← Chapters

ချိုးရှန် သေရမည်

Vol. 75 Ch. 1039

ချိုးရှန် သေရမည်

Vol. 75 Ch. 1039

‘ချိုးရှန် ထွက်လာပြီလား’

ချောင်တွမ်ထျန်း၏ ခန့်မှန်းချက်က မှန်ခဲ့၏။ ချိုးရှန် ထွက်ပေါ်လာသည်နှင့် ကျန်းရီ လှုပ်ရှားလာသည်။ အစောတွင် သူက တိုက်ပွဲပြင်နှင့် အဝေးတွင် ရှိနေခဲ့သည်။ သူသည် ကီလိုမီတာငါးဆယ်ကျော်မှနေ၍ ကောင်းကင်စိတ်အာရုံကိုသုံးကာ တိုက်ပွဲအခြေအနေကို အာရုံခံနေခဲ့ခြင်းပင်။ သို့သော် ယခုတွင် သူ လှုပ်ရှားပေပြီ။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချောင်ဖေးဝမ်၊ ဓားခုတ်ကောင်နှင့် ဟော်ရန်တို့ကို အာရုံခံနိုင်လောက်အောင် မသန်မာပေ။ သို့သော် သူတို့သုံးယောက်စလုံးက အနီးပတ်ဝန်းကျင်တွင် ရှိနေကြောင်းကိုမူ သူ သေချာသည်။ သူတို့က သူတို့၏အရှိန်အဝါများကို ဖုံးကွယ်၍ ပုန်းအောင်းနေကြခြင်းပင်။

ကျန်းရီ ခန့်မှန်းထားသလိုပင် ဓားခုတ်ကောင် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ယခုထွက်သွားလျှင် အန္တရာယ်များကြောင်း သိသော်လည်း ဆက်၍ ထိုင်စောင့်မနေနိုင်တော့ပေ။ ထို့ကြောင့် သူ သိုသိုဝှက်ဝှက်ဖြင့် စတင်လှုပ်ရှားလိုက်ပြီး ချိုးရှန်နှင့် ဓားခုတ်ကောင်တို့ တိုက်ခိုက်နေသောနေရာသို့ သွားလိုက်လေသည်။

အမှန်တွင် ကျန်းရီ လှုပ်ရှားရန် မလိုပေ။ သူသည် ချိုးရှန်ကို ထပ်၍မျက်ခြေပြတ်သွားမည်ကို စိုးရိမ်ခြင်းသာ။

ချိုးရှန် အသက်ရှင်နေသ၍ လူပုမျိုးနွယ်က ရှင်းပစ်ခံရမည် မဟုတ်ပေ။ မျိုးနွယ်လေးခုက လူပုမျိုးနွယ်ကို အမှန်တကယ် ရှင်းပစ်ဝံ့မည်မဟုတ်ဟု ကျန်းရီ ယူဆထားသည်။ မဟုတ်လျှင် သူတို့က ချိုးရှန်၏ ရူးသွပ်စွာ လက်စားချေမှုကို ခံရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် နှစ်ဘက်စလုံး ဆုံးရှုံးနစ်နာရပေလိမ့်မည်။

ကျန်းရီသည် အစောကတည်းက အရာအားလုံးကို သုံးသပ်ပြင်ဆင်ထားပြီးဖြစ်သည်။ ချိုးရှန်နှင့် ဓားခုတ်ကောင်တို့ တိုက်ခိုက်နေသောနေရာ အနီးတွင် ထောင်ချီသော ထောက်လှမ်းရေးများနှင့် သောင်းချီသော အင်အားကြီး သိုင်းသမားများက ကြည့်ရှုနေကြသည်။ သူ ထိုသူများကြားတွင် ရောနှေနေလိုက်ပါက အာရုံစိုက်ခံရမည် မဟုတ်ပေ။

ဝှစ်...ဝှစ်...

ကျန်းရီသည် မြေအောက်လမ်းကြောင်းများမှတဆင့် အလွန်လျင်မြန်စွာ သွားလိုက်၏။ တိုက်ပွဲနေရာသို့ ဦးတည် သွားနေသော အနီးမှ ထောက်လှမ်းရေးများကိုလည်း သူ အာရုံခံမိလိုက်သည်။ ချိုးရှန်နှင့် ဓားခုတ်ကောင်တို့၏ တိုက်ပွဲက ကြီးမားသောတိုက်ပွဲတစ်ခုပင်။ အကယ်၍ ချိုးရှန်သာ အမှန်တကယ် သေသွားလျှင် နှင်းဒေသ၏ အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားနိုင်သည်။

ချိုးရှန်နှင့် ဓားခုတ်ကောင်တို့က နှစ်ဆယ့်ငါးကီလိုမီတာ ပျံသန်းပြီးနောက် စတင် တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီသည် တိုက်ပွဲအနီသို့ ရောက်ရန် ဆယ့်ငါးမိနစ်ကြာ လာခဲ့ရ၏။ သို့သော် သူ အနားသို့ ဆက်မကပ်ဝံ့တော့ပေ။ ထို့ကြောင့် သူသည် တိုက်ပွဲနှင့် ငါးကီလိုမီတာအကွာမှနေ၍ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ အခြေအနေကို အာရုံခံလိုက်လေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီ ရောက်ရှိလာချိန်တွင် ချိုးရှန်နှင့် ဓားခုတ်ကောင်တို့က စတင် တိုက်ခိုက်နေကြပြီဖြစ်သည်။ သူတို့က မြေပြင်အနီးတွင်သာ တိုက်ခိုက်နေကြသည်။ ဓားခုတ်ကောင်က တစ်ချိန်လုံး ချိုးရှန်အထက်တွင် ရှိနေသည်။ ချိုးရှန်က ဓားခုတ်ကောင်ထက် များစွာပိုအားနည်းကြောင်း သိသာပေသည်။ အမြန်နှုန်းဖြစ်စေ၊ တိုက်ခိုက်စွမ်းအားဖြစ်စေ၊ ခုခံစွမ်းအားဖြစ်စေ ဓားခုတ်ကောင်က အပြတ်အသတ် သာသည်။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ချိုးရှန်ကို မပြတ်အာရုံခံနေ၏။ ချိုးရှန်၏ တာအိုပုံသဏ္ဌာန်များက ဓားခုတ်ကောင်ကို မထိမှန်ကြောင်း သူ သိလိုက်ရသည်။ ဓားခုတ်ကောင်၏ ဆန်းကြယ်သောစွမ်းရည်များက အလွန်စွမ်းအားကြီးသည်။ ထို့ပြင် သူက အလွန်လည်း လျင်မြန်သည်။ သူက လျင်မြန်လွန်းလှသဖြင့် ကျန်းရီသည် သူ့ကို ရှင်းရှင်းလင်းလင်းပင် အာရုံမခံနိုင်ချေ။

မည်သို့ပင်ဖြစ်စေ ချိုးရှန်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ လေထဲတွင်လည်း ကျောက်တုံးများ ပလူပျံနေသည်။ ယင်းတို့က ပုံရိပ်များမဟုတ်ဘဲ ကျောက်တုံးအစစ်အမှန်များဖြစ်သည်။ ၎င်းတို့ တစ်ခုစီတိုင်းက အချင်းသုံးမီတာရှိကြသည်။ ၎င်းကျောက်တုံးများသည် ဥက္ကာခဲများအလား မြေပြင်ပေါ်သို့ လျင်မြန်သောနှုန်းဖြင့် ကျဆင်းလာကြသည်။

နှင်းဒေသတစ်ခွင်လုံးရှိ မြေပြင်က မာကြော၏။ သို့သော် ယခုတွင် မြေပြင်သည် ထိုတိုက်ပွဲကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ခါနေပြီး အက်ကြောင်းများ ထလာလေသည်။ ကျန်းရီနှင့် ထောက်လှမ်းရေးများစွာသည် ကျယ်လောင်သော ထိတိုက်သံကြီးများကို ကြားလိုက်ရသည်။ ကျောက်တုံးများက မြေပြင်ပေါ်သို့ ကျလာသောအခါ သူတို့၏ ခန္ဓာကိုယ်များလည်း တုန်ယင်သွားကြသည်။

သို့သော် ထိုမျှလောက်က မပြောပလောက်သေးပေ။ ကျောက်တုံးများ ကျလာပြီးနောက်တွင် အားလုံးသည် အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ဒဏ်ရာရသွားကြကာ သွေးအန်သွားကြလေသည်။

‘မြေဓာတ်တာအိုပုံသဏ္ဌာန်... အဲ့ဒါက ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန် ဖြစ်ရမယ်’

ကျန်းရီ တွေးလိုက်၏။ အကယ်၍ သူသာ ချိုးရှန်ကို တိုက်ခိုက်လိုက်လျှင် ကျဆင်းလာသော ကျောက်တုံးများကို ရှောင်နိုင်မည် မဟုတ်ပေ။ ကျောက်တုံးများက လျင်မြန်သော နှုန်းဖြင့် ကျဆင်းလာခြင်းဖြစ်ပြီး အရေအတွက်ကလည်း အလွန်များပေသည်။ အကယ်၍ သူ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို သုံးခဲ့လျှင်ပင် ကျောက်တုံး တစ်တုံး၊ နှစ်တုံးလောက်ကိုသာ ကာနိုင်မည်ဖြစ်သည်။ ဝိညာဉ်လေနတ်ဘုရားဒိုင်း ပျက်စီးသွားသည်နှင့် သူ့ခန္ဓာကိုယ်က မြေပြင်တွင် ပြားကပ်သွားပေလိမ့်မည်။

ထိုကျောက်တုံးများက အမှန်ပင် အချိန်ဆွဲထားနိုင်ပြီး အကြားအလပ်တစ်ခု ဖန်တီးနိုင်ပေသည်။ ယင်းက လူအားလုံးကို နှေးသွားစေသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ စွမ်းအားအောက်တွင် ကြယ်ငါးပွင့် ပညာရှင်တစ်သောင်းကျော်ပင် ရှင်းပစ်ခံရလောက်သည်ဟု ကျန်းရီ တွေးမိလိုက်သည်။

သို့သော် ချိုးရှန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုက ဓားခုတ်ကောင်အတွက်မူ မပြောပလောက်ကြောင်း ထင်ရှားပေသည်။ ဓားခုတ်ကောင်၏ ဦးချိုက ဓားတစ်ချောင်းကဲ့သို့ ပျံထွက်သွားပြီး သူ့ခေါင်းအထက်တွင် လှည့်ပတ်နေသည်။ ဓားခုတ်ကောင်ထံသို့ ကျဆင်းလာသော ကျောက်တုံးများက ထိုဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသည်။ ထို့ကြောင့် ဓားခုတ်ကောင်၏ကိုယ်ပေါ်တွင် ခြစ်ရာတစ်ချက်ပင် မထင်ခဲ့ချေ။

ဓားခုတ်ကောင်သည် ကောင်းကင်ထက်တွင် စတင်လှည့်ပတ်ပျံသန်းလိုက်၏။ သူသည် လက်နှစ်ဘက်လုံးကို မွှေ့ယမ်း၍ လေဓားများ ပစ်လွှတ်လိုက်သည်။ လေဓားတစ်ချောင်းစီက ကောင်းကင်ကို ပိုင်းဖြတ်သွားသည်။ လေဓားများသည် သုံးမီတာရှည်ပြီး အလွန်လျင်မြန်ကြသည်။ ၎င်းတို့က ချိုးရှန်၏ ကျောက်တုံးများကို အလွယ်တကူ ပိုင်းဖြတ်နိုင်ကြပေသည်။

ထိုလေဓားများက ကျားနိုင်ဂိုဏ်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကဲ့သို့ ပစ်မှတ်တစ်ခုနောက်သို့လည်း လိုက်နိုင်ကြ၏။ ၎င်းတို့သည် အလွန်လျင်မြန်စွာ ပျံသန်း၍ ချိုးရှန်၏ နတ်ဘုရားဒိုင်းကို တိုက်ခိုက်နေကြသည်။

တိုက်ပွဲက ဆယ်မိနစ်ကျော် ဆယ့်ငါးမိနစ်လောက် ကြာနေပေပြီ။ တစ်နည်းဆိုရလျှင် ချိုးရှန်သည် လေဓားများ၏ တိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်နီးပါး ခံနေရခဲ့ရသည်။ နတ်ဘုရားတစ်ပိုင်း၏ အတွင်းအားက လွန်စွာ သိပ်သည်းများပြားပြီး စွမ်းအားကြီးသည်။ သို့သော် သူ့ကို တိုက်ခိုက်နေသူမှာလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ဖြစ်၏။ ထို့ပြင် ထိုသူက သူ့ထက်ပို၍ စွမ်အားကြီးသည်။ သို့ဖြစ်ရာ ချိုးရှန်တစ်ယောက် ဤမျှတောင့်ခံနေနိုင်ခြင်းကိုက ချီးကျူးစရာကောင်းနေပြီဖြစ်သည်။

‘လေဓာတ် တာအိုပုံသဏ္ဌာန်... အဲ့ဒါကလည်း အနိမ့်ဆုံး ကြယ်ငါးပွင့်အဆင့် ရှိလောက်တယ်’

ကျန်းရီသည် တိုက်ပွဲကိုကြည့်ရင်း ရင်ခုန်မြန်လာ၏။ လေဓားများ၏ တိုက်ခိုက်မှုကို ခံနေရသူမှာ သူသာဖြစ်ပါက စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရနိုင်ပေသည်။ ထို့ပြင် ဓားခုတ်ကောင်၏ မျက်နှာထားက တည်ငြိမ်အေးဆေးနေ၍ သူက အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေခြင်းမဟုတ်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ မဟုတ်လျှင် ချိုးရှန်က ယခုဆိုလျှင် သေပြီးနေလောက်ပေပြီ။

‘အနားမှာ ဂိုဏ်းချုပ်ချောင်နဲ့ ဟော်ရန်တို့ ပုန်းနေလားဆိုတာကို ငါ စစ်ဆေးရမယ်’

ကျန်းရီသည် တိုက်ပွဲက အချိန်မရွေး ပြီးဆုံးသွား‌တော့မည်ကို တွေ့လိုက်၍ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သူ၏ ကောင်းကင်စိတ်အာရုံက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ပို၍ သန်မာပေသည်။ ထို့ကြောင့် သူ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်နေသည်။ အကယ်၍ ချောင်ဖေးဝမ်တို့သာ အနီးနားတွင် ပုန်းအောင်းနေလျှင် သူ အာရုံခံမိနိုင်လောက်သည်။

ကျန်းရီသည် ပတ်ဝန်းကျင်ကို သုံးကြိမ် ဂရုတစိုက် ထောက်လှမ်းလိုက်၏။ သူ ထောက်လှမ်းရေးများနှင့် အင်အားကြီး သိုင်းသမားများကိုသာ ထောက်လှမ်းမိလိုက်ပြီး ချောင်ဖေးဝမ်တို့ကို မထောက်လှမ်းမိပေ။ သူသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများကို သေချာအာရုံခံလိုက်၏။ လူတစ်ယောက်က သူ့ကိုယ်သူ မည်မျှရုပ်ဖျက်နိုင်ပါစေ သူတို့၏မျက်လုံးများက မလိမ်နိုင်ပေ။ သူ မီတာ(၁၅၀၀)အတွင်းရှိ လူအယောက်တိုင်း၏ မျက်လုံးများကို စူးစမ်းလိုက်သော်လည်း ချောင်ဖေးဝမ်တို့ကို ရှာမတွေ့ခဲ့ချေ။

‘သူတို့က တကယ်ပဲ ဒီကို လိုက်မလာခဲ့ဘူးလား။ ဒါမှမဟုတ် သူတို့ ပုန်းနေတဲ့နေရာက ဒီအနီးနားမှာ မဟုတ်တာလား’

ကျန်းရီ ကောက်ချက်မချနိုင်ပေ။ ထို့ပြင် သူ့တွင် ဆက်တွေးနေရန်လည်း အချိန်မရှိပေ။ ဓားခုတ်ကောင်က စိတ်မရှည်နိုင်ဖြစ်လာပေပြီ။ ဓားခုတ်ကောင်သည် လက်များကို ဆက်ဝှေ့ယမ်းလိုက်ပြီး လေဓားများကို တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းလိုက်သည်။ လေဓားများက ပေါင်းစည်းသွားပြီး ဧရာမလေဓားကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ၎င်း၏လမ်းကြောင်းရှိ ကျောက်တုံးများကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပစ်လိုက်သည်။ နောက်ဆုံးတွင် ထိုဧရာမလေဓားကြီးက ချိုးရှန်၏ နတ်ဘုရားဒိုင်းကို ထိုးစိုက်လိုက်လေသည်။

ဝုန်း...

ချိုးရှန်သည် ထိတိုက်မှုအဟုန်ကြောင့် အနောက်သို့ လွင့်ပျံထွက်သွား၏။ သူ၏ နတ်ဘုရားဒိုင်းက ပျက်စီးမသွားပေ။ သို့သော် လေဓားနှင့်ထိတိုက်မှုအဟုန်ကြောင့် သူ အတွင်းဒဏ်ရာရသွားသည်။ သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် သူ့ပတ်ပတ်လည်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားသည်။

ဝုန်း...

ချိုးရှန်သည် တွင်းထဲမှ ပျံထွက်လိုက်ပြီး သွေးများ ထွေးထုတ်လိုက်၏။ သူ အတွင်းဒဏ်ရာရသွားကြောင်း ထင်ရှားသည်။

ချိုးရှန် တွင်းထဲမှ ထွက်လာသည့်အချိန်တွင် ဓားခုတ်ကောင်က ဒုတိယမြောက်ဧရာမလေဓားကို ဖန်တီးကာ ချိုးရှန်ထံ ပစ်လွှတ်လိုက်သည်။ ချိုးရှန်တစ်ယောက် မြေကြီးထဲသို့ ထပ်မံ ရောက်သွားသည်။ ချိုးရှန်၏ နတ်ဘုရားဒိုင်းက မပျက်စီးသေးပေ။ သို့‌သော် သူ့ရင်ဘတ်အရှေ့ရှိ ချပ်ဝတ်က ပေါက်ကွဲထွက်သွားသည်။ သူ့ရင်ဘတ်ပေါ်တွင် ချိုင့်ရာတစ်ခု ထင်ထင်ရှားရှား ဖြစ်ပေါ်လာသည်။ သူ့ပါးစပ်မှနေ၍လည်း သွေးများ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။

‘ချိုးရှန်တော့ သွားပြီ’

မျက်မမြင်တစ်ယောက်သည်ပင် ချိုးရှန်က မရှုမလှ ခံနေရကြောင်း မြင်နိုင်ပေသည်။ အကယ်၍ ချိုးရှန် ယခု ထွက်မပြေးပါက သေချာပေါက် သေသွားပေတော့မည်။ ဓားခုတ်ကောင်က နှင်းဒေသတွင် တတိယ အင်အားအကြီးဆုံးသူဖြစ်သည်။ သူက သူ၏ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ပေသည်။

သို့သော် ချိုးရှန်က ထွက်မပြေးလိုက်ပေ။ သူ့တွင် သွားစရာနေရာမရှိချေ။ ယနေ့တွင် သူ သေရတော့မည်ကိုလည်း သူ ကောင်းစွာသိသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ် ရောက်မလာလျှင် လူပုများက ရှင်းပစ်ခံရတော့ပေမည်။ သို့ဆိုလျှင် သူလည်း ဆက်အသက်မရှင်လိုချေ။

ဝှစ်...ဝှစ်...

ချိုးရှန်က မြေကြီးထဲမှ ထပ်ထွက်လိုက်ပြီး လက်နှစ်ဘက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ သူသည် သူ၏ အင်အားအကြီးဆုံး တိုက်ကွက်ကို ထုတ်တော့မည့်ပုံပင်။ သို့သော် ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ချိုးရှန်... မြေအောက်ထဲကို ပြေးသွားလိုက်။ လူပုမျိုးနွယ်ကို ကယ်နိုင်လောက်သေးတယ်။ ဒါပေမဲ့ အခု မပြေးရင် သေချာပေါက် သေသွားလိမ့်မယ်”

ချိုးရှန် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု လင်းလက်လာသည်။ သူ ထိုအသံကို ရင်းနှီး၏။ ထို့ကြောင့် သူသည် တုံ့ဆိုင်းမှုမရှိဘဲ အတွင်းအားအကုန် ထုတ်လိုက်ပြီး သူ၏ နတ်ဘုရားဒိုင်းကို လင်းလက်လာစေလိုက်သည်။

ရွှီ...ရွှီ...

ဓားခုတ်ကောင်၏ ဧရာမလေဓားကြီးက ချိုးရှန်ထံသို့ ဦးတည်လာနေသည်။ ထို့ကြောင့် ချိုးရှန် မြေအောက်ထဲသို့ ထပ်ရောက်သွားသည်။ ယခုတွင် သူ၏ပုံစံက ပို၍ပင် မရှုမလှဖြစ်လာသည်။ သူ့ရင်ဘတ်မှ ဒဏ်ရာက အသားနီပင်လန်နေပေပြီ။ သို့သော် ဤတစ်ကြိမ်တွင် ချိုးရှန်က မြေပေါ်သို့ ထပ်မတက်လိုက်ဘဲ မြေအောက်လမ်းကြောင်းအတိုင်း ထွက်ပြေးလိုက်သည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား”

ဓားခုတ်ကောင်၏ အကြည့်များ အေးစက်သွား၏။ သူ ချိုးရှန်နောက်သို့ လိုက်သွားလိုက်သည်။ သို့သော် လူနှစ်ယောက်သည် အဝေးမှနေ၍ သူ့ထံသို့ ပျံသန်းလာ၏။ သူ ချိုးရှန်ဆီသို့ မရောက်သေးခင်မှာပင် မီးမြွေနှစ်ကောင် ထွက်ပေါ်လာလေသည်။ ကျယ်လောင်သောအသံကြီးတစ်သံကလည်း သူ့ဆီသို့ ရောက်လာသည်။

“ထားလိုက်ပါတော့။ ဓားခုတ်ကောင်... ချိုးရှန်ကို သွားခွင့်ပေးလိုက်ပါ”

“အန်...”

ကျန်းရီ မျက်နှာထားတင်းသွား၏။ သူ လာခဲ့၍သာ တော်သေးသည်။ မဟုတ်လျှင် ယနေ့တွင် ချိုးရှန် လွတ်သွားပေလိမ့်မည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချိုးရှန်ကို မပြတ်အာရုံခံထားသည်။ ချိုးရှန်က ကျန်းရီဘက်သို့ ဦးတည်လာနေသည်။ သူ့ပါးစပ်မှလည်း သွေးများစီးကျနေဆဲဖြစ်သည်။ ကျန်းရီ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

ချိုးရှန် သေရပေမည်။

***

All Chapters