← Chapters

ထိုက်ကျိနှင့်ထိုက်ကျိ

Vol. 58 Ch. 819

ထိုက်ကျိနှင့်ထိုက်ကျိ

Vol. 58 Ch. 819

အခန်း (၈၁၉) ထိုက်ကျိနှင့်ထိုက်ကျိ

ဖုထင်က ရန်ကျောက်ကဲကို တည်ငြိမ်စွာကြည့်ရင်း...

“ကျွန်မတို့ရဲ့ အကြီးအကဲတွေရောက်မလာခင် ရှင်က ကျွန်မတို့ကိုမောင်းထုတ်ချင်တယ်ဆိုရင်တော့ ရှင့်အစွမ်းအပေါ်မှာ မူတည်တယ် ၊ ဒါပေမဲ့ ကျွန်မတို့က ရှင့်ကိုမယှဉ်နိုင်ဘူးဆိုရင်တောင် မြောက်ဖေးတောင်ထွတ်က စစ်ကူကတော့ သေချာပေါက် ရောက်လာမှာပဲ”

“ဒါမှမဟုတ် ရှင်က ကျွန်မတို့အားလုံးကို သတ်ပစ်မယ်ဆိုရင်လည်းဘာမှမတတ်နိုင်ပါဘူး ၊ ဒါပေမဲ့ ရှင့်မှာ ကျွန်မတို့ကို သတ်နိုင်တဲ့အရည်အချင်းရှိမလား ကြည့်ရတာပေါ့”

သူမကိုယ်တိုင် တန်ခိုးစွမ်းအားမြင့်မားခြင်းနှင့် သူမနောက်ကွယ်မှ ဖခင်ဖြစ်သူ သားဧကရာဇ်၏သြဇာအာဏာအရ ဖုထင်၏စကားများက မောက်မာသည်ဟု မယူဆနိုင်ပေ။

သူမ၏စကားသံသည်လည်း မီးတောက်များပမာရဲရဲတောက်လျှက် မိုးမြေတစ်ခွင် ဖိအားများဖြင့် လွှမ်းခြုံသွားစေသည်။

“ရှင်က ကျွန်မတို့အားလုံးကိုသတ်ဖြတ်ပြီး ရတနာပစ္စည်းအားလုံးကိုလည်း အချိန်မီယူသွားနိုင်မယ်လို့ယူဆရင်တော့... ရှင့်ဆန္ဒတွေဖြစ်မလာမှာကို စိုးရိမ်မိပါရဲ့ ၊ စောစောက စေတီနားမှာ ရှင်တို့ကိုတွေ့လိုက်တော့ ကျွန်တို့ဂိုဏ်းကအကြီးအကဲတွေလိုက်လာတယ်လို့တောင် ထင်နေတာ”

ဖုထင်က ရန်ကျောက်ကဲကိုကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“ပြီးတော့... ရှင် ကျွန်မတို့ကို နိုင်အောင်တိုက်ခိုက်နိုင်မလားဆိုတာက မတိုက်မချင်း အဖြေသိရမှာမဟုတ်ဘူးလေ ၊ ရှင့်မှာထူးကဲယန်စည်းတံဆိပ်ရှိပေမယ့် ရှင်က အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်မဟုတ်သေးလို့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မှာမှ မဟုတ်တာ”

ရန်ကျောက်ကဲ၏မျက်နှာအမူအရာကပုံမှန်အတိုင်းဖြစ်ပြီး ဖုထင်၏စွမ်းအားရောင်ဝါက သူ့ကိုလုံးဝထိခိုက်နိုင်ခြင်း မရှိပေ။

သူက တည်ငြိမ်စွာပြုံးရင်း...

“ပိုးသားဧကရာဇ်နဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကြားက ရင်းနှီးခင်မင်မှုကို ဒီ ‘ရန်’ သိရှိထားပါတယ်”

“ပြီးတော့ ‘ဖု’ မိန်းကလေးပြောသလိုပဲ ငါတို့ကြားမှာရန်ငြိုးရန်စလည်းမရှိသလို ကျေးဇူးတရားလည်းမရှိပါဘူး ၊ ဒီတော့ဘာမှတိုက်ခိုက်စရာမလိုဘူး”

ရန်ကျောက်ကဲကပေါ့ပါးစွာဖြင့်....

“ဒါပေမဲ့.... မတိုက်ခိုက်ဘူးဆိုပေမယ့် သိုင်းပညာဖလှယ်လို့မရဘူးလို့တော့ မဆိုလိုပါဘူး”

ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း အေးဆေးသည့်အမူအရာဖြင့်...

“ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တွေထဲမှာ ငါ ပညာဖလှယ်ဖို့ စိတ်ဝင်စားတဲ့တစ်ယောက်တည်းသောသူက ‘ဖု’ မိန်းကလေးပါပဲ”

ထိုစကားကိုကြားတော့ ဖုထင်ဘေးနားမှ သိုင်းသူ‌တော်စင် (၂)ယောက် မျက်မှောင်ကြုံ့လိုက်ကြသည်။

ရန်ကျောက်ကဲ၏စကားများက ဖုထင်ကိုလေးစားအထင်ကြီးမှုများနှင့်ပြည့်နေသော်ငြား တကယ်တမ်းတွင် သူပညာပြိုင်ချင်သည်ဆိုသော ‘ဖုထင်’ က သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်ပြီး ရန်ကျောက်ကဲကိုယ်တိုင်ကတော့ သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်သာ ရှိသေးသည် မဟုတ်ပါလား။

ဖုထင်က...

“အိုး... ဒါဖြင့် ကျွန်မကလည်း ရှင့်ဆီကသင်ယူချင်မိပါတယ်”

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်အသုံးပြုပြီး သူမကိုအနိုင်ယူနိုင်ကြောင်း သိရှိသည့်တိုင် ဖုထင်ကတော့ တည်ငြိမ်နေဆဲပင်။

နောက်ခံဇာစ်မြစ်နှင့် ကျင့်ကြံခြင်းအဆင့်အရ သူမတွင်လည်း အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ရှားပါးမည်မဟုတ်ပေ။ တစ်ခုထက်ပို၍ပင် ပိုင်ဆိုင်နိုင်သည်မှာ သေချာသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိသဖြင့် ထိုသို့သောပစ္စည်းမျိုး မရှိနိုင်သည့်တိုင် သူမတွင် အခြားသောရှားပါးရတနာပစ္စည်းများစွာလည်း ရှိနိုင်သည်။

ရန်ကျောက်ကဲက တစ်ချက်ရယ်မောရင်း...

“ဒါပေမဲ့... အခုတော့ မဟုတ်သေးဘူး”

ထိုစကားကိုကြားလိုက်တော့ ဖုထင်ဘေးမှ သိုင်းသူတော်များများ၏မျက်ဝန်းများတွင် မထီမဲ့မြင်အကြည့်များ ထင်ဟပ်လာသည်။

ရန်ကျောက်ကဲက ထိုအကြည့်များကို မသိချင်ယောင်ဆောင်ရင်း သိမ်မွေ့စွာပင် ဆက်ပြောသည်။

“ဒီ ‘ရန်’ က ‘ဖု’မိန်းကလေးနဲ့မတိုက်ခိုက်ချင်ဘူးဆိုတာက ငါတို့တိုက်ခိုက်နေတုန်း ကြားထဲက တခြားသူအမြတ်ထုတ်သွားတာမျိုး မဖြစ်စေချင်လို့ပါ ၊ မင်းပြောခဲ့သလိုပဲ ကျုပ်တို့တွေက ရန်ငြိုးရန်စလည်း မရှိဘူးလေ”

“ဒါကြောင့်မို့လို့ ကြားထဲကတတိယအင်အားစု အချိန်မရွေးဝင်စွက်နိုင်တဲ့အနေအထားမျိုးမှာ ကျုပ်တို့တွေမတိုက်ခိုက်တာကောင်းပါတယ် ၊ တခြားအချိန် တခြားတစ်နေရာမှာ ကျုပ်တို့တွေ ပညာဖလှယ်လို့ရပါတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒါပေမဲ့ “’ဖု’ မိန်းကလေး တိုက်ခိုက်ချင်တယ်ဆိုရင်တော့ လက်မခံနိုင်စရာမရှိပါဘူး ၊ ‘ဖု’ မိန်းကလေးက မတိုက်ခိုက်ဖို့ ရွေးချယ်ရင် ဒီ’ရန်’ လည်း မတိုက်ခိုက်ပါဘူး”

ဖုထင်မျက်ဝန်းများလက်ခနဲတောက်ပသွားပြီး...

“တတိယအင်အားစု ဟုတ်လား”

ရန်ကျောက်ကဲက သူမမေးခွန်းကိုပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။

“ငါတို့အုပ်စုက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရဲ့နယ်မြေတစ်ခုရဲ့ ကမ္ဘာဖြတ်လမ်းကြောင်းကနေ ဒီနေရာကို ရောက်လာခဲ့တာပါ ၊ ‘ဖု’ မိန်းကလေးတို့ကရော ဒီနေရာကို ဘယ်လိုများရောက်လာခဲ့တာလဲ”

ဖုထင်က ဖြည်းညင်းစွာဖြင့်...

“မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်မှာ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ် ၊ ဒါပေမဲ့ ရှင်တို့အုပ်စုကိုတွေ့လိုက်ကတည်းက ဒီသီးခြားနယ်မြေကိုဝင်ဖို့ လမ်းကြောင်းတွေအများကြီး ရှိမယ်ဆိုတာ နားလည်လိုက်ပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ပြီးတော့ ဒီ သီးခြားနယ်မြေမှာ အလွှာတွေလည်းအများကြီးရှိတယ် ၊ စေတီရဲ့အထပ်တိုင်းက ဒီနယ်မြေရဲ့အလွှာတစ်ခုစီတိုင်း ဖြစ်ရမယ် ၊ အမှန်အတိုင်းပြောရရင် အခု ငါတို့ရောက်နေတဲ့အလွှာက ဒီ ‘ရန်’ အတွက်တော့ စတုတ္ထအလွှာဖြစ်ပေမယ့် ‘ဖု’ မိန်းကလေးတို့အုပ်စုအတွက်တော့ ဒုတိယအလွှာပဲဖြစ်ရမယ် ဟုတ်တယ်မလား”

ဖုထင်က မျက်မှောင်ကြုံ့ရင်း...

“ဒါဖြင့် ရှင်ပြောချင်တာက ရှင်တို့အုပ်စုနဲ့ ကျွန်မတို့အုပ်စုကိုကျော်ပြီး အထက်အလွှာတွေကိုရောက်နေတဲ့ အုပ်စုတစ်စုရှိတယ်ဆိုတဲ့အဓိပ္ပါယ်လား”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...

“ဖြစ်နိုင်ခြေရှိတယ်လေ... ဒါပေမဲ့.... ၊ ငါ ပြောချင်တာက... သူက ငါတို့ထက်လည်းနှေးချင်နှေးနေနိုင်ပေမယ့် သူတို့ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရဘူး”

“အထူးသဖြင့် မင်းတို့အုပ်စုအတွက်ပေါ့ ၊ မင်းတို့ဂိုဏ်းကအကြီးအကဲတွေက မင်းတို့ကိုစစ်ကူပေးနိုင်တယ်ဆိုပေမယ့် တကယ်အောင်ပွဲရဖို့ ဝှက်ဖဲကိုတော့ မင်း အပြည့်အဝ ဆုပ်ကိုင်မထားနိုင်သေးဘူး”

ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးရင်း...

“တစ်ခုရှိတာက... မင်းအဖေ ပိုးသားဧကရာဇ်ကိုယ်တိုင် အမြန်ဆုံးရောက်လာရင်တော့ မင်းအတွက် အောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်”

ဖုထင်က ရန်ကျောက်ကဲကို အကဲခတ်ရင်း...

“အဲဒီအုပ်စုက ဘယ်သူတွေလဲဆိုတာ ရှင်သိနိုင်မလား ၊ ဒါမှမဟုတ် ဒီ တတိယအုပ်စုက ရှင့်ကိုစစ်ကူပေးမယ့် သူတွေလား”

ရန်ကျောက်ကဲက...

“ငါတို့က သူတို့နဲ့တစ်ဖွဲ့တည်းမဟုတ်ပါဘူး ၊ ဒါပေမဲ့ သူတို့ဘယ်သူတွေလဲဆိုတာ ဒီ ‘ရန်’ သိပါတယ်”

သူက ကောင်းကင်ထက်သို့လက်ညှိုးညွှန်ပြလိုက်ရင်း...

“သူတို့အကြောင်းအသေးစိတ်နဲ့ လူအရေအတွက်ကိုမသိပေမယ့် သူတို့က စန့်ချင်အဆက်အနွယ်တွေပဲဆိုတာ ငြင်းလို့မရပါဘူး”

‘စန့်ချင်အဆက်အနွယ်’ ဆိုသည့်စကားကိုကြားလိုက်ရသည့်အခါ ဖုထင်တို့အုပ်စု၏မျက်နှာများ တည်ကြည်လေးနက်သွားသည်။

ရန်ကျောက်ကဲက...

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ’ရန်’ ဘယ်သူဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး မင်းကသံသယဝင်လို့ သိပ်တော့မကျေမနပ်ဖြစ်မိပေမယ့် နားလည်ပေးနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ ဒီ ‘ရန်’ လိုမျိုး ဟန်ဆောင်ခဲ့တဲ့သူတွေ ရှိတာကိုး”

“ပြီးတော့ အဲဒီလိုဟန်ဆောင်ခဲ့တဲ့သူတွေထဲကတစ်ယောက်က စန့်ချင်အဆက်အနွယ်ဖြစ်နေတယ်လေ ၊ သူက ဒီ ‘ရန်’ လိုမျိုးဟန်ဆောင်မှ အထက်ဘုံကမ္ဘာမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်လို့ ယူဆခဲ့တယ် ၊ ဒါပေမဲ့ ငါ သူနဲ့စာရင်းရှင်းပြီးပါပြီ ၊ သူ့ဆီကရတဲ့သဲလွန်စတွေကြောင့် ဒီ သီးခြားနယ်မြေကို ရှာတွေ့ခဲ့တာပဲ”

ရန်ကျောက်ကဲက သူ့မျက်စိရှေ့မှ သီးခြားနယ်မြေကို အကဲခတ်လိုက်သည်။

“ဒါပေမဲ့ အဲဒီလူဆီကသိရသ‌လောက် ၊ သူတို့အဖွဲ့က သူတစ်ယောက်တည်းမဟုတ်ဘူး ၊ သူနဲ့အတူ တခြားဂိုဏ်းတူမောင်နှမတွေရှိနေသေးတယ် ၊ သူတို့က အထက်ဘုံကမ္ဘာကိုလိုက်မလာကြဘဲ ဗလာနယ်အာကာသကိုဖြတ်ကျော်ပြီး ဒီ သီးခြားနယ်မြေထဲ တန်းပြီးဝင်ရောက်ဖို့ ကြိုးစားနေကြတာ”

သူ့မျက်ဝန်းများက ဖုထင်ထံ ကျရောက်သွားပြီး...

“မင်းတို့ဂိုဏ်းကအကြီးအကဲတွေ မကြာခင်ဒီကိုရောက်လာမယ်ဆိုပေမယ့် .... ပိုးသားဧကရာဇ်ကိုယ်တိုင်ရောက်မလာနိုင်ဘူးဆိုရင် ဒီနေရာကအခြေအနေတွေကို ‘ဖု’ မိန်းကလေး ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“ပြောရရင် ဒီနေရာက အထက်ဘုံကမ္ဘာမဟုတ်တဲ့အတွက် စန့်ချင်အဆက်အနွယ်တစ်ယောက်ယောက်နဲ့တွေ့ရတာက ဘာမှမထူးခြားဘူး မဟုတ်လား”

ဖုထင် ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲကိုကြည့်လိုက်သည်။

ထို့နောက် သူမက ရုတ်တရက်ရယ်မောလိုက်လေရာ ညအမှောင်တွင် ကောင်းကင်ထွက်မြင့်တက်လာသည့် မီးရှူးမီးပန်းလေးပမာ တောက်ပလင်းလက်သွားသလို ခံစားရသည်။

“အမှန်ပဲ ၊ ဒီလိုနေရာမျိုးမှာ စန့်ချင်အဆက်အနွယ်တွေနဲ့ ဆုံရတာက အံ့သြစရာမရှိပါဘူး ၊ သူတို့အနေနဲ့ ရန်ကျောက်ကဲအဖြစ် ဟန်ဆောင်တယ်ဆိုတာလည်း ဖြစ်သင့်ပါတယ် ၊ ဘာလို့လဲဆိုတော့ ဦးလေး’ချောင်ကျယ်’ က ရန်ကျောက်ကဲကို သိပေမယ့် အထက်ဘုံကမ္ဘာကလူအများစုက သူ့အကြောင်းမသိကြသလို တစ်ခါမှလည်း မမြင်ဖူးကြဘူးလေ ၊ အထူးသဖြင့် ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်လိုက်ရင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကနေတစ်ဆင့် ဒီနေရာကိုဖြတ်သန်းဝင်ရောက်ဖို့အတွက် အရမ်းအဆင်ပြေတယ်လေ”

ဖုထင်က...

“ရှင်က အတုလားအစစ်လားဆိုတာ မဆုံးဖြတ်နိုင်သေးပေမယ့် စန့်ချင်အဆက်အနွယ်တွေအကြောင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ သူတို့က ကျွန်မနားလည်နိုင်စွမ်းမရှိတဲ့ လူတွေပါပဲ”

ထို့နောက် သူမက ဆက်ပြောသည်။

“ဒီတော့ စောစောက ကျွန်မပြောခဲ့တဲ့စကားတွေအကျုံးဝင်သေးတယ်မလား ၊ အခု... ကျွန်မတို့ တိုက်ခိုက်ဖို့လိုလာပြီ”

ပြောပြီးသည်နှင့် ဖုထင်က ကျောက်စိမ်းသားပမာ သူမ၏လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်လေသည်။

“ရှင်က ရန်ကျောက်ကဲ အစစ်လားအတုလားဆိုတာ အရေးမကြီးဘူး ၊ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မ အတည်ပြုနိုင်ဖို့လိုအပ်တယ် ၊ ပြီးတော့ ရှင်က ဒီလိုစကားတွေပြောနေတာဟာ ကျွန်မစိတ်ထဲကသံသယတွေ ပယ်ဖျောက်ဖို့ကြိုးစားနေတဲ့ စန့်ချင်အဆက်အနွယ်တစ်ယောက်များလား”

ဖုထင်က ဘယ်သောအခါမှ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တတ်သူ မဟုတ်ပေ။ သူမက စကားပြောပြီးမှသာ ရန်ကျောက်ကဲကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

သူမ၏ ကျောက်စိမ်းရတနာပမာ လက်ဖဝါးပြင်ထက်တွင် အဖြူရောင်နှင့်အနက်ရောင် တန်ခိုးစွမ်းအားများလှည့်ပတ်ထွက်ပေါ်လာပြီး ယင်နှင့်ယန် ထိုက်ကျိကားချပ်အသွင်ပြောင်းလဲသွားသည်။

ထိုက်ကျိသဏ္ဌန်ကလှည့်ပတ်နေပြီး ဤသီးခြားန်မြေမှ အရာဝတ္ထုအားလုံးသည် တစ်ချိန်တည်းမှာပင် ပျက်ဆီးပြိုကျသွားသည့်အလား ထင်မှတ်ရသည်။ အရာအားလုံးက မူလပုံစံကိုဆုံးရှုံးသွားပြီး မူလအခြေခံဖြစ်သော ယင်နှင့်ယန်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ရှန်းထျန်းဝူထိုက်မှာ ထိုက်ကျိယင်ယန်လက်ဝါးသိုင်း။

ရန်ကျောက်ကဲက ရယ်မောလိုက်၏။

“အမှန်အတိုင်းပြောရရင်...  မင်းရဲ့သိုင်းကွက်ကိုတွေ့တော့မှ မင်းက ပိုးသားဧကရာဇ်ရဲ့သမီးဆိုတာ သေချာသွားတော့တယ်”

ရယ်မောရင်းဖြင့်ပင် သူက လက်ဖဝါးတစ်ချက်ပင့်မြှောက်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။

သူ၏လက်ဖဝါးထက်တွင်လည်း အလားတူပင် ယင်နှင့်ယန် ယှဉ်တွဲဖြစ်တည်လာပြီး ထိုက်ကျိကားချပ်အသွင်ပြောင်းလဲသွားလေသည်။

All Chapters