← Chapters

ခင်ဗျား လှည့်စားခံလိုက်ရပြီ

Vol. 75 Ch. 1040

ခင်ဗျား လှည့်စားခံလိုက်ရပြီ

Vol. 75 Ch. 1040

ချိုးရှန်သည် အပြင်းအထန် ဒဏ်ရာရထားသော်လည်း လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးနေ၏။ သူက အရှေ့မြောက်ဘက်သို့ ပြေးနေခြင်းပင်။ သူက ကျန်းရီရှိရာဘက်သို့ တိုက်ရိုက်ဦးတည်နေခြင်း မဟုတ်သော်လည်း ကျန်းရီသာ အလိုရှိလျှင် သူ့ကို လမ်းတစ်ဝက်မှနေ၍ တားဆီးနိုင်ပေသည်။

“ပြေးကြ...”

မြေအောက်လမ်းကြောင်းထဲရှိ ‌ထောက်လှမ်းရေးများက သေလုမတတ် ကြောက်ရွံ့သွားကြ၏။ အကယ်၍ သူတို့သာ ချိုးရှန်၏လမ်းတွင် ပိတ်နေမိလျှင် သေချာပေါက် အမှုန့်ဖြစ်သွားပေလိမ့်မည်။ မြေအောက်လမ်းကြောင်းတစ်လျှောက်တွင် ထောက်လှမ်းရေးစုစုပေါင်း ရာကျော်ရှိသည်။ ယခုတွင် သူတို့အားလုံးသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြပေပြီ။ အထူးသဖြင့် ချိုးရှန်နှင့် နီးသူများက အသည်းအသန် ထွက်ပြေးကြသည်။ သူတို့အားလုံး အတော်လေး ကြောက်ရွံ့နေကြပေသည်။

‘သတ်မယ်...’

ကျန်းရီသည် မြေပြင်အထက်မှ အခြေအနေကို နောက်ဆုံးအကြိမ် စူးစမ်းလိုက်ရာ ဟော်ရန်နှင့် အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင်တို့က ဓားခုတ်ကောင်ကို တားထားကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် ဆက်တုံ့ဆိုင်းမနေတော့ဘဲ အရှေ့ဘက်သို့ ဦးတည်ပြေးသွားလိုက်သည်။

အချိန်သိပ်မကျန်တော့ပေ။ ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ မကြာခင် အချိန်အတွင်း မထွက်ခွာသေးလျှင် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်တွင် အောင်းလုဆင်ခဲ့သော အကာအရံများ ပျက်ပြီးခါမှ သူ ထိုနေရာသို့ ရောက်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လက်လွှတ်လိုက်ရပေမည်။ ထို့ကြောင့် ချိုးရှန် အမြန်ဆုံးသေရန် လိုအပ်ပေသည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် စွန့်စားလိုက်ရသည်။

ကျန်းရီသည် ဝိညာဉ်လေများကို ထုတ်လွှတ်၍ လမ်းကြောင်းကို မပိတ်ဆို့ခဲ့ပေ။ သူသာ ထိုသို့လုပ်လိုက်လျှင် ဝိညာဉ်လေများကို ချိုးရှန်ကို မထိခင်မှာပင် သူ အသတ်ခံလိုက်ရနိုင်သည်။ ထိုအစား သူအရှေ့ဘက်သို့ ဦးတည်ပြေးသွားလိုက်သည်။ သူ့ပတ်ပတ်လည်တွင်လည်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေသော ထောက်လှမ်းရေးများရှိနေသည်။

ကျန်းရီက ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပြန်၍ ပုံစံပြောင်းထားပေပြီ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို အာရုံခံလိုက်လျှင်လည်း သူက ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်ဟုသာ ထင်သွားမည်ဖြစ်သည်။ သူ၏အရှိန်အဝါက ကောင်းကင်ဧကရာဇ် ဒုတိယအဆင့်တွင် ရှိနေသည်။ ထို့ကြောင့် ချိုးရှန်အတွက် သူက ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

အနီးတွင် လမ်းကြောင်းများစွာက တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်နေကြသည်။ ကျန်းရီသည် ချိုးရှန် သွားနေသော လမ်းကြောင်း၏ အရှေ့သို့ အလွယ်တကူ သွားနိုင်ပေသည်။ သူက လျှပ်စီးကဲ့သို့ လျင်မြန်သည့်အပြင် ချိုးရှန် မြေအောက်လမ်းကြောင်းထဲသို့ ဝင်လာကတည်းက စတင်လှုပ်ရှားခဲ့သည်။ ထို့ပြင် သူက တိုက်ပွဲပြင်နှင့် ငါးကီလိုမီတာအကွာတွင် ရှိနေခဲ့ပြီး ချိုးရှန်ကလည်း အပြင်းအထန် ဒဏ်ရာရထားသဖြင့် အမြန်ဆုံးနှုန်းဖြင့် မသွားနိုင်ဖြစ်နေရာ သူ လမ်းကြောင်းအရှေ့သို့ အလွယ်လေး ရောက်သွားလေသည်။

“လမ်းဖယ်ကြစမ်း...”

လမ်းကြောင်းတစ်လျှောက်တွင် ဒေါသတကြီး အော်လိုက်သံကြီး ပဲ့တင်ထပ်သွားသည်။ ထောက်လှမ်းရေးများအားလုံးသည် ကြောက်ရွံ့တကြီးဖြင့် လမ်းဖယ်ရန် ကြိုးစားလိုက်ကြသော်လည်း မည်သည့်နေရာသို့ ပြေးရမည်မသိ ဖြစ်နေကြသည်။ သူတို့က ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ မဟုတ်ပေ။ ထို့ကြောင့် သူတို့ မြေအောက်လမ်းကြောင်းများ မတူးနိုင်ကြချေ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနီးဆုံး လမ်းကြောင်းခွဲတစ်ခုသို့ သွားရန်သာဖြစ်သည်။ သို့သော် မြေအောက်လမ်းကြောင်းများက များစွာ ရှိနေ၍ ချိုးရှန်က မည်သည့်လမ်းကြောင်းထဲတွင် ရှိနေကြောင်းကို ခန့်မှန်းရန် မဖြစ်နိုင်လုနီးပါးပင်။ ထို့ကြောင့် သူတို့ ကံစမ်းနေကြရလေသည်။

မြေအောက်ထဲတွင် ပရမ်းပတာဖြစ်နေ၏။ လူများစွာသည် ကြောက်ရွံ့သဖြင့် ဆင်ကန်းတောတိုးသကဲ့သို့ ပြေးလွှားနေကြသည်။ သို့သော် ကျန်းရီက ချိုးရှန်နှင့်‌‌ ဝေးရာသို့ ပြေးလိုခြင်းမဟုတ်ဘဲ ချိုးရှန်အနားသို့ သွားလိုနေခြင်းဖြစ်သည်။ မည်သူကမှ ကျန်းရီကို အရေးမစိုက်အားပေ။ ထိုကဲ့သို့သော အချိန်မျိုးတွင် မည်သူကရော အာရုံစိုက်နိုင်ပါမည်နည်း။

ဝုန်း...

“အား...”

နာကျင်တကြီး အော်လိုက်သံတစ်သံက လမ်းကြောင်းများထဲတွင် ပဲ့တင်ထပ်သွားသည်။ မည်သည့်ကိစ္စဖြစ်သွားခြင်းဖြစ်ကြောင်း သိသာပေသည်။ ချိုးရှန်က သူ့လမ်းတွင် ပိတ်နေသော လူတစ်ယောက်ကို သတ်ပစ်လိုက်ခြင်းပင်။ ကျန်းရီသည် မိမိတို့အသက်အတွက် ကြောက်ရွံ့တကြီးဖြင့် ထွက်ပြေးနေကြသော ထောက်လှမ်းရေးများနောက်သို့ လိုက်သွားလိုက်သည်။

“အာ...”

ကျန်းရီ၏အရှေ့တွင် လမ်းကြောင်းနှစ်ခု ပေါ်လာ၏။ ထောက်လှမ်းရေးများက မဝံ့မရဲဖြစ်သွားကြသည်။ ချိုးရှန်က မည်သည့်လမ်းကြောင်းကို ရွေးမည်ဖြစ်ကြောင်း မည်သူမှ မသိသော်လည်း သူတို့တွင် အသက်ရှင်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းရှိပေသည်။

ဝှစ်...ဝှစ်...

ထောက်လှမ်းရေးဆယ်ယောက်ကျော်က ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် အုပ်စုနှစ်စုခွဲ၍ တစ်စုလျှင် လမ်းကြောင်းတစ်ခုစီ သွားလိုက်ကြ၏။ သို့သော် ကျန်းရီက ဝေခွဲမရဖြစ်နေသည်။ အကယ်၍ ချိုးရှန်က သူရွေးခဲ့သော လမ်းကြောင်းအတိုင်း လိုက်မလာလျှင် သူ ချိုးရှန်ကို သတ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဖြစ်သွားပါက သူ ချိုးရှန်ကို သတ်နိုင်ရန် အစအဆုံး ပြန်ကြံစည်ရမည်ဖြစ်သည်။ သို့ဆိုလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေလည်း ပိုများသွားနိုင်သည်။

‘ငါ ကံစမ်းကြည့်ရမှာပဲ။ ဆန်းကြယ်ဧကရာဇ် ကျွန်တော့်ကို ကောင်းချီးပေးပါ’

ကျန်းရီသည် အံကြိတ်လိုက်ပြီး သူ့ဘယ်ဘက်ရှိ လမ်းကြောင်းကို ရွေးချယ်လိုက်လေသည်။ ထောက်လှမ်းရေးအနည်းငယ်ကလည်း ထိုလမ်းကြောင်းကို ရွေးချယ်သွားခဲ့သည်။ ထိုလမ်းကြောင်းက ညာဘက်မှလမ်းကြောင်းထက် အနည်းငယ် ပိုကျယ်သည်။ လူအချို့သည် ချိုးရှန်က ပိုကျယ်သောလမ်းကြောင်းမှ သွားနိုင်သည်ဟု ယူဆကြ၏။ အချို့မှာမူ ချိုးရှန်က ညာဘက်ရှိ လမ်းကြောင်းကျဉ်းကို ရွေးနိုင်သည်ဟု ခန့်မှန်းကြ၏။ ညာဘက်မှလမ်းကြောင်းက ဘယ်ဘက်မှလမ်းကြောင်းထက် ပို၍လည်းဖြောင့်ပေသည်။

‘သူ လာပြီ’

ကျန်းရီသည် ပြေးသွားနေရင်း သူ့အနောက်တွင် တစ်စုံတစ်ယောက် လာနေသည်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမိလိုက်၏။ ကျန်းရီ ဝမ်းသာနေ၏။ ချိုးရှန်က ပိုကျယ်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ယခုတွင် သူက သူတို့ထံ ပြေးလာနေပေပြီ။

“ငါတော့ သေပြီ”

ဂိုဏ်းအသေးလေးတစ်ခုမှ ထောက်လှမ်းရေးတစ်ယောက်သည် သူ့အနောက်မှ ရောက်လာသော သတ်ဖြတ်အရှိန်အဝါကြောင့် ကြောက်ရွံ့သွား၏။ သူ၏ခြေထောက်များ ပျော့ခွေသွားသည်။ ရုတ်ခြည်းပင် သူ မြေပေါ်သို့ လဲကျသွားသည်။ ထွက်ပြေးနေလျှင်လည်း အဓိပ္ပာယ်မရှိတော့ပေ။ သူ ထိုင်ချလိုက်ပြီး ခေါင်းကို လက်နှစ်ဘက်ဖြင့် ကာထားလိုက်လေသည်။

“အားလုံး ပြေးကြ”

ကျန်းရီသည် တုန်လှုပ်ဟန်ဆောင်၍ အရှေ့သို့ အသည်းအသန်ပြေးကာ အော်ပြောလိုက်၏။

“အား...”

မကြာခင်မှာပင် ကျန်းရီတို့အနောက်မှနေ၍ နာကျင်တကြီး အော်လိုက်သံကြီး ထွက်ပေါ်လာသည်။ ယခုတွင် ကြောက်မက်ဖွယ်အရှိန်အဝါက နီးကပ်လာပေပြီ။ ထိုအရှိန်အဝါက ကျန်းရီနှင့် သူ့ဘေးမှ လူသုံးယောက်ကို လွှမ်းခြုံလိုက်သည်။ သူတို့သည် ကီလိုဂရမ်တစ်ထောင်လေးသော အလေးတုံးကြီးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူတို့ အစောကထက် ပိုနှေးလာသည်။

“ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော့်ကို မသတ်ပါနဲ့”

အခြားလူတစ်ယောက်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းကို လက်ဖြင့်ပိုက်ကာ စတင် ငိုကြွေးလေသည်။ ကျန်လူများကလည်း ဒူးထောက်၍ အသနားခံလိုက်ကြသည်။ မည်သူကမှ ဆက်မပြေးရဲကြတော့ပေ။

‘ရောက်လာပြီ’

ကျန်းရီသည်လည်း ဒူးထောက်ချလိုက်ပြိး ခေါင်းငုံ့ထားလိုက်၏။ သူ့မျက်လုံးများထဲတွင် အလင်းတန်းတစ်တန်း လက်သွား၏။ သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ သက်တန့်ဝိညာဉ်လှံက သူ့မျက်စိအရှေ့တွင် ထွက်ပေါ်လာပေပြီ။ သူသည် ထိုလှံကို သူ့ခြေထောက်ကြားတွင် ဖွက်ထားလိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

ဝှစ်...

ချိုးရှန်က ကျန်းရီတို့ထံသို့ ပြေးလာ၏။ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါက ပို၍ ပို၍ နီးလာပေပြီ။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သုံးကီလိုမီတာအကွာရှိ ချိုးရှန်ကို အာရုံခံမိလိုက်၏။ သူက ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပြေးလာနေသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း သွေးများရွှဲနေသည်။ သူ့ရင်ဘတ်ဒဏ်ရာမှနေ၍ သူ၏ရင်ညွှန့်ရိုးကိုပင် မြင်နေရသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူ၏မျက်လုံးများက စူးရှခက်ထန်နေသည်။ ကြောက်တတ်သူတစ်ယောက်ဆိုလျှင် သူ၏ပုံစံကိုကြည့်ကာ လန့်သေသွားနိုင်သည်။

သုံးကီလိုမီတာ၊ တစ်ကီလိုမီတာခွဲ၊ မီတာကိုးရာ... မီတာသုံးရာ...

ချိုးရှန်က အလွန်ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။ သူ၏ အရှိန်က အလွန်လျင်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ကျန်းရီတို့အရှေ့သို့ ရောက်လာသည်။ သူ ရပ်လိုက်ပြီး သူ့အရှေ့တွင် ဒူးထောက်နေသူများကို ငုံ့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေသည်။

မကြာခင်တွင် ဓားခုတ်ကောင်က သူ့ကို မီလာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ ဝေးနိုင်သမျှ‌ဝေးဝေးသို့ ထွက်ပြေးရပေမည်။ ဖြုန်းနေရန် အချိန်မရှိ။ သူ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထပ်ခံနိုင်တော့မည် မဟုတ်ပေ။ ထိုထောက်လှမ်းရေးများက အားနည်းသော်လည်း မယုံနိုင်လောက်အောင် ရဲရင့်နေနိုင်သည်။ သူတို့က သူ့ကို မသတ်နိုင်လျှင်ပင်၊ ဒဏ်ရာရအောင် မလုပ်နိုင်လျှင်ပင် နှောင့်နှေးသွားအောင်တော့ လုပ်နိုင်သည်။ နှောင့်နှေးခြင်းက သူ့ကို အသက်ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် သူသည် လမ်းတွင်တွေ့သမျှလူများကို သက်ညှာမှုမရှိ သတ်ဖြတ်ခဲ့ခြင်းပင်။ သူ့ကို နှောင့်နှေးစေမည့်သူတိုင်းကို ရှင်သန်ခွင့်ပေး၍ မဖြစ်ရာ ဤတစ်ခေါက်တွင်လည်း ခြွင်းချက်မရှိပေ။

ထောက်လှမ်းရေးအနည်းငယ်က အလွန်အားနည်းပုံပေါ်၏။ သူတို့ထဲမှ အသန်မာဆုံးသူပင် ကောင်းကင်ဧကရာဇ် တတိယအဆင့်၊ စတုတ္ထအဆင့်သာ ရှိသည်။ ချိုးရှန်က သူတို့ကို အရေးမစိုက်ပေ။ သူသည် လက်ကောက်ဝတ်ကို လျင်မြန်စွာ လှုပ်၍ အတွင်းအားသုံးကာ တိုက်ခိုက်မှုများစွာ ထုတ်လွှတ်လိုက်၏။ ထို့နောက် သူ ဆက်ပြေးရန် ဟန်ပြင်လိုက်သည်။

နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ အတွင်းအားက လျှော့တွက်၍ရသောအရာ မဟုတ်ပေ။ လက်ချောင်းအားလေးခုသည် ထောက်လှမ်းရေးလေးယောက်ထံသို့ လျင်မြန်စွာ ပျံဝင်သွား၏။ သူ့အရှေ့မှ လူသုံးယောက်သည် ဖိအားကိုပင် မခံနိုင်လိုက်ပေ။ သူတို့၏ နတ်ဘုရားဒိုင်းများက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး သူတို့၏ ဦးနှောက်များကလည်း ပွင့်ထွက်သွားသည်။

သို့သော်...

နောက်ဆုံး လက်ချောင်းအားက ကျန်းရီထံသို့ ရောက်သွားသောအခါ ကျန်းရီ၏ ဒိုင်းက မပေါက်ကွဲသွားဘဲ လက်ချောင်းအားက ပျောက်ကွယ်သွားလေသည်။ ကျန်းရီ ဒဏ်ရာတစ်ခုပင် မရလိုက်ချေ။ ချိုးရှန်သည် တိုက်ခိုက်မှုများကို ထုတ်လွှတ်ပြီးလျှင်ပြီးချင်း ဆက်ပြေးသွားခဲ့ရာ ကျန်းရီက မသေသွားကြောင်း သူ သိလိုက်သည့်အခိုက်တွင် ရှေ့မီတာသုံးဆယ်အကွာသို့ ရောက်နေပြီဖြစ်သည်။

“ဟင်းဟင်း...”

ကျန်းရီက ခက်ထန်စွာ မော့ကြည့်လိုက်ပြီး နတ်ဆိုးအပြုံး ပြုံးလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်လေများက စုစည်းသွားသည်။ ဝိညာဉ်လေဓားဆယ်ချောင်းက ချိုးရှန်ထံသို့ လျှပ်တစ်ပြက် ပျံဝင်သွား၏။ ကျန်းရီ လက်ချောင်းအားကို ခံနိုင်ခဲ့ခြင်းမှာ ဝိညာဉ်လေများကို လျှို့ဝှက်စွာ ထုတ်၍ ကာရံထားခဲ့ခြင်းကြောင်းဖြစ်သည်။

“အာ... ဝိညာဉ်လေတွေလား...”

ချိုးရှန်က ကျန်းရီ၏ နတ်ဆိုးအပြုံးကြောင့် မှင်တက်သွား၏။ သို့သော် သူက နတ်ဘုရားတစ်ပိုင်း ဖြစ်သဖြင့် စိတ်ဓာတ်အလွန်ခိုင်မာပေသည်။ သူ ချက်ချင်း အသင့်ပြင်လိုက်သည်။ သို့သော် နောက်ကျသွားပေပြီ။ ကျန်းရီ၏ ဝိညာဉ်လေဓားများက ပျံဝင်လာပြီဖြစ်သည်။

“ဟင်းဟင်း... မျိုးနွယ်‌ခေါင်းဆောင်ချိုးရှန်... ကျွန်တော်က ကျန်းရီပဲ။ ချိုးမင်နဲ့ ချိုးပိုင်တို့ကို သတ်ခဲ့တဲ့သူကလည်း ကျွန်တော်ပဲ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ခင်ဗျားကို သူ့အစား နှုတ်ဆက်ပေးဖို့ ကျွန်တော့်ကိုမှာလိုက်တယ်”

ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ချိုးရှန်သည် ကျန်းရီ၏စကားကို ကြားလိုက်သောအခါ ရင်ခုန်မြန်သွား၏။ သူ၏ နောက်ဆုံးစကားက ချိုးရှန်၏ နှလုံးသားကို အေးခဲသွားစေသည်။

ချိုးရှန်သည် ကျန်းရီ၏ စကားကြောင့် နှစ်စက္ကန့်မျှသာ မှင်တက်သွား၏။ သို့သော် ကျန်းရီက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပေပြီ။ ထို့ပြင် သူတို့နှစ်ယောက်ကြားတွင် မီတာသုံးဆယ်သာ ခြားသည်။ ကျန်းရီက  ထိုအကွာအ‌ဝေးမှနေ၍ ဝိညာဉ်လေဓားများကို ပစ်လွှတ်လိုက်ခြင်းဖြစ်ရာ ၎င်းတို့က ချိုးရှန်၏ နတ်ဘုရားဒိုင်းကို ရုတ်ခြည်း သွားမှန်လေသည်။

ချိုးရှန် မျက်နှာပျက်သွား၏။ သူ ချက်ချင်း အတွင်းအားစုစည်းလိုက်ပြီး သူ၏နတ်ဘုရားဒိုင်းကို ခိုင်မာအောင် လုပ်ကာ ဝိညာဉ်လေဓားများကို ခုခံလိုက်သည်။

“ဟင်းဟင်း... ချိုးရှန်... ခင်ဗျား လှည့်စားခံလိုက်ရပြီ”

ကျန်းရီသည် နတ်ဆိုးအပြုံးကို ထပ်ပြုံးလိုက်၏။ သူ၏ ဝှက်ဖဲအစစ်အမှန်က ဝိညာဉ်လေဓားများ မဟုတ်ဘဲ အစကတည်းက သူ ပြင်ဆင်ထားခဲ့သော သက်တန့်ဝိညာဉ်လှံဖြစ်သည်။ သက်တန့်ဝိညာဉ်လှံက မြေကြီးထဲမှ ပျံထွက်လာပြီး ချိုးရန်၏ ခန္ဓာကိုယ်အတွင်းသို့ အသံတစ်ချက်မထွက်ဘဲ ဝင်သွား၏။ ထို့နောက် ၎င်းက သူ၏စိတ်ဝိညာဉ်ဆီသို့ ဦးတည်သွားလိုက်လေသည်။

***

All Chapters