဝါက ပတ်ဝန်းကျင်မှ လူများကို ခေါင်းမမော့နိုင် ဖြစ်နေစေသည်။
“မျိုးနွယ်ခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်”
ဓားခုတ်ကောင်ဂိုဏ်းမှ လူများအားလုံးက ဒူးထောက်ကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် ဓားခုတ်ကောင်ကို အလွန်လေးစားသော အကြည့်များဖြင့် မော့ကြည့်လိုက်ကြသည်။
“လူပုချိုး...”
ဓားခုတ်ကောင်က အေးစက်စက်လေသံဖြင့် အော်ခေါ်လိုက်သည်။
“အဲ့နေ့တုန်းက မင်းတို့ သုံးယောက်က ငါ့ကို ပေါင်းပြီးတိုက်ခိုက်ခဲ့တာ။ အခုတော့ ငါ့အလှည့်ရောက်ပြီ။ ဒါပေမဲ့ ငါကတော့ သူများတွေနဲ့ ပေါင်းတိုက်မှာ မဟုတ်ပါဘူး။ ငါကိုယ်တိုင်ပဲ မင်းကို သေရွာပို့ပေးမယ်”
“လာလေ...”
ချိုးရှန်က အော်ပြောလိုက်ပြီး အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။ အကယ်၍ ဤနေရာတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က တိုက်ခိုက်လိုက်လျှင် သေချာပေါက် လူပုတောင် ပြားကပ်သွားပေလိမ့်မည်။ နှစ်ဘက်စလုံးမှ စစ်တပ်များလည်း အပြင်းအထန် ထိခိုက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ယခင်တစ်ခေါက်ကကဲ့သို့ပင် သူတို့နှစ်ယောက်သည် အဝေးသို့သွား၍ တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြခြင်းပင်။
“အားလုံး နားထောင်ကြ။ ဆက်တိုက်ခိုက်ပြီး လူပုမျိုးနွယ်ကို ရှင်းပစ်ကြ”
ဓားခုတ်ကောင်က အော်၍ အမိန့်ပေးလိုက်ပြီး အရှေ့ဘက်သို့ ပျံသန်းသွားလိုက်သည်။ သို့သော် သူတို့နှစ်ယောက်သည် မြေပြင်အထက် မီတာအနည်းငယ်တွင်သာ ရှိနေကြသည်။ ညအချိန်ဆိုလျှင် မြင့်မားသော ကောင်းကင်ထက်တွင် ဝိညာဉ်လေများက အားကောင်းသည် မဟုတ်ပါလား။ သူတို့နှစ်ယောက်စလုံးသည် ဝိညာဉ်လေများ၏ သတ်ဖြတ်မှုကို မခံလိုပေ။
“ပြန်ဆုတ်ကြ...”
အရှေ့ဘက်ရှိ ရာချီသော ထောက်လှမ်းရေးများနှင့် အင်အားကြီး တပ်မှူးတစ်ယောက်က ချက်ချင်း ပြန်ဆုတ်လိုက်ကြ၏။ သူတို့သည် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်၏ ဒေါသကြားတွင် မြေစာပင်များ မဖြစ်လိုချေ။
ချောင်ဖေးဝမ်နှင့် ဟော်ရန်တို့ကမူ မျက်နှာထွက်မပြကြသေးပေ။ ချိုးရှန်က တိုက်ခိုက်ရာတွင် မတော်ပေ။ သူက သေချာပေါက် ဓားခုတ်ကောင်၏ ပြိုင်ဘက်မဟုတ်ချေ။ ယခင်တစ်ခေါက်က သူတို့သာ မကူညီခဲ့လျှင် ချိုးရှန် သေချာပေါက် သေခဲ့ပြီဖြစ်သည်။
“ကောင်းပြီ... ဆက်မတိုက်ကြနဲ့တော့။ မီတာနှစ်ထောင့်ငါးရာ ပြန်ဆုတ်လိုက်ပြီး နောက်ထပ်အမိန့်ကို စောင့်နေကြ”
ယခုတွင် ချိုးရှန် ထွက်ပေါ်လာပြီဖြစ်၍ ချောင်တွမ်ထျန်းက သူ၏စစ်တပ်ကို ပြန်ဆုတ်စေလိုက်သည်။ သူ ဆက်၍ မတိုက်ခိုက်လိုတော့ပေ။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ အရှေ့ဘက်သို့ ကြည့်လိုက်ပြီး ခပ်သဲ့သဲ့ပြုံး၍ ရေရွတ်လိုက်လေသည်။
“ချိုးရှန်က လှုပ်ရှားနေပြီ။ အကြီးဆုံးငါးကတော့ ငါးစာကိုဟပ်လိုက်ပြီ။ နောက်ငါးကြီးတစ်ကောင်ကရော ထွက်ပေါ်လာမှာလား”
***