← Chapters

သေသည်အထိ တိုက်ခိုက်မည်

Vol. 75 Ch. 1043

သေသည်အထိ တိုက်ခိုက်မည်

Vol. 75 Ch. 1043

ကျန်းရီ၏ အမည်က ကျော်ကြားသည်။ သူက စေတီတောင်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ပစ်ခဲ့သည်။ သူတို့က မြောက်ဘက်ဧကရာဇ်၏ သိုင်းခန်းမမှ နတ်ဘုရားတစ်ပိုင်းများဖြစ်ကြသည်။ ထို့ပြင် မြောက်ဘက်ဧကရာဇ် ကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း ကျန်းရီက အထိအခိုက်မရှိ လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် နှင်းဒေသတစ်ခွင်လုံးသည် ကျန်းရီက ကြယ်ခုနစ်ပွင့် သို့မဟုတ် ကြယ်ရှစ်ပွင့် သိုင်းပညာရှင်တစ်ယောက်နှင့်ပင် ယှဉ်နိုင်သော လူတစ်ယောက်ဟု တွေးကြသည်။

ယခုတွင် ဟော်ရန်၏ အရာအားလုံးကို လောင်ကျွမ်းနိုင်သော စွမ်းအားအကြီးဆုံး မီးတောက်သည်ပင် ကျန်းရီကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ကျန်းရီကသာ မီးတောက်များကို စုပ်ယူသွားခဲ့သည်။ သို့ဖြစ်ရာ ဟော်ရန်က သူ့ကို ကြောက်မည်ဆိုလျှင်လည်း ကြောက်လောက်ပေသည်။ မည်သူမှ မသေလိုပေ။ နတ်ဘုရားတစ်ပိုင်းများက နတ်ဘုရားတစ်ပိုင်းသာဖြစ်သည်။ နတ်ဘုရားအစစ်အမှန် မဟုတ်သေးချေ။ ထို့ကြောင့် ဟော်ရန် ထွက်ပြေးခြင်းကို နားလည်ပေးနိုင်ပေသည်။

ဟော်ရန်က အကြောက်တရားတစ်ခုတည်းကြောင့် ထွက်ပြေးခြင်း မဟုတ်ပေ။ သူသည် မုန့်နုန် ထွက်ပေါ်လာသည်ကို တွေ့လိုက်၍ မုန့်နုန်၏အနောက်တွင် သွားနေရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူတို့ မျိုးနွယ်သုံးခုက နှစ်ပေါင်းများစွာ မဟာမိတ်ဖွဲ့ခဲ့ပြီး မျိုးနွယ်နှစ်ခုက အမွေးရှည်ဆင်မျိုးနွယ်၏အနောက်တွင် ရပ်ခဲ့ကြသည်။ လူပုမျိုးနွယ်က တိုက်ခိုက်ခြင်းရော ခုခံခြင်းတွင်ပါ အကူအညီပေးနိုင်သော်လည်း မီးနဂါးမျိုးနွယ်က တိုက်ခိုက်ခြင်းအတွက်သာ တာဝန်ယူခဲ့ရသည်။ သူတို့က ခုခံခြင်းတွင် မတော်ပေ။ မုန့်နုန်က အရှေ့တွင် ရှိနေလျှင် ဟော်ရန်တစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားမည်ကို စိုးရိမ်ရန်လိုမည် မဟုတ်ပေ။

“ကျန်းရီလား...”

မုန့်နုန်သည် ဟော်ရန်၏ စကားကို ကြားလိုက်၏။ ထို့ကြောင့် သူ အတန်ငယ် တုန်လှုပ်သွားသည်။ သို့သော် ဒေါသက သူ့ကို လျှင်မြန်စွာ လွှမ်းမိုးသွားသည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူက နှင်းဒေသသို့လာ၍ ပြဿနာရှာနေခြင်းလော။ ထို့ပြင် နှင်းဒေသတစ်ခုလုံး ဗြောင်းဆန်နေခြင်းမှာ ထိုသူ့ကြောင့်လော။ မုန့်နုန် အလွန်‌ဒေါသထွက်နေပေပြီ။ သူသည် သူ၏ခုခံစွမ်းရည်ကို ယုံကြည်မှုရှိ၏။ သူသည် လက်သီးနှစ်လုံးကို မြှောက်၍ တောင်ငယ်တစ်လုံးအလား ကျန်းရီထံသို့ ပျံသန်းသွား၏။ လေထုအလွှာများက လည်ပတ်လာပြီး ကောင်းကင်တွင် ဂယက်များ ထလာစေသည်။ ထို့ကြောင့် ကျန်းရီ၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည်။ သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

“သတ်...”

ကျန်းရီ ပြန်မဆုတ်လိုက်ပေ။ မုန့်နုန်ကို မသတ်နိုင်လျှင် သူ သေရပေမည်။ ထို့ကြောင့် သူသည် ဓားပျော့ကို ပြန်သိမ်းလိုက်ပြီး မုန့်နုန်အနီးသို့ လျင်မြန်စွာ ပျံသွားလိုက်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က နတ်ဘုရားတစ်ပိုင်းများအပေါ် မသက်ရောက်နိုင်ချေ။ နတ်ဘုရားတစ်ပိုင်းများက နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် သာမန် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မှုစရာမလိုပေ။

စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အလုပ်မဖြစ်သဖြင့် ကျန်းရီ တာအိုပုံသဏ္ဌာန်များကိုသာ မှီခိုရပေမည်။

ကျန်းရီ သံနက်ဓားကိုလည်း ပြန်သိမ်းလိုက်သည်။ သူ မီးနဂါးဓားကို မသုံးခဲ့သည်မှာ ကြာပေပြီ။ သူ့အရှေ့တွင် ဓားရှည်တစ်ချောင်း လှုပ်ယမ်းထွက်ပေါ်လာ၏။ ထို့နောက်တွင် ကောင်းကင်ထက်မှ နတ်လျှပ်စီးက မုန့်နုန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းရီ၏ မီးနဂါးဓားက လင်းလက်လာ၏။ ထို့နောက် ကျန်းရီသည် အစောတွင် ဟော်ရန်ထံမှ စုပ်ယူထားသော ကောင်းကင်ဝါးမျိုနတ်ဆိုးမီးကို စတင် ထုတ်လွှတ်လိုက်သည်။ သောင်းချီသော မီးနဂါးများက အပူလှိုင်းများကဲ့သို့ မုန့်နုန်ဆီသို့ ပျံထွက်သွား၏။

“ဝိညာဉ်လေဓား”

ကျန်းရီသည် လွတ်နေသော လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများကို ထုတ်လွှတ်လိုက်၏။ ဝိညာဉ်လေများက ဝိညာဉ်လေဓားများအဖြစ် စုစည်းသွားသည်။

ကျန်းရီက တိုက်ခိုက်မှုသုံးမျိုးကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ခြင်းပင်။ သူသည် မုန့်နုန်ကို သတ်နိုင်ရန် မမျှော်လင့်ပေ။ မုန့်နုန်က ပြန်ဆုတ်သွားပြီး လေထုအလွှာများကို ဆက်မထိန်းချုပ်တော့ရန်သာ သူ ရည်ရွယ်ထားသည်။ သို့ဆိုလျှင် သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးနိုင်ပေလိမ့်မည်။

အပြောလွယ်သော်လည်း အလုပ်ခက်သည်။

မုန့်နုန်က မျက်မှောင်ကြုတ်ကာ အာရုံစိုက်ထား၏။ သူက ပြန်ဆုတ်မည့်ပုံ မပေါ်ပေ။ သူသည် လက်နှစ်ဘက်ကို ပိုလျှင်မြန်စွာ ဝှေ့ယမ်း၍ သူ့ပတ်ပတ်လည်မှ လေထုအလွှာများကို ထိန်းချုပ်လိုက်သည်။ သူ့တွင် ကျန်းရီ၏ တိုက်ခိုက်မှုသုံးမျိုးကို ခုခံရန် ဗျူဟာတစ်ခုသာရှိသည်။ ယင်းမှာ အင်အားကိုသုံးရန်ပင်။

ဝုန်း...

နတ်လျှပ်စီးက ပထမဆုံး တိုက်ခိုက်လိုက်သည်။ မုန့်နုန်၏ နတ်ဘုရားဒိုင်းက တုန်ခါသွားပြီး ခပ်မှိန်မှိန် လင်းလက်လာ၏။ ဝိညာဉ်လေဓား ဆယ်ချောင်းကလည်း ဆက်တိုက်ဆက်၍ တိုက်ခိုက်သည်။ ထို့ကြောင့် နတ်ဘုရားဒိုင်းက တလက်လက် တောက်ပသွားသည်။ သို့သော် မပျက်စီးသွားသေးပေ။

ထိုဝိညာဉ်လေဓားများက ထိပ်တန်း ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကိုပင် ဖျက်ဆီးနိုင်ခဲ့သော ဓားများဖြစ်သည်။ ထို့ကြောင့် မုန့်နုန်၏ နတ်ဘုရားဒိုင်းက မည်မျှ ခိုင်မာကြောင်း သိနိုင်ပေသည်။ နောက်ဆုံးတွင် ကောင်းကင်ဝါးမျိုနတ်ဆိုးမီးတောက်များက မုန့်နုန်ကို ထိမှန်သွားသည်။ မုန့်နုန်၏ အရေပြားက ချက်ချင်း ရဲသွား၏။ ယခုတွင် သူ့နတ်ဘုရားဒိုင်းက စက္ကူတစ်စကဲ့သို့ အားနည်းနေပေပြီ။ သို့သော် ၎င်းက မပျက်စီးသွားချေ။ မုန့်နုန် အတွင်းအား ထုတ်လိုက်၏။ နတ်ဘုရားဒိုင်းက ထပ်မံ တောက်ပလာသည်။

ဝှစ်...

ဟော်ရန်က မုန့်နုန်၏အနောက်မှ ပျံထွက်လာပြီး ကောင်းကင်ဝါးမျိုနတ်ဆိုးမီးတောက်များထံ လက်တစ်ဘက် ဆန့်တန်းလိုက်၏။ နတ်ဆိုးမီးတောက်များက သူ၏လက်ဖဝါးအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ကျန်းရီ၏ တိုက်ခိုက်မှုသုံးမျိုးစလုံးကို ဖြတ်ကျော်ပြီးပေပြီ။ ကောင်းကင်မှနေ၍ နတ်လျှပ်စီး ကျဆင်းနေသေးသော်လည်း ယင်းက မုန့်နုန်၏ နတ်ဘုရားဒိုင်းကို ဖျက်ဆီးနိုင်လောက်အောင် စွမ်းအားမကြီးပေ။

“ငါ့ကို တိုက်ရတာ ကောင်းတယ်မလား။ ဒါပေမဲ့ အခု ငါ့အလှည့်ရောက်ပြီ”

မုန့်နုန် ပြုံးလိုက်သည်။ သူက ပြုံးနေသော်လည်း သူ့မျက်နှာပေါ်တွင် အသားများစွာ ရှိနေရာ အပြုံးက ကျောချမ်းဖွယ်ဖြစ်နေပေသည်။ ထို့နောက် သူသည် ညာဘက်လက်သီးဆုပ်၍ အရှေ့သို့ ထိုးချလိုက်၏ ဤတစ်ကြိမ်တွင် လေထဲ၌ လှိုင်းဂယက်များအစား ရွှေရောင် လက်သီးပုံရိပ်များ ထွက်ပေါ်လာသည်။ လက်သီးပုံရိပ်များက မကြီးပေ။ စွမ်းအားကြီးသည်ဟုလည်း မထင်ရပေ။ ၎င်းတို့၏ ကြောက်စရာကောင်းသော တစ်ခုတည်းသောအရာမှာ လွန်စွာလျင်မြန်သော အမြန်နှုန်းပင်။

လက်သီးပုံရိပ်များက အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ပျံဝင်သွား၏။

ကျန်းရီက ထိုလက်သီးပုံရိပ်အားလုံးကို မည်သို့မှ ရှောင်နိုင်မည် မဟုတ်ပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် လက်သီးပုံရိပ်များက သူ့ထံသို့ ရောက်သွားသည်။ ကျန်းရီ၏ ခန္ဓာကိုယ်အရှေ့မှ ဝိညာဉ်လေနတ်ဘုရားဒိုင်းက တုန်ခါသွား၏။ သူလည်း ထိတိုက်မှုအဟုန်ကြောင့် နောက်သို့ လွင့်ထွက်သွားသည်။ ထိုထိချက်က ကျန်းရီ၏ ဝိညာဉ်လေများထံမှ စွမ်းအင်ကို ဖယ်ရှားပစ်လိုက်ကြောင်း ထင်ရှား၏။ ဝိညာဉ်လေနတ်ဘုရားဒိုင်းက အချိန်မရွေး ပျက်စီးသွားပေတော့မည်။

‘နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တကယ် လျှော့တွက်လို့ မရဘူးပဲ’

ကျန်းရီ စိုးရိမ်သွားသည်။ လက်သီးပုံရိပ်များက အဆင့်နိမ့် ရွှေဓာတ် တာအိုပုံသဏ္ဌာန်တစ်မျိုးပင်။ ယင်းက ကြယ်သုံးပွင့်အဆင့် ရှိရမည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ သေချာပေါက် ကြယ်ငါးပွင့်အဆင့်ထက်တော့ မမြင့်နိုင်ပေ။ သို့သော် ၎င်းတို့က အလွန်စွမ်းအားကြီးသည်ဟု ခံစားရသည်။ လက်သီးပုံရိပ်များက ဝိညာဉ်လေနတ်ဘုရားဒိုင်းကို လာရောက်မထိမှန်ခင်မှာပင် ကျန်းရီသည် သူ၏ကိုယ်တွင်းအင်္ဂါများက ၎င်းတို့၏ အရှိန်အဝါကြောင့် ထိခိုက်သွားသည်ဟုပင် ခံစားခဲ့ရသည်။

“မိုးကြိုးမီး...”

ကျန်းရီသည် ဝိညာဉ်လေများကို ထုတ်လွှတ်၍ ဝိညာဉ်လေနတ်ဘုရားဒိုင်းအသစ်တစ်ခု မဖန်တီးနိုင်တော့ပေ။ သူ မိုးကြိုးမီးကိုသာ မှီခိုရပေတော့မည်။ ထို့ကြောင့် သူ မိုးကြိုးမီးနတ်ဘုရားဒိုင်းတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။

ဘုန်း...

ဝိညာဉ်လေနတ်ဘုရားဒိုင်းက ပျက်စီးသွား၍ ကျန်းရီ နောက်သို့ မီတာဆယ်ချီ ထပ်မံလွင့်သွားသည်။ မိုးကြိုးမီးနတ်ဘုရားဒိုင်းက အချိန်မီ ပြီးမြောက်သွား၏။ သို့သော် ထိုမိုးကြိုးမီးနတ်ဘုရားဒိုင်းကလည်း ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။ ၎င်းက တစ်ခဏအတွင်း ပျက်စီးသွားမည်ဖြစ်ကြောင်း ကျန်းရီ သိသည်။

‘နတ်ဘုရားဒိုင်း...’

ထိတိုက်မှုအဟုန်များကြားတွင် ကျန်းရီက အတွင်းအားထုတ်၍ ကိုယ်ပိုင်နတ်ဘုရားဒိုင်း ဖန်တီးရန် ကြိုးစားလိုက်သည်။

နောက်ဆုံးတွင် ကျန်းရီ၏ နတ်ဘုရားဒိုင်း ပေါက်ကွဲထွက်သွားသည်။ ထိုသို့ဖြစ်လာမည်ကို ကျန်းရီ မျှော်လင့်ထားပြီဖြစ်သည်။ တော်သေးသည်မှာ လက်သီးပုံရိပ်များ၏ စွမ်းအားက တဖြည်းဖြည်း လျော့ကျလာခြင်းပင်။ ယခုတွင် ကျန်းရီက တောင်ကုန်းလေးတစ်ခုအတွင်း နစ်မြုပ်နေပေပြီ။ သူ့ရင်ဘတ်တွင်လည်း သိသာသော ချိုင့်ရာတစ်ခု ရှိနေသည်။ သူ၏ နံရိုးလေးချောင်းလည်း ကြိုးနေပြီဖြစ်သည်။ ထို့ကြောင့် သူ့ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ် စီးကျနေသည်။

“အရှေ့ဘက် တော်ဝင်နယ်မြေက ကျန်းရီ... မင်းက ဒီလောက်ပဲ တတ်နိုင်တာလား။ အဘိုးဟော် ခင်ဗျားက ဘာမှ အသုံးမကျဘူး။ ခင်ဗျား သူ့ကို‌တောင် ကြောက်ခဲ့တာလား”

မုန့်နုန်က ခပ်လှောင်လှောင် ပြုံးလိုက်သည်။ သူသည် စကားပြောနေသော်လည်း လက်ကို အဆက်မပြတ် လှုပ်ယမ်းနေဆဲပင်။ ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းမသုံးနိုင်ရန် သူ အာကာပြင်ကို ဆက်၍ထိန်းချုပ်ထားရပေမည်။

“ဟွန်း ကျုပ်က သူ့ကို ပြန်တိုက်ခိုက်ဖို့ နောက်ဆုတ်လာတာပါ”

ယခုတွင် ဟော်ရန်၏ မျက်နှာက နီရဲနေပေပြီ။ သူ အလွန် အရှက်ရနေသည်။ သူ ခပ်မာမာ ပြောနေသော်လည်း သူ၏မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များကို မြင်နေရလေသည်။ ကျန်းရီ၏ နတ်ဘုရားဒိုင်းကို ဖန်တီးနှုန်းနှင့် တုံ့ပြန်နှုန်းတို့ကို သူ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ကျန်းရီက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သေးပေ။ အစောတွင် ကျန်းရီသည် ချိုထောင်၍ သူ့ကို ခြောက်လှန့်ရန် ကြိုးစားခဲ့ခြင်းသာ။

“သေပေတော့...”

ဟော်ရန်သည် အလွန်အရှက်ရနေသဖြင့် မုန့်နုန်ကို ကျော်တက်ကာ ကျန်းရီထံ ပျံသန်းသွားလိုက်သည်။ သူ့လက်နှစ်ဘက်စလုံးက လေထဲတွင် လှုပ်ယမ်းသွား၏။ ဤတစ်ကြိမ်တွင် သူ ဧရာမမီးနဂါးကြီးတစ်ကောင်ကို ဖန်တီးလိုက်သည်။ အဖျက်အရှိန်အဝါတစ်ခုက ကျန်းရီကို လွှမ်းခြုံသွားလေသည်။

ဝုန်း...

နတ်ဘုရားတစ်ပိုင်း၏ တိုက်ခိုက်မှုက အလွန်လျင်မြန်သည်။ ကျန်းရီက ထိုတိုက်ခိုက်မှုကို မည်သို့မှ ရှောင်နိုင်မည် မဟုတ်ပေ။ သူလုပ်နိုင်သည်မှာ အံကြိတ်၍ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဖန်တီးကာ တိုက်ခိုက်မှုကို ခုခံရန်သာ။ သို့သော် ဤတစ်ခေါက် ထိတိုက်မှုအဟုန်က သူ့ကို တောင်ကုန်းအတွင်းသို့ အနည်းဆုံး မီတာသုံးဆယ် ထပ်နစ်မြုပ်သွားစေလေသည်။ တောင်ကုန်း၏ အပိုင်းအများစုကလည်း အဟုန်ကြောင့် ပေါက်ကွဲလွင့်ပျံထွက်သွား၏။ လွင့်ပျံထွက်သွားသော မြေကြီးခဲများနှင့် ကျောက်စကျောက်နများက ကောင်းကင်ကို ကွယ်သွားကြသည်။

ကျန်းရီ ဒဏ်ရာအနည်းငယ်သာ ရလိုက်သည်။ ထိုတာအိုပုံသဏ္ဌာန်က ကြောက်မက်ဖွယ်ကောင်းသော်လည်း မီးဓာတ်တာအိုပုံသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အဓိကတိုက်ခိုက်မှုမှာ မီးတိုက်ခိုက်မှုဖြစ်သည်။ ကျန်းရီ၏ ခန္ဓာကိုယ်က မီးဒဏ်ကို ခံနိုင်ရာ မီးနဂါးကြီး ပေါက်ကွဲသွားမှုက သူ့ကို ဒဏ်ရာအနည်းငယ်သာ ရစေခဲ့သည်။

သို့သော် ကျန်းရီက ဒဏ်ရာများ ရထားပြီးဖြစ်သည်။ ထိုဒဏ်ရာအသစ်များက သူ့ကို အခြေအနေပိုဆိုးလာစေသည်။ ထို့ပြင် နတ်ဘုရားတစ်ပိုင်းများက အလွန်စွမ်းအားကြီးသည်။ ယခုတွင် သူ့တစ်ကိုယ်လုံး သွေးများရွှဲနေပေပြီ။ သူ့ပါးစပ်မှလည်း သွေးများစီးကျနေဆဲဖြစ်သည်။ ထို့ကြောင့် သူ့ကို ကြည့်မိသူပင် ကျောတွန့်သွားနိုင်လေသည်။

“တော်ပြီ အဘိုးဟော်၊ သူ့ကို မသတ်နဲ့။ ဘယ်သူက သူ့ကို နှင်းဒေသဆီ စေလွှတ်လိုက်တာလဲဆိုတာကို ကျုပ်တို့ စစ်မေးရဦးမယ်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို သွားပြီး တော်ဝင်အရှင်မကို တရားစီရင်ခိုင်းတာပေါ့။ အရှေ့ဘက် တော်ဝင်နယ်မြေက လူတိုင်းကို အနိုင်ကျင့်နေတာ။ ကျုပ်တို့ နှင်းဒေသကတော့ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံမှာ မဟုတ်ဘူး”

မုန့်နုန်သည် ဟော်ရန်က ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်နေသည်ကို မြင်လိုက်သောအခါ လေသံတိုးတိုးဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။ သူသည် ကျန်းရီကို လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်မည့် ပမွှားလေးတစ်ယောက်အဖြစ်သာ မြင်၏။ သူ ကျန်းရီကို လုပ်ချင်သလို လုပ်နိုင်သည်။ ထို့ကြောင့် ကျန်းရီကို ချက်ချင်းသတ်ပစ်ရန်အကြောင်း မရှိပေ။

ဝှစ်...

မုန့်နုန်က ကျန်းရီ နစ်မြှုပ်နေသော တောင်ကုန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ဟော်ရန်ကလည်း သူ့အနောက်မှ လိုက်လာသည်။ မုန့်နုန်က ငတုံးတစ်ယောက် မဟုတ်ပေ။ သူသည် ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနိုင်စေရန် လေထုကို အဆက်မပြတ် တုန်ခါနေစေသည်။ ထို့ကြောင့် ကျန်းရီသည် မုန့်နုန်နှင့် ဟော်ရန်တို့ သူ့ထံသို့ ချဉ်းကပ်လာသည်ကို ကြည့်ရုံသာကြည့်နေနိုင်‌လေသည်။

သုံးကီလိုမီတာ၊ တစ်ကီလိုမီတာခွဲ၊ မီတာကိုးရာ... မီတာသုံးရာ...

ကျန်းရီက ကျောက်တုံးများကြားထဲတွင် ညပ်နေဆဲဖြစ်ပြီး လူသေတစ်ယောက်ကဲ့သို့ မလှုပ်မယှက်လှဲနေသည်။ သို့သော် သူသည် မျက်လုံးကို ခပ်မှေးမှေးဖွင့်၍ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို ကြည့်ကာ အကွာအဝေးကို စိတ်ထဲမှ တွက်ချက်နေပေသည်။ သူ့ကို ကောင်းစွာသိသော သူများဆိုလျှင် သူက သေသည်အထိ တိုက်ခိုက်ရန် အသင့်ပြင်နေခြင်းဖြစ်ကြောင်း သိပေလိမ့်မည်။

***

All Chapters