စစ်တပ်တစ်ခု ဖွဲ့စည်းခွင့်
Vol. 57 Ch. 786
ဝမ်ပေါင်လဲ့မှာ " ချစ်ကြည်ရင်းနှီးမှု" ဆိုသည့် စကားလုံးများကို ကြားလိုက်ရသောအခါ ပြည်ထောင်စုကြီးထဲရှိ လွှတ်တော်အမတ်ခေါင်းဆောင်၏ သမီးဖြစ်သူမှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် မသိစိတ်မှနေ၍ နတ်သမီးလင်ယိုအား ခေါင်းအစအခြေအဆုံး အလိုလို အကဲခတ်မိလိုက်တော့သည်။
" ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အဲလိုလူစားမျိုး မဟုတ်ဘူးကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည့်အတွက် သူ့ကိုယ်သူပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ သူ့လိုမျိုး ရိုးသားဖြူစင်သည့် လူတစ်ယောက်မှာ ညစ်ထေးသော စိတ်ဆန္ဒများကြောင့် အာရုံထွေပြားသွားရခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နတ်သမီးလင်ယိုအား ပြန်ပြောရမည့်စကားများကို စဉ်းစားတွေးတောနေလိုက်တော့သည်။ နတ်သမီးလင်ယို ရောက်မလာခင်ကတည်းက ဝမ်ပေါင်လဲ့မှာ ဂူဗိမာန်ထဲသို့ ပြန်ရောက်လာခဲ့ပြီးနောက် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီးအကြောင်း စတင်တွေးတောနေခဲ့ခြင်းဖြစ်သည်။
သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ အစွမ်းထက်သည့်ပုံ ပေါ်ပါသော်လည်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ဆိုပါက ၎င်း၏ အစွမ်းမှာ သိသိသာသာ လျော့ကျသွားမည်ဖြစ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။ ၎င်းမှာ သူတို့၏ တိုက်ကွက်များကို ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိနေဦးမည် ဖြစ်ပါသော်လည်း တန်ပြန်စွမ်းအားမှာ တစ်ရာ့ခုနစ်ရာခိုင်နှုန်းအထိ ရောက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် ပြင်ပစွမ်းအားများ ပို၍ အားကောင်းလာပါက ထိုဒိုင်းကာကြီး ပျက်စီးသွားနိုင်သည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုသေးသည်မဟုတ်ပါလော။
သို့ဖြစ်ရာ ၎င်းမှာ တန်ဖိုးကြီးမားသည့်တိုင်အောင် ပြိုင်ဘက်ကင်းသည့်အဆင့်အထိ ရောက်ရန် အဝေးကြီးလိုသေးသည်။ ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ကြီး ဤမိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သဘောကျသွားရခြင်းမှာ ထိုဒိုင်းကာကြီး တိုက်ပွဲထဲရှိ လူတိုင်းအား အငိုက်မိသွားစေခဲ့သည့် အချက်တစ်ချက်တည်းကြောင့် မဟုတ်ဘဲ အခြား အချက်များလည်း ရှိနေရဦးပေမည်။
" ဒီလို တွေးကြည့်လိုက်ရင် အဖြေပေါ်သွားပါပြီ။ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အာရုံကို တကယ်ဖမ်းစားနိုင်ခဲ့တဲ့အချက်က မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ဖန်တီးသန့်စင်တဲ့ လုပ်ငန်းစဉ်ထဲမှာ အသုံးပြုထားတဲ့ အလွှာဆင့်ခြင်းနည်းလမ်းပဲ ဖြစ်မှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွားပြီး ၎င်း၏ တန်ကြေးအား စိတ်ထဲ၌ တွက်ချက်နေမိတော့သည်။
သူသည် အလွှာဆင့်ခြင်းနည်းအား အခြားသူတစ်ယောက်၏လက်ထဲသို့ အပ်လိုက်ရမည်ကို စိုးရိမ်နေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော သူသည် ထိုနည်းလမ်းကို အသုံးပြုကာ နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့်ဆယ့်ခုနစ်အထိ မြှင့်တင်ပြီးထားသောကြောင့်ပင်။ ထို့အပြင် သူသည် ထိုကန့်သတ်ချက်အား ဖောက်ထွက်နိုင်မည့် ပို၍ အဆင်မြင့်သော နည်းလမ်းတစ်ခုကို စဉ်းစားမိထားပြီးသား ဖြစ်သည်။ ၎င်းမှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ထပ်၍ အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်သလို ၎င်းအား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက်ပါ အန္တရာယ်ရှိလာအောင် ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ထိုနည်းလမ်းဟောင်းအား အခြားပစ္စည်းတစ်ခုခုနှင့် လဲလှယ်ခြင်းမှာ သူ့အတွက် အကျိုးရှိနိုင်သည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းမော့လာပြီး နတ်သမီးလင်ယိုအား ကြည့်လိုက်၏။ သူမသည်လည်း သူ့အား စိုက်ကြည့်နေပြီး စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေသည်။
" ခေါင်းဆောင်ကြီးရော ဘယ်လို အကြံပေးချင်လဲ "
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ နတ်သမီးလင်ယို၏ မျက်ဝန်းများထဲ၌ အနည်းငယ်ခန့် စိတ်ကသိကအောက်ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူမသည် လေသံအေးစက်နေဆဲဖြစ်ပါသော်လည်း ဖြည်းဖြည်းချင်းသာ ပြန်ဖြေလိုက်သည် " စစ်တပ်တစ်ခု ဖွဲ့စည်းခွင့် "
ဝမ်ပေါင်လဲ့မှာ သူမ၏အဖြေကို ကြားလိုက်ရသောအခါ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး နတ်သမီးလင်ယိုမှာ သူ၏ အတွင်းစိတ်အား ထွင်းဖောက်မြင်သွားခဲ့သည်ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။ သူသည် အစကတည်းက စစ်တပ်တစ်ခု ဖွဲ့စည်းနိုင်ရန် ကြံရွယ်ထားခဲ့သည်မဟုတ်ပါလော။ သို့သော် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲတွင် ထိုအခွင့်အရေးအား ရရှိနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းကြောင်း သူက သိထား၏။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခွင့်ပြုမိန့်ဖြင့် စစ်တပ်တစ်ခု ဖွဲ့စည်းခြင်းမှာ ၎င်း၏ လက်အောက်ခံ ဂိုဏ်းငယ်လေးများထဲ၌ စစ်တပ်တစ်ခု ဖွဲ့စည်းခြင်းနှင့် လုံးဝမတူပေ။ ဥပမာပြရလျှင် လက်အောက်ခံဂိုဏ်းငယ်များထဲမှ စစ်တပ်များမှာ စိန်ခေါ်လိုပါက အခကြေးငွေအမြောက်အမြား ပေးဆောင်ရမည်ဖြစ်သလို ခွင့်ပြုချက်မရခင် အစိုးရဌာန အဆင့်ဆင့်အား လျှောက်လွှာများ တင်သွင်းရဦးမည် ဖြစ်သည်။
သို့သော် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခွင့်ပြုချက်ကိုသာ ရရှိထားမည်ဆိုပါက သူ၏ စစ်တပ်မှာ ဂိုဏ်းကြီး၏ စစ်တပ်အဖြစ် သတ်မှတ်ခံလိုက်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဂိုဏ်းကြီးထဲမှ အခြားစစ်တပ်တစ်ခုကို စိန်ခေါ်လိုပါက လျှောက်လွှာတစ်စောင် တင်သွင်းလိုက်ရုံပင်။ သူသည် အခကြေးငွေအချို့ ပေးဆောင်ရဦးမည် ဖြစ်ပါသော်လည်း ထိုပမာဏမှာ မိုးနှင့်မြေလို ကွာခြားပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ စစ်တပ်တစ်ခု ဖွဲ့စည်းခွင့် ရလိုပါက မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ အလွှာဆင့်နည်းလမ်းတစ်ခုတည်းနှင့် လုံလောက်နိုင်မည်မဟုတ်ဟု မှတ်ယူထား၏။ သို့သော် နတ်သမီးလင်ယိုမှာ ကူညီပေးရန် ကမ်းလှမ်းနေပြီး သူနှင့် ချစ်ကြည်ရင်းနှီးမှု ရယူချင်သည်ဟု ဆိုနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာလည်း ဉာဏ်ပြေးသူတစ်ယောက် ဖြစ်သောကြောင့် သူမသည် သူမကိုယ်သူမ ယုံကြည်မှုရှိနေသောကြောင့်သာ ထိုသို့ အကြံပေးခဲ့ခြင်းဖြစ်မည်ဟု မှတ်ယူလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် နောက်သို့ ခြေနှစ်လမ်းဆုတ်သွားကာ ညာလက်သီးပေါ် ဘယ်လက်ဝါး တင်လိုက်ပြီးနောက် နတ်သမီးလင်ယိုအား တရိုတသေဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး "
" တာအိုရောင်းရင်းလုံနန်ကျစ်။ အဲဒီ အတိုင်း ဖြစ်လာဖို့အတွက် ကျွန်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ဒါပေမဲ့ ကျွန်မဘက်ကလည်း တောင်းဆိုချင်တာ တစ်ခုရှိတယ်။ ဒီကိစ္စကြီး ပြီးသွားရင် ရှင် ရေခဲဖီးနစ်ငှက်တပ်ရင်းအတွက် ဒီလိုအဆင့်မြင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ အခုတစ်ရာ ဖန်တီးပေးဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အပြန်အလှန်အနေနဲ့ ကျွန်မ ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာအောင် ကူညီပေးမယ်လေ " နတ်သမီးလင်ယိုမှာ ထိုသို့ဆိုကာ ဝမ်ပေါင်လဲ့အား တည်ကြည်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်၏။ အနာဂတ်တွင် စစ်တပ်တိုင်းမှာ ယခုကဲ့သို့သော အဆင့်မြင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများကို ဖန်တီးနိုင်စွမ်းရှိနေသည့် လူတစ်ယောက်အား သေချာပေါက် အလိုရှိနေကြမည်သာဖြစ်ကြောင်း သူမက သိထား၏။
သို့သော် သူသည် အခြားလူများအား ခစားရရုံနှင့် ကျေနပ်နေမည့် လူစားမျိုးမဟုတ်ပေ။ သို့ဖြစ်ရာ သူ့အား စစ်တပ်တစ်ခု ဖွဲ့စည်းခွင့်ရအောင် ကူညီပေးလိုက်မည်ဆိုပါက သူမအတွက် ပြိုင်ဘက်အသစ်တစ်ယောက် ပေါ်ပေါက်လာမည် ဖြစ်ပါသော်လည်း ၎င်းမှာ နောင်တစ်ချိန်မှသာ တွေးပူရမည့်ကိစ္စ ဖြစ်ပေသည်။ လက်ရှိတွင်မူ မည်သည့်အရာကိုမှ ပုံသေတွက်ထား၍မရပေ။ တစ်ချိန်ထဲမှာပင် သူမသည် သူနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်သွားမည် မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ အနာဂတ်တွင် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရတော့မည်ဆိုပါက ထိုဆက်ဆံရေးမှာ အသုံးဝင်လာနိုင်ပေသည်။
အကယ်၍ သူမသည် သူ့အား ထိုခွင့်ပြုချက်ရရှိအောင် ကူညီပေးခဲ့ခြင်းမရှိပါက သူ အခြားစစ်တပ်တစ်ခုခုထဲသို့ ရောက်သွားမည်ဆိုလျှင် အချိန်တိုလေးအတွင်း သူမအား ခြိမ်းခြောက်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် နတ်သမီးလင်ယိုမှာ ထိုသို့ကမ်းလှမ်းလိုက်ပြီးနောက် စကားဆက်ပြောလိုက်၏။
" တကယ်လို့ ကျွန်မ ရှင့်ကို အဲဒီခွင့်ပြုမိန့်ရအောင် ကူညီပေးနိုင်မယ်ဆိုရင် ရှင် ရေခဲဖီးနစ်ငှက်တပ်ရင်းရဲ့ သစ္စာခံစစ်တပ်တစ်ခု ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မရဲ့စစ်တပ်နဲ့ ရှင့်ရဲ့စစ်တပ် မဟာမိတ်ဖွဲ့နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ စိတ်မပူပါနဲ့ တာအိုရောင်းရင်း။ သစ္စာခံစစ်တပ်က သာမန်စစ်တပ်တွေနဲ့ မတူပါဘူး။ ရှင့်ကို ဘယ်သူကမှ မတန်တဆ ချုပ်ချယ်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး "
ဝမ်ပေါင်လဲ့မှာ နတ်သမီးလင်ယိုအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ကမ်းလှမ်းချက်အား ငြင်းဆန်စရာအကြောင်း မရှိကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး သူမအား နောက်ထပ်တစ်ကြိမ်ထပ်၍ ကျေးဇူးတင်လိုက်ပြန်သည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်၏ စကားဝိုင်းမှာ ပြီးဆုံးသွား၏။ နတ်သမီးလင်ယိုမှာလည်း ပုံမှန်ဆိုလျှင် အခြားသူများနှင့် ပြောဆိုဆက်ဆံလေ့မရှိသောကြောင့် ချက်ချင်းပင် ထွက်ခွာသွားသည်။
အကယ်၍ နတ်သမီးလင်ယို ပြောခဲ့သည့်အတိုင်းသာ ဖြစ်လာမည်ဆိုပါက အရာအားလုံးမှာ ဝမ်ပေါင်လဲ့အတွက် ပြီးပြည့်စုံနေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရ၏။ သူသည် သူ၏ဂူဗိမာန်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ရင်း အရုဏ်တက်ချိန်သို့ရောက်ရန် စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွား၏။ မိုးသောက်ချိန်သို့ ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ သူသည် အချိန်ကို တွက်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ သူ၏ ဂူဗိမာန် အပြင်ဘက်တွင်မူ ရေခဲဖီးနစ်ငှက်တပ်ရင်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်မှာ သူ့အား စောင့်ဆိုင်းနေကြသည်။ သူတို့နှစ်ယောက်စလုံးမှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့အား မမြင်ဖူးသည့်တိုင်အောင် သူတို့အား ရင်းရင်းနှီးနှီး သိနေသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူသည် သူတို့ နှစ်ယောက်အား စိုက်ကြည့်မိနေသောကြောင့် ထို အမျိုးသမီးကျင့်ကြံသူနှစ်ယောက်မှာလည်း အထူးတဆန်းဖြစ်နေသည့်ပုံဖြင့် သူ့အား ပြန်၍စိုက်ကြည့်နေတော့သည်။ သို့သော် သူတို့၏ မျက်နှာအမူအရာများမှာ ရိုသေလေးစားမှု အပြည့်ရှိသည့်ပုံ ပေါက်နေဆဲပင်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်၏။ ထို့နောက် သူသည် သူတို့အား နှုတ်ဆက်လိုက်ပြီး ရေခဲဖီးနစ်ငှက်တပ်ရင်းမှ သူ့အတွက် ပြင်ဆင်ပေးထားသည့် စစ်သင်္ဘောကြီးပေါ်သို့ ထို အမျိုးသမီးကျင့်ကြံသူနှစ်ယောက်နှင့်အတူ တက်သွားလိုက်တော့သည်။ သူတို့မှာ ရေခဲဖီးနစ်ငှက်တပ်ရင်း ရှိနေသည့် ဂြိုဟ်တုပေါ်မှ ထွက်ခွာလာပြီး ဧကရာဇ်ဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။
ထို စစ်သင်္ဘောကြီးမှာ ခရီးစဉ်တစ်လျှောက်လုံး အရှိန်အဟုန်ဖြင့် မောင်းနှင်လာပြီး ဧကရာဇ်ဂြိုဟ်အထိ ရောက်သွားသည့်တိုင်အောင် ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ တောင်ဝင်ပေါက်ဆီသို့ ဆက်လက်ဦးတည်သွားသည်။ သူတို့ ထို တောင်ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားသည့် အချိန်မှသာ ထိုအမျိုးသမီးကျင့်ကြံသူနှစ်ယောက်မှာ ခါးကိုင်းကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။
" တာအိုရောင်းရင်း လုံနန်ကျစ်။ ကျမတို့နှစ်ယောက်က တာအိုရောင်းရင်းကို ဒီနေရာအထိပဲ လိုက်ပို့ခွင့်ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ တွေ့ပြီးရင် ဒီနေရာကို ပြန်လာခဲ့ပါ။ ကျွန်မတို့တွေ ဒီနေရာမှာပဲ စောင့်နေပါ့မယ် "
သူတို့၏ ပြောဆိုဆက်ဆံပုံများကြောင့် ဝမ်ပေါင်လဲ့မှာ သဘောကျကျေနပ်သွားရ၏။ သူသည် သူတို့နှစ်ယောက်အား လှိုက်လှိုက်လှဲလှဲ ကျေဇူးတင်လိုက်ပြီးနောက် နောက်သို့လှည့်ကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား လှမ်းကြည့်လိုက်တော့သည်။ သူသည် ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်း မဟုတ်သည့်တိုင်အောင် ထို အံ့ဩတုန်လှုပ်ဖွယ်ရာဂိုဏ်းကြီးကြောင့် အံ့အားသင့်သွားရဆဲပင်။
တစ်အောင့်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ပြန်၍တည်ငြိမ်သွား၏။ ထိုအခါ သူ့အား လာရောက်ကြိုဆိုရန် တာဝန်ယူထားရသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားတစ်ယောက် ရောက်ရှိလာတော့သည်။ သို့သော် ထိုဂိုဏ်းသားမှာ ဝမ်ပေါင်လဲ့ လက်ဆောင် ပေးခဲ့ဖူးသည့် အမျိုးသမီးကျင့်ကြံသူ မဟုတ်ဘဲ မျက်နှာပေါ်တွင် အရေးကြောင်းများနှင့် အစက်အပြောက်များဖြင့် ပြည့်နှက်နေသည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် သူ၏မျက်လုံးများကိုပင် ဖွင့်နိုင်သည့်ပုံ မပေါ်ပေ။
ထို အဘိုးကြီးမှာ အားအင်ချည့်နဲ့နေသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား အနီးကပ်မြင်လိုက်ရချိန်တွင် အံ့ဩတုန်လှုပ်သွားရ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှလွဲလျှင် ဤ အဘိုးကြီးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းတစ်ခုလုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံး လူကြီး ဖြစ်ပေသည်။ ထို့အပြင် သူသည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသောကြောင့် သူ့အား မြင်လိုက်ရသည့်လူတိုင်းမှာ အဆိပ်ပြင်းမြွေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရမည်သာ ဖြစ်သည်။
" ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်လား။ ဒါမှမဟုတ် ဂြိုဟ်တစ်ပိုင်းအဆင့်များလား " ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်နေ၏။ သူသည် ဦးညွှတ်ကာ ထိုအဘိုးကြီးအား အရိုအသေ ပေးလိုက်သဖြင့် သူ၏ဘေးတွင် ရှိနေသည့် ရေခဲဖီးနစ်ငှက်တပ်ရင်းမှ အမျိုးသမီးကျင့်ကြံသူ နှစ်ယောက်မှာလည်း ရင်တထိတ်ထိတ် ဖြစ်နေသည့် အမူအရာများဖြင့် သူ့နည်းတူ လိုက်၍ အရိုအသေပေးလိုက်ကြသည်။
" မင်္ဂလာပါ လူကြီးမင်းရှု "
ထိုအဘိုးကြီးမှာမူ မပွင့်တပွင့်သာ ပြုံးလိုက်သည်။ ထိုအပြုံးမှာ နွေးထွေးနေခြင်း မရှိသည့်အပြင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကိုပင် ပို၍ အားကောင်းလာစေ၏။
" နင်တို့နှစ်ယောက်ကိုး။ နင်တို့ကို မတွေ့ရတာ နှစ်တွေအများကြီး ရှိနေပြီ။ နင်တို့နှစ်ယောက်စလုံး အရွယ်ရောက်လာကြပြီပဲ " ထိုအဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ အသက်မဲ့နေသည့်ပုံ ပေါ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည်။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ သူ၏ အတွင်းစိတ်ထဲအထိ ဖောက်ထွင်းကြည့်ရှုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြန်သည်။
" မင်းကလည်း ဘယ်ဆိုးလို့လဲကွ ကောင်လေးရ။ ငါ့နောက်က လိုက်ခဲ့။ ဂိုဏ်းခေါင်းဆောင်ကြီးက မင်းကို ဧကရာဇ်နန်းတော်ထဲမှာ စောင့်နေတယ် " အဘိုးကြီးမှာ ထိုသို့ဆိုကာ သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး အဝေးသို့ ထွက်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာမူ ထိုအဘိုးကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်ဘဲဖြစ်နေရသည်။ သူသည် စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိနေပါသော်လည်း မသေချာပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ သူ့အား ဤနေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့သည့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်အား လှမ်းကြည့်လိုက်တော့သည်။
" သူက ဧကရာဇ်ဂြိုဟ်ရဲ့ စီမံခန့်ခွဲသူပါ " ထို အမျိုးသမီးနှစ်ယောက်မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး သူတို့ထဲမှ တစ်ယောက်မှာ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း မည်သည့်အရာကိုမှ ကွယ်ဝှက်နေရန် ကြိုးစားနေခြင်းမရှိဘဲ သူတို့အား ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် သူသည် အဘိုးကြီး၏နောက်သို့ လိုက်သွားပြီး ဂိုဏ်းခေါင်းဆောင်ကြီး ရှိနေသည့် ဧကရာဇ်နန်းတော်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
သူသည် ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်၏ ရှေ့တွင် တစ်စုံတစ်ခုအား ကွယ်ဝှက်နေရန် ကြိုးစားနေပါက အလုပ်ဖြစ်မည်မဟုတ်ကြောင်း သိရှိထားသောကြောင့်လည်း ထိုသို့ မကြိုးစားခဲ့ခြင်းဖြစ်သည်။ ပုံမှန်အတိုင်း ပြုမူဆောင်ရွက်ခြင်းမှာ သူ့အတွက် ပိုကောင်းသည်ဟု သူက တွေးထား၏။ သူ တွေးထားသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြောင့် သူ၏ရှေ့တွင်ရှိနေသည့် ဧကရာဇ်ဂြိုဟ်၏ စီမံခန့်ခွဲသူကြီးမှာ အသာအယာ ခေါင်းညိတ်မိသွား၏။
ထိုအဘိုးကြီးမှာ တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့ပြီး ဝမ်ပေါင်လဲ့မှာလည်း သတိကြီးကြီးထား၍ ရှေ့သို့ ဆက်လက်ပျံသန်းလာ၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အလယ်သို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာတော့သည်။ ဘေးပတ်ပတ်လည်ရှိ နေရာများနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ထိုနေရာမှာ အများကြီးပို၍ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုနေရာတွင် ရေကန်တစ်ကန် ရှိနေပြီး ထိုရေကန်၏ အထက်တွင် အပြာရင့်ရောင် နန်းတော်တစ်ခု ရှိနေ၏။
ထိုနန်းတော်၏ အပြင်ဘက်တွင် ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ရုပ်တုကြီးနှစ်ခု ရှိနေသည်။ ဝမ်ပေါင်လဲ့နှင့် ထိုအဘိုးကြီး ရောက်ရှိလာသောအခါ ထိုရုပ်တုနှစ်ခုမှာ ချက်ချင်းဆိုသလိုပင် ဦးညွှတ် အရိုအသေပေးလိုက်ကြ၏။
" ဝင်လာခဲ့ပါ။ ဘာမှ ကြောက်မနေနဲ့ " သူတို့နှစ်ယောက် ထိုနန်းတော်၏ တံခါးပေါက်ဆီသို့ ရောက်သွားသောအခါ အဘိုးကြီးမှာ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အားကြည့်ကာ ဆိုလိုက်၏။ သူသည် ပြုံးနေပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာရဆဲပင်။