ချစ်ကြည်ရင်းနှီးမှု
Vol. 57 Ch. 785
ထိုအခါ ဝမ်ပေါင်လဲ့၏ သူငယ်အိမ်များမှာ မသိမသာ ကျဉ်းမြောင်းသွား၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး သဘောတူကြောင်း ချက်ချင်းပြန်ပြောလိုက်တော့သည်။ သူသည် ဘေးပတ်ပတ်လည်ရှိ လူများ၏ အကြည့်များကိုပင် ဂရုစိုက်နေခြင်း မရှိဘဲ တရိုတသေ ဆိုလိုက်၏။
" ဂိုဏ်းခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီး အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး ကြံဆောင်သမျှ အစီအစဉ်တိုင်း အောင်မြင်နိုင်ပါစေ။ လောကသုံးပါးကို အုပ်ချုပ်နိုင်ပြီးတော့ အရပ်ရှစ်မျက်နှာက သက်ရှိတိုင်း ခေါင်းဆောင်ကြီးရဲ့ ဖဝါးမှာ လာပြီးတော့ ခစားကြပါစေ။ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး အခက်အခဲတွေ အားလုံးကိုလည်း အတားအဆီးမရှိ ကျော်လွှားနိုင်ပါစေ။ ထာဝရကြယ်အဆင့်ကိုလည်း ခြေလှမ်းဆယ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်ပါစေ "
ဝမ်ပေါင်လဲ့ အထွေထွေညီလာခံထဲ၌ ပြောခဲ့သည့် စကားများမှာ ယခုတွင် သူနှုတ်မှ နောက်ထပ်တစ်ကြိမ် ထပ်၍ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် ကျင့်ကြံသူများအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆွံ့အသွားကြပြီး နှလုံးသားထဲ၌ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် သူတို့၏ သဘောထားများမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ အခြားသူများ၏ ထင်မြင်ချက်များကို ဂရုစိုက်နေခြင်းမရှိပေ။ ယခုတွင် သူသည် ရိုသေလေးစားမှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေ၏။ ထို့ကြောင့် သူ၏ အသိစိတ်အား ပြန်လည်ရုပ်သိမ်းရန် ပြင်နေသည့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ချောင်းဟန့်လိုက်ပြီး နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်သည်။
" ရပါပြီ။ နောက်ခါ ငါ့ကို ဒီလို ဂါရဝပြုဖို့ မလိုပါဘူး "
" ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အမိန့်ကို ကျွန်တော် နာခံပါ့မယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက လူတိုင်း ကြောက်ရွံ့လေးစားရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာတောင် မာန်မာနထောင်လွှားမှုမရှိတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်တို့အားလုံးအတွက် ဂိုဏ်းခေါင်းဆောင်ကြီးက စံပြပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ သင်ကြားပြသမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ လုံနန်ကျစ်ဆိုတဲ့ ကျွန်တော် ဂိုဏ်းခေါင်းဆောင်ကြီးကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး။ ကျွန်တော် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းအတွက် အရိုးကြေကြေ အရေခန်းခန်း ကြိုးစားပေးဖို့ သစ္စာကျိန်ဆိုပါတယ် "
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြစ်နေသည့် အမူအရာဖြင့် သူ၏ရင်ဘတ်ကို လက်ဖြင့်ထုကာ ကျယ်လောင်စွာ ဆိုလိုက်ပြန််သည်။
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ စကားများကြောင့် အနေရခက်သွားရသဖြင့် တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ချောင်းဟန့်လိုက်ပြီး သူ၏ အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ ပျော်ရွှင်ကျေနပ်နေသည့် အမူအရာဖြင့် သူ၏ပတ်ပတ်လည်ရှိ လူအုပ်ကြီးအား ကြည့်လိုက်၏။ သူတို့အားလုံးမှာ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ စိုက်ကြည့်နေကြပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူအုပ်ကြီးအား အရိုအသေပေးလိုက်၏။
" တာအိုရောင်းရင်းတို့။ ကျွန်တော်တို့တွေအားလုံးက ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ စစ်တပ်တွေအတွက် ကြိုးစားနေရတာမလို့ စောစောတုန်းက ကျွန်တော့်ရဲ့ လုပ်ရပ်တွေနဲ့ တာအိုရောင်းရင်းတို့ကို အပြစ်လုပ်မိခဲ့တယ်ဆိုရင် ဗွေမယူပါနဲ့ဗျာ။ ကျွန်တော်က သဘောထားကြီးတဲ့ လူတစ်ယောက်မလို့ အငြိုးအတေး မထားတတ်ပါဘူး။ တစ်ခါတစ်ခါ အူကြောင်ကြောင် လုပ်တတ်တာကလွဲရင် ကျွန်တော်က မိတ်ဆွေဖွဲ့ရတာ အရမ်းနှစ်သက်တဲ့ လူတစ်ယောက်ပါ။ အဲတာမလို့ နောက်ကျရင် တာအိုရောင်းရင်းတို့အားလုံးနဲ့ ကျွန်တော် မိတ်ဆွေဖွဲ့နိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ "
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ မျက်နှာအမူအရာများ အထူးတဆန်း ဖြစ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်း၏ နဂါးနက်တပ်ရင်းအား လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ကိစ္စရပ်ကြီးကြောင့် နာမည်ဆိုးနှင့် ကျော်ကြားနေသည် မဟုတ်ပါလော။
ထိုကဲ့သို့သော လူမျိုးမှာ သူ့ကိုယ်သူ သဘောထားကြီးသည့် လူတစ်ယောက်ဟု ဆိုနေသည်ဖြစ်ရာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသည့် အရူးတစ်ယောက်သာလျှင် သူ၏ စကားများကို ယုံမည်ဖြစ်သည်။
လူအုပ်ကြီးတစ်ခုလုံးမှာ သူ ရိုးသားမှုအပြည့်ဖြင့် ပြောခဲ့သည့် စကားများအား တုံ့ပြန်မှုမရှိဘဲ နှုတ်ဆိတ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အရှက်ရသွား၏။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါး တင်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အရိုအသေ ပေးလိုက်ပြီးနောက် နောက်သို့လှည့်ကာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ စခန်းဆီသို့ ပျံသန်းသွားလိုက်တော့သည်။
သူ စစ်မြေပြင်ထဲမှ ထွက်ခွာသွားသည့် အချိန်မှသာ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများမှာ အသက်ပြင်းပြင်း ရှူနိုင်သွားကြပြီး စကားပြောလိုက်ကြတော့သည်။
" သူ့ရဲ့ ဖားယားနိုင်တဲ့စွမ်းရည်က တခြားသူတွေနဲ့ မတူတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ။ ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က တော်တော်ကို အရှက်မရှိတာပဲ "
" တိတ်စမ်း။ သူက အရှက်မရှိတာမှန်ပေမယ့် သူ့ရဲ့ အစွမ်းအစတွေကိုတော့ မျက်ကွယ်ပြုထားလို့ မရဘူးကွ။ သူ့ကို ရန်မစမိအောင် နေတာ အကောင်းဆုံးပဲ "
" တောက်ကွာ။ ငါသာ သူ့လိုမျိုး လုပ်နိုင်မယ်ဆိုရင် အခုဆို စစ်တပ်ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်နေလောက်ပြီ... "
သာမန် ကျင့်ကြံသူများ မနာလို ဖြစ်နေကြရုံသာမက စစ်တပ်ခေါင်းဆောင်ကြီးအချို့ပင်လျှင် အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။ ပြီးခဲ့သည့် အထွေထွေညီလာခံထဲတွင်လည်း ဝမ်ပေါင်လဲ့မှာ ယခုလို စကားများကို ပြောခဲ့သည်မဟုတ်ပါလော။ သူသည် ထိုစဉ်တုန်းက အနည်းငယ်ခန့် နာမည်ကျော်ကြားနေခဲ့ပြီ ဖြစ်ပါသော်လည်း လူအများစုမှာ သူ့အား သတိမထားမိခဲ့ကြသေးသောကြောင့် လူများမှာ သူ့အား အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြခြင်း မရှိပေ။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲကြီးထဲ၌ သူ၏ အစွမ်းအစများကို ထုတ်ပြခဲ့သည်ဖြစ်ရာ အခြေအနေများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့မှာ သူ့အား အလေးပေး ဆက်ဆံရတော့မည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ဖားယားသည့်နေရာတွင်လည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေသည်ဖြစ်ရာ ယခုနှုန်းထားအတိုင်းသာဆိုပါက မဝေးလှတော့သည့် အနာဂတ်တွင် အဆင့်မြင့်ရာထူးတစ်ခုကို ပိုင်ဆိုင်သွားနိုင်မည်မှာ မလွဲဧကန်ပင်။
တာအိုရောင်းရင်း နဂါးနီပင်လျှင် မျက်မှောင်ကြုတ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား မနှစ်သက်ပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ဂိုဏ်းခေါင်းဆောင်ကြီးတို့၏ အပြန်အလှန် ပြောစကားများမှာ သူ၏နှလုံးသားထဲ၌ ကိန်းအောင်းနေသည့် ဝမ်ပေါင်လဲ့အပေါ် ထားရှိသော ဒေါသစိတ်အများစုအား ချုပ်တည်းနိုင်ခဲ့သည်ကို ဝန်ခံရပေမည်။
ဂိုဏ်းခေါင်းဆောင်ကြီးအား ထိုကဲ့သို့ ပြောဆိုဆက်ဆံနိုင်သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အထင်သေးမိပါက မလိုလားအပ်သည့် ပြဿနာများနှင့် ကြုံတွေ့ရနိုင်ပေသည်။ ထို့ကြောင့် တာအိုရောင်းရင်းနဂါးနီမှာ မျက်ဝန်းများ အရောင်လက်သွားပြီး ရေခဲဖီးနစ်ငှက်တပ်ရင်းထဲသို့ ပြန်ဝင်သွားရန် ပြင်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ပြုံးကာ အော်ပြောလိုက်တော့သည် " တာအိုရောင်းရင်း လုံနန်ကျစ်။ မင်း ငါ့ရဲ့ နဂါးနီတပ်ရင်းထဲကို ဝင်ချင်လား "
နတ်သမီးလင်ယိုမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွားပြီး နှာမှုတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ခြေလှမ်းများရပ်တန့်သွားပြီး နောက်သို့လှည့်လာ၏။ ထို့နောက် သူသည် ပြုံးကာ တာအိုရောင်းရင်းနဂါးနီအား စိုက်ကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။ သို့သော် သူသည် ခေါင်းပြန်မော့လာချိန်တွင် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်၏။
" ခေါင်းဆောင်ကြီးလင်ယိုက ကျွန်တော် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ စရောက်လာကတည်းက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပြီးတော့ အမြဲတမ်း လိုလေသေးမရှိ ကူညီထောက်ပံ့ပေးခဲ့တာပါ။ အဲတာမလို့ တာအိုရောင်းရင်းနဂါးနီ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဖြစ်မနေလိုက်နာရမယ့် အမိန့်တစ်ခု မဟုတ်သရွေ့ လုံနန်ကျစ်ဆိုတဲ့ ကျွန်တော်က ရေခဲဖီးနစ်ငှက်တပ်ရင်းအပေါ် အမြဲတမ်း သစ္စာရှိနေမှာပါ။ အဲတာမှပဲ ကျွန်တော်က ကျေးဇူးကြွေးတွေ အကုန်လုံးကို ကျေအောင် ပြန်ဆပ်နိုင်မှာ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်သွားပြီး ရေခဲဖီးနစ်ငှက်တပ်ရင်း၏ စခန်းထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
တာအိုရောင်းရင်းနဂါးနီမှာ ဝမ်ပေါင်လဲ့အား သူ၏စစ်တပ်ထဲသို့ မသိမ်းသွင်းနိုင်ခဲ့သည့်အတွက် နောင်တရသွားပြီး ထပ်၍ အော်ပြောလိုက်ပြန်သည် " တာအိုရောင်းရင်း လုံနန်ကျစ်။ မင်း ငါ့ကို အခုချက်ချင်း အဖြေပြန်ပေးစရာမလိုပါဘူး။ နဂါးနီတပ်ရင်းရဲ့ ဒုခေါင်းဆောင်ရာထူးက မင်းအတွက်ဆိုရင် အမြဲတမ်း အဆင်သင့်ရှိနေမှာပါ "
တာအိုရောင်းရင်းနဂါးနီမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ သူ၏ စစ်တပ်အား ဦးဆောင်၍ အဝေးသို့ ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားသောအခါ အဆင့်ဆယ့်တစ်စစ်တပ်အား ကူညီရန် ရောက်လာကြသည့် အခြား စစ်တပ်များမှာလည်း ထွက်ခွာသွားကြ၏။ ထိုစဉ်တွင် နတ်သမီးလင်ယိုမှာမူ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာရပြီဖြစ်သည်။ သူမသည် မနည်းကြိုးစားကာ ထို အတွေးများကို မေ့ပျောက်ထားလိုက်ပြီးနောက် သူမအား ကူညီရန် ရောက်ရှိလာသည့် အဋ္ဌမအဆင့်နှင့် နဝမအဆင့် စစ်တပ်များနှင့် အာလာပသလ္လာပစကားများ ပြောလိုက်၏။ ထို့နောက် သူမသည် သူတို့အား နှုတ်ဆက်လိုက်ပြီးနောက် ရေခဲဖီးနစ်ငှက်တပ်ရင်း၏ စခန်းထဲသို့ ပြန်လာတော့သည်။
သူမသည် စခန်းထဲသို့ ပြန်ရောက်လာသည်နှင့် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကျင့်ကြံသူလေးအား ဆင့်ခေါ်ကာ ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းလိုက်သည်။
နတ်သမီးလင်ယိုမှာ သခင်လင်းတောက်၏ အဖြစ်ဆိုးကြီးနှင့် ဝမ်ပေါင်လဲ့၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီး၏ စွမ်းဆောင်ရည်များကို ကြားသိလိုက်ရသောအခါ ဆွံ့အမှင်တက်သွားရပြီး အတွေးများ ယောက်ယက်ခတ်သွားတော့သည်။
သူမသည် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိ သန့်စင်နိုင်ရန် အနည်းဆုံး နှစ်အနည်းခန့် အချိန်ပေးရလိမ့်မည်ဟု တွေးထားခဲ့သည်ဖြစ်ရာ သူ့အပေါ် အထူးတလည် အာရုံစိုက်နေခဲ့ခြင်း မရှိပေ။ ထို့အပြင် ဂိုဏ်းခေါင်းဆောင်ကြီး သူ့အား သူမ၏ စစ်တပ်ထဲသို့ ပို့ဆောင်ပေးခဲ့စဉ်တုန်းကလည်း သူမသည် သူ့အား ဝန်ထုပ်ဝန်ပိုး တစ်ခုအဖြစ်သာ သဘောထားခဲ့၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အဆောင်ပစ္စည်းသန့်စင်ခြင်းစွမ်းရည်များမှာ မည်သူမှ လိုက်မမှီနိုင်သည့် အဆင့်အတန်းတစ်ခုအထိ ရောက်နေလိမ့်မည်ဟု သူမက ထင်မှတ်ထားခဲ့ခြင်းမရှိပေ။
ယခုတွင် သူမသည် ဝမ်ပေါင်လဲ့မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ကြောင်း မှတ်ယူလိုက်ပြီဖြစ်သည်။ သူသည် ရွေ့လျားနိုင်စွမ်းရှိသော အထူးခံတပ်ကြီးတစ်ခုနှင့်ပင် တူနေ၏။
သူ၏ အဆောင်ပစ္စည်းသန့်စင်ခြင်း စွမ်းရည်များနှင့်သာဆိုလျှင် သူ့အား ပိုင်ဆိုင်ထားသည့် မည်သည့် စစ်တပ်မဆို ရာထူးအဆင့်အတန်း မြင့်မားလာမည်သာ ဖြစ်သည်။ ထို့ကြောင့် နတ်သမီးလင်ယိုမှာ အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ အစတွင် သူမသည် ဝမ်ပေါင်လဲ့အား သူမဆီသို့ ဆင့်ခေါ်ရန် တွေးထားခဲ့ပါသော်လည်း ယခုတွင်မူ အနည်းငယ်ခန့် စဥ်းစားတွေးတောလိုက်ပြီးနောက် အခြားသူများအား အသေးအဖွဲကိစ္စလေးများကို တာဝန်ယူရန် အမိန့်ပေးလိုက်၏။ ထို့နောက် သူမသည် ခန်းမအပြင်သို့ ပြန်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ဂူဗိမာန်ဆီသို့ သူမကိုယ်တိုင် ဦးတည်သွားလိုက်တော့သည်။
သူမသည် ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်နေခြင်းမရှိဘဲ သူမအား တရိုတသေ လက်ခံတွေ့ဆုံလိုက်သည်။
နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့၏ ဂူဗိမာန်ဆီသို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်လာဖူးခြင်းဖြစ်၏။ သူမသည် သူ၏ဂူဗိမာန်အား အကဲခတ်ကြည့်ရှုနေရင်း ဝူလေးနှင့် မြည်းလေးတို့ကိုလည်း မြင်လိုက်ရသေးသည်။ သို့သော် သူမသည် သူတို့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီး အထူးတလည် အာရုံစိုက်နေခြင်းမရှိပေ။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်တော့သည်။
" တာအိုရောင်းရင်းလုံနန်ကျစ်။ ကျွန်မက စစ်တပ်နဲ့ ပတ်သတ်တဲ့ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာမလို့ ရှင့်အပေါ် နားလည်မှုလွဲသွားခဲ့ရတာပါ။ ရှင် ဗွေမယူဖို့ မျှော်လင့်ပါတယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အထူးတဆန်း ဖြစ်သွားရ၏။ သူသည် သူမ ရောက်လာလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်ပါသော်လည်း " ရေခဲဘုရင်မ " ဟု လူအများက နာမည်ပြောင်ပေးထားသည့် နတ်သမီးလင်ယိုမှာ ယခုလောက် ရိုးသားပွင့်လင်းကာ အရှိကို အရှိတိုင်း ပြောနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား သဘောကျသွားရ၏။
" ခေါင်းဆောင်ကြီးက ကိုယ့်ကိုယ့်ကိုယ် နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှာ ခိုလှုံခွင့်ရတာကိုက ကံကောင်းနေပါပြီဗျ။ ပြင်ပကမ္ဘာထဲမှာဆိုရင် ကျွန်တော်က ဝရမ်းပြေးတစ်ယောက်လေ " ဝမ်ပေါင်လဲ့မှာလည်း အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်ပြီး ရှုံ့မဲ့မဲ့နှင့်ပြုံးကာ ဆိုလိုက်၏။
သို့သော်... ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်ပြီးနောက် နတ်သမီးလင်ယိုမှာ မည်သို့မည်ဖုံ စကားဆက်ပြောရမှန်း မသိတော့သည့်ပုံဖြင့် နှုတ်ဆိတ်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း ကြောင်အန်းအန်း ဖြစ်သွားရပြီး မျက်စိပေကလပ်ပေကလပ်နှင့် သူ့ဘက်မှ စကားဆက်ပြောရမည်လောဟု တွေးနေမိတော့သည်။ သို့သော် နောက်ဆုံးတွင် သူသည် နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။
သူတို့နှစ်ယောက် အချိန်အတိုင်းအတာတစ်ခုအထိ နှုတ်ဆိတ်နေလိုက်ပြီးနောက် နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
" တာအိုရောင်းရင်း လုံနန်ကျစ်။ ရှင့်ရဲ့ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ကျွန်မ တစ်ချက်လောက် ကြည့်လို့ရမလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ထုတ်ယူလိုက်၏။ သူ ၎င်းအား ထုတ်ယူလိုက်သောအခါ ၎င်းမှာ ဝင်းလက်တောက်ပသော အလင်းလှိုင်းများကို ထုတ်လွှတ်ပေးလိုက်သည်။ ထို အလင်းရောင်များမှာ တစ်ခုပေါ်တစ်ခု ထပ်နေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သူ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအားလုံးကို ထုတ်ယူပြီးသွားချိန်တွင် ဂူဗိမာန်ကြီး တစ်ခုလုံးမှာ ဝင်းလက်တောက်ပသွား၏။ နောက်ဆုံးတွင် ၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးပေါ်၌ ပေါင်းစည်းသွားကြပြီး ဧရာမ အလင်းစက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။
သူ ထို အလင်းစက်လုံးအား နတ်သမီးလင်ယိုဆီသို့ ပေးလိုက်သောအခါ သူမသည် ၎င်းအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မျက်ဝန်းများထဲ၌ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူမသည် သူမ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အားကြည့်ကာ ရုတ်တရက် ဆိုလိုက်တော့သည်။
" တာအိုရောင်းရင်းလုံနန်ကျစ်။ ရှင့်ရဲ့ အရည်အချင်းမျိုးနဲ့ဆိုရင် ရှင်က ကျွန်မရဲ့ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှာ အချိန်အကြာကြီး ရှိနေတော့မှာ မဟုတ်ပါဘူး။ အဲတာမလို့ ကျွန်မ ရှင်နဲ့ ချစ်ကြည်ရင်းနှီးမှု ရချင်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက ဒီ ပစ္စည်းကို သဘောကျသွားတာ သေချာတယ်။ အဲတော့ ရှင် ဘာလိုချင်လဲ ပြော။ ကျွန်မ ရှင့်ကို လျစ်လျူရှုထားမိခဲ့တဲ့အတွက် တောင်းပန်တဲ့အနေနဲ့ရယ် ရှင် ဒီတိုက်ပွဲထဲမှာ ကျွန်မတို့ကို ကူညီပေးခဲ့တဲ့အတွက် ကျွန်မဘက်က ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ ရှင့်ကို ကူညီပေးပါ့မယ် "