← Chapters

ရှင်က ‘ရန်ကျောက်ကဲ’ ကိုး

Vol. 58 Ch. 817

ရှင်က ‘ရန်ကျောက်ကဲ’ ကိုး

Vol. 58 Ch. 817

အခန်း (၈၁၇) ရှင်က ‘ရန်ကျောက်ကဲ’ ကိုး

“သူက ဖုထင်များလား”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။

သူတို့ (၂)ယောက်လုံးက မိန်းကလေးများဖြစ်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် သဘောပေါက်ကြလေသည်။

သို့သော် သူမစိုးရိမ်သည်မှာ ဤမိန်းမပျိုနှင့် ပထမဆုံးစတင်တွေ့ဆုံခြင်းမှာပင် သူမ၏နေရိပ်နတ်ဓားက တိတ်တဆိတ် တုန်ခါသွားခြင်း ဖြစ်၏။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤမိန်းမပျိုက သာမန် သိုင်းသူတော်စင် တတိယအဆင့်မဟုတ်ကြောင်း အကဲဖြတ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲက...

“ဟုတ်မယ်ထင်တယ် ၊ ဒါပေမဲ့ သူတိုက်ခိုက်တာကို မမြင်ရသေးဘဲ သူ့ရဲ့ သိုင်းပညာဇာစ်မြစ်ကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး”

ကျင်းထင်တောင်တွင် နေထိုင်ခဲ့စဉ်က ရန်ကျောက်ကဲအနေဖြင့် အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့်ကျင့်ကြံသူများနှင့်ပတ်သက်ပြီး မုကျွင်း ၊ ချန်ကျိလျန်နှင့် အခြားသူများထံမှ မေးမြန်းထားခဲ့သည်။

ကိုယ့်ကိုယ်ကိုယ်နားလည်ရန်လိုအပ်သလို ရန်သူကိုလည်းနားလည်ရန်လိုအပ်သည် မဟုတ်ပါလား။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကတော့ မတည့်ကြသည့် ရန်သူများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သူနားလည်ထားသည်။

ထို့ပြင် ရန်ကျောက်ကဲက ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနှင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်နယ်မြေတွင်တည်ရှိသည့် အသစ်ပြန်လည်တည်ဆောက်ထားသော ခွန်လွန်တောင်အကြောင်းကိုလည်း စိတ်ဝင်စားသည်။

သို့ပေသိ မုကျွင်း ၊ ချန်ကျိလျန်နှင့် အခြားသူများ၏ အသိပညာက ကန့်သတ်ချက်ရှိပြီး သူတို့အဆင့်နှင့်လျော်ညီသမျှကိုသာ သိရှိကြသည်။

ရန်ကျောက်ကဲက သူသိချင်သည်များကို အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ ကို သွားရောက်မေးမြန်းမည်ဆိုလျှင်လည်း မလေးစားရာကျသည်။

ထို့ကြောင့် ကန့်သတ်ချက်ရှိသည့်တိုင် မုကျွင်းတို့အုပ်စုထံမှပင် တတ်နိုင်သမျှ အခြေအနေကိုဆုပ်ကိုင်မိရန် စုံစမ်းမေးမြန်းရပေ၏။

မုကျွင်းက အလွန်တရာ ဗဟုသုတကြွယ်ဝသူတစ်ယောက်ဖြစ်သည်။

အထက်ဘုံကမ္ဘာမှ အထက်တန်းစားပုဂ္ဂိုလ်များနှင့် ကောင်းကင်ဘုံမှမျက်နှာသာပေးသော မျိုးဆက်သစ်လူငယ်များအကြောင်း ပြောပြခဲ့သည်။

ထိုသူများထဲတွင် မုကျွင်း ထပ်ခါတလဲလဲပြောခဲ့ဖူးသော နာမည်တစ်ခုရှိသည်။

“ကြာပန်းနီဒေဝီ” ဖုထင်...။

အသက်ငယ်ငယ်ဖြင့် သိုင်းသူတော်စင်ဖြစ်လာသူများထဲတွင် ရန်ကျောက်ကဲပြီးလျှင် ဖုထင်လောက် မည်သူမှလျှင်မြန်ခြင်းမရှိဟု မုကျွင်းက ပြတ်ပြတ်သားသား ဆိုခဲ့သည်။

သူမက မိန်းမပျိုတစ်ယောက်ဖြစ်သော်လည်း ဘဝတွင် မရေမတွက်နိုင်သောတိုက်ပွဲများကို ရင်ဆိုင်ခဲ့ပြီး တစ်ကြိမ်မှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ သူမ၏အသက်အရွယ်နှင့် သူမထက်အသက်များစွာကြီးသလို ကျင့်ကြံခြင်းအဆင့်မြင့်မားသော ယောကျ်ားသားများထက်ပင် သာလွန်သည်ဟု ဆိုကြသည်။

သူမ၏တန်ခိုးစွမ်းအားက ပကတိပါရမီရှင်တစ်ယောက်အဖြစ် ချီးကျူးခံထိုက်ပြီး မရေမတမွက်နိုင်သော ရန်သူများကိုလည်း ဟင်းသီးဟင်းရွက်နုတ်နုတ်စင်းသည့်ပမာ ချေမှုန်းပစ်နိုင်ခဲ့သည်။

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်တွင် ရှိနေစဉ်မှာပင် သူမထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသော သိုင်းသူတော်စင်များကို အနိုင်ယူနိုင်နေပြီ ဖြစ်၏။

သူမသည် တူညီသောကျင့်ကြံခြင်းအဆင့် ၊ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်ာလွန်သူများကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသည့် အထက်ဘုံကမ္ဘာ၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်သည်။

မုကျွင်းစကားအရဆိုလျှင် ဤမိန်းမပျိုက လုံးဝ ပါရမီရှင်တစ်ယောက် ဖြစ်သည်။

သူမ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားနှင့် တိုက်ခိုက်စွမ်းရည်များအပြင် အစီအရင်ပညာ ၊ အဂ္ဂိရတ်ပညာနှင့် လက်နက်ပစ္စည်းပြုလုပ်ခြင်းများကိုလည်း ကျွမ်းကျင်သည်။

ပြောကြသည့်စကားများအရဆိုလျှင် ဖုထင်သည် ဝိညာဉ်သားရဲများမွေးမြူထိန်းကျောင်းရာတွင်လည်း အတော်လေးကျွမ်းကျင်သည်ဟု ဆိုသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် လုပ်သမျှ အောင်မြင်နေသည့် ပါရမီရှင်တစ်ယောက် ဖြစ်ပုံရသည်။

သူမနှင့် ရွယ်တူများအတွက်တော့ “အမြဲတမ်း အမှတ် (၂၀)သာနေသော ဘေးအိမ်မှ ‘ဉာဏ်ကျယ်လေး’” ကဲ့သို့ပင် သူမကြောင့် စိတ်မသက်မသာ ခံစားကြရသည်။

လောကတစ်ခွင်ကိုစွဲ‌ဆောင်နိုင်စွမ်းရှိသော ပါရမီရှင်တစ်ယောက်အနေဖြင့် သူမဘေးတွင် ရပ်နေကြသူများမှာ အမြဲတမ်း အရောင်မှေးမှိန်ကြရသည်။

အရိုးရှင်းဆုံးဥပမာပြပါဆိုလျှင် ယခု သူမဘေးတွင်ရှိနေသော သိုင်းသူတော်စင် (၂)ယောက် ဖြစ်သည်။

ဖုထင်သည် ထိုသိုင်းသူတော်စင် (၂)ယောက်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်ဟု ရန်ကျောက်ကဲ ခံစားရသော်လည်း ထိုသိုင်းသူတော်စင် (၂)ယောက်က အားနည်းသူများ မဟုတ်ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုသိုင်းသူတော်စင် စတုတ္ထအဆင့်ကျင့်ကြံသူ (၂)ယောက်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။ တကယ့် ကျွမ်းကျင်အဆင့် ပညာရှင်များဖြစ်ကြပြီး ချန်စုန့် ၊ ကျန်းချောင်နှင့် အခြားသော ကျင့်ကြံခြင်းအဆင့်တူညီသူများထက်ပင် သာလွန်ကြသည်။

သူတို့က ဖုထင်နှင့်တစ်ဂိုဏ်းတည်းသားချင်းများ ဖြစ်ပုံရပြီး သူတို့ သင်ယူခဲ့သောသိုင်းပညာက အလွန်အဆင့်အတန်းမြင့်မသည်ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် အတော်ဆုံးများဖြစ်ကြသည်မှာ မဆန်းပေ။

အမှန်တော့ သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ကတည်းက သူတို့၏ပင်ကိုယ်စွမ်းရည်က ထူးထူးခြားခြားဖြစ်ပြီး ထိပ်တန်းပါရမီရှင်များဟုပင် ဆိုနိုင်သည်။

သို့သော် သိုင်းသူတော်စင် တတိယအဆင့်မျှသာရှိသော ဖုထင်နှင့် ယှဉ်လိုက်သည့်အခါ သူတို့ (၂)ယောက်၏ ရောင်ဝါက မှေးမှိန်သွားရသည်။

အားဟူက အနည်းငယ်နောင်တရသောအသံဖြင့်...

“ဖုထင်ဆိုရင်... သူက...”

ရန်ကျောက်ကဲကပြုံးရင်း...

“ပိုးသားဧကရာဇ်ရဲ့ သမီးတော်ပဲ”

ထိုစကားကြားတော့ အားဟူနှုတ်ခမ်းများတွန့်ကွေးသွားသည်။

အထက်ဘုံကမ္ဘာတွင် နယ်မြေဒေသများစွာတွင် အရှင်သခင်များစွာက အုပ်ချုပ်ကြသည်။

ထိုအရှင်သခင်များအထက်တွင် ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ရှိနေပြီး အလယ်ပိုင်းကျွင်းထျန်းကောင်းကင်နယ်မြေတွင် အသစ်တည်ဆောက်ထားသော ခွန်လွန်တောင်တွင် အခြေချနေထိုင်ကြသည်။ ထိုနေရာက အထက်ဘုံကမ္ဘာ၏အခြေခံအကျဆုံးမဏ္ဍိုင်တစ်ခု ဖြစ်၏။

ပိုးသားဧကရာဇ် ၊ သို့မဟုတ် ပိုးသားချည်ထိုးဧကရာဇ်ဆိုသည်မှာ  လက်ရှိအထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

‘ကြာပန်းနီဒေဝီ’ ဖုထင်ဆိုသည်က ထိုဧကရာဇ်၏တစ်ဦးတည်းသောသမီးလေးဖြစ်သည်ပင်။

ပိုးသားဧကရာဇ်က ဤသမီးငယ်ကို အသက်ကြီးမှရရှိသဖြင့် အလွန်တရာချစ်ခင်ပြီးအလိုလိုက်သည်။ ဖုထင်ကလည်း ဖခင်ဖြစ်သူဂုဏ်ယူရသော ပါရမီရှင်သမီးတော်တစ်ပါး ဖြစ်လာခဲ့သည်။

မုကျွင်း၏စကားအရ ရန်ကျောက်ကဲနှင့်မတွေ့ခင်အချိန်ထိ ဖုထင်လောက်ထက်မြက်သောသူကို တစ်ခါမှ မတွေ့ဖူးခဲ့ဟု ဆိုသည်။

ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များတွင် တပည့်များစွာရှိကြသော်လည်း လူတိုင်းတွင် သွေးရင်းသားရင်းအဆက်အနွယ်များ မရှိကြပေ။

ထို့ကြောင့် သွေးရင်းအဆက်အနွယ်တစ်ယောက် ထွက်ပေါ်လာသည်ဆိုလျှင် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ချက်ချင်းပင် အာရုံစိုက်လာကြသည်။

ခိုင်ခံ့သော မွေးရာပါအခြေခံအုတ်မြစ် ၊ အဆင့်အတန်းမြင့်မားသည့် သိုင်းပညာ ၊ ကြွယ်ဝသော ရင်းမြစ်ပစ္စည်းများကြောင့် ဤဧကရာဇ်များ၏ သွေးရင်းအဆက်အနွယ်များသည် နဂါးနှင့်ဇာမဏီများပမာ လျှမ်းလျှမ်းတောက် အောင်မြင်နိုင်ကြသည်။

အကျင့်စာရိတ္တနဲ့ စိတ်နေစိတ်ထားပိုင်းမှာတော့ သိပ်မကောင်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အရည်အချင်းအရတော့ မအောင်မြင်သူများအလွန်နည်းပါးလွန်းသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ၏ သားဖြစ်သူ ‘ဇာမဏီမင်းသား’ ကျွမ်းကျောင်းဟွေက ဥမမာတစ်ခု ဖြစ်၏။ သူ၏အကျင့်စရိုက်ကိုအသာထား သူ၏တန်ခိုးစွမ်းအားကတော့ အလွန်တရာ စွမ်းအားမြင့်မားပေသည်။

ကျွမ်းကျောင်းဟွေက သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သည့်တိုင် သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်သော အမတကူပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို လက်ချည်းသက်သက်ဖြင့် စိန်ခေါ်နိုင်စွမ်း ရှိသည်။

အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲ ကိုယ်တိုင်ကိုယ်ကျထိတွေ့ဖူးသူများထဲတွင် နားလည်ရခက်သော အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ မှလွဲလျှင် ကျွမ်းကျောင်းဟွေက စွမ်းအားအကြီးမားဆုံးသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

တူညီသောကျင့်ကြံခြင်းအဆင့်တွင် သူနှင့်လက်ရည်တူတိုက်ခိုက်နိုင်သူဆို၍ ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ သာ ရှိနိုင်သည်။ အခြားသူများဆိုလျှင်တော့ ခန်းဖင်းသည်ပင် ကျွမ်းကျောင်းဟွေကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သို့ပေသိ ကျင့်ကြံသူအများစုက ကျွမ်းကျောင်းဟွေထက် ဖုထင်အပေါ်တွင် ပိုပြီးချီးကျူးစိတ်ရှိကြသည်။

ဖုထင်အကြောင်းပြောပြစဉ်တွင် မုကျွင်းက သူ့မျက်နှာထက်မှ အပြုံးရိပ်ကိုပင် ထိန်းသိမ်းထားပြီး အလေးအနက်ဆိုခဲ့ခြင်း ဖြစ်သည်။

“ထူးခြားကိစ္စတစ်ခုခု ဖြစ်မလာဘူးဆိုရင်... ဖုထင်ဟာလည်း အနာဂတ်မှာ ဧကရီတစ်ပါး ဖြစ်လာလိမ့်မယ်”

ဖခင်ဖြစ်သူက အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးဖြစ်လေရာ သူမသည်လည်း ဖခင်ခြေရာနင်းကာ ဧကရီ ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ အထက်ဘုံကမ္ဘာတစ်ခုလုံးက ဖုထင်အပေါ်ထားရှိသည့် မျှော်လင့်ချက်နှင့် သဘောတူညီမှု ဖြစ်သည်။

ဧကရာဇ် (၃)ပါးဆိုလျှင် ယခုကတည်းကပင် ဖုထင်အတွက် စိုးရိမ်နေကြပြီ ဖြစ်သည်။

သို့ဖြစ်ရာ အလွန်တရာ စွမ်းအားမြင့်မားသော မိန်းမပျိုတစ်ယောက် သူတို့ရှေ့တွင်ပေါ်လာသည့်အခါ ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့စိတ်ထဲ ပထမဆုံးမှန်းဆမိသည်က ‘ဖုထင်’ သာလျှင် ဖြစ်ကြသည်။

ထို့နောက်မှာတော့ ဆက်လက်ဖြစ်ပွားခဲ့သည်များက သက်သေထူလာသည်။

“ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါက ဖုထင်ပါ ၊ ဒီကမိတ်ဆွေကရော ဘယ်သူများလဲ... ဘယ်အရပ်ကလာပါသလဲ သိပါရစေ”

အဖြူရောင်နှင့်အနီရောင်ဝတ်ဆင်ထားသော မိန်းမပျိုက အဝေးတစ်နေရာမှ သူတို့ဆီသို့ လမ်းလျှောက်လာရင်း မေးမြန်းလိုက်သည်။

သူမနံဘေးမှ အဖော် (၂)ယောက်လည်း ဖုထင်နောက်မှ လိုက်ပါလာ၏။

ဖုထင်၏မျက်ဝန်းများက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

သူမကဲ့သို့ပင် ရန်ကျောက်ကဲကလည်း သူ၏စွမ်းအားရောင်ဝါကို တမင်သက်သက် ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ ယင်းက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အသက်အရွယ်အစစ်အမှန်ကို အခြားသူများ သိမြင်နိုင်စေရန် လွယ်ကူသည်။

ရန်ကျောက်ကဲကိုအကဲခတ်ရင်း ဖုထင်နှင့် အဖော် (၂)ယောက်တို့ တုန်လှုပ်သွားကြသည်။ အချင်းချင်းတိုက်ခိုက်မကြည့်ပါဘဲ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားအတိအကျကို ခန့်မှန်းရန်ခက်ခဲသည်။

ဘာကြောင့်မှန်းမသိ ၊ ဖုထင်စိတ်ထဲတွင် သူမရှေ့မှလူငယ်သည် သူမကဲ့သို့ပင် ထူးခြားသူတစ်ယောက်ဖြစ်သည်ဟု ခံစားချက်ရှိနေခဲ့သည်။

“သူ့အသက်က တကယ့်အသက်အရွယ်အမှန်လား ၊ ဒါမှမဟုတ် နည်းလမ်းတစ်ခုခုနဲ့ လှည့်ဖြားထားတာလား”

ဖုထင်စိတ်ထဲမှ တွေးလိုက်သည်။

"တကယ်လို့ ဒီလိုအသက်အရွယ်နဲ့ ဒီလောက်ကျင့်ကြံခြင်းအဆင့်ရှိတဲ့လူမျိုး အထက်ဘုံကမ္ဘာမှာရှိတယ်ဆိုရင် ငါ ဘာလို့ သတိမထားမိပါလိမ့်”

ထိုလူငယ်က အထက်ဘုံကမ္ဘာမှ မဟုတ်ဘူးလား။

ဤသို့ ထူးချွန်သူတစ်ယောက်က အောက်ဘုံကမ္ဘာတါင်ထွက်ပေါ်လာရန် ခက်ခဲလွန်းသည်ဖြစ်ရာ... ဤလူငယ်က စန့်ချင်အဆက်အနွယ်များလား။

ဤသည်က ပထမဆုံး ဖုထင်စိတ်ထဲ တွေးတောမိသည့်အတွေးများဖြစ်သည်။

သို့သော် မကြာမီပင် သူမစိတ်ထဲတစ်ချက်လှုပ်ရှားသွားပြီး လူတစ်ယောက်ကို သတိရသွားမိသည်။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက ရယ်မောရင်း...

“ငါက ‘ရန်’ မျိုးနွယ်ပါ ၊ နာမည်က ရန်ကျောက်ကဲ ၊ ဒီအတောအတွင်းမှာတော့ အထက်ဘုံကမ္ဘာကအရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ခရီးလှည့်လည်နေခဲ့တာပါ”

ဖုထင် မျက်ခုံးများကိုအနည်းငယ်ပင့်လိုက်ရင်း...

“ရှင်က ရန်ကျောက်ကဲကိုး...”

All Chapters