သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရား
Vol. 75 Ch. 1042
ကျန်းရီကလည်း ဓားခုတ်ကောင်နားလည်သလို နားလည်၏။ သူ့တွင် ပြေးစရာမြေ မရှိပေ။ အာကာပြင်က အဆက်မပြတ် ထိန်းချုပ်ခံထားရသည်။ သို့သော် ဓားခုတ်ကောင်က မြေအောက်ထဲတွင် ရှိနေ၍ ကျန်းရီ ရွေးချယ်စရာမရှိတော့ဘဲ မြေပြင်ထက်သို့ ထွက်လာရသည်။
ကျန်းရီ မြေအောက်ထဲတွင် အခြားလမ်းကြောင်းများအတိုင်း ထွက်ပြေးနိုင်၏။ သို့သော် ဓားခုတ်ကောင်က သူ့နောက်သို့ ဆက်လိုက်လာဦးမည်ဖြစ်သည်။ မိုရှန်းကလည်း ဓားခုတ်ကောင်ကို အကြာကြီး ထိန်းထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် အညံ့ခံမည်လော သို့မဟုတ် ဓားခုတ်ကောင်တို့နှင့် တိုက်ခိုက်မည်လောကိုသာ ရွေးချယ်နိုင်တော့သည်။
အကြွေးကို အပြည့်အဝ ပြန်ဆပ်ရပေမည်။
ကျန်းရီက အမြဲ ထိုသို့သာ ပြုမူခဲ့သည်။ မိုရှန်းက သူ့ကို ကယ်ရန် အသက်ကိုရင်း၍ စွန်စားခဲ့သည်။ သူသည် အဘယ်သို့ မိုရှန်းကို သေခွင့်ပြုနိုင်ပါမည်နည်း။ မိုရှန်းသာ သေသွားလျှင် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် မိုယောင်အာတို့က သေချာပေါက် အခက်အခဲများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကျန်းရီ မြေအောက်လမ်းကြောင်းများအတိုင်း ထွက်မပြေးရန် ရွေးချယ်ခဲ့ခြင်းမှာ အရေးကြီးသော အခြားအကြောင်းတစ်ခုကြောင့်လည်းပါသည်။ ဟော်ရန်၊ မုန့်နုန်နှင့် ဓားခုတ်ကောင်တို့က ဤနေရာသို့ ရောက်နေပြီဖြစ်သည်။ ယင်းမှာ ချောင်ဖေးဝမ်ကလည်း ကျားနိုင်တောင်တွင် မကျန်ခဲ့ဟူသော အဓိပ္ပာယ်ပင်။ ချိုးရှန် မြေအောက်ထဲသို့ ဝင်လာခဲ့ကတည်းက ချောင်ဖေးဝမ်ကလည်း နောက်မှလိုက်လာခဲ့မည်ဖြစ်ကြောင်း ကျန်းရီ သေချာသည်။ အကယ်၍ ကျန်းရီသာ မြေအောက်ထဲတွင် ဆက်နေလိုက်လျှင် ချောင်ဖေးဝမ်နှင့် ဝင်တိုးနိုင်သည်။
ထို့ကြောင့် ကျန်းရီသည် အများစုက သေလမ်းဟု ယူဆမည့် လမ်းကို ရွေးချယ်ခဲ့ခြင်းပင်။ ထိုလမ်းကို ရွေးမှသာ သူ အသက်ရှင်နိုင်ရန် အခွင့်အရေးရပေလိမ့်မည်။ သူ ထွက်ပြေးလိုလျှင် ကောင်းကင်ရှောင်တိမ်းခြင်းဖြင့်သာ ထွက်ပြေးနိုင်သည်။ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်ရန် သူ မုန့်နုန်ကို သတ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မုန့်နုန်က အာကာပြင်ကို ထိန်းချုပ်နိုင်သောကြောင့်ပင်။ သူ မုန့်နုန်ကို မသတ်နိုင်လျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်မည် မဟုတ်ပေ။
ဝုန်း...
တစ်စုံတစ်ခုက ကျန်းရီ၏ ခန္ဓာကိုယ်အနားတွင် ပေါက်ကွဲသွား၏။ မြေပြင်ထက်တွင် ဧရာမမီးမြွေကြီးတစ်ကောင်က သူ့ကို ကြိုဆိုလိုက်သည်။ ၎င်း၏ မီးတောက်များက မီးနဂါးမျိုးနွယ် ထုတ်လွှတ်နိုင်သော စွမ်းအားအကြီးဆုံး မီးတောက်များဖြစ်သည်။ ယင်းက မီးမြွေအကပင်။
မီးမြွေအကကို နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က ထုတ်လွှတ်လိုက်ခြင်းပင်။ ၎င်းက ကြောက်မက်ဖွယ် စွမ်းအားပမာဏကို သယ်ဆောင်ထားပုံပေါ်သည်။ ငါးကီလိုမီတာပတ်လည်အတွင်းရှိ ရေခဲအားလုံး အရည်ပျော်သွားပြီး ရေခိုးရေငွေ့များက ကောင်းကင်ရှိ နေမင်းကိုပင် မှိန်သွားစေသည်။ အနီးတွင် ပုန်းအောင်းနေသော ထောက်လှမ်းရေးများက နောက်ဆုတ်သွားကြသည်။ သူတို့ အရှင်လတ်လတ် မီးမြှိုက်ခံရလုနီးပါး ဖြစ်ခဲ့သည် မဟုတ်လော။
‘အင်း... ဒီမီးတောက်က သန့်စင်ပြီးတဲ့ မိုးကြိုးမီးနဲ့ ယှဉ်နိုင်တယ်။ တော်တော် စွမ်းအားကြီးတာပဲ’
ကျန်းရီ ခေါင်းဆတ်လိုက်၏။ ထိုကဲ့သို့သော မီးတောက်များက ကောင်းကင်ဧကရာဇ်များကိုပင် သတ်နိုင်သည်။ နှင်းဒေသတွင် မီးနဂါးမျိုးနွယ်က မီးအတတ်ကို အကျွမ်းကျင်ဆုံးမျိုးနွယ်ဖြစ်သည်။
သို့သော်...
ကျန်းရီက မီးနှင့်ကစားရာတွင် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ဟော်ရန်မသိပေ။ သူသည် ထိုထက်ပိုကြောက်မက်ဖွယ်ကောင်းသော မီးတောက်များဖြင့်ပင် ကစားခဲ့ဖူးသည်။ ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရင်ဆိုင်ခဲ့ရသော မီးဝိညာဉ်ကျောက်သည်ပင် ယခုမီးတောက်များနှင့် ယှဉ်နိုင်သည်။
ကျန်းရီထံတွင် ရတနာတစ်ခုရှိသည်။ ထိုရတနာက သူ၏အသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့သည်။ ယင်းက ကျန်းရီ မြင်ဖူးသမျှ မီးဒဏ်ခံရတနာများထဲတွင် စွမ်းအားအကြီးဆုံးလည်းဖြစ်သည်။ ထိုကဲ့သို့သော ရတနာမျိုး နောက်တစ်ခု မရှိချေ။
ရွှီး...
ကျန်းရီ၏ အင်္ကျီလက်ထဲရှိ မီးဝိညာဉ်ပုလဲက လင်းလက်လာ၏။ ပမာဏကြီးသော စွမ်းအားတစ်ခုက သူ့ကိုယ်တွင်းသို့ ဝင်သွားပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကြည်ရောင်ဒိုင်းတစ်ခု ဖြစ်ပေါ်လာစေလေသည်။ ယင်းက သူ့ခန္ဓာကိုယ်ကို အပူဒဏ်မှ ကာကွယ်ပေးရုံသာမက မီးမြွေက ထုတ်လွှတ်နေသော မီးတာက်များကိုလည်း စုပ်ယူပေးသည်။
“သေပေတော့...”
ဧရာမမီးမြွေကြီးက ကျန်းရီ၏တစ်ကိုယ်လုံးကို မျိုလိုက်၏။ ၎င်း၏ မျက်ဝန်းများက အေးစက်ခက်ထန်သည်။ ယခုတွင် ကျန်းရီက ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်၏ပုံစံနှင့်ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို ဖောက်မြင်နိုင်သည်။ သူသည် မီးမြွေ၏ခန္ဓာကိုယ်ကို ဖြတ်၍ ပြန်ထွက်လာ၏။ မီးတောက်များက သူ့အပေါ် မည်သို့မှ မသက်ရောက်နိုင်ပေ။
“အာ...”
ဟော်ရန် ရင်ခုန်မြန်သွားပြီး အံ့အားသင့်သွားသည်။ သူ့မီးတောက်များ၏ စွမ်းအားကို သူသိ၏။ သို့သော် ကျန်းရီက နတ်ဘုရားဒိုင်း မထုတ်ဘဲနှင့်ပင် ထိုမီးတောက်များကို ခုခံနိုင်နေသည်။ ထို့ကြောင့် သူ အမြင်မှားခြင်းလောဟုပင် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
“လေခွင်း လျှပ်တစ်ပြက်သတ်ကွက်”
ကျန်းရီသည် ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ဟော်ရန်ထံသို့ ဦးတည်ပျံသန်းသွား၏။ သူသည် ဝိညာဉ်လေများကို တိတ်တဆိတ် ထုတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း သူ့အရှေ့တွင် ဝိညာဉ်လေနတ်ဘုရားဒိုင်း ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဝိညာဉ်လေများကို စုစည်းကာ ဝိညာဉ်လေဓားများ ဖန်တီး၍ ဟော်ရန်ထံသို့ ပစ်လွှတ်လိုက်သည်။
“ဒါက... ဒါက...”
ဟော်ရန်ကလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်၍ နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ တုံ့ပြန်နိုင်စွမ်းက မည်မျှ မြန်မည်နည်း။ သူသည် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို အာရုံခံမိလိုက်သောအခါ အံ့အားသင့်သွား၏။ ကျန်းရီက ဝိညာဉ်လေနတ်ဘုရားဒိုင်းကို သုံး၍ မီးမြွေအကကို ခုခံခဲ့ခြင်းလော။
ဟော်ရန်၏ မျက်နှာပေါ်တွင် အရှက်ရသည့် အရိပ်အယောင်များ တစ်စက္ကန့်မျှ ပေါ်လာသည်။ သူက မီးနဂါးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ပြီး နှင်းဒေသတွင် မီးအတတ်ကို အကျွမ်းကျင်ဆုံးသူဖြစ်သည်။ သို့သော် သူသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်လေးကိုပင် မသတ်နိုင်သည်လော။ လူများစွာက ဤတိုက်ပွဲကို ကြည့်နေရာ သူ အရှက်ရ,ရပေသည်။ ထို့ကြောင့် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“ဟွန်း... မင်းရဲ့ ခုခံစွမ်းရည်က ဘယ်လောက်အားကောင်းလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ မင်းကို စွမ်းအားကြီးဆုံး ကောင်းကင်ဝါးမျိုနတ်ဆိုးမီးတောက်ကို မြည်းစမ်းခိုင်းမယ်”
ဟော်ရန်သည် လက်နှစ်ဘက်ဖြင့် အဝိုင်းပုံ ပြုလိုက်ပြီး အဝိုင်းပုံလက်ဟန်ကို နောက်ပြန်လှန်လိုက်၏။ သူ့လက်နှစ်ဘက်ကြားတွင် အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။ မီးတောက်က ဟော်ရန်၏ လက်များအကြားတွင် ယိမ်းထိုးနေ၏။ ပတ်ဝန်းကျင် အပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာလေသည်။ ဟော်ရန်က သူ့လက်များအကြားတွင် မိစ္ဆာတစ်ကောင်ကို ဖန်တီးနေသကဲ့သို့ပင်။
“သွား...”
ထို့နောက် ဟော်ရန်သည် လက်နှစ်ဘက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ အနက်ရောင်မီးတောက်လုံးက ရုတ်ခြည်း ပျံထွက်သွားလေသည်။ ဝိညာဉ်လေဓားနှစ်ချောင်းက ပြာကျသွား၏။
‘ဒီမီးတောက်က အရမ်းစွမ်းအားကြီးတာပဲ။ အဲ့မီးတောက်က ယန်ကိုးပါးသမာဓိမီးတောက်ထက် ပိုအားကောင်းလောက်ပေမယ့် နိဗ္ဗာန်မီးတောက်လောက်တော့ အားမကောင်းဘူး’
ကျန်းရီသည် မီးတောက်လုံး၏ အပူချိန်ကို အာရုံခံကြည့်ပြီးနောက် မီးတောက်၏ အဆင့်ကို ခန့်မှန်းလိုက်၏။ ထိုမီးတောက်က သူ့ကို အနည်းငယ်ပင် မစိုးရိမ်စေပေ။ သူ့လက်တစ်ဘက်စီတွင် ဓားပျော့တစ်ချောင်းနှင့် အနက်ရောင်ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ အခြေအနေက ဤသို့ပင် ဖြစ်လာပြီဖြစ်၍ သူ မည်သည့်စွမ်းအားကိုမှ ဖုံးကွယ်ထားရန် မလိုတော့ပေ။ ဤနေရာတွင် သူ မသေသွားရန်သာ အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။
“မိုးကြိုးအမျက်၊ နတ်ဘုရားအသံ ကောင်းကင်အတတ်”
ကျန်းရီက အော်လိုက်ပြီး ဓားနှစ်လက်ကို လှုပ်ခါလိုက်၏။ ကောင်းကင်ထက်မှ လေများ ရုတ်ခြည်း လည်ပတ်လာသည်။ လျှပ်စီးတန်းတစ်ခုကလည်း ညကောင်းကင်ကို ဖြတ်သန်း၍ ဟော်ရန်၏ နတ်ဘုရားဒိုင်းကို ထိမှန်သွားသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်အသံတစ်သံကိုလည်း ကြားလိုက်ရသည်။ ပတ်ဝန်းကျင်မှ ထောက်လှမ်းရေးများသည် သူတို့၏ခေါင်းများကို လက်ဖြင့်ဆုပ်ကိုင်ကာ လူးလှိမ့်သွားကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ဝိညာဉ်လေဓားနှစ်ချောင်းက ပြာကျသွားပြီဖြစ်သော်လည်း နောက်ထပ်ရှစ်ချောင်း ကျန်ပေသေးသည်။ ၎င်းတို့က ဟော်ရန်၏ နတ်ဘုရားဒိုင်းဆီသို့ ပြင်းထန်စွာ ပျံဝင်သွားကြသည်။ ကျန်းရီသည် သူသိသမျှ အတတ်အားလုံးနီးပါးကို ထုတ်သုံးလိုက်ပြီဖြစ်သော်လည်း သက်တန့်ဝိညာဉ်လှံကိုမူ ထုတ်မသုံးသေးပေ။ ဟော်ရန် ထုတ်လွှတ်လိုက်သော မီးတောက်များက သူ့ထံသို့ ပျံဝင်လာပြီ မဟုတ်ပါလား။ သက်တန့်ဝိညာဉ်လှံက ထိုမီးတောက်များကို မခုခံနိုင်လောက်ပေ။
‘ဟုတ်ပြီ...’
နတ်လျှပ်စီး ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် ဟော်ရန်၏ နတ်ဘုရားဒိုင်းက တုန်ခါသွား၏။ ကျန်းရီ မိုးကြိုးအမျက်ကို မသုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ တာအိုပုံသဏ္ဌာန်များက သိုင်းသမား၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အတိတ်တွင် သူ၏ အတွင်းအားအဆင့်က နိမ့်ခဲ့သည်ပင် မိုးကြိုးအမျက်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုပင် သတ်နိုင်ခဲ့သည်။ ယခုတွင် သူ၏အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီဖြစ်ရာ မိုးကြိုးအမျက်ကလည်း ပို၍ စွမ်းအားကြီးလာလေသည်။ မိုးကြိုးလျှပ်စီးတစ်ချက်က ဟော်ရန်၏ နတ်ဘုရားဒိုင်းကိုပင် ဖျက်ဆီးနိုင်လုနီးနီး အစွမ်းထက်လာသည်။
“အာ...”
နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း ယခုတွင် ပို၍ စွမ်းအားကြီးလာပေပြီ။ ကျန်းရီ၏ ဝိညာဉ်နှင့် အတွင်းအားအဆင့်က သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူ၏စွမ်းအားကလည်း ယခင်ကအတိုင်း ဆက်ရှိနေမည် မဟုတ်ပေ။ ဟော်ရန်သည် ထူးဆန်းသော အသံများကို ကြားလိုက်သောအခါ တုန်လှုပ်သွားသော်လည်း ချက်ချင်း စိတ်ထိန်းလိုက်၏။ သူ၏နတ်ဘုရားဒိုင်းက အားနည်းလာကြောင်းကိုလည်း သူ သိလိုက်သည်။ ယခုတွင် ဝိညာဉ်လေဓားများက သူ့ထံသို့ ဦးတည်လာနေပေပြီ။ သူ နောက်တစ်စက္ကန့်မျှ ထပ်၍တွေဝေလိုက်လျှင် သူ၏နတ်ဘုရားဒိုင်းက သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
“ကောင်စုတ်...”
သို့သော် အခြားအရာတစ်ခုက ဟော်ရန်ကို ပို၍ပင် တုန်လှုပ်သွားစေသည်။ သူ၏ မီးတောက်များက ကျန်းရီကို ထိမှန်သွားသော်လည်း ကျန်းရီက အနည်းငယ်ပင် ထိခိုက်မသွားခဲ့ပေ။ ထိုအစား မီးတောက်များကသာ ပျောက်ကွယ်သွားခဲ့သည်။ ဟော်ရန်သည် သူ့ကိုယ်သူ ချက်ချင်း ပြန်ထိန်းလိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“နတ်ဘုရားအသံ ကောင်းကင်အတတ်၊ မိုးကြိုးအမျက်နဲ့ စွမ်းအားအကြီးဆုံး မီးတောက်ကို ခုခံနိုင်တာ... မင်းက ကျန်းရီလား”
“အသိနောက်ကျသွားပြီ။ ကျွန်တော်က စေတီတောင်မှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို တစ်ကိုယ်တော် သတ်ပစ်ခဲ့တာ။ ခင်ဗျားကို သတ်ရတာက ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလောက် လွယ်တယ်။ သေပေတော့”
ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်တန်းများ လင်းလက်လာ၏။ ထို့နောက် သူ အထက်သို့ ပျံတက်သွားလိုက်သည်။ သူ အထက်သို့ မီတာသုံးဆယ် ပျံတက်ပြီးတိုင်း သူ၏အရှိန်အဝါက ပိုအားကောင်းလာသည်။ သူ၏အော်သံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ သူ၏လက်ထဲမှ ဓားများကလည်း ထပ်မံ လှုပ်ယမ်းသွားပြီး ကောင်းကင်ထက်တွင် လျှပ်စီးများ ထပ်မံထွက်ပေါ်လာသည်။ ကျန်းရီ၏ အမိန့်အောက်တွင် ညကောင်းကင်တစ်ခြမ်းလုံး လင်းလက်သွား၏။ ကျန်းရီသည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေပေသည်။
“အာ...”
ဟော်ရန်၏ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ သေရတော့ပေမည်။ သူ၏ စွမ်းအားအကြီးဆုံး မီးတောက်က ကျန်းရီကို အနည်းငယ်ထိခိုက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။ နှင်းဒေသတွင် သူတို့မျိုးနွယ်က မီးအတတ်ကို အကျွမ်းကျင်ဆုံးဖြစ်သည်။ သို့သော် သူတို့၏ ကျန်အတတ်များမှာ သာမန်သာ။ ထို့ကြောင့် သူသည် ကျန်းရီ၏ စကားများကို ကြားလိုက်သောအခါ ကြောက်ရွံ့သွားလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အဝေးရှိ တောင်ကုန်းတစ်ခုပေါ်သို့ လူတစ်ယောက် ဆင်းသက်လာ၏။ သူက လေထဲသို့ လက်နှစ်ဘက်စလုံး မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လေထုအလွှာများက လည်ပတ်လာသည်။ အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင် မုန့်နုန် ရောက်လာပေပြီ။
ဟော်ရန်က မုန့်နုန်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လျှပ်စီးတန်းက သူ၏ နတ်ဘုရားဒိုင်းအပေါ်သို့ ကျလာရာ နတ်ဘုရားဒိုင်း တုန်ခါသွားသည်။ ထို့ကြောင့် သူ တုန်လှုပ်သွားပြီး အတွင်းအား ထုတ်၍ နတ်ဘုရားဒိုင်းကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူ ထပ်မံ မတိုက်ခိုက်တော့ဘဲ မုန့်နုန်ဆီသို့ ထွက်ပြေးသွားလိုက်လေသည်။
“အဲ့ဒါက...”
မရေမတွက်နိုင်သော ထောက်လှမ်းရေးများနှင့် သိုင်းသမားများ မှင်တက်သွားကြသည်။ ဟော်ရန်က နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းမှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကျန်းရီကိုကြောက်၍ ထွက်ပြေးနေသည်လော။
***