ငါ မင်းကို အရာအားလုံး ပေးနိုင်တယ်
Vol. 75 Ch. 1047
လူပုတောင်မှ အဖြစ်အပျက်များက သူတော်စင်ဧကရီ၏ မိစ္ဆာသတ်ချိပ်စည်းကြောင့် အဆုံးသတ်သွားသည်။ မျိုးနွယ်လေးခုသည် ဆက်၍မတိုက်ခိုက်ဝံ့ပေ။ လူပုတောင်ကို မျက်စိကျနေကြသော အခြားမျိုးနွယ်များကလည်း လောဘမတက်ရဲတော့ဘဲ ပြန်ဆုတ်ခွာသွားကြသည်။
သို့သော် ချိုးရှန်က ကျန်းရီ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး လူပုမျိုးနွယ်စစ်တပ်ကလည်း ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားပြီဖြစ်၍ လူပုမျိုးနွယ်သည် လူပုတောင်ကို ဆက်သိမ်းပိုက်ထားနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ လူပုမျိုးနွယ်က လူပုတောင်ကို သေသည်အထိ ကာကွယ်ရန် ဆုံးဖြတ်လိုက်ပါက မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။ မိမိ၏ကြွယ်ဝမှုက အခြားသူများ၏ လောဘကို လှုံ့ဆောင်နိုင်ရာ မိမိကိုပျက်သုဉ်းစေနိုင်၏။ တော်ဝင်တောင်ကို လူတိုင်း လိုချင်ကြသည်။ ထို့ကြောင့် လူပုတောင်ကို သိမ်းပိုက်လိုသောဆန္ဒကို မတွန်းလှန်နိုင်သည့် မျိုးနွယ်ကြီးများ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။
ချောင်ဖေးဝမ်ကို သူ့လူများက သယ်ခေါ်လာသည်။ သူ၏ဒဏ်ရာများက နတ်ဘုရားတစ်ပိုင်းအတွက် မပြောပလောက်ဘဲ လဝက်လောက် အနားယူလိုက်လျှင် ပြန်ကောင်းလာနိုင်သော်လည်း သူတော်စင်ဧကရီကြောင့် ဖြစ်လာသော စိတ်ဒဏ်ရာကမူ သူ့ဘဝတစ်လျှောက်လုံး ပြန်ကောင်းနိုင်တော့မည် မဟုတ်ပေ။
ဤမျိုးဆက်မှ သူတော်စင်ဧကရီက အမြဲ သိုသိုသိပ်သိပ် နေခဲ့သည်။ သူမက နှင်းဒေသရှိ မျိုးနွယ်များမှ လူများ၏အရှေ့တွင် ထွက်ပေါ်လာခဲသည်။ ချောင်ဖေးဝမ်တို့က သူမကို အကြိမ်အနည်းငယ် တွေ့ခဲ့ဖူးသော်လည်း သူမနှင့် စကားကြာကြာ မပြောခဲ့ဖူးပေ။ ချောင်ဖေးဝမ်တို့သည် လက်ရှိ သူတော်စင်ဧကရီက ပြောဆိုဆက်ဆံရန် မခက်ခဲသော သိမ်မွေ့သည့်လူတစ်ယောက်ဟု တွေးခဲ့ကြသည်။
သို့သော် သူတော်စင်ဧကရီ၏ မိစ္ဆာသတ်ချိပ်စည်းက ထိုနေရာရှိ မျိုးနွယ်ခေါင်းဆောင်တိုင်းနှင့် သိုင်းသမားတိုင်း၏ သူမအပေါ် အမြင်များကို ပြောင်းလဲသွားစေလေသည်။ ယနေ့တွင် သူမ၏ စွမ်းအားနှင့် အထက်စီးဆန်သော အကျင့်စရိုက်က ထိုနေရာရှိ လူတိုင်း၏ ရင်ထဲ၌ စွဲထင်သွားပေပြီ။
လူများစွာလည်း လှုပ်နှိုးခံလိုက်ရသည်။ သူတို့က ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို လျှော့တွက်ခဲ့ကြသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သိုသိုသိပ်သိပ်သာ နေသဖြင့် လူများစွာသည် ထိုဂိုဏ်းက မည်မျှအင်အားကြီးကြောင်း မေ့လာကြသည်။ သူတော်စင်ဧကရီ ပြောခဲ့သလိုပင် နှင်းဒေသအတွင်းမှ ပဋိပက္ခများကြား၌ ဝင်မပါရန်က ဂိုဏ်းစည်းမျဉ်းဖြစ်သည်။ သို့သော် သူမတို့ ဝင်မပါခြင်းမှာ အခြားသူများက သူမတို့ကို ခွင့်မပြု၍ မဟုတ်ပေ။
နှင်းဒေသ၏ အုပ်စိုးသူက အမြဲ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသာ ဖြစ်နေမည်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည် အိပ်မောကျနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။ ထိုခြင်္သေ့က နှောင့်ယှက်ခံလိုက်ရ၍ နိုးလာသည်နှင့် လာနှိုးသူတိုင်း အပိုင်းပိုင်း ကုတ်ဖြဲခံလိုက်ရမည်ဖြစ်သည်။
နှင်းဒေသမှ လူများ၏ ရင်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများ ထွက်ပေါ်လာသည်။ လူတိုင်း၏ လုပ်ရပ်များနောက်ကွယ်တွင် အကြောင်းတစ်ခုတော့ ရှိကြသည်သာ။ သူတော်စင်ဧကရီကလည်း အကြောင်းတစ်ခုရှိ၍ ဝင်ပါခဲ့ခြင်းဖြစ်မည်။ သူမသည် ထိုအကြောင်းကို နောင်တွင် ရှင်းပြမည်ဟု ပြောခဲ့၏။ ထို့ကြောင့် လူများ ပို၍ နားမလည်နိုင်ဖြစ်သွားကြသည်။ သူတော်စင်ဧကရီက လူများ၏ သူမအပေါ်ထားသော ချစ်ခင်လေးစားမှုကို ရင်းရလောက်အောင် ကျန်းရီက မည်သို့ထူးခြားနေ၍နည်း။ အဘယ်ကြောင့် သူတော်စင်ဧကရီက ကျန်းရီကို ကယ်ခဲ့ခြင်းနည်း။
နှင်းဒေသမှ လူများသာမက ကျန်းရီလည်း နားမလည်နိုင်ဖြစ်နေသည်။
ပဉ္စမအကြီးအကဲနှင့် အပျိုစင်လေးယောက်က ကျန်းရီကို သူတော်စင်တောင်သို့ ပြန်ခေါ်သွားပြီး ဆန်းကြယ်၍ လုံခြုံမှုရှိသော နေရာတစ်ခုသို့ ပို့လိုက်၏။ နောက်ဆုံးတွင် သူ ခြံဝန်းတစ်ခုထဲသို့ ရောက်သွားသည်။ ပဉ္စမအကြီးအကဲက သူ့ကို ထိုခြံဝန်းထဲတွင် စောင့်နေခိုင်းသည်။ မကြာခင်တွင် သူတော်စင်ဧကရီက သူ့ကို ဆင့်ခေါ်မည်ဖြစ်သည်။
ကျန်းရီသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်ရှိ မက်မွန်တောအုပ်ကို မြင်နေရ၏။ ထို့ပြင် အဝေးရှိ ပြာလဲ့လဲ့ကောင်းကင်ကိုလည်း မြင်နေရသဖြင့် သူ အံ့ဩနေသည်။ ထိုနေရာက နှင်းဒေသတွင်မှ ဟုတ်ပါသလော။ ကောင်းကင်က အဘယ်သို့ ပြာနေရသနည်း။ လေထဲတွင်လည်း မည်သည့်အေးစက်မှုမှ မရှိပေ။ သစ်ပင်များနှင့် အနီရောင်ပန်းများကိုလည်း သူ မြင်နေရသည်။ ထိုမြင်ကွင်းက နှင်းဒေသတွင် မြင်တွေ့နိုင်သော မြင်ကွင်းမဟုတ်ချေ။
“ဒီနေရာက အပြစ်ဆေးကြောဒေသလို ကိုယ်ပိုင်အာကာနယ်မြေရှိတဲ့ နေရာတစ်ခုလား။ ဆန်းကြယ်နယ်မြေတစ်ခုလည်း ဖြစ်နိုင်တယ်”
ကျန်းရီ ထရပ်လိုက်ပြီး ပြတင်းပေါက်ဘောင်ရှိ လက်ရန်းကို ကိုင်လိုက်သည်။ အပြင်ဘက်မှ ပန်းမန်ရှုခင်းများကြောင့် သူ အံ့အားသင့်နေသည်။ သူသည် ကိစ္စများစွာကို နားမလည်နိုင်သေးသော်လည်း သူ့တွင်ရှိသည့် အရေးအကြီးဆုံး မေးခွန်းမှာ အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူပုမျိုးနွယ်ကို ကိုယ်တိုင်မရှင်းပစ်ရသနည်းဟူသော မေးခွန်းပင်။ သူတော်စင်ဧကရီက နှင်းဒေသမှ လူများ၏ အတွေးကို အရေးမစိုက်သည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် သူက ဒုက္ခများစွာခံခဲ့ရခြင်းနည်း။
ကျန်းရီသည် အရူးလုပ်ခံခဲ့ရသကဲ့သို့ ခံစားနေရ၏။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူပုမျိုးနွယ်ကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ သို့သော် သူမတို့သည် တစ်ပတ်ကြီးဝေ့ဝိုက်ကာ သူ့ကဲ့သို့ ကောင်းကင်ဧကရာဇ်လေးအား မျိုးနွယ်ကြီးတစ်ခုကို ဖျက်ဆီးရန်နှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို သတ်ရန် တာဝန်ပေးခဲ့သည်။ သို့သော် နောက်ဆုံးတွင်လည်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဝင်ပါခဲ့ရသည်သာ။ ထို့ကြောင့် သူမတို့၏လုပ်ရပ်က ပို၍ လူကဲ့ရဲ့စရာ ဖြစ်သွားသည်။
ဤတစ်ခေါက်တွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုရခဲ့သည်။ အဘယ်ကြောင့် သူမတို့က ထိုလမ်းကို ရွေးခဲ့သနည်း။ ကျန်းရီ အခက်ကြုံလျှင် သူမတို့ ပျော်ခြင်းလော။ ထိုအခိုက်တွင် ကျန်းရီသည် သူတော်စင်ဧကရီက စုလောရွှယ်၏ မှတ်ဉာဏ်များကို ပြန်ချိပ်ဖွင့်ပေးလိမ့်မည်ဟု ပဉ္စမအကြီးအကဲ ပြောခဲ့သော စကားကိုပင် သံသယဖြစ်နေပေသည်။ ဝိညာဉ်သန့်စင်ရေကန်အပေါ် စွဲလမ်းမှုကို ဖယ်ထုတ်နိုင်ရန်လည်း တန်ကြေးကြီးကြီးပေးရမည်ဖြစ်သည်။ သူတော်စင်ဧကရီက သူမ၏ ကျင့်ကြံခြင်းအစွမ်းအားလုံးကို စွန့်လွှတ်ရပေမည်။ ထိုအကြောင်းများသည်လည်း အလိမ်အညာများလော။
သို့သော်... အဘယ်ကြောင့်နည်း။
အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ထိုလမ်းကို ရွေးခဲ့ရသနည်း။ ထိုသို့လုပ်လျှင် သူမတို့အတွက် မည်သည့်ကောင်းကျိုးရမည်နည်း။
မရှင်းလင်းသေးသောကိစ္စများ များစွာ ရှိနေသည်။ ကျန်းရီသည် ထိုအကြောင်းများကို တွေးရင်း ခေါင်းပေါက်ထွက်တော့မလိုပင် ခံစားနေရသည်။ ထို့ကြောင့် သူ ဆက်မတွေးတော့ဘဲ သူတော်စင်ဧကရီက သူ့ကို ဆင့်ခေါ်မည့် အချိန်ကိုသာ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ထိုမှ သူ သူတော်စင်ဧကရီကို တိုက်ရိုက်မေးရပေမည်။
သူတော်စင်ဧကရီက ကျန်းရီကို ချက်ချင်း မဆင့်ခေါ်ခဲ့ပေ။ ပဉ္စမအကြီးအကဲကလည်း ပေါ်မလာခဲ့ချေ။ စုလောရွှယ်သည်လည်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ပျောက်သွားခဲ့သည်။ ဂိုဏ်းသို့ လာရာလမ်းတွင် ကျန်းရီသည် စုလောရွှယ်ကို စကားပြောလိုခဲ့သော်လည်း သူမက အေးဆက်ဆက်သာ ပြန်တုံ့ပြန်ခဲ့ပြီး စကားတစ်ခွန်းပင် မပြောခဲ့ပေ။
“အရင်ဆုံး အနားယူပြီး ဒဏ်ရာကုတာပေါ့”
ကောင်းကင်က မှောင်စပျိုးလာပေပြီ။ ကျန်းရီ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆေးလုံးနှစ်လုံးကို သောက်ကာ ဒဏ်ရာကုသလိုက်သည်။ လမ်းခရီးတွင် ရက်အနည်းငယ် ကြာခဲ့၍ သူ၏ဒဏ်ရာများက အနည်းငယ် သက်သာနေပေပြီ။ သို့သော် အပြည့်အဝတော့ ပြန်မကောင်းသေးပေ။
ကျန်းရီသည် ညလုံးပေါက် ဒဏ်ရာကုသပြီးနောက် အရုဏ်တက်ချိန်တွင် နိုးထလာကာ အကြောဆန့်လိုက်၏။ သူ နေရထိုင်ရ ပိုကောင်းလာပေပြီ။ အနည်းဆုံးတော့ သူ လမ်းလျှောက်လိုက်တိုင်း ဒဏ်ရာများ ပွင့်မလာတော့ပေ။
ရှပ်...ရှပ်...ရှပ်...
အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုနှစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ သူမတို့က အဖြူရောင်ဝတ်စုံတစ်ထည်ကို ကိုင်ထားကြ၏။ အခန်းထဲသို့ ရောက်သည်နှင့် သူမတို့ တလေးတစား ဦးညွှတ်လိုက်ကြသည်။ ပြီးနောက် သူမတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“သခင်လေး... ရေမိုးချိုးပြီး အဝတ်အစားလဲလိုက်ပါ။ ခဏနေရင် ဂိုဏ်းချုပ်က သခင်လေးကို တွေ့ပါလိမ့်မယ်”
မိန်းမပျိုးလေးနှစ်ယောက်က အတော်လေး ငယ်ရွယ်ပြီး ချောမောလှပ၏။ သူမတို့၏ အငွေ့အသက်ကပင် ထူးခြားနေသည်။ ဤနေရာသို့ ဝင်လာသော မိန်းမပျိုတိုင်း၏ အငွေ့အသက်က ပြောင်းလဲသွားပုံပင်။ သူမတို့က နတ်မိမယ်တစ်ပါးကဲ့သို့ အငွေ့အသက်ရှိကြသည်။
မိန်းမပျိုနှစ်ယောက်သည် ပြောပြီးသည်နှင့် ဘေးရှိ အခန်းလေးတစ်ခန်းအတွင်းသို့ ဝင်သွားကာ ကျန်းရီအတွက် ချိုးရေ ဖြည့်ပေးလိုက်ကြသည်။ ကျန်းရီက ထိုအခန်းထဲသို့ လိုက်ဝင်သွားသောအခါ သူမတို့နှစ်ယောက်က ရှက်သွေးဖြာသော မျက်နှာများနှင့် အခန်းထဲမှ ထွက်သွားကြသည်။ သူမတို့သည် အခန်းဝသို့ ရောက်သောအခါ ကျန်းရီကို တစ်ချက်လှည့်ကြည့်လိုက်ကြ၏။ သူမတို့၏ မျက်နှာလေးများက ပို၍ပင် နီမြန်းသွားလေသည်။
“မင်းတို့ ကောင်မလေးတွေ အရင်တုန်းက ယောက်ျား မမြင်ဖူးဘူးလား။ ဘာတွေ ထူးဆန်းနေတာလဲ...”
ကျန်းရီက နှာခေါင်းပွတ်၍ ရယ်လိုက်သည်။ ဤဂိုဏ်းတွင် ယောက်ျားများက အမှန်ပင် ရှားပါးသတ္တဝါများဖြစ်ကြသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများသည် တစ်သက်လုံး အိမ်ထောင်ပြုခွင့် မရှိပေ။ အကြောင်းကိစ္စရှိ၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအပြင်သို့ ထွက်ရလျှင်ပင် ယောက်ျားများနှင့် ပြောဆိုဆက်ဆံခွင့် မရှိပုံပင်။ ထို့ကြောင့် သူမတို့က ယောက်ျားများအကြောင်းကို စိတ်ဝင်စားခြင်းမှာ သဘာဝကျသည်။
ကျန်းရီသည် ရေချိုးကာ အဝတ်အသစ်များ လဲဝတ်ပြီးနောက် မုန့်အချိုအနည်းငယ် စားလိုက်၏။ ထိုစဉ် ပဉ္စမအကြီးအကဲက အခန်းထဲသို့ ဝင်လာသည်။ သူမက ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“မဆိုးပါဘူး... ပိုကြည့်ကောင်းသွားပြီ။ သွားကြစို့... သူတော်စင်ဧကရီက မင်းကို ဆင့်ခေါ်လိုက်တယ်”
ကျန်းရီသည် ပဉ္စမအကြီးအကဲနောက်မှ လိုက်သွားလိုက်၏။ အစောတွင် သူသည် အတွေးများနေခဲ့၍ အပြင်ဘက်မှ ရှုခင်းများကို အပြည့်အဝ မခံစားနိုင်ခဲ့ပေ။ ထို့ကြောင့် ယခုမှ သူ ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။ ရုတ်တရက် သူ အပူအပင်ကင်းမဲ့သွားသလို ခံစားလိုက်၏။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို တောင်တစ်လုံး၏ ထိပ်တွင် တည်ဆောက်ထားခြင်းပင်။ အဆောက်အဦများကို သစ်သားများဖြင့်သာ တည်ဆောက်ထားသည်။ တောင်အောက်၌ ကြီးမားသော မြစ်ကြီးတစ်စင်းရှိပြီး ပတ်ဝန်းကျင်တွင် ဧရာမတောင်ကြီးများ ရှိသည်။ ယခုက နံနက်အချိန်ဖြစ်၍ မြစ်မျက်နှာပြင်အထက်တွင် မြူခိုးများ ရစ်သိုင်းနေသေးသည်။ ထို့ကြောင့် ဤတစ်တောင်တစ်တောင်လုံးက စိတ်ကူးယဉ်အိပ်မက်အတွင်းမှ နတ်ဘုံတစ်ခုနှင့်ပင် ဆင်တူနေလေသည်။
“အဲ့ဒါက ဝိညာဉ်သန့်စင်ရေကန်ပဲ”
ပဉ္စမအကြီးအကဲက သူမအရှေ့ရှိ ရင်ပြင်ထဲမှ ရေကန်ကြီးတစ်ကန်ကို ညွှန်ပြလိုက်၏။ ကျန်းရီ မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ရေကန်က သိပ်မကြီးပေ။ ရေကန်အလယ်မှနေ၍ စမ်းရေများပန်းထွက်နေသည်။ ထိုစမ်းရေက အပြာရောင်ပင်။ လေစီးကြောင်းတစ်ခုက ထိုစမ်းရေကို လှည့်ပတ်နေရာ စမ်းရေက ထူးခြားကြောင်း ထင်ရှားပေသည်။
ပဉ္စမအကြီးအကဲက ရေကန်စွန်းတွင်ရပ်၍ ပြောလိုက်၏။
“အာ... မင်း အထဲကို ဆင်းကြည့်ချင်လား။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က သိသိသာသာ တိုးတက်သွားလိမ့်မယ်လို့ ငါ အာမခံတယ်။ ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ယောက်ျားတွေကို လက်မခံပေမယ့် မင်းကိုတော့ ခြွင်းချက်တစ်ခုအနေနဲ့ ထားလို့ရပါတယ်”
“တော်ပါပြီ... မလိုပါဘူး”
ကျန်းရီက ခပ်သွက်သွက် ငြင်းလိုက်သည်။ ထိုစမ်းရေက စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိသော်လည်း အဆိပ်လည်းရှိပေသည်။ ထိုစမ်းရေကို ထိမိသူတိုင်း ဤဂိုဏ်းမှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သူသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် တစ်ဘဝလုံး ဘုန်းကြီးတစ်ယောက်ကဲ့သို့ မနေလိုချေ။
“အဲ့ဒါဆို သွားကြစို့”
ပဉ္စမအကြီးအကဲက မသိမသာ ပြုံးလိုက်ပြီး ရင်ပြင်အရှေ့ရှိ အဆောက်အဦကြီးတစ်လုံးဆီ လျှောက်သွားလိုက်သည်။ အဆောက်အဦဝင်ပေါက်တွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းသူနှစ်ယောက် စောင့်နေ၏။ သူမတို့သည် ကျန်းရီအား မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသလို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
အဆောက်အဦထဲသို့ ဝင်ပြီးနောက် ပဉ္စမအကြီးအကဲက ကျန်းရီကို စင်္ကြံလမ်းတစ်ခုသို့ ခေါ်သွား၏။ စင်္ကြံအဝင်ဝမှ ဂိုဏ်းသူနှစ်ယောက်ကလည်း ကျန်းရီအား အဆောက်အဦအဝင်ဝမှ ဂိုဏ်းသူနှစ်ယောက်ကဲ့သို့ပင် ကြည့်လိုက်ကြသည်။ ထိုအကြည့်များကြောင့် ကျန်းရီ စိတ်မသက်မသာ ဖြစ်နေသည်။ သူက အလိုမပြည့်ဝသော ကိုယ်လုပ်တော်များနှင့် ပြည့်နေသည့် နန်းတော်အတွင်းဆောင်တစ်ခုထဲသို့ ရောက်နေသလိုမျိုးပင်။
အချိုးအကွေ့များစွာကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းရီတို့ ထိုအဆောက်အဦ၏ နောက်ကျောဘက်ရှိ ပန်းခြံတစ်ခုအတွင်းသို့ ရောက်သွား၏။ ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွား၏။ ပန်းခြံထဲတွင် အပန်းဖြေအဆောက်အအုံလေးတစ်ခု ရှိနေ၏။ ထိုအပန်းဖြေအဆောက်အအုံထဲတွင် အမျိုးသမီးတစ်ယောက်က လက်ဖက်ရည်သောက်နေသည်။ သူမ၏ အသက်ကို ပြောရန်ခက်၏။ မိန်းမပျိုလေးနှစ်ယောက်လည်း သူမကို အလုပ်အကြွေးပြုနေကြသည်။
“သူတော်စင်ဧကရီကို နှုတ်ခွန်းဆက်ပါတယ်”
ပဉ္စမအကြီးအကဲက ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ ကျန်းရီကလည်း သူမအတိုင်း လိုက်လုပ်လိုက်သည်။ သူတော်စင်ဧကရီက လက်ဖက်ရည် ဆက်သောက်နေပြီး အပန်းဖြေအဆောက်အအုံ အနီးရှိ ရေကန်လေးကို စိုက်ကြည့်နေ၏။ ထို့နောက် သူမ လက်ဝှေ့ယမ်းပြလိုက်သည်။
ပဉ္စမအကြီးအကဲနှင့် အစေခံမလေးနှစ်ယောက်တို့က ဦးညွှတ်ကာ ထွက်သွားကြသည်။ ကျန်းရီသည် လှည့်ပတ်၍ပင် မကြည့်ဝံ့သဖြင့် စကားတစ်ခွန်းမှ မပြောဘဲ မလှုပ်မယှက် ရပ်နေလေသည်။
သူတော်စင်ဧကရီက ငါးမိနစ်မျှ လက်ဖက်ရည် ဆက်သောက်နေ၏။ ပြီးနောက်မှ သူမ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... မင်းမှာ မေးခွန်းတွေအများကြီး ရှိနေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့... ငါ မင်းကို ဘာမှ ပြောပြမှာ မဟုတ်ဘူး။ မင်း ငါတို့ဂိုဏ်းရဲ့ ဖန်စေတီကို ပြန်ယူလာပေးနိုင်ရင်တော့ မင်း သိချင်တာမှန်သမျှ သိရမယ်။ မင်းလိုချင်တာ မှန်သမျှကိုလည်း ရနိုင်မယ်။ ငါ မင်းကို အရာအားလုံး ပေးနိုင်တယ်”
***