ကံဆိုးကြယ်
Vol. 75 Ch. 1044
ဝှစ်...
မုန့်နုန်က အရှိန်တင်လိုက်၏။ သူ၏လက်သီးတစ်လုံးက ရွှေရောင်တောက်ပလာပြီး သိမ်းငှက်လက်သည်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းလက်သည်းကို ရွှေရောင်အရှိန်အဝါတစ်ခုက ဝန်းရံထားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် မုန့်နုန်က သူ့ပတ်ပတ်လည်ရှိလေထုကို လက်သည်းဖြင့် စုတ်ဖြဲပစ်လိုက်သည်။ ထိုအခါ စူးရှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
‘အခုပဲ...’
ကျန်းရီ၏ ခပ်မှေးမှေး မျက်လုံးများက အပြည့်ပွင့်သွားသည်။ သူ့လက်ထဲတွင် ကျောက်မီးဖိုတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းက မည်သည့်အရှိန်အဝါမှ မရှိပေ။ သို့သော် ၎င်းအပေါ်ရှိ တာအိုပုံသဏ္ဌာန်များက စတင်လည်ပတ်လာသည်။ ပတ်ဝန်းကျင်မှ လူများသည် ထိုမီးဖိုက အလွန်ရှေးဆန်သည်ဟု ထင်မိလိုက်ကြသည်။
“ရှေးဟောင်းအသုံးအဆောင်... ပြန်ဆုတ်...”
နှင်းဒေသမှ လူတိုင်းသည် ရှေးဟောင်းမျိုးနွယ်များမှ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ရှေးဟောင်းအသုံးအဆောင်များနှင့် ရင်းနှီးကြသည်။ မုန့်နုန်ထံတွင်လည်း ရှေးဟောင်းအသုံးအဆောင်တစ်ခု ရှိသည်။ ကျန်းရီ၏ ရှေးဟောင်းအသုံးအဆောင်မှ ထွက်လာသော အငွေ့အသက်က ထူးဆန်းနေသည်ဟု မုန့်နုန်ခံစားနေရသည်။ သူ အသက်အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် သူ ချက်ချင်း ပြန်ဆုတ်လိုက်သည်။
ရွှီး...
ကျန်းရီ၏ အတွင်းအားနှင့် ကြယ်တာရာစွမ်းအားတို့က စုစည်းနေပေပြီ။ သူ ထိုစွမ်းအားများကို အရည်ကျိုနတ်ဘုရားမီးဖိုအတွင်း ထည့်သွင်းလိုက်သည်။ မီးဖိုပေါ်မှ တာအိုပုံသဏ္ဌာန်များ လင်းလက်လာ၏။ နောက်ဆုံးတွင် သင်္ကေတပုံသဏ္ဌာန်များ ထွက်ပေါ်လာပြီဖြစ်သည်။ သင်္ကေတပုံသဏ္ဌာန်များနှင့် ဆန်းကြယ်သောပုံရိပ်များ စတင်တောက်ပလာပြီး ကြောက်မက်ဖွယ်အငွေ့အသက်တစ်ခုကို ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
“ထွက်ပြေးကြ...”
တိုက်ပွဲကို ကြည့်နေကြသော ထောက်လှမ်းရေးများနှင့် သိုင်းသမားများက ကြောက်လန့်တကြား ထွက်ပြေးကြသည်။ ဟော်ရန်ကလည်း မျက်လုံးပြူးသွားပြီး အော်ပြောလိုက်သည်။
“အရည်ကျို နတ်ဘုရားမီးဖို... အဲ့ဒါက မီးနတ်ဘုရားရဲ့ အရည်ကျို နတ်ဘုရားမီးဖိုပဲ။ မြန်မြန် ပြေးကြ”
မီးနတ်ဘုရားက ရှေးခေတ်ကတည်းက တည်ရှိခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သည်။ ထိုစဉ်ကတည်းက မည်သူကမှ သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ မီးနဂါးမျိုးနွယ်က မီးအတတ်ကို အဓိကထား ကျင့်ကြံကြရာ မီးနတ်ဘုရားအကြောင်းကို ကောင်းစွာသိသည်။ သူတို့သည် အရည်ကျို နတ်ဘုရားမီးဖိုအကြောင်းကိုပင် ယခင်ကတည်းက ကြားဖူးထားကြသည်။
ကျန်းရီက ယန်ကိုးပါးသမာဓိမီးတောက်ကို နှိုးထားပြီဖြစ်ကြောင်း ဟော်ရန် သေချာသိ၏။ ယခုတွင် သူက ဒုတိယအဆင့်ဖြစ်သော နိဗ္ဗာန်မီးတော်ကို နှိုးရန် ကြိုးစားနေကြောင်းလည်း သိသာသည်။ သူ ထိုမီးတောက်ကို နှိုးနိုင်လိုက်သည်နှင့် မီးဖို၏ ငါးကီလိုမီတာပတ်လည်အတွင်းရှိ လူအားလုံး သေဆုံးသွားပေလိမ့်မည်။
“ဒါက...”
သုံးကီလိုမီတာအကွာရှိ မြေအောက်ထဲတွင် တိုက်ခိုက်နေသော ဓားခုတ်ကောင်နှင့် မိုရှန်းတို့ကလည်း ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ ဓားခုတ်ကောင်က ချိုးရှန်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို ရထားပြီဖြစ်ပြီး မိုရှန်းက သူ့ကို မလွတ်တမ်း တိုက်ခိုက်နေသည်။ သူတို့နှစ်ယောက်လည်း ရှေးဟောင်းအသုံးအဆောင်တစ်ခု၏ အရှိန်အဝါကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်နေခြင်းကို ချက်ချင်း ရပ်တန့်ကာ ပိုနက်သော မြေအောက်နေရာသို့သွားရန် လုပ်လိုက်ကြသည်။ ဓားခုတ်ကောင်က သူ့ခေါင်းမှ ဦးချိုကိုသုံး၍ မြေကြီးကို ဖောက်သွားခြင်းဖြစ်ပြီး မိုရှန်းက လက်သည်းများဖြင့် မြေတူးသွားခြင်းပင်။ သူတို့နှစ်ယောက်သည် မြေနဂါးများကဲ့သို့ ပိုနက်နက် တူးနေကြလေသည်။
‘ချီးပဲ... ကြယ်တာရာစွမ်းအားနည်းနည်းလောက် ရဖို့ အများကြီးကြိုးစားခဲ့ရတာ။ အခုတော့ ဒီမီးဖိုကို နှိုးဖို့ ကြယ်တာရာစွမ်းအားအကုန်လုံး သုံးလိုက်ရပြီ... ဒါပေမဲ့ မီးဖိုက အခုထိ နိုးမလာသေးဘူးလား’
အားလုံးက ကြောက်ရွံ့နေသော်လည်း ကျန်းရီက စိတ်ထဲမှ ဆဲဆိုနေလေသည်။ သူ ကြယ်တာရာစွမ်းအားအကုန်လုံးကို သုံးလိုက်ပြီဖြစ်သည်။ သို့သော် အရည်ကျို နတ်ဘုရားမီးဖို၏ ဒုတိယအဆင့်မီးတောက်က နိုးထမလာသေးပေ။ သူ ရုတ်တရက် ငြိမ်လိုက်ပြီး ဟန်ဆောင်ခြောက်လှန့်လိုက်လျှင်လည်း မုန့်နုန်တို့က သေချာပေါက် သူ၏ဟန်ဆောင်မှုကို သိသွားကြမည်သာ။ ဟန်ဆောင်ခြောက်လှန့်လိုက်၍ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်လိုက်မည်ဆိုလျှင်လည်း ဝေးဝေးရောက်အောင် ပြေးနိုင်မည် မဟုတ်ပေ။
‘မဖြစ်ဘူး... ငါ နိဗ္ဗာန်မီးတော်ကို ရအောင်နှိုးရမယ်’
ကျန်းရီ ရင်ခုန်မြန်နေသည်။ သူ၏ဦးနှောက်ကလည်း လျင်မြန်စွာ တွေးတောနေသည်။ နောက်ဆုံးတွင် သူ ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိသွားသည်။ ဤအရည်ကျို နတ်ဘုရားမီးဖိုက မီးဓာတ်ရတနာတစ်ခု မဟုတ်လော။ သူသာ ၎င်းအတွင်းသို့ မီးတောက်များ ထည့်လိုက်လျှင် ၎င်းကို နှိုးနိုင်လောက်သည်။
ရွှီး...ရွှီး...
ကျန်းရီ၏ မီးဝိညာဉ်ပုလဲ လင်းလက်လာ၏။ ၎င်းထဲတွင် မိုးကြိုးမီးအနည်းငယ်၊ ချော်ရည်ကန်မှ မြေမီးနှင့် အစောက ဟော်ရန်ထံမှ စုပ်ယူထားသည့် မြွေမီးတောက် ရှိနေပေသေးသည်။ သူသည် ထိုမီးတောက်အားလုံးကို အရည်ကျို နတ်ဘုရားမီးဖိုအတွင်းသို့ ထည့်သွင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဖျက်မီးအတတ်ကို သုံး၍ သူ့အတွင်းအားကို ကောင်းကင်ကိုးဘုံ နဂါးမီးတောက်များအဖြစ် ပြောင်းလဲလိုက်သည်။ ထိုမီးတောက်များကိုလည်း အရည်ကျိုနတ်ဘုရားမီးဖိုအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရွှီး...
အံ့အားသင့်ဖွယ်ပင်။ မီးတောက်များထည့်လိုက်ခြင်းက မီးဖိုကို နိုးထလာစေသည်။
ကျန်းရီ၏ မျက်လုံးများ ရုတ်ခြည်းတောက်ပသွား၏။ သူ လက်ကို ဆန့်ထုတ်လိုက်ရာ အရည်ကျိုနတ်ဘုရားမီးဖိုက လေထဲသို့ မြောက်တက်သွားသည်။ မီးဖိုသည် လေထဲသို့ ရောက်သောအခါ အချင်းမီတာရာကျော် အရွယ်အစားအထိ ကြီးသွား၏။ ၎င်းက လေထဲတွင် ထွက်ပေါ်လာသော နန်းတော်တစ်ခုကဲ့သို့ပင်။
အရည်ကျိုနတ်ဘုရားမီးဖိုက ပျံတက်သွားပြီး အနက်ရောင်မီးတောက်များ ကျဆင်းလာသည်။ ထိုအနက်ရောင်မီးတောက်များသည် အနက်ရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ယင်းနဂါးက ငါးကီလိုမီတာပတ်လည်အတွင်း တစ်ပတ်ပြည့်အောင် လှည့်ပတ်ပျံသန်းလိုက်သည်။ ၎င်းပျံသန်းရာ လမ်းကြောင်းရှိ အရာအားလုံး ပြာကျသွားသည်။
“အား...”
နာကျင်တကြီး အော်လိုက်သော အသံနက်ကြီးများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ နိဗ္ဗာန်မီးတောက်များက အလွန်ပူပြင်းပြီး လူများစွာ၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးကာ သူတို့၏ ခန္ဓာကိုယ်များကို ရုတ်ခြည်း လောင်ကျွမ်းသွားစေလေသည်။ ငါးကီလိုမီတာပတ်လည်အတွင်းရှိ သိုင်းသမားအားလုံး မီးလောင်သေဆုံးသွားကြသည်။
“မဟုတ်ဘူး...မဖြစ်ဘူး...”
မုန့်နုန်က သုံးကီလိုမီတာအထိ ထွက်ပြေးလိုက်၏။ သို့သော် ထိုအကွာအဝေးမျှဖြင့် အသုံးမဝင်ပေ။ နိဗ္ဗာန်မီးတောက်များ ထွက်ပေါ်လာသည်နှင့် သူ၏ အတွင်းအားက ရှုပ်ထွေးသွားခဲ့ပေပြီ။ ထို့ကြောင့် သူ၏နတ်ဘုရားဒိုင်းက မီးလောင်ပျက်စီးလာသည်ကို သူ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ မကြာခင်မှာပင် သူ၏ခန္ဓာကိုယ်လည်း မီးစွဲသွားလေသည်။
“ဒါက...ဒါက...”
ဟော်ရန်ကမူ မီးအတတ်ကို ကျွမ်းကျင်သဖြင့် မုန့်နုန်ထက် အနည်းငယ်ပို၍ အခြေအနေကောင်း၏။ သူက အကာအရံတစ်မျိုးကို ဖန်တီး၍ ထိုမီးတောက်များကို ခုခံထားသည်။ သို့သော် သူ၏အစွမ်းက မလုံလောက်ပေ။ သူ၏အတွင်းအားလည်း လျင်မြန်စွာ လျော့နည်းလာသည်။ သူ၏နတ်ဘုရားဒိုင်းက သုံးစက္ကန့်ကြာသာ တောင့်ခံနိုင်ခဲ့ပြီး မီးလောင်ကျွမ်းသွားလေသည်။ နတ်ဘုရားဒိုင်း ပျက်စီးသွားသော်လည်း ဟော်ရန်၏ ကိုယ်ကို မီးမကူးခဲ့ပေ။ ထို့ကြောင့် ကျန်းရီ အံ့ဩသွား၏။ ဟော်ရန်တစ်ယောက် အံကြိတ်ကာ ဆက်တောင့်ခံနေပေသည်။
ဝှစ်...
မုန့်နုန် သေသွားပြီဖြစ်၍ နောက်တစ်ယောက် ထပ်သတ်ရန် ကျန်းရီ ဝန်မလေးတော့ပေ။ ကျန်းရီသည် လက်တစ်ဘက်တည်းဖြင့် ဝိညာဉ်လေများ ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်လေဓားနှစ်ချောင်း ဖန်တီးလိုက်၏။ ထိုဓားနှစ်ချောင်းက ဟော်ရန်ထံသို့ ပျံထွက်သွားသည်။ ဤတစ်ကြိမ်တွင် ဟော်ရန်သည် သူ့ကိုယ်သူ မကာကွယ်နိုင်တော့ပေ။ သူ၏ အနီရောင်ချပ်ဝတ်က ပျက်စီးသွားပြီး သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှနေ၍ သွေးများ စီးကျလာလေသည်။
နိဗ္ဗာန်မီးတောက်များက အလွန်ပြင်းထန်၏။ ငါးကီလိုမီတာပတ်လည်အတွင်းရှိ ရေခဲများအားလုံး အရည်ပျော်သွားသည်။ ရေခိုးရေငွေ့များကလည်း လေထဲသို့ ပျံတက်သွားသည်။ ထို့ကြောင့် ထိုနေရာတစ်ခွင်လုံးက မြူထူထပ်သောနေရာတစ်ခုနှင့် ဆင်တူနေလေသည်။
ကီလိုမီတာများစွာ အကွာရှိ လူပုတောင်ခြေမှ တပ်သားများစွာက အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်ကြ၏။ သူတို့က အလွန်ဝေးသောနေရာတွင် ရှိနေသော်လည်း နိဗ္ဗာန်မီးတောက်များမှ ထွက်လာသော အပူလှိုင်းများကို ခံစားရနေသည်။ သူတို့အားလုံးသည် မြေပြင်ထက်ရှိ အရည်ပျော်နေသော ရေခဲများကို ကြည့်လိုက်ပြီးနောက် လေထဲရှိ ရေခိုးရေငွေ့များကို ဆက်ကြည့်လိုက်ကြသည်။ ပြင်းထန်စွာ တိုက်ခိုက်နေကြသော ဓားခုတ်ကောင်ဂိုဏ်းသားများနှင့် လူပုများသည်ပင် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက အရှေ့ဘက်မှ မခွာကြပေ။
“ဘာတွေဖြစ်နေတာလဲ”
ချောင်တွမ်ထျန်း မကောင်းသောနမိတ်ကို ခံစားလိုက်ရ၏။ အစောတွင် မုန့်နုန် တိုက်ခိုက်လိုက်သောအသံကို သူ ကြားခဲ့ရသည်။ ထို့ကြောင့် ကျန်းရီ ထွက်ပေါ်လာပြီဖြစ်ကြောင်း သူ သိသည်။ နတ်ဘုရားတစ်ပိုင်းများက လှုပ်ရှားနေပေပြီ။
သို့သော် ကျန်းရီတစ်ယောက်တည်းကို နတ်ဘုရားတစ်ပိုင်း ပညာရှင်များစွာက ဝိုင်းသတ်သည်ပင် ယခုအထိ မသတ်နိုင်သေးခြင်းကို ချောင်တွမ်ထျန်း နားမလည်နိုင်ပေ။ အဘယ်ကြောင့် ထိုဘက်တွင် ယခုကဲ့သို့ ပရမ်းပတာ ဖြစ်နေရခြင်းနည်း။
“အစ်ကို ဘာတွေ ဖြစ်နေတာလဲ”
ချောင်ရှစ်ရွှေက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် ရွက်ဖျင်တဲထဲမှ ထွက်လာပြီး အဝေးရှိ ရေခိုးရေငွေ့များကို ကြည့်လိုက်၏။
ချောင်တွမ်ထျန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး။ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကျန်းရီဖြစ်တာပဲ နေမှာပါ။ ဒီနေ့ ကျန်းရီက သေချာပေါက် သေရမှာပဲ”
‘သူတို့အကုန်လုံး သေသွားပြီလား။ အဲ့မီးတောက်တွေက ဘာမီးတောက်တွေလဲ။ မုန့်နုန်က နှစ်စက္ကန့်တောင် တောင့်မထားနိုင်ခဲ့ဖူးလား’
ဓားခုတ်ကောင်သည် ကျန်းရီ ရပ်နေသော မြေပြင်အောက်ဘက် ခြောက်ကီလိုမီတာအကွာမှနေ၍ မြေပြင်ထက်တွင် ဖြစ်ခဲ့သော ကိစ္စများကို အာရုံခံလိုက်ပြီး မျက်လုံးများ ပြူးသွား၏။ သူသည် မြေပြင်နှင့် အတော်လေး ဝေးသောနေရာတွင် ရှိနေသော်လည်း မီးတောက်များ၏ အပူဒဏ်ကို ခံစားလိုက်ရလေသည်။ သူ၏ သွေးဖိအားက တိုးလာပြီး သူ့တစ်ကိုယ်လုံးကလည်း ပူလောင်လာသည်။ သူ့အတွင်းအားကလည်း ရှုပ်ထွေးသွားသည်။
တိုက်ခိုက်စွမ်းအားအရဆိုလျှင် နှင်းဒေသတစ်ခွင်လုံးတွင် ဓားခုတ်ကောင်က နံပါတ်(၃)ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုများက လွန်စွာ ပြင်းထန်ပြီး သူ၏ အမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် သူ့တွင် အားနည်းချက်တစ်ခု ရှိပေသည်။ သူသည် မုန့်နုန်လောက် ခုခံစွမ်းအားမကြီးပေ။ သို့ဖြစ်၍ အစောတွင် သူသာ မြေပြင်ထက်၌ ရှိနေခဲ့ပါက သေချာပေါက် အရှင်လတ်လတ် မီးလောင်သေဆုံးသွားမည်ဖြစ်ကြောင်း သူ သိပေသည်။
‘ထွက်ပြေးရမယ်...’
ဓားခုတ်ကောင်သည် တုံ့ဆိုင်းမှုမရှိဘဲ နောက်လှည့်လိုက်၏။ ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေမှ ဖြစ်သည်။ သူသည် နှင်းဒေသအထိလာ၍ ပြဿများရှာကာ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ကို သတ်သွားလေသည်။ ယင်းက သေချာပေါက် ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို လှုပ်ခတ်သွားစေမည်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်က သေချာပေါက် အပြင်ထွက်လာပြီး တစ်ခုခု လုပ်ပေလိမ့်မည်။ သူမ ဝင်မပါလျှင်ပင် မိမိကိုယ်ကို နှင်းဒေသတစ်ခွင်လုံးတွင် နံပါတ်(၂)ဟု ဝံ့ကြွားနေခဲ့သော ချောင်ဖေးဝမ်းက ဝင်ပါပေလိမ့်မည်။
ရွှက်...ရွှက်...
ဓားခုတ်ကောင်သည် သူ့အရှေ့ရှိ မြေထုဆီသို့ လေဓားများ ပစ်လွှတ်လိုက်ပြီး လူပုတောင်သို့ အမြန်ဆုံးသွားရန် ကြိုးစားလိုက်သည်။
“ပြင်းထန်လိုက်တာ...”
နက်ရှိုင်းသောမြေအောက်တစ်နေရာတွင် ရှိနေသော မိုရှန်းကလည်း မြေပြင်ထက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အာရုံခံခဲ့သည်။ ထိုကောင်စုတ်လေးကျန်းရီက စေတီတောင်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ခဲ့သည်။ ယခု နှင်းဒေသတွင်လည်း သူ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ကို သတ်ပစ်လိုက်ပေပြီ။ သူက အမှန်ပင် ကံဆိုးကြယ်တစ်ပွင့်ပင်။
‘ဘာလို့ သူက အစကတည်းက လူပုတောင်ကို တိုက်ရိုက်မသွားရတာလဲ။ ဘာလို့ သူက ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ပြီး အန္တရာယ်များတဲ့လမ်းကို ရွေးရတာလဲ’
ယခင်က ကျန်းရီထံတွင် ကြယ်တာရာစွမ်းအား မရှိခဲ့သဖြင့် အရည်ကျို နတ်ဘုရားမီးဖိုကို မနှိုးနိုင်ခဲ့ခြင်းကို မိုရှန်း မသိပေ။ ထို့ကြောင့် မိုရှန်း နားမလည်နိုင်ဖြစ်နေခြင်းပင်။ သို့သော် သူ များစွာတွေးတောနေရန် အချိန်မရပေ။ မြေအောက်ထဲမှ လူတစ်ယောက်က ရူးသွပ်နေသောနဂါးတစ်ကောင်ကဲ့သို့ မြေပြင်ထက်သို့ လျင်မြန်စွာ တက်သွားနေကြောင်း သူ အာရုံခံမိလိုက်၍ တုန်လှုပ်သွားသည်။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ကျန်းရီထံသို့ ချက်ချင်း အသံပို့လွှတ်လိုက်၏။
“ကောင်စုတ်လေး... မြန်မြန် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်။ ချောင်ဖေးဝမ် လာနေပြီ”
‘ပြေးရတော့မယ်...’
ကျန်းရီသည် မိုရှန်း၏ အသံပို့လွှတ်မှုကို ကြားလိုက်သည်နှင့် အရည်ကျို နတ်ဘုရားမီးဖိုကို သိမ်းလိုက်၏။ ထို့နောက် သူ ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်း သုံးလိုက်လေသည်။
သို့သော်...
မြေအောက်မှနေ၍ အသံတစ်သံ ထွက်လာကာ မြေပြင်ကို ငလျင်ကြီးတစ်ခု လှုပ်သွားသကဲ့သို့ တုန်ခါသွားစေ၏။ ကျန်းရီ ရပ်နေသော မြေပြင်ကလည်း အက်ကွဲသွားပြီး အက်ကြောင်းအတွင်းမှနေ၍ လက်ကြီးတစ်ဘက် ထွက်လာကာ ဟင်းလင်းပြင်အပေါက်ထဲသို့ ရောက်နေပြီဖြစ်သော ကျန်းရီကို လှမ်းဆွဲလိုက်လေသည်။
***