သူတော်စင်ဧကရီ
Vol. 75 Ch. 1045
ကျန်းရီသည် ကျားနိုင်တောင်သို့ ရောက်ခဲ့ဖူးသော်လည်း ချောင်ဖေးဝမ်နှင့် မတွေ့ဆုံခဲ့ပေ။ ယခုတွင် သူသည် ဟင်းလင်းပြင်အပေါက်ထဲမှ ပြန်ဆွဲထုတ်ခံနေရပေပြီ။ သူ့အနောက်ဘက် မြေပေါ်တွင် ရပ်နေသော အဘိုးအိုတစ်ယောက်ကို သူ လှည့်ကြည့်လိုက်သည်။ ထိုအဘိုးအိုက ချောင်ဖေးဝမ်ဖြစ်ကြောင်း သူ သေချာပေသည်။
အဘိုးအိုက အိုမင်းလွန်းလှသဖြင့် သူ၏မျက်နှာမှာ သစ်ပင် ပင်စည်တစ်ခုကဲ့သို့ပင် ထင်ရလေသည်။ သူ၏အရေပြားပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ၏လက်နှစ်ဘက်ကလည်း အရိုးနှင့် အရေသာ ရှိသည်။ သူ၏ မျက်ခုံးမွေးနှစ်ဘက်မှာလည်း မရှိလောက်အောင် ပါးလျနေပေပြီ။ မေးစေ့မှ မုတ်ဆိတ်များကလည်း ကျိုးတိုးကျဲတဲသာ ကျန်တော့သည်။
သို့သော် ချောင်ဖေးဝမ်၏ အကြည့်က စူးရှသည်။ သူ၏မျက်ဝန်းများက ဝေဝါးမနေဘဲ လွန်စွာ ကြည်လင်နေသည်။ သူ၏အကြည့်သည် ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ကျန်းရီကို ဖောက်ထွက်သွားသည်။ ထို့ကြောင့် ကျန်းရီသည် ချောင်ဖေးဝမ်ကို မျက်လုံးချင်းစုံ၍ မကြည့်ဝံ့ပေ။
‘အဲ့ဒါက ပထဝီဒိုင်းလား’
ကျန်းရီသည် အဘိုးအို၏ခန္ဓာကိုယ်ကို အကာရံထားသော နတ်ဘုရားဒိုင်းကို အာရုံခံကြည့်လိုက်၏။ ၎င်းက မထူးဆန်းပေ။ ၎င်းနှင့် အခြားနတ်ဘုရားဒိုင်းများ ကွာခြားသော တစ်ခုတည်းသော အရာမှာ အရောင်ဖြစ်သည်။ ပထဝီဒိုင်း၏အရောင်က မြေကြီးရောင်ပင်။ ထိုဒိုင်းက ယဉ်ရို့ပင်း၏ ရံရွှေတော် အစ်မရှင်း၏ နတ်ဘုရားဒိုင်းနှင့် ဆင်တူသည်။ သို့သော် အစ်မရှင်း၏ ဒိုင်းက ရတနာတစ်ခုဖြစ်သည်။ ပထဝီဒိုင်းမှာမူ နတ်ဘုရားဒိုင်းအစစ်အမှန်ပင်။
ချောင်ဖေးဝမ်သည် မြေကြီးထဲမှ ထွက်လာပြီးနောက် မည်သို့မှ မလုပ်လိုက်ဘဲ ကျန်းရီကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
“ဟင်းဟင်း...ကျန်းရီ၊ မင်းက နှင်းဒေသတစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်ပြီး လူတွေအများကြီး သတ်ခဲ့တယ်။ မင်းသတ်ခဲ့တဲ့အထဲမှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်တောင် ပါသွားပြီ။ အဲ့လိုတွေ လုပ်ခဲ့တာတောင် မင်းက အေးအေးဆေးဆေး ပြန်ထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား။ ဒီနှင်းဒေသမှာ မင်းကိုတားနိုင်တဲ့သူ တစ်ယောက်မှမကျန်တော့ဘူးလို့ ထင်နေတာလား”
ကျန်းရီသည် ထွက်ပြေးရန်ပင် မေ့လျော့သွား၏။ ချောင်ဖေးဝမ်ကဲ့သို့သော လူတစ်ယောက်က သူ့အရှေ့တွင် ရပ်နေရာ ထွက်ပြေးလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သူက ကြယ်ရှစ်ပွင့် ပညာရှင်တစ်ယောက်ကို သတ်၍ ထွက်ပြေးနိုင်လောက်အောင် စွမ်းအားမကြီးသေးကြောင်း သူသိသည်။ သူ နိဗ္ဗာန်မီးတောက်များကို ထပ်မံနှိုးနိုင်လျှင်ပင် ထိုမီးတောက်များက ချောင်ဖေးဝမ်ကို လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။
ကျန်းရီက သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး အသက်နှစ်ချက် ရှူသွင်း၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ချောင်... ကျွန်တော်က ဂိုဏ်းချုပ်တို့လို သူရဲကောင်းတွေကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးသလို ကိုယ့်ကိုယ်ကိုယ်လည်း အထင်မကြီးခဲ့ဖူးပါဘူး။ တကယ်တော့... ပြောရမယ်ဆိုရင် ကျွန်တော် နှင်းဒေသကို မလာချင်ခဲ့ပါဘူး။ လူတွေကိုလည်း မသတ်ချင်ခဲ့ပါဘူး”
“ဟားဟားဟား...”
ချောင်ဖေးဝမ်က ရူးသွပ်စွာ ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ပြဿနာက မင်း ရောက်လာခဲ့ပြီး အသက်တွေအများကြီးကို နှုတ်ပစ်ခဲ့တာပဲ။ ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ်တိုင် တာဝန်ခံသင့်တယ်လို့ မင်း မထင်ဘူးလား”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်။ ကျွန်တော်က နှင်းဒေသက လူတွေကို သတ်ခဲ့တော့ ဂိုဏ်းချုပ်က ကျွန်တော့်ကို ပြန်သတ်ချင်တာ သဘာဝကျပါတယ်။ ဂိုဏ်းချုပ်ချောင်... တိုက်ပါ။ နှင်းဒေသက ဒုတိယစွမ်းအားအကြီးဆုံးလူရဲ့ လက်ထဲမှာ သေရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”
“မဆိုးဘူး...မဆိုးဘူး... မင်းက ယောက်ျားပီသတယ်”
ကျန်းရီက ရန်သူတစ်ယောက်ဖြစ်၏။ သို့သော် ချောင်ဖေးဝမ်က ကျန်းရီ၏စိတ်ဓာတ်ကို ချီးကျူးလိုက်သည်။ ထို့နောက် သူ ကျန်းရီ၏ မျက်ဝန်းများကို ကြည့်လိုက်သည်။ လူတစ်ယောက်၏ မျက်လုံးများက မည်သည့်အခါတွင်မှ မလိမ်ပေ။ ကျန်းရီက စိတ်ရင်းအမှန်အတိုင်း ပြောနေခြင်းဖြစ်ပြီး လှည့်စားနေခြင်း မဟုတ်ပေ။
ချောင်ဖေးဝမ်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွား၏။ သူက အမှန်ပင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်၏။ နတ်ဘုရားတစ်ပိုင်းများက အသက်ရှည်ကြသည်။ သို့သော် သူသည် ငယ်ရွယ်စဉ်က ပြင်းထန်သော ဒဏ်ရာတစ်ခုကို ရခဲ့၍ အတွင်းအား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူ၏သက်တမ်းကုန်ဆုံးရန် အချိန်များစွာမကျန်တော့ပေ။
ချောင်ဖေးဝမ် ရုတ်တရက် ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ အပေးအယူတစ်ခု လုပ်ရင်ရော။ မင်း ငါတို့ကျားနိုင်ဂိုဏ်းထဲဝင်ပြီး ငါတို့အတွက် အနှစ်ငါးဆယ် အလုပ်လုပ်ပေး... အဲ့ဒါဆို ငါ မင်းအသက်ကို ချမ်းသာပေးမယ်။ မင်းကို ကာကွယ်ပေးဖို့လည်း ငါ အကောင်းဆုံး ကြိုးစားမယ်။ မင်းဒန်တျန်ရဲ့ ဝိညာဉ်ချိပ်စည်းကို ငါ့ကိုပေးထား... နှစ်ငါးဆယ်ပြည့်ရင် မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်လို့ ငါ ကတိပေးတယ်”
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ရယ်သံထဲတွင် အတွင်းအားပင် ထည့်လိုက်သေးသဖြင့် သူ့ရယ်သံကို ကီလိုမီတာများစွာ အကွာကပင် ကြားနိုင်လေသည်။ သို့သော် သူ၏ရယ်သံက ခြောက်ကပ်ကပ်နိုင်သည်။
“ဂိုဏ်းချုပ်က ကျွန်တော့်ကို ချောင်တွမ်ထျန်းရဲ့ကျွန် ဖြစ်လာဖို့ ပြောနေတာလား။ ဂိုဏ်းချုပ်ချောင်... ဂိုဏ်းချုပ်က ဉာဏ်ကောင်းတဲ့သူတစ်ယောက်လို့ ကျွန်တော်က ထင်နေတာ၊ ဒီလောက်တုံးလိမ့်မယ်လို့ မထင်ထားဘူး။ ချောင်တွမ်ထျန်းက ထိုက်တန်တယ်လို့ ဂိုဏ်းချုပ် ထင်လို့လား”
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ၏ အသံကို ကျယ်လောင်၏။ ချောင်တွမ်ထျန်းနှင့် အဝေးမှ အကြီးအကဲများသည် ကျန်းရီ၏စကားကို ကြားလိုက်သောအခါ ချက်ချင်း မျက်နှာထားပျက်သွားကြသည်။ ကျန်းရီက သူတို့ကို အထင်သေးနေကြောင်း ထင်ရှားပေသည်။ ချောင်တွမ်ထျန်းက ကျားနိုင်ဂိုဏ်း၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်ပြီး နှင်းဒေသ၏ နံပါတ်(၁)သခင်လေးဖြစ်သည်။ သို့သော် ကျန်းရီက သူ့ကို အထင်သေးနေပေသည်။
သို့သော် လူအများစုသည် ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ အတန်ငယ် စိတ်အေးသွားကြ၏။ သူ၏စကားကြောင့် ချောင်ဖေးဝမ်က တိုက်ခိုက်တော့ပေမည်။ ကျန်းရီက နှင်းဒေသတွင် သေဆုံးရတော့မည်သာ။
“အန်...”
ချောင်ဖေးဝမ်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာ၏။ ကျန်းရီသည် သေမင်းခံတွင်းဝရောက်နေသော်လည်း မောက်မာသော စကားများကို ပြော်ဝံ့နေသေးသည်လော။ ထို့ကြောင့် ချောင်ဖေးဝမ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မင်းက ဒီလောက်ရူးမိုက်မှတော့ သေလမ်းကို ပို့ပေးရတာပေါ့”
ရွှီး...
ကျန်းရီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်အလင်း တောက်ပလာသည်။ သူက သူ၏ပုံစံအစစ်အမှန်အဖြစ် လျင်မြန်စွာ ပြန်ပြောင်းလိုက်ခြင်းပင်။ သူ၏ အနက်ရောင်ဆံပင်များက အနီရောင်အဖြစ် ပြောင်းသွားပြီး သူ၏မျက်နှာကလည်း နုပျိုသွားသည်။ သူ၏ မျက်ဝန်းများက လွတ်လပ်မှုအသွင်ဆောင်နေသည်။ သေခြင်းမှာလည်း လွတ်မြောက်မှုပုံစံတစ်ခုသာ။
ကျန်းရီ မြောက်ဘက်သို့ကြည့်လိုက်၏။ သူ့ရင်ထဲတွင် နောင်တအနည်းငယ် ထွက်ပေါ်လာသည်။ သူ မသေခင်တွင် စုလောရွှယ်ကို နောက်ဆုံးတစ်ခေါက် တွေ့လိုက်ရလျှင် မည်မျှ ကောင်းမည်နည်း။
ဝှစ်...
ထိုအခိုက်တွင် လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ အဝေးမှနေ၍ လူငါးယောက် ပျံသန်းလာသည်။ သူတို့က မြေပြင်အထက် မီတာသုံးဆယ်အကွာမှနေ၍ ပျံသန်းလာခြင်းပင်။ မကြာခင်မှာပင် ကျန်းရီ၏ မျက်ဝန်းထဲ၌ သူတို့၏ ပုံရိပ်များက တဖြည်းဖြည်း ရှင်းလင်းလာပေသည်။
“လောရွှယ်လား...”
ကျန်းရီ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် မသေခင်တွင် ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု တွေးမိလိုက်၏။ ထို့ကြောင့် သူ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အမြင်မမှားကြောင်း သေချာအောင် လုပ်လိုက်သည်။ ထို့နောက်တွင် သူ ပြုံးသွား၏။ သူသည် သေရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း ယခုတွင် သူ အသိစိတ်ပြန်ကပ်လာကာ စိတ်လှုပ်ရှားလာပေပြီ။ သူ ကောင်းကင်စိတ်အာရုံကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး ပြောလိုက်သည်။
“လောရွှယ်၊ ပဉ္စမအကြီးအကဲ... ဒီကို မလာခဲ့ပါနဲ့”
ကျန်းရီက လူများစွာကို သတ်ပစ်ခဲ့ပြီးပေပြီ။ ကျားနိုင်ဂိုဏ်းတစ်ခုတည်းမှာပင် သူ လူတစ်သောင်းနီးပါး သတ်ပစ်ခဲ့သည်။ ယနေ့တွင်လည်း သူ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ကို သတ်ခဲ့သည်။ ချောင်ဖေးဝမ်က သူ့အသက်ကို ချမ်းသာပေးမည် မဟုတ်ပေ။ မဟုတ်လျှင် သူ နှင်းဒေသကို ဆက်၍ အုပ်စိုးနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် စုလောရွှယ်တို့သာ အနားသို့ ကပ်လာလျှင် ကျန်းရီကို မကယ်နိုင်ရုံသာမက ချောင်ဖေးဝမ်ကိုပင် ဒေါသဖြစ်သွားစေနိုင်သည်။ ကျန်းရီသည် သူသေသွားသည်ကို စုလောရွှယ်အား မမြင်စေလိုပေ။
ဝှစ်...
ပဉ္စမအကြီးအကဲက ကျန်းရီ၏စကားကို မကြားသကဲ့သို့ပင်။ သူမသည် စုလောရွှယ်နှင့် အခြားသူများကို အနားသို့ ခေါ်လာပြီး မီတာရာကျော်အဝေးရှိ တောင်ကုန်းတစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။ ပဉ္စမအကြီးအကဲက ကျန်းရီကို ကြည့်ပင် မကြည့်ချေ။ ထိုအစား သူမက ချောင်ဖေးဝမ်ကိုကြည့်ကာ ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် ဂိုဏ်းချုပ်ချောင်”
ချောင်ဖေးဝမ်က မျက်နှာသေဖြင့် ခေါင်းဆတ်ပြလိုက်သည်။
“ပဉ္စမအကြီးအကဲ... ဘာလို့ ဒီကို လူတွေခေါ်ပြီး ရောက်လာတာလဲ”
ပဉ္စမအကြီးအကဲက သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။
“ကျွန်မက ကျန်းရီအတွက် ရောက်လာတာပါ။ ဂိုဏ်းချုပ်ချောင် ကျွန်မရဲ့ မျက်နှာကို ထောက်ထားပြီး ကျန်းရီကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ သူက အခုကစပြီး ကျားနိုင်ဂိုဏ်းကို ရန်သူလို မဆက်ဆံစေရဘူးလို့ ကျွန်မ အာမခံပါတယ်”
“ဟားဟားဟား...”
ချောင်ဖေးဝမ်သည် လောကအတွင်းရှိ အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူ ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။
“ပဉ္စမအကြီးအကဲ... မင်း ရူးသွားပြီလား။ မင်းက သူ့လို လူတစ်ယောက်ကို ကယ်ဖို့ ကြိုးစားနေတာလား။ သူက ငါတို့ ကျားနိုင်ဂိုဏ်းက လူတစ်သောင်းလောက်ကို သတ်ခဲ့တာ၊ နှင်းဒေသကိုလည်း ကပြောင်းကပြန်ဖြစ်အောင် လုပ်ခဲ့သေးတယ်။ ပြီးတော့ ဒီနေ့ သူ ဟော်ရန်နဲ့ မုန့်နုန်တို့ကိုလည်း သတ်ပစ်လိုက်တယ်။ ငါက မင်းရဲ့စကားတစ်ခုတည်းနဲ့ သူ့ကို လွှတ်ပေးလိုက်မယ်လို့ မင်းထင်လား။ နှင်းဒေသက ကျန်တဲ့ဂိုဏ်းတွေကိုလည်း မေးကြည့်ပါဦး... သူတို့ကရော ကျန်းရီကို လွှတ်ပေးချင်လားလို့။ မင်းက မင်းကိုယ်မင်း အဲ့လောက်အရေးပါတယ် ထင်နေတာလား”
“ပဉ္စမအကြီးအကဲလေးက အရေးမပါဘူးဆိုရင် ဧကရီကရော အရေးပါရဲ့လား”
သိမ်မွေ့သော အမျိုးသမီးအသံတစ်သံက လေကို ဖြတ်သန်းလာ၏။ သူမ၏ အသံက ကြည်လင်ပြတ်သားပြီး အရပ်မျက်နှာတိုင်းမှ ရောက်လာသကဲ့သို့ ထင်ရသည်။ ထိုအသံက အဝေးသို့ပင် ပျံ့နှံ့သွား၍ ချောင်တွမ်ထျန်းနှင့် အခြားအကြီးအကဲများပင် ထိုအသံကို ကြားလိုက်ရသည်။
ဝှစ်...ဝှစ်...ဝှစ်...
မရေမတွက်နိုင်သောလူများ တုန်လှုပ်သွားကြပြီး မျက်နှာထားပြောင်းသွားကြသည်။ မျိုးနွယ်ကြီးများမှ အကြီးအကဲအချို့၊ ဓားခုတ်ကောင်နှင့် မိုရှန်းတို့လည်း မျက်နှာပျက်သွားကြသည်။
ချောင်ရှစ်ရွှေသည် ချောင်တွမ်ထျန်းနှင့် ကျားနိုင်ဂိုဏ်းမှ အကြီးအကဲများ မျက်နှာပျက်သွားသည်ကို မြင်လိုက်သောအခါ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အစ်ကို... သူက ဘယ်သူလဲ”
ချောင်တွမ်ထျန်း၏ မျက်ဝန်းများထဲတွင် ဒေါသနှင့် မချင့်မရဲဖြစ်မှုတို့ ရောထွေးနေသည်။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“သူတော်စင်ဧကရီ”
“အာ...”
ချောင်ရှစ်ရွှေ၏ နုပျိုသော မျက်နှာလေးက ရုတ်ခြည်းပင် ညှိုးငယ်သွား၏။ သူမ၏ ဦးနှောက်လေးထဲတွင်လည်း မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
သူတော်စင်ဧကရီက ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး နှင်းဒေသ၏ တရားမဝင်ဘုရင်မဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည် နှင်းဒေသ၏ ပိုင်ရှင်အဖြစ် နှင်းဒေသကို အမြဲ ကာကွယ်ပေးခဲ့သည်။ သမိုင်းတစ်လျှောက်တွင် ကျူးကျော်သူများစွာသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ စစ်တပ်များ၏ မောင်းထုတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် နှင်းဒေသမှ လူများစွာသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို လေးစားကြသည်။
အများအားဖြင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည် နှင်းဒေသမှ ပဋိပက္ခများတွင် ဝင်ပါလေ့မရှိပေ။ သူတော်စင်ဧကရီသည် သူမတို့ကို ပြဿနာလာမရှာသ၍ ဒေသအတွင်းမှကိစ္စများကို များစွာအရေးမစိုက်ပေ။ ယခုတွင်မူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ထိုအစဉ်အလာကို ချိုးဖောက်လိုက်ပေပြီ။ ထို့ပြင် သူတော်စင်ဧကရီကိုယ်တိုင်ပင် ဝင်ပါကာ နှင်းဒေသအား ကပြောင်းကပြန်ဖြစ်စေခဲ့သည့် ရန်သူတစ်ယောက်ကို ကာကွယ်နေသည်။ သို့ဖြစ်ရာ လူအားလုံးသည် မည်သို့ မတုန်လှုပ်၊ ဝမ်းမနည်းဘဲ နေပါမည်နည်း။
‘ကျန်းရီက ဘယ်သူလဲ’
ချောင်ရှစ်ရွှေ၏ ခေါင်းထဲသို့ ရဲတင်းသော အတွေးတစ်ခု ဝင်လာ၏။ ကျန်းရီက သူတော်စင်ဧကရီ၏ တိတ်တိတ်ပုန်းသားတစ်ယောက် ဖြစ်နေခြင်းလော။ မဟုတ်လျှင် သူတော်စင်ဧကရီက အဘယ်ကြောင့် ဘိုးဘေးများနှင့် နှင်းဒေသမှလူများကို ဒေါသအဖြစ်ခံ၍ ကျန်းရီကို ကာကွယ်မည်နည်း။
***