သေပေတော့ ချိုးရှန်
Vol. 75 Ch. 1041
လူတစ်ယောက်သည် မည်မျှပင် စွမ်းအားကြီးပါစေ လူသားဖြစ်နေသေးသ၍ လိုအင်ဆန္ဒများ ရှိနေမည်ဖြစ်၍ အခြားလူသားများကဲ့သို့သာ ပြုမူပေလိမ့်မည်။
နတ်ဘုရားတစ်ပိုင်း ပညာရှင်သည် လျင်မြန်စွာ တုံ့ပြန်နိုင်သော်လည်း အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ မှင်တက်ခြင်းတို့ကို ခံစားရပေသေးသည်။ သူသည်လည်း တွေးတောရန် အချိန်လိုပေသေးသည်။ ကျန်းရီက ထိုအချိန်အပေါ်တွင် လောင်းကြေးထပ်ခဲ့ခြင်းပင်။ သူ၏နတ်ဆိုးအပြုံးက ချိုးရှန်အပေါ် များစွာမသက်ရောက်နိုင်ခဲ့သော်လည်း သူ၏စကားများကမူ သက်ရောက်နိုင်ခဲ့သည်။ ချိုးရှန်က ကျန်းရီဟူသောအမည်ကို ကောင်းစွာသိထားသည်။ သို့သော် သူ့ကို တုန်လှုပ်သွားစေခဲ့သည်မှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
ချိုးရှန်သည် ကျန်းရီပြောသောစကားများကို ဆက်တွေးမိသောအခါ ကြောက်ရွံ့စိုးရိမ်သွားပြီး အတန်ငယ် သတိလက်လွတ်ဖြစ်သွားခဲ့သည်။ စွမ်းအားကြီး သိုင်းပညာရှင်များအကြားမှ တိုက်ပွဲတစ်ပွဲတွင် တစ်စက္ကန့်မျှ တွေဝေသွားလျှင်ပင် အသက်ကို ဆုံးရှုံးရနိုင်ပေသည်။ ကျန်းရီ၏ သက်တန့်ဝိညာဉ်လှံက ထိုအခိုက်အတန့်လေးတွင် ချိုးရှန်၏ ခန္ဓာကိုယ်အတွင်းသို့ အသံတစ်ချက်မထွက်ဘဲ ဝင်သွားကာ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်ခြင်းပင်။
‘စိတ်ဝိညာဉ်တိုက်ခိုက်မှုလား’
အစတွင် ချိုးရှန်သည် ကျန်းရီလုပ်ခဲ့သောအရာအပေါ် များစွာ မစိုးရိမ်ခဲ့ပေ။ နတ်ဘုရားတစ်ပိုင်းများအတွက် စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ပမွှားပင်။ သို့သော် သက်တန့်ဝိညာဉ်လှံက သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်လာသောအခါ သူ အသက်အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်က ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံထွက်တော့မလိုပင်ဖြစ်သွားသည်။ ထို့ကြောင့် သူသည် သူ၏ဝိညာဉ်ကို ထိန်းချုပ်ရန် လျင်မြန်စွာ ကြိုးစားလိုက်ပြီး သက်တန့်ဝိညာဉ်လှံ၏ တိုက်ခိုက်မှုကို ရှောင်ရှားစေလိုက်သည်။
သို့သော် ပြဿနာမှာ ချိုးရှန်က ဝိညာဉ်ကို ထိန်းချုပ်ရန် အာရုံအပြည့်အဝ စိုက်ထားခြင်း မဟုတ်ပေ။ သူသည် အခြားကိစ္စများကို တွေးရန် အချိန်မရှိတော့၍ သူ့ခန္ဓာကိုယ်အား ကာကွယ်ပေးနေသည့် နတ်ဘုရားဒိုင်းကို အစွမ်းမြှင့်ရန် အတွင်းအား ဆက်မစုစည်းနိုင်တော့ချေ။ ဝိညာဉ်လေဓား ဆယ်ချောင်းက သူ၏နတ်ဘုရားဒိုင်းကို ဆက်လက်တိုက်ခိုက်နေဆဲပင်။ ထို့ကြောင့် နတ်ဘုရားဒိုင်းက အားနည်းလာသည်။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားပါက သူ၏နတ်ဘုရားဒိုင်းက ပျက်စီးသွားပေတော့မည်။ သူ့ခန္ဓာကိုယ်ကလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားမည်ဖြစ်သည်။
‘စွန့်စားမယ်’
ချိုးရှန်သည် သေရေးရှင်ရေး အခြေအနေတွင် အရာအားလုံးကို ရင်းလိုက်၏။ သူက သူ့ဝိညာဉ်ကို စွန့်လွှတ်ရန် အသင့်ဖြစ်နေပေပြီ။ သူသည် သက်တန့်ဝိညာဉ်လှံ၏ တိုက်ခိုက်မှုများကို ခုခံရန် သူ၏နတ်ဘုရားဝိညာဉ်အပေါ် မှီခိုနိုင်သည်။ ထို့ကြောင့် သူသာ ဝိညာဉ်လေဓားများကို ဖယ်ထုတ်ပစ်နို်ငလျှင် ကျန်းရီကို သတ်ပစ်နိုင်သေးသည်။
“အန်...”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချိုးရှန်ကို မပြတ်အာရုံခံနေ၏။ ချိုးရှန်က အတွင်းအားပြန်စုစည်း၍ သူ၏နတ်ဘုရားဒိုင်းကို တည်ငြိမ်အောင်လုပ်ရန် ကြိုးစားနေကြောင်း ကျန်းရီ ချက်ချင်း သိလိုက်ရသည်။ သူ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ချိုးရှန်တစ်ယောက် သူ့နားထဲတွင် ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရလေသည်။
“ချိုးရှန်... ကျွန်တော် ခင်ဗျားကို ကိစ္စတစ်ခု ပြောဖို့ မေ့သွားတယ်။ ချိုးမင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ သူတော်စင်မကို ပြန်ပေးဆွဲခဲ့တဲ့ကိစ္စက အခု ပေါ်သွားပြီ။ ဒီတစ်ခေါက် မျိုးနွယ်လေးခုက ခင်ဗျားတို့ကို တိုက်ခိုက်တာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ အမိန့်ကြောင့်ပဲ”
ဝုန်း...
ကျန်းရီသည် ထိုတစ်ချိန်တည်းမှာပင် သက်တန့်ဝိညာဉ်လှံကို ထိန်းချုပ်၍ ချိုးရှန်၏ နတ်ဘုရားဝိညာဉ်ကို ထိုးစိုက်စေလိုက်သည်။ ချိုးရှန်သည် ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ မှင်တက်သွား၏။ စက္ကန့်ဝက်မျှ အခိုက်အတန့်လေးတွင် သူသည် သက်တန့်ဝိညာဉ်လှံက သူ၏နတ်ဘုရားဝိညာဉ်ကို ထိုးစိုက်လိုက်သောကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကိုပင် မခံစားလိုက်ရပေ။
ချိုးမင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ သူတော်စင်မကို ပြန်ပေးဆွဲခဲ့သည့်ကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်သည်။ လောကထဲရှိ မည်သူကမှ ထိုအကြောင်းကို မသိပေ။ ကျန်းရီက ယင်းကို အဘယ်သို့ သိနေရသနည်း။ ထို့ကြောင့် ချိုးရှန်သည် မျိုးနွယ်လေးခုက အမှန်ပင် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အမိန့်ကြောင့် လာရောက်ခဲ့ခြင်းလောဟု တွေးမိသွား၏။ ထိုသို့သာဆိုလျှင် သူ ဤနေရာမှ ထွက်ပြေးနိုင်ခဲ့လျှင်ပင် သေရဦးမည်ဖြစ်သည်။ လူပုမျိုးနွယ်ကလည်း အပြတ်ရှင်းပစ်ခံရပေလိမ့်မည်။
ချိုးရှန် ထပ်မံ၍ သတိလက်လွတ်ဖြစ်သွား၏။ ထိုသတိလက်လွတ်ဖြစ်မှုက သေစေနိုင်သည်။ ကျန်းရီ၏ ဝိညာဉ်လေဓားများက သူ၏ နတ်ဘုရားဒိုင်းကို ဆက်တိုက်ခိုက်နေ၍ နတ်ဘုရားဒိုင်းက ပို၍ပင် အားနည်းလာပြီဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချိုးရှန် သတိပြန်ဝင်လာသည်။ သို့သော် အလွန်နောက်ကျသွားပေပြီ။ ယခုတွင် သူ၏နတ်ဘုရားဒိုင်းက ပျက်စီးသွားပြီဖြစ်သည်။ သူ လေအေးတစ်ချက်ကို ခံစားလိုက်ရ၏။ သူ၏ ဆံပင်နှင့် မွေးညင်းများ ထောင်ထသွားသည်။ သူသည် ဝိညာဉ်လေများကို မမြင်နိုင်သော်လည်း သေခြင်းတရား၏ အငွေ့အသက်ကို အနံ့ခံနိုင်ပေသည်။
“ဟူး...”
ချိုးရှန် သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်သွားတော့မည်။ သူ သေရပေတော့မည်။
သေခြင်းတရားက လျင်မြန်စွာ ရောက်ရှိလာသည်။
ချိုးရှန်က ကျန်းရီကို စတင်တိုက်ခိုက်ခဲ့ချိန်မှနေ၍ ချိုးရှန် သေသွားသည့်အချိန်အထိ စက္ကန့်ပိုင်းသာ ကြာခဲ့သည်။ ထို့ပြင် ကျန်းရီ၏ ဝိညာဉ်လေဓားများက ဝိညာဉ်ဓားများကဲ့သို့ ပြုမူနေ၍ ကောင်းကင်စိတ်အာရုံများကပင် ၎င်းတို့ကို အာရုံမခံနိုင်ပေ။ ထို့ကြောင့် အနီးမှ ထောက်လှမ်းရေးများသည် ချိုးရှန်က ကျန်းရီကို တိုက်ခိုက်ခဲ့သော်လည်း ကျန်းရီက မသေဘဲ ချိုးရှန်ကသာ အပိုင်းပိုင်းပြတ်သွားသည်ကို အာရုံခံမိလိုက်ကြသည်။
“ဟမ်...”
ထောက်လှမ်းရေးများစွာ မှင်တက်သွားကြသည်။ အရှေ့မှ ပြေးနေသော ထောက်လှမ်းရေးများကလည်း ရပ်တန့်လိုက်ကြသည်။ သူတို့သည် နားမလည်နိုင်ဟန်ဖြင့် နောက်လှည့်ကြည့်လိုက်ကြပြီး မည်သို့ဖြစ်သွားခဲ့ခြင်းနည်းဟု တွေးနေကြသည်။ ဝိညာဉ်မျိုးနွယ်က အလွန်စွမ်းအားကြီး၍ ချိုးရှန်ကိုပင် အနိုင်ယူနိုင်ခဲ့ခြင်းလော။
‘ချိုးရှန်ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်’
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းကို သတ်နိုင်ခဲ့သော်လည်း မျက်နှာထားမပြောင်းသွားပေ။ ထိုနတ်ဘုရားတစ်ပိုင်းက သိပ်စွမ်းအားမကြီးချေ။ ထို့ပြင် သူက ဒဏ်ရာအပြင်းအထန် ရထားသည်။ ကျန်းရီက ထိုအချက်များကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်ရာ ဂုဏ်ယူစရာအကြောင်း မရှိပေ။
လေထဲတွင် ပျံဝဲနေသည့် ရှေးဟောင်းနတ်ဘုရားလက်စွပ်က ကျန်းရီကို ပို၍ စိတ်လှုပ်ရှားစေသည်။ ယင်းက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ပင်။ ထို့ပြင် လူပုမျိုးနွယ်ခေါင်းဆောင် ပိုင်ဆိုင်သော လက်စွပ်လည်းဖြစ်သည်။ ထို့ကြောင့် ယင်းလက်စွပ်ထဲတွင် မရေမတွက်နိုင်သော ရတနာများနှင့် ရှေးဟောင်းလက်နက်များ ပါလိမ့်မည်ဖြစ်ကြောင်း ကျန်းရီ သေချာပေသည်။
စေတီတောင်တွင် ကျန်းရီ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ခဲ့စဉ်၌ နိဗ္ဗာန်မီးတောက်များက အလွန်အားကောင်းခဲ့သဖြင့် ထိုနတ်ဘုရားတစ်ပိုင်းများ ပိုင်ဆိုင်သောအရာအားလုံး အရည်ပျော်သွားခဲ့သည်။ ထို့ကြောင့် ကျန်းရီက ဘာမှ မရခဲ့ပေ။
‘ငါ အဲ့ဒါကို ယူသင့်လား’
ကျန်းရီ ဒွိဟဖြစ်နေ၏။ နောက်ဆုံးတွင် သူသည် လက်စွပ်ကို ယူရန် ဆုံးဖြတ်လိုက်လေသည်။ ၎င်းကိုယူရန် သူ့အတွက် နှစ်စက္ကန့်သာလိုမည် မဟုတ်ပါလော။
သို့သော် ထိုသို့ယူလိုက်ခြင်းက ကျန်းရီကို ပြဿနာဖြစ်စေသွားသည်။
ချိုးရှန် သေသွားသည့်အခိုက်အတန့်တွင် ဓားခုတ်ကောင်၊ ဟော်ရန်နှင့် အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင် မုန့်နုန်တို့က ချက်ချင်း အာရုံရလိုက်ကြသည်။ သူတို့သုံးယောက်က တိုက်ခိုက်နေခဲ့သော်လည်း တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး ကျန်းရီထံသို့ ဦးတည်သွားလိုက်သည်။
ကျန်းရီသည် ထိုနတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်က ဟန်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း မသိခဲ့ပေ။ သူတို့သည် ကျန်းရီ ထွက်လာစေရန် ချိုးရှန်ကို တမင်လွှတ်ပေးခဲ့ခြင်းပင်။ ချိုးရှန်ထံ အသံပို့လွှတ်၍ ထွက်ပြေးရန်ပြောခဲ့သူမှာလည်း သူတို့ပင်ဖြစ်သည်။ အမှန်တွင် ထိုအရာအားလုံးက ချောင်တွမ်ထျန်း၏ အကြံအစည်ပင်။
ဟော်ရန်နှင့် မုန့်နုန်တို့က မျိုးနွယ်သုံးခုကြားမှ ရင်းနှီးမှုနှင့် သစ္စာတရားကို အမှန်တကယ် အလေးထားမည်လော။ လူပုမျိုးနွယ်က ပျက်သုဉ်းရတော့မည်ဖြစ်သည်။ အကယ်၍ သူတို့က ချိုးရှန်ကို လွှတ်ပေးလိုက်ပါက နောင်တွင် သူတို့အတွက် ပြဿနာများ ဖြစ်လာနိုင်သည်။ အနည်းဆုံးတော့ မျိုးနွယ်လေးခုသည် ချိုးရှန်၏ လက်စားချေမှုကြောင့် လူပေါင်းများစွာ ဆုံးရှုံးရပေလိမ့်မည်။
“သတ်...”
ဓားခုတ်ကောင်၏ မျက်လုံးများ လင်းလက်လာသည်။ သူက မြေအောက်လမ်းကြောင်းအတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်၏။ ဟော်ရန်နှင့် မုန့်နုန်တို့က အနောက်မှ လိုက်လာကြသည်။ မုန့်နုန်က တောင်ငယ်လေးတစ်လုံးနှင့် ဆင်တူနေ၏။ သူသည် ခုန်လိုက်ပြီး မြေပြင်ကို လက်သီးနှစ်ဘက်လုံးဖြင့် ထိုးချလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
မြေပြင်တွင် မည်သည့်ချိုင့်မှ မထင်သွားပေ။ သို့သော် မုန့်နုန်၏ လက်သီးများ ကျသွားရာနေရာမှနေ၍ အက်ကြောင်းများ ပျံ့နှံ့သွားသည်။ မြေပြင်က စတင်တုန်ခါလာ၏။ ကျန်းရီက မြေအောက်တွင်ပင် ရှိနေသေးသည်။ သူသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ယူပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်ပြေးရန် ဟန်ပြင်နေ၏။ ယခုတွင် ငလျင်တစ်ခု ဖြစ်ပေါ်လာပေပြီ။ မြေကြီးက ပို၍ပင် ပြင်းထန်စွာ တုန်ခါနေသည်။ ထို့ကြောင့် သူ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနိုင်တော့ပေ။
‘ချီးပဲ...’
ကျန်းရီ မျက်နှာပျက်သွား၏။ သူ၏ လောဘက သူ့ကို ပြဿနာတက်စေလိမ့်မည်ဟု သူ မထင်ထားချေ။ ယခုမှတော့ ရွေးချယ်စရာမရှိတော့ပေ။ သူ သူ၏နတ်ဘုရားလက်စွပ်အတွင်းမှနေ၍ အရည်ကျိုနတ်ဘုရားမီးဖိုကို ထုတ်လိုက်သည်။
“ချိုးရှန်... မျိုးမစစ်အိုကြီး သေပေတော့”
ထိုအခိုက်အတန့်တွင် ကျန်းရီ၏ နောက်မှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာသည်။ သူ့နားထဲတွင်လည်း အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသည်။
“မိုရှင်း... ချိုးရှန်ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို လွှင့်ပစ်ပြီး ထွက်ပြေးတော့။ ငါ မင်းအတွက် ဓားခုတ်ကောင်ကို တားပေးထားမယ်။ မင်း ဟော်ရန်နဲ့ မုန့်နုန်တို့ လက်ထဲက လွတ်နိုင်၊ မလွတ်နိုင်ဆိုတာတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနဲ့... မုန့်နုန်က အာကာပြင်ကို ထိန်းချုပ်နိုင်တယ်”
‘မိုရှန်း...’
ကျန်းရီ အံ့အားသင့်သွား၏။ မိုရှန်း၏ နောက်ဆုံးစကားက သူ့ကို ရင်ခုန်မြန်သွားစေသည်။ မိုရှန်းက သူမည်သူဖြစ်ကြောင်း သိထားပြီးပေပြီ။ သို့သော် မိုရှန်းသည် သူ့ကို ကူညီရန် ဓားခုတ်ကောင်ကို တားပေးထားမည်ဟု ဆိုနေ၏။ ယင်းက မိုယောင်အာအတွက်ဖြစ်ကြောင်း ထင်ရှားပေသည်။
ဝှစ်...
ကျန်းရီသည် ချိုးရှန်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို အရှေ့မှနေ၍ သူ့ထံသို့ ပြေးဝင်လာသည့် ဓားခုတ်ကောင်ထံ ပစ်လိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်လေများကို ထုတ်၍ မြေပြင်ထက်သို့ တက်လိုက်၏။ တစ်ချိန်တည်းမှာပဲ သူ အော်ပြောလိုက်သည်။
“ချိုးရှန်က သေသွားပြီ။ ခင်ဗျားတို့ သူ့ရဲ့ နတ်ဘုရားလက်နက်တွေကို ယူနိုင်တယ်။ ကျွန်တော် အဲ့ဒါတွေကို မလိုချင်ဘူး”
“ခွေးအိုကြီး ချိုးရှန်က သေသွားပြီလား။ ဟားဟားဟား... အခု သူ့ရဲ့ နတ်ဘုရားလက်နက်တွေ အကုန်လုံးက ငါ့ဟာပဲ”
မိုရှန်းက စိတ်လှုပ်တရှား ရယ်လိုက်သည်။ သူသည် မြေပြင်ထက်သို့ ရောက်နေပြီဖြစ်သော ကျန်းရီကို အရေးမစိုက်တော့ဘဲ အရှေ့သို့ လျင်မြန်စွာ သွားလိုက်ပြီး မလှမ်းမကမ်းရှိ ဓားခုတ်ကောင်ကို အော်ပြောလိုက်သည်။
“ဓားခုတ်ကောင်... ရှေးဟောင်းနတ်ဘုရားလက်စွပ်က ငါ့ဟာပဲ။ ထွက်သွား...”
ဓားခုတ်ကောင်က လျင်မြန်စွာ သွားနိုင်သော်လည်း မြေအောက်လမ်းကြောင်း မတူးနိုင်ပေ။ သူ ဆန်းကြယ်သော စွမ်းရည်တစ်ခုကို သုံး၍ မြေအောက်လမ်းကြောင်း တူးနိုင်လျှင်ပင် အမြန်နှုန်းက အလွန်နှေးပေလိမ့်မည်။ မိုရှန်းက အနက်ရောင်အလင်း တောက်ပနေသော လက်သည်းများကို မြှောက်၍ သူ့အရှေ့သို့ ရောက်နေပေပြီ။ ထို့ကြောင့် သူ ကျန်းရီအနောက်သို့ လိုက်လိုလျှင်ပင် လိုက်နိုင်တော့မည် မဟုတ်ပေ။
ဓားခုတ်ကောင်သည် ကျန်းရီနှင့် မိုရှန်းတို့ ပြောနေသော စကားများကို ကြားခဲ့၏။ သူ့မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များ လက်သွားသည်။ သို့သော် သူ ချက်ချင်း အသိပြန်ကပ်လိုက်ပြီး ချိုးရှန်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို လက်တစ်ဘက်ဖြင့် လှမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ အော်ပြောလိုက်သည်။
“မိုရှန်း... မင်း မသေချင်ရင် လမ်းဖယ်လိုက်”
ကျန်းရီက မြေပြင်ပေါ်သို့ တက်သွားသော်လည်း ဓားခုတ်ကောင် လုံးဝမစိုးရိမ်ပေ။ မုန့်နုန်က အာကာပြင်ကို ထိန်းချုပ်နိုင်သည်။ ထို့ပြင် ဟော်ရန်လည်း ရှိနေသည်။ သို့ဖြစ်ရာ ကျန်းရီက မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။ နောက်ဆုံးတွင် သူ သေရမည်သာ။
***