← Chapters

မိစ္ဆာသတ် ချိပ်စည်း

Vol. 75 Ch. 1046

မိစ္ဆာသတ် ချိပ်စည်း

Vol. 75 Ch. 1046

ကျန်းရီက သူတော်စင်ဧကရီ၏ တိတ်တိတ်ပုန်းသား မဟုတ်နိုင်ပေ။ သေချာတွက်ချက်ကြည့်လျှင် သူတော်စင်ဧကရီက မငယ်တော့ပေ။ သူမက အနည်းဆုံး အသက်(၈၀)လောက် ရှိပြီဖြစ်၍ ကျန်းရီ၏ အဖွားအရွယ်ပင်။

အဘယ်ကြောင့် သူတော်စင်ဧကရီက ကျန်းရီကို ကယ်ရန်ကြိုးစားနေခြင်းကိုမူ ချောင်ရှစ်ရွှေသာမက ချောင်ဖေးဝမ်နှင့် ဓားခုတ်ကောင်တို့လည်း နားမလည်ပေ။ ကျန်းရီကိုယ်တိုင်လည်း နားမလည်နိုင်ချေ။

ကျန်းရီသည် နှင်းဒေသသို့ မလာခင်လေးကမှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်းကို သိခဲ့ခြင်းပင်။ သူသည် ထိုဂိုဏ်းအကြောင်းကို ဗုဒ္ဓတောင်၏မြောက်ဘက်ရှိ ရေကန်တစ်ခုတွင် သူနှင့်တွေ့ဆုံခဲ့သော အဘိုးအိုထံမှ သိခဲ့ခြင်းဖြစ်သည်။ သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တပည့်များနှင့်လည်း မတွေ့ဆုံခဲ့ဖူးပေ။ သူသိသည့် ထိုဂိုဏ်းမှသူများမှာ ပဉ္စမအကြီးအကဲနှင့် အပျိုစင်သုံးယောက်သာဖြစ်သည်။

ယခင်က ကျန်းရီသည် သူတော်စင်တော်သို့ သွား၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရရန် ကြိုးစားခဲ့၏။ သို့သော် သူ မည်မျှကြိုးစားခဲ့စေကာမူ နောက်ဆုံးတွင် ဂိုဏ်းချုပ်နှင့် မတွေ့နိုင်ခဲ့ပေ။ သူမက သူနှင့် မတွေ့လိုခဲ့ကြောင်း ထင်ရှားသည်။ ထို့အပြင် သူမက သူ့ကို အရေးပင် မစိုက်ခဲ့ချေ။

ယခုတွင်မူ ကျန်းရီက နှင်းဒေသတစ်ခွင်လုံးကို ဗြောင်းဆန်အောင်လုပ်၍ လူပေါင်းများစွာကို သတ်ပြီးခါမှ သူတော်စင်ဧကရီ ထွက်ပေါ်လာသည်။ ထို့ပြင် သူမက သူ့ကို ကယ်ရန်ပင် ကြိုးစားနေသည်။ အဘယ်ကြောင့်နည်း။

ထိုအခြေအနေက သဘာဝမကျပေ။

“ဟင်းဟင်း...”

ချောင်ဖေးဝမ်၏ ရယ်သံက ကျန်းရီကို လက်တွေ့လောကသို့ ပြန်ဆွဲခေါ်လိုက်၏။ ချောင်ဖေးဝမ်က လက်တစ်ဘက်မြှောက်ကာ ပြောလိုက်သည်။

“ချောင်ဖေးဝမ် သူတော်စင်ဧကရီကို နှုတ်ခွန်းဆက်ပါတယ်။ ဒါပေါ... ဧကရီက အရေးပါပါတယ်။ ကျုပ် ဧကရီကို လျစ်လျူမရှုဝံ့ပါဘူး။ ဒါပေမဲ့... သူတော်စင်ဧကရီက အကြောင်းပြချက်တစ်ခု မပေးဘူးဆိုရင်တော့ ကျုပ် ကျေနပ်နိုင်မှာ မဟုတ်ပါဘူး”

ချောင်ဖေးဝမ်၏ နောက်ဆုံးစကားက အတွင်းအားဖြင့် အသံမြှင့်တင်ခံထားရ၍ မိုင်ရာကျော်ပတ်လည်အတွင်း ပဲ့ထင်တပ်သွားသည်။ ထို့ကြောင့် ထိုအဝန်းအဝိုင်းအတွင်းရှိ လူအားလုံးက သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့သည် မျက်နှာပေါ်တွင် ထုတ်မပြသော်လည်း ရင်ထဲတွင် မကျေမနပ်ခံစားနေရပေသည်။ သူ‌တော်စင်ဧကရီ၏ လုပ်ရပ်က အဓိပ္ပာယ်မရှိပေ။ ကျန်းရီက နှင်းဒေသမှ လူတစ်ယောက်ဆိုလျှင်မူ သူတို့ ကျေနပ်နိုင်သေးသည်။

မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကျန်းရီလည်း မော့ကြည့်လိုက်သည်။ သူသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်ပင် သူတော်စင်ဧကရီရှိနေသော နေရာကို မပြောနိုင်ချေ။

“ရှင်တို့က မကျေနပ်ဘူးလား”

သူတော်စင်ဧကရီက ပြောလိုက်၏။ သူမ၏အသံက ယခင်ကလို သိမ်မွေ့နေဆဲပင်။ သူမက အသက်(၈၀)ရှိနေပြီဖြစ်သော်လည်း သူမ၏အသံက မအို‌သေးပေ။ သူမ ဆက်ပြောလိုက်သော စကားက အားလုံးကို ပါးစပ်ပိတ်သွားစေသည်။

“ရှင်တို့ မကျေနပ်တော့ရော ဘာဖြစ်သေးလဲ။ ဒီနေ့ ကျွန်မက သူ့ကို ခေါ်သွားမှာပဲ။ ရှင်တို့ မကျေနပ်ရင် လုပ်ချင်သလို လုပ်နိုင်တယ်”

“ဝိုး...”

ထိုနေရာတစ်ခွင်လုံး ကြက်ခြံထဲ ဝံပုလွေဝင်သကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ဓားခုတ်ကောင်နှင့် မိုရှန်းတို့လည်း အံ့အားသင့်သွားသည်။ ကျန်းရီသည်ပင် နားကြားမှားသလောဟု တွေးမိသွားသည်။ ပဉ္စမအကြီးအကဲနှင့် အပျိုစင်အနည်းငယ်သာ မတုန်မလှုပ် ရပ်နေကြသည်။ ပဉ္စမအကြီးအကဲ၏ နှုတ်ခမ်းစွန်းနှစ်ဘက်က အတန်ငယ် လှုပ်သွား၏။ သူမသည် လှောင်ပြုံး ပြုံးလိုသည်ကို အောင့်ထားပုံပင်။

“ဖွီး...”

ချောင်ဖေးဝမ် သွေးအန်သွား၏။ သူ့ဘဝတွင် ယခုကဲ့သို့ တစ်ခါမှ အစော်ကားမခံခဲ့ဖူးပေ။ မည်သူကမှလည်း သူ့ကို ယခုကဲ့သို့ မစော်ကားဝံ့ခဲ့ပေ။ သူသည် နှင်းဒေသတစ်ခွင်လုံးတွင် ဒုတိယစွမ်းအားအကြီးဆုံးသူဖြစ်၍ အားလုံး၏ ရိုသေလေးစားမှုကို ခံခဲ့ရသည်။ သူကသာ အခြားသူများကို စော်ကားခဲ့သည်။ သူ့ကို စော်ကားသည်ကိုတော့ မခံခဲ့ဖူးပေ။

“ပဉ္စမလေး... သူ့ကို ခေါ်သွားလိုက်”

သူတာ်စင်ဧကရီ၏ ခံစားချက်ကင်းမဲ့သော အသံ ထွက်ပေါ်လာ၏။ ပဉ္စမအကြီးအကဲက ရုတ်ခြည်း ပျံသန်းသွားလိုက်သည်။ သူမသည် ကျန်းရီကို လက်တစ်ဘက်ဖြင့် ပွေ့ကာ ပခုံးပေါ်တင်၍ အဝေးသို့ ပျံသန်းသွားသည်။ ချောင်ဖေးဝမ်၏ မျက်လုံးများ နီရဲလာသည်။ သူ ဒေါသထွက်ကာ တရှူးရှူး တရှဲရှဲဖြစ်နေ၏။ သူ၏ ကျိုးတိုးကျဲတဲမုတ်ဆိတ်မွေးကလည်း အရှေ့နောက် လှုပ်ယမ်းနေသည်။

“နေဦး...”

ချောင်ဖေးဝမ်၏ နှုတ်ခမ်းများ တုန်ယင်လာ၏။ သူ အံကြိတ်ကာ အော်ပြောလိုက်သည်။ သို့သော် ပဉ္စမအကြီးအကဲက သူ့ကို ကြည့်ပင် မကြည့်လိုက်ပေ။ သူမ ကျန်းရီကိုခေါ်၍ ဆက်ပျံသန်းသွားသည်။ ယခုတွင် ချောင်ဖေးဝမ်၏ မျက်နှာထားက ရှုံ့တွနေပေပြီ။ သူ၏ လက်နှစ်ဘက်စလုံး လင်းလက်လာ၏။ ထို့နောက် သူသည် ပဉ္စမအကြီးအကဲနှင့် ကျန်းရီကို တားရန် လက်ဝါးချက်များကို လျင်မြန်စွာ ရိုက်ထုတ်လိုက်လေသည်။

“ဟွန်း...”

သူတော်စင်ဧကရီက နှာမှုတ်လိုက်သည်။ ကောင်းကင်က ရုတ်ခြည်း ပြောင်းလဲသွားပြီး ဧရာမလက်ဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ လက်ဝါးရာကြီးက မီတာကိုးရာလောက် ကြီး၏။ လူအားလုံးသည် ထိုလက်ဝါးရာကြီးကို မြင်လိုက်သောအခါ ကြက်သေ,သေသွားကြသည်။ မရေမတွက်နိုင်သော အဆင့်နိမ့် သိုင်းသမားများသည် လက်ဝါးရာကြီးမှ ထွက်ပေါ်လာသော ဖိအားကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။

“ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်... မိစ္ဆာသတ် ချိပ်စည်း...”

ချောင်တွမ်ထျန်း အော်ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ ကျားနိုင်ဂိုဏ်းမှ အခြားအကြီးအကဲများ၏ မျက်နှာတွင်လည်း သွေးမရှိတော့ပေ။ အခြားလူများစွာသည်လည်း သေရမည်ကို ကြောက်ရွံ့ကာ ဆွံ့အ တုန်လှုပ်သွားကြသည်။

ဝှီး...ဝှီး...

အရောင်ကိုးရောင် တောက်ပနေသော ဧရာမလက်ဝါးရာကြီးက ကျယ်လောင်သော ဆူညံသံကြီးတစ်သံနှင့်အတူ ဆင်းသက်လာပြီး ချောင်ဖေးဝမ်၏ လက်များကို ရုတ်ခြည်း ပြန်ကျသွားအောင် ဖိချလိုက်သည်။ ဧရာမလက်ဝါးရာကြီးက တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။ ထို့နောက်တွင် ထိုနေရာတစ်ခွင်လုံးကို အားကောင်းသော ဖိအားကြီးတစ်ခုက ဖိချလိုက်သည်။ မီတာရာကျော်ပတ်လည်အတွင်းရှိ လူအားလုံးက ဖိအားကြောင့် ဒူးထောက်ကြသွားကြသည်။

ဝုန်း...

ဧရာမလက်ဝါးရာကြီးက ဆက်၍ ကျဆင်းလာသည်။ တဒင်္ဂအတွင်းမှာပင် ၎င်းသည် ကျယ်လောင်သော ထိတိုက်သံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ကျသွားသည်။ ချောင်ဖေးဝမ် ရပ်နေသော နေရာတွင် ဧရာမတွင်းကြီးတစ်တွင်း ထွက်ပေါ်လာ၏။ တွင်းပတ်လည်တွင်လည်း အက်ကြောင်းများ ဖြစ်လာကာ မီတာရာကျော်အဝေးအထိ ပျံ့နှံ့သွားသည်။ အနီးမှ လူများအားလုံး ထပ်မံ သွေးအန်သွားကြ၏။ ဓားခုတ်ကောင်နှင့် မိုရှန်းတို့ကလည်း ခြွင်းချက်မဟုတ်ပေ။

ရှူး...ရှူး...

ဓားခုတ်ကောင်နှင့် မိုရှန်းတို့က တစ်ပြိုင်တည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ ဓားခုတ်ကောင်က ဖိအားဒဏ်ကို အတော်ခံစားနေရ၏။ အတိတ်တွင် သူသည် သူ၏စွမ်းအားက သူတော်စင်ဧကရီ၏စွမ်းအားနှင့် ယှဉ်နိုင်သည်ဟု တွေးခဲ့၏။ ယခုတွင် သူ အတွေးမှားခဲ့ပြီဖြစ်ကြောင်း သူ သိသွားသည်။ ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူတော်စင်ဧကရီက အစွမ်းကုန် ထုတ်မသုံးသေးပေ။ မဟုတ်လျှင် သူတို့၏ အခြေအနေက ယခုထက် ပိုဆိုးပေလိမ့်မည်။

နောက်ဆုံးတွင် သူတော်စင်ဧကရီက ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ချောင်ဖေးဝမ် အလွန်ဂုဏ်ယူခဲ့သော ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန် ပထဝီဒိုင်းက ပျက်စီးသွားပေပြီ။ ပထဝီဒိုင်း ပျက်စီးသွားသည့် အခိုက်တွင် လက်ဝါးရာကြီးလည်း ပျောက်သွားသည်။ မဟုတ်လျှင် ယခုတွင် ချောင်ဖေးဝမ်က စိစိညက်ညက်ကြေသွားလောက်ပြီဖြစ်သည်။

သို့ပင်လျှင် ချောင်ဖေးဝမ်၏ အရိုးများက ကျိုးသွားပေပြီ။ သူက မြေကြီးထဲတွင် ကျောရိုးမရှိသော တီကောင်တစ်ကောင်ကဲ့သို့ လဲကျနေသည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများရွှဲနေပြီး သူ့မျက်နှာပေါ်တွင် ရှုံးနိမ့်မှုနှင့် ရှက်ရွံ့မှု အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။

‘ဒါက ကြယ်ကိုးပွင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားလား’

ကျန်းရီသည် မည်သည့်ဖိအားကိုမှ မခံစားခဲ့ရပေ။ ပဉ္စမအကြီးအကဲ၊ စုလောရွှယ်နှင့် အခြားသူများကလည်း မည်သို့မှ မဖြစ်သွားပေ။ သို့သော် လက်ဝါးရာကြီးက မြေပြင်ပေါ်သို့ ကျလာသည့်အခိုက်တွင်မူ ကျန်းရီ သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ကျန်းရီသည် ကြယ်ကိုးပွင့် သိုင်းပညာရှင်များကို ယခင်က တွေ့ဖူးခဲ့၏။ အောင်းလုက ထိုထဲမှတစ်ယောက်ပင်။ ယခုတွင် သူသည် သူ့မျက်စိအရှေ့ရှိ တွင်းနက်ကြီးနှင့် မျက်စိတစ်ဆုံးဆန့်တန်းနေသော အက်ကြောင်းများကို ကြည့်၍ စတင်တုန်လှုပ်လာသည်။ သူ၏ဝင်သက်၊ ထွက်သက်က ရပ်တန့်နေပေပြီ။ သူ့ခေါင်းထဲတွင်လည်း မြေပေါ်သို့ ကျဆင်းလာသော ဧရာမလက်ဝါးရာကြီး၏ ပုံရိပ်များနှင့်သာ ပြည့်နှက်နေသည်။ ယင်းက အတုမဲ့စွမ်းအားပင်။

‘အဲ့ လက်ဝါးရာကြီးကို ဘယ်သူက ခုခံနိုင်မှာလဲ’

ချောင်ဖေးဝမ်သည် တွင်းနက်ထဲတွင် လှဲနေရင်း အထက်ပါ မေးခွန်းကို စိတ်ထဲမှ မေးလိုက်မိသည်။ သူ၏ ကျိုးသွားသော အရိုးများက ပြန်မကောင်းနိုင်တော့ပေ။ ကြယ်ကိုးပွင့် သိုင်းပညာရှင်တစ်ယောက်မှလွဲ၍ မည်သူမှ ထိုကဲ့သို့ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

‘မြောက်ဘက်ဧကရာဇ်ဝူရှန့်ကလည်း ကြယ်ကိုးပွင့် သိုင်းပညာရှင်ပဲ။ သူရဲ့ အစွမ်းကရော ဘယ်လောင်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ’

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ကျန်းပိုင်လီအတွက် လက်စားချေနိုင်ရန် မဖြစ်နိုင်သေးပေ။ ကြယ်ကိုးပွင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်၍ပင် ရနိုင်ပါမည်လော။

“ပြီးခဲ့တဲ့ နှစ်ပေါင်းခုသိန်းအတွင်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသအတွက် ဘယ်လောက် အနစ်နာခံခဲ့သလဲ၊ ကျူးကျော်သူ ဘယ်လောက်များများကို နှင်းဒေသကနေ မောင်းထုတ်ပေးခဲ့သလဲ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမရှိရင် နှင်းဒေသက ဒီနေ့အထိ ရပ်တည်နိုင်မှာလား”

သူတော်စင်ဧကရီ၏ ခံစားချက်ကင်းမဲ့သောအသံက ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ လူအားလုံးသည် သူမ၏ အသံကိုကြားလိုက်ရ၍ ကောင်းကင်ထက်သို့ ထပ်မံမော့ကြည့်လိုက်သည်။ သူတော်စင်ဧကရီက ဆက်ပြောလိုက်၏။

“ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသမှာရှိတဲ့ ဂိုဏ်းတွေကြားက ပဋိပက္ခတွေမှာ ဝင်မပါခဲ့ဘူး။ အဲ့ဒါက ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ စည်းမျဉ်းပဲ။ ဒါပေမဲ့ ကျွန်မတို့ ဝင်မပါတာ ရှင်တို့ ခွင့်မပြုလို့ မဟုတ်ဘူးဆိုတာကိုတော့ သိထား...”

“ကျွန်မ လုပ်တဲ့ကိစ္စတိုင်းမှာ အကြောင်းရှိတယ်။ ကျွန်မ ရှင်တို့ကို ရှင်းပြချင်လည်း ရှင်းပြမယ်၊ မရှင်းပြချင်လည်း မရှင်းပြဘူး။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူတိုင်းရဲ့ စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်ဘူး။ ရှင် ချောင်ဖေးဝမ်ကလည်း ခြွင်းချက်မဟုတ်ဘူး။ နောက်ကျရင် ကျွန်မ ရှင့်ကို ရှင်းပြနိုင်တယ်... ဒါပေမဲ့ အခုတော့ ကျွန်မ ရှင်းပြမှာ မဟုတ်ဘူး”

***

All Chapters