← Chapters

ကျင့်ရှန်းဓားဂိုဏ်းမှ ကျင့်ကြံသူအကြွင်းအကျန်များ

Vol. 12 Ch. 166

ကျင့်ရှန်းဓားဂိုဏ်းမှ ကျင့်ကြံသူအကြွင်းအကျန်များ

Vol. 12 Ch. 166

ဝိညာဉ်လိပ်ပြာဓားချီ။

အဖိုးအို တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်မှ ဓားဆန္ဒတစ်ခု ဖြစ်ပေါ်လာပြီး သူ့ကိုယ်သူ ကာကွယ်လိုက်၏။

ဝိညာဉ်လိပ်ပြာဓားချီမှ ပေးသော အန္တရာယ်အငွေ့အသက်သည် လင်းရှန်နှင့် ကျောက်ဖူတို့ထက် အဆများစွာ ကြီးမား၏။

အေးစက်သော ဓားချီသည် သူ၏ဝိညာဉ်ကို ဖြတ်တောက်နိုင်စွမ်း ရှိဟန်ရသည်။

အဖိုးအိုက ဟန်မူယဲ့အား ကြည့်ကာ အဝေးကို ဆုတ်ခွာသွားသည်။

ထိုအခိုက်တွင် ဂူတွင်းမှ တခြားတိုက်ပွဲမှာလည်း ရပ်တန့်သွားပြီ ဖြစ်သည်။ လူငယ်ရှစ်ယောက်သည်လည်း အခြေအနေမဟန်ကြောင်း ရိပ်မိကာ အဖိုးအို၏ဘေးသို့ သုန်မှုန်သော အမူအရာဖြင့် ဆုတ်သွားကြသည်။

ကျောက်ဖူမှာ သိပ်မောပန်းဟန်မတူဘဲ ရပ်နေသည်။ သူက ခွန်အားသိပ်စိုက်ထုတ်လိုက်ရဟန် မတူပါ။

လင်းရှန်သည်လည်း ဓားကြီးကို ကိုင်ကာ ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ တိုက်ခိုက်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေ၏။

သူ့မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ အထင်းသား တွေ့ရသည်။

တခြားလူများနှင့် တိုက်ခိုက်ခြင်းက ကြီးမြတ်သော ကျင့်ကြံသူ၏ ကျောက်စိမ်းအရိုးနှင့် ပေါင်းစပ်နိုင်စွမ်းမှာ ပိုမိုမြန်ဆန်ကောင်းမွန်ကြောင်း သိလိုက်ရသည်။

တစ်ဘက်မှ အဖိုးအိုက တွေးတွေးဆဆဖြင့် ပြောသည်။

“ကျုပ်နာမည် ရှရီပါ။ ကျုပ်ဟာ ရှုချီစီရင်စုကို တာဝန်ယူရတဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် ဖြစ်တယ်။ ဒီတစ်‌ခေါက် ဒီလူငယ်တွေကို အစမ်းလေ့ကျင့်ရေးတာဝန်တစ်ခုအတွက် ဦးဆောင်ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ရောက်လာခဲ့တယ်။ တာဝန်က ရှုချီစီရင်စုမှာ နှစ်တစ်ထောင်အကြာတုန်းက ပုန်ကန်ခဲ့တဲ့ မီးတောက်နီစစ်တပ်ကို ခြေရာခံဖို့ပဲ။ အဲဒီတုန်းက မီးတောက်နီစစ်တပ်ခေါင်းဆောင် ကောဟယ်နဲ့ သူ့စစ်သား သုံးထောင်တို့ဟာ ကောင်းကင်နဲ့မြေပြင်အတားအဆီးကို ကျော်ဖြတ်ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေထဲမှာ ခြေရာပျောက်သွားကြတယ်”

ရှာရီက သူ့အား ထိုအကြောင်းများကို ပြောပြမည်ဟု ဟန်မူယဲ့ မထင်ထားပေ။

သို့သော်လည်း ရှာရီ ပြောသည်မှာ ဟန်မူယဲ့ သိထားသော အချက်အလက်များနှင့် ကိုက်ညီ၏။

သည်နေရာမှာ ထိုစဉ်က အလယ်ပိုင်းကုန်းမြေမှ ထွက်လာသော မီးတောက်နီစစ်တပ် အခြေချရာ နေရာ ဖြစ်သည်။

သို့သော်လည်း မီးတောက်နီစစ်တပ်က မည်သည့်အကြံအစည်ရှိသည်ကို မည်သူမှ မခန့်မှန်းနိုင်ခဲ့ကြပေ။

အချိန်ကား နှစ်တစ်ထောင်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကိစ္စမှာလည်း သမိုင်းထဲ၌ နစ်မြုတ်သွားခဲ့ပြီး ဖြစ်သည်။

ဟန်မူယဲ့က ကျောက်ဖူအား ကြည့်သည်။

ယနေ့တွင် သူတိုသည် တစ်ဘက်လူက လေးစားစွာ ဆက်ဆံရလောက်အောင် သန်မာပေသည်။

မဟုတ်လျှင် အဖိုးအို၏အပြုအမူက ဤသို့ ဖြစ်နေမည် မဟုတ်ပါ။

“အလယ်ပိုင်းကုန်းမြေက တာအိုရောင်းရင်းတို့… ကျုပ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တစ်ယောက်ပါ။ ဒါက ကျုပ်ရဲ့ ဂျူနီယာညီလေး လင်းရှန်နှင့် ဂျူနီယာညီလေး ဟန်မူယဲ့တို့ပါ။ ကျုပ်တို့ အနောက်ဘက်ကုန်းမြေဟာ အလယ်ပိုင်းကုန်းမြေနဲ့ ဆက်စပ်မှု သိပ်မရှိဘူးဆိုပေမဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာလည်း ဂိုဏ်းကြီးတစ်ဂိုဏ်းပါ။ ကျုပ်တို့က အလယ်ပိုင်းကုန်းမြေက အင်အားစုတွေနဲ့ ပဋိပက္ခ မဖြစ်ဖူးပါဘူး”

ကျောက်ဖူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

အလယ်ပိုင်းကုန်းမြေမှ အင်အားစုများမှာ အင်အားကြီးမားကြောင်း သူ သိပေသည်။ သူက ထိုအင်အားစုများနှင့် အလွယ်တကူ ရန်မီးပွားလိုခြင်း မရှိချေ။

ထို့အပြင် ရှရီသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၌ ရှိသည်။

“ဟားဟား… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တာအိုရောင်းရင်းသုံးယောက်ဟာ အရမ်းကောင်းတဲ့ ဓားပညာကို ပိုင်ဆိုင်ထားကြတာပဲ။ အနောက်ဘက်ကုန်းမြေဟာ တကယ်ပဲ ဓားပညာထွန်းကားတယ်ဆိုတာ တွေ့နိုင်တယ်”

ရှရီကလည်း ပြုံးလျက် ခေါင်းညိတ်သည်။

“တာအိုရောင်းရင်းတို့… ခင်ဗျားတို့ နောက်ပိုင်း အခွင့်အရေးရှိရင် အလယ်ပိုင်းကုန်းမြေကို ဧည့်သည်အဖြစ်နဲ့ လာဖို့ ဖိတ်ခေါ်ချင်ပါတယ်”

ရှရီက သာမန်ကာလျှံ ဖိတ်ကြားခြင်း ဖြစ်သည်ကို ဟန်မူယဲ့ သိနားလည်သည်။ သို့သော်လည်း ဟန်မူယဲ့ကား အလယ်ပိုင်းကုန်းမြေကို သေချာပေါက် သွားဖြစ်ပေလိမ့်မည်။

“စီနီယာက ဖိတ်ကြားတယ်ဆိုမှတော့ ကျုပ်တို့က သေချာပေါက် သွားရတာပေါ့”

ဟန်မူယဲ့က ပြုံးလျက် ပြောသည်။

အလယ်ပိုင်းကုန်းမြေသည် ကျင့်ကြံခြင်းနိဗ္ဗာန်ဘုံဟု နာမည်ကျော်ကြားသည်။ သူက မည်သို့ မသွားဘဲ နေမည်နည်း။

သူတို့က စကားပြောဆိုရင်း အချင်းချင်း ရင်းနှီးလာခဲ့ကြသည်။

သည်လူငယ်များမှာ အံ့ဖွယ်နေမင်းကိုယ်ရံတော် ရွေးချယ်ရံ လျာထားခံရသူများ ဖြစ်သည်။ သူတို့က တာဝန်တချို့ ပြီးမြောက်အောင်မြင်ပြီးနောက်တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များအဖြစ် ရွေးချယ်ခံရပေမည်။

သည်တစ်ခေါက် သူတို့၏တာဝန်သည် မီးတောက်နီစစ်တပ်အား ခြေရာခံရန် ဖြစ်သည်။

ကျောက်ဖူတို့ကလည်း ရိုးသားပေသည်။ သည်မတိုင်ခင် သူတို့ တွေ့ထားသော သတင်းအချက်အလက်များက သိပ်တန်ဖိုးမရှိရာ ယခုတစ်ခေါက်တွင် သူတို့က သေချာစုံစမ်းလိုခဲ့သည်။

ကျောက်ဖူက သူ၏ဂိုဏ်းသို့ ပြန်ရောက်ပါက စာအုပ်ဆောင်တွင် သိမ်းဆည်းထားသော အချက်အလက်များကို ရှရီထံ ပို့ပေးရန် ကတိပေးပြီးနောက်တွင် ရှရီကလည်း မီးတောက်နီ ကျောက်တိုင် ၂တိုင်အား လက်ဆောင်အဖြစ် ပြန်ပေးခဲ့သည်။

မီးတောက်နီကျောက်တိုင်များမှာ စစ်သည်များ၏ခန္ဓာကိုယ် ကျင့်ကြံခြင်း၌ သုံးသော အထောက်အကူပစ္စည်းများဖြစ်ကာ အတော်လေး တန်ဖိုးကြီးပေသည်။

ရှရီက တခြားသော ကျောက်တိုင်များကို တာဝန်အောင်မြင်ကြောင်း အထောက်အထားအနေဖြင့် သိမ်းဆည်းလိုက်သည်။

“စီနီယာရှ… အံ့ဖွယ်နေမင်းဓားဟာ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေရဲ့ အမှတ်အသားမလား”

သူတို့ ဂူထဲမှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့က အဖိုးအိုအား မေးသည်။

အဖိုးအိုက ခေါင်းညိတ်သည်။

“မှန်တယ်…”

“အံ့ဖွယ်နေမင်းဓားတိုင်းမှာ အမတ်ချုပ်ရဲ့အမှတ်အသားပါတယ်။ တကယ်လို့ ဓားဟာ စိတ်နှလုံး မမှန်ကန်တဲ့သူလက်ထဲကို ရောက်သွားရင် အလိုအလျောက် ပျက်စီးသွားလိမ့်မယ်။ တကယ်လို့ မင်းဟာ တရားမျှတမှုကို လိုလားသူဖြစ်ပြီးတော့ ဓားရဲ့ သဘောတူညီမှုကို ရရှိခဲ့သူဆိုရင် သေချာပေါက် အံ့ဖွယ်နေမင်းကိုယ်ရံတော်အဖြစ် သတ်မှတ်ခံရလိမ့်မယ်”

ထို့နောက်တွင် ရှရီက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“မိတ်ဆွေလေးဟန်… မင်းက အံ့ဖွယ်နေမင်းကိုယ်ရံတော်ထဲ ဝင်ဖို့ စိတ်ဝင်စားတာလား။ မင်းသာ စိတ်ဝင်စားရင် ဒီဓား မင်းကို ပေးလို့ရတယ်”

ရှရီက သူ့ခါးမှ ဓားကို ဖြုတ်ယူလိုက်သည်။

ထိုအဖြစ်က လူငယ်ရှစ်ယောက်အား မှင်တက်သွားစေသည်။

“ခေါင်းဆောင်က ဘာလို့ အနောက်ဘက်ကုန်းမြေက ဒီလူတွေကို အရမ်းရက်ရောနေတာလဲ”

အံ့ဖွယ်နေမင်းကိုယ်ရံတော်များအတွက် သူတို့ ကိုင်ဆောင်သော ဓားအား တခြားလူများအား ပေးခွင့်မရရှိပေ။

ကျောက်ဖူနှင့် လင်းရှန်တို့ကလည်း ဟန်မူယဲ့အား ကြည့်ကြသည်။

ရှရီ၏စကားများအရ အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ဦးသည် မည်သို့သော အဆင့်အတန်းရှိကြောင်း သူတို့ နားလည်ထားကြသည်။ ထိုသို့သော အဆင့်အတန်းအား မည်သို့ အလွယ်တကူ ပေးနိုင်ရသနည်း။

သို့သော်လည်း အလယ်ပိုင်းကုန်းမြေမှ ထိုရာထူးဂုဏ်ပုဒ်မှာ အလွန်လည်း တပ်မက်ဖွယ်ကောင်းလှသည်။

လင်းရှန်က ဟန်မူယဲ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။

တခြားတစ်ယောက်သာ ဆိုပါက သေချာပေါက် အနောက်ဘက်ကုန်းမြေမှ အရာအားလုံးကို စွန့်လွှတ်ကာ ထိုရာထူးကို လက်ခံပေမည်။ သို့သော်လည်း ဟန်မူယဲ့က ထိုသို့မလုပ်ကြောင်း သူ ယုံကြည်၏။

အပြင်လူများက ဓားစံအိမ်တွင် ဟန်မူယဲ့ မည်သို့သော အဆင့်အတန်းရှိကြောင်း မသိကြပေ။

ဟန်မူယဲ့က ခေါင်းယမ်းသည်။

“ကျုပ်က အံ့ဖွယ်နေမင်းဓားကို မြင်ဖူးတယ်။ အမတ်ချုပ်က ကျုပ်ကို ဖိတ်ခေါ်ဖူးတယ်”

အမတ်ချုပ်က သူ့ကို ဖိတ်ခေါ်ဖူးသည်လား။

ရှရီ၏မျက်လုံးများ ပြူးကျယ်သွားသည်။

လူငယ်ရှစ်ဦးကလည်း ဟန်မူယဲ့အား တစေသရဲအလား ကြည့်ကြသည်။

“စီနီရယာရှ… ကျုပ်တို့ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ နောက်လှည့်ထွက်ခွာလာခဲ့သည်။

ကျောက်ဖူနှင့် လင်းရှန်တို့ကလည်း လက်နှစ်ဖက်ဆုပ်ကာ ထွက်လာကြသည်။

သူတို့ ထွက်သွားပြီးနောက်တွင် အနက်ရောင်ဝတ်အမျိုးသမီးက တီးတိုးပြောသည်။

“အဘ… ဒီတာအိုရောင်းရင်းဟန်ပြောတာ မှန်နိုင်လား”

ရှရီက တီးတိုးပြန်ပြောသည်။

“အံ့ဖွယ်နေမင်းဓားတိုင်းမှာ အမတ်ချုပ်ကြီးရဲ့ အမှတ်အသားရှိတယ်။ အဲဒါကို အသက်ဝင်စေနိုင်တဲ့သူကတော့ ရှားတယ်။ တကယ်လို့ ဓားရဲ့ အမှတ်အသားကို အသက်ဝင်စေနိုင်ခဲ့ရင် သူဟာ ဓားကတစ်ဆင့် တကယ်ပဲ အမတ်ချုပ်ကြီးနဲ့ စိတ်ချင်းဆက်သွယ်ပြီး စကားပြောဖူးတယ်လို့ ဆိုနိုင်တယ်”

လူငယ်ရှစ်ဦးလုံး ထိုအချက်ကို သိကြပေသည်။

အမတ်ချုပ်ကြီးသည် အလယ်ပိုင်းကုန်းမြေ နန်းတွင်း၌ နံပါတ် ၁ ကွန်ဖျူးရှပ်တာအိုဆရာသခင် ဖြစ်သည်။ သူ၏စိတ်စွမ်းအားမှာ ထူးခြားဆန်းပြား၏။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များမှာ အမတ်ချုပ်ကြီး၏လက်အောက်တွင် တာဝန်ထမ်းဆောင်ကြသည်။

“ဒါပေမဲ့ အမတ်ချုပ်ကြီးနဲ့ စိတ်ချင်းဆက်သွယ်ပြီး စကားပြောနိုင်တယ်ဆိုမှတော့ ဒီလူရဲ့ စိတ်စွမ်းအားက…”

ကျောက်ရီကျားက မယုံနိုင်စွမ်း ပြောသည်။

“မှန်တယ်… သူ့ပါရမီက အရမ်းမကောင်းနေဘူးဆိုရင် အမတ်ချုပ်ကြီးက ဘယ်လိုလုပ် အထူးတလေ ဖိတ်ခေါ်မှာလဲ”

ရှရီက တွေးတွေးဆဆဖြင့် ပြောသည်။

“အမတ်ချုပ်ကိုယ်တိုင် အံ့ဖွယ်နေမင်းကိုယ်ရံတော် ရာထူးကို ပေးဖို့အတွက် ဖိတ်ခေါ်ခံရတဲ့ နောက်ဆုံးလူက စီရင်စုသုံးခုခေါင်းဆောင် လုယန်ပဲ”

“လု သားသတ်…”

ယပ်တောင်ဖြင့် လူငယ်၏စကားမဆုံးသေးခင်တွင်ပင် ရှရီက သူ့အား ဒေါသတကြီး ကြည့်သည်။

လု သားသတ်သမား။

စီရင်စုသုံးခုခေါင်းဆောင် လုယန်သည် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ လူငယ်မျိုးဆက်၌ နံပတ် ၁ သတ်ဖြတ်သူအဖြစ် နာမည်ကျော်ကြားသည်။ သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်တွင် ရှိကာ ပြိုင်စံရှားသော တိုက်ရည်ခိုက်ရည် ရှိသည်။

ထိုလူသည် ဂိုဏ်းအတော်များများကို တကိုယ်တော် သုတ်သင်ရှင်းလင်းဖူး၏။

ဟန်မူယဲ့သည် ထို လု သားသတ်သမားနှင့် နှိုင်းယှဉ်နိုင်ပါမည်လော။

လူငယ်များက အချင်းချင်း ကြည့်ကာ သံသယစိတ်များအား ချုပ်တီးထားကြသည်။

ရှရီက ခေါင်းယမ်းကာ သူ သိသည်များအား ထုတ်မပြောတော့ပေ။

ဟန်မူယဲ့၏ဆံထုံးတွင် ထိုးစိုက်ထားသော ဓားနက်ငယ်၊ သူ့စိတ်ဝိညာဉ်အား တုန်လှုပ်စေသော ဝိညာဉ်လိပ်ပြာဓားချီ။

သူသည် ဟန်မူယဲ့ ပြောသည်များအား ယုံကြည်၏။

အလယ်ပိုင်းကုန်းမြေသို့ ပြန်ရောက်ပါက သည်နေရာမှ ကိစ္စရပ်များအား အမတ်ချုပ်ကြီးထံသို့ တင်ပြရပေမည်။

ကျင့်ကြံခြင်းလောက၌ ကံကြမ္မာနှင့် အခွင့်အလမ်းမှာ အလွန်အရေးပါသည်။

ဟန်မူယဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော် ဖြစ်လာမည်လား ဆိုသည်က ကံကြမ္မာအပေါ် မူတည်သည်။

“သွားရအောင်… တာဝန်က ပြီးမြောက်သွားပြီ။ ဒီမီးတောက်နီတိုင်တွေနဲ့ဆို မင်းတို့ နောက်တစ်အဆင့်ကို တက်လှမ်းနိုင်ပြီ”

သူ့စကားများကို ကြားလျှင် လူငယ်များအားလုံး ဝမ်းသာသွားကြသည်။ သူတို့က အံ့ဖွယ်နေမင်းကိုယ်ရံတော်များဖြစ်လာရန် မည်မျှ စတေးခဲ့ရသည်ကို သူတို့သာ သိပေသည်။

…

ထိုအခိုက်တွင် ဟန်မူယဲ့တို့မှာ မိုင်အနည်းငယ်ဝေးသောနေရာသို့ ရောက်နေပြီ ဖြစ်သည်။

“ညီလေးဟန်… ဒါက အလယ်ပိုင်းကုန်းမြေက အမွေအနှစ်မျိုးဆက်ပဲ။ ဒါက ကြီးမားတဲ့ အခွင့်အလမ်းပဲ”

ကျောက်ဖူက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့ ခေါင်းယမ်းသည်။

“ဒီအကြောင်းကို နောက်မှ ပြောကြမယ်။ ကျုပ် သိသလောက်တော့ အံ့ဖွယ်နေမင်းကိုယ်ရံတော်ဟာ တခြားဂိုဏ်းဝင်တစ်ယောက်အနေနဲ့လည်း နေနိုင်တယ်”

သူတို့က အဖွဲ့အစည်းနှစ်ခုထဲမှ တစ်ခုတည်းသာ ရွေးချယ်စရာ မလိုပေ။

သူတို့သုံးယောက် လှေပျံကို ထုတ်ကာ ခုန်တက်လိုက်ကြသည်။

လှေပျံသည် အဝေးသို့ ပျံသန်းခါနီးတွင်ပင် ကျောက်ဖူက တစ်နေရာကို လက်ညိုးထိုးပြသည်။

“အဲဒီမှာ တိုက်ပွဲတစ်ခု ရှိနေတယ်”

ကျောက်ဖူ လက်ညိုးထိုးပြသော နေရာတွင် ကျင့်ကြံသူတချို့အား အနက်ရောင်ဝတ်လူ အများအပြားက ဝန်းရံတိုက်ခိုက်နေသည်ကို မြင်ကြရ၏။

အနက်ရောင်ဝတ်လူများ၏ကျင့်ကြံဆင့်မှာ အတော်လေး အားကောင်းရာ တစ်ဘက်လူများမှာ အပြတ်အသတ် အရေးနိမ့်နေပြီး လူထက်ဝက်ခန့်မှာ ဒဏ်ရာရနေပြီ ဖြစ်သည်။

“အဲဒါက ငါတို့ အရင်နေ့က တွေ့ခဲ့တဲ့ အမဲလိုက် တကိုယ်တော်ကျင့်ကြံသူအဖွဲ့မလား”

လင်းရှန်က မျက်မှောင်ကြုတ်သည်။

ယခုတွင် တကိုယ်တော်ကျင့်ကြံသူများထဲတွင် လူလေးယောက်ခန့်သာ ကျန်တော့သည်။

ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

“သူတို့ကို ကယ်မယ်”

ထို့နောက် သူက ခုန်ဆင်းသွားသည်။

ဟန်မူယဲ့ ဆင်းသွားလျှင် ကျောက်ဖူနှင့် လင်းရှန်တို့ကလည်း လှေပျံကို သိမ်းဆည်းကာ နောက်မှ လိုက်ပါလာကြသည်။

မဆိုင်သော အရေးကိစ္စများ၌ ဝင်မပတ်သက်ခြင်းသည် ကျင့်ကြံသူများ အလေးထားသော စည်းမျဉ်းဖြစ်သည်။

ကျင့်ကြံသူ အများစုသည် သွေးအေးရက်စက်ကြ၏။

သို့သော်လည်း တကိုယ်တော်ကျင့်ကြံသူများအား တိုက်ခိုက်နေသူများမှာ ကျင်းရှန်းဓားဂိုဏ်းမှ ဖြစ်ကြောင်း သူတို့သုံးနေသော ဓားဟန်များမှ တစ်ဆင့် သိရသည်။

ကျင်းရှန်းဓားဂိုဏ်းမှာ ဖုန်းလင်ဓားဂိုဏ်းလက်အောက်သို့၎င်း၊ တောင်ပိုင်းကုန်းမြေနှင့် တိုက်ခိုက်ရန် ဖုန်းရှို့တောင်သို့ စေလွှတ်၍၎င်း အသီးသီး ကွဲပြားသွားပြီ ဖြစ်သည်။

သည်ကျင်းရှန်းဓားဂိုဏ်းမှ လူများ မည်သည့်နေရာက ရောက်လာသနည်း။

ကလင်…

ခရမ်းမီးတောက်ဓား ပျံသန်းထွက်ခွာသွားကာ လခြမ်းအသွင်သို့ ပြောင်းလဲသွား၏။

ခရမ်းရောင်အလင်းသည် အေးစက်သော မီးတောက်အငွေ့အသက်များဖြင့် လေထုကို ခွင်းကာ တိုက်ပွဲနေရာသို့ ရောက်ရှိသွား၏။

လူတချို့ လွင့်စင်သွားသည်။

သူသည် ချီစုစည်းခြင်း သတ္တမအဆင့် သုံးယောက်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်၏။

ဟန်မူယဲ့ တိုက်ပွဲနေရာသို့ ဆင်းသက်လျှင် တကိုယ်တော်ကျင့်ကြံသူများအား တိုက်ခိုက်နေသော အနက်ရောင်ဝတ်လူများသည် နောက်ဆုတ်သွားကြကာ ဟန်မူယဲ့ကို ကြည့်ကြသည်။

သူတို့အားလုံးမှာ မျက်နှာဖုံးများ တပ်ထားကြ၏။

ဟူး…

လင်းရှန်နှင့် ကျောက်ဖူတို့လည်း ဟန်မူယဲ့ဘေးသို့ ကျဆင်းလာခဲ့ကြသည်။

“အဘကျိုး…”

ဟန်မူယဲ့တို့ ရောက်သွားသည်တွင် အသက်ရှင်ကျန်သော တကိုယ်တော်ကျင့်ကြံသူလေးဦးသည် အော်ဟစ်ကာ ကျိုးအဖိုးအိုအား သွားရောက်ထူပေးကြသည်။

သို့သော်လည်း အဖိုးအိုကား လက်ကို အနည်းငယ် မြှောက်ရင်းနှင့်ပင် သူ့ခေါင်းမှာ ငိုက်စိုက်ကျကာ သေဆုံးသွားခဲ့သည်။

ဟန်မူယဲ့က အနက်ရောင်ဝတ်လူများအား ကြည့်ကာ တည်ငြိမ်စွာ မေးသည်။

“ကျင်းရှန်းဂိုဏ်းက အကြွင်းအကျန်တွေ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ ကျုပ် သိချင်တယ်”

ကျင်းရှန်းဓားဂိုဏ်း။

ကျောက်ဖူက မျက်တောင်ပင့်လိုက်သည်။ သူက ရယ်မောကာ ရှေ့ကို တက်လိုက်၏။

“တကယ်လား… ဒါက အကျိုးဆောင်မှတ်ရမယ့် အခွင့်အရေးပဲ”

ကျောက်ဖူ၏စကားကို ကြားလျှင် အနက်ရောင်ဝတ်လူများအား ဦးဆောင်လာသော သတ်လတ်ပိုင်းအရွယ်လူကြီးနှစ်ဦး လေထဲ ပျံတက်သွားကာ သူတို့နောက်မှ လူများကို အမိန့်ပေးသည်။

“ဘယ်သူ့ကိုမှ အသက်မရှင်စေနဲ့…”

ဤတွင် အနက်ရောင်ဝတ်လူများအားလုံး ရှေ့ကို တက်လာကာ တိုက်ခိုက်ကြ၏။

ကမ္ဘာမြေအဆင့်များ။

သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ကမ္ဘာမြေအဆင့်များ ဖြစ်ကြသည်။

ကျောက်ဖူက ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် ကျားဖြူပုံရိပ် ဖြစ်ပေါ်လာကာ လက်မှ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ဟန်မူယဲ့က လက်ကို မြှောက်လိုက်လျှင် ခုနက သူ သတ်ဖြတ်လိုက်သော လူတစ်ဦး၏ဓားသည် သူ၏လက်သို့ ကျဆင်းလာသည်။

ဓားသည် သာမန်ဓားတစ်လက်သာ ဖြစ်သော်လည်း ဟန်မူယဲ့အတွက် အသုံးဝင်ပေသည်။

ဓားတွင် မှတ်ဉာဏ်များ ရှိနေသည်။

သူက ဓားကို ကိုင်ကာ ချီဓာတ်များ ပို့လွှတ်လိုက်သည်။

ပုံရိပ်များ သူ့အာရုံ၌ ဖြစ်ပေါ်လာ၏။

“အလယ်ပိုင်းကုန်းမြေက ကျင့်ကြံသူတွေကို ဝန်းရံပြီး တိုက်ခိုက်ကြ”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ပုန်ကန်ကြ…”

“ဟူထိုက်ရှန့်…”

All Chapters