ရန်ကျောက်ကဲရဲ့လှောင်ပြောင်ခြင်း
Vol. 58 Ch. 820
အခန်း (၈၂၀) ရန်ကျောက်ကဲရဲ့လှောင်ပြောင်ခြင်း
ထိုက်ကျိကားချပ် (၂)ခုက လေထုထဲတွင် ထိပ်တိုက်တွေ့ကာ ရိုက်ခတ်မိသွားသည်။
လက်ဖဝါးနှစ်ဖက်မထိတွေ့ခင်မှာပင် အလယ်ဗဟိုမှ ကောင်းကင်နှင့်မြေကြီးက တပြိုင်တည်းပြိုကျလာပြီး ထင်သာမြင်သာ အနေအထားမရှိတော့ဘဲ မူလ ယင်နှင့်ယန်အဖြစ်သို့ ပြောင်းလဲသွားသည်။
အဖြူရောင်နှင့်အနက်ရောင် ချီစွမ်းအားစီးကြောင်း (၂)ခု တောက်ပနေပြီး လက်ဖဝါးနှစ်ဖက်အလယ်တွင် အပြန်အလှန် စီးမျောရွေ့လျားနေကြသည်။
လှည့်ပတ်နေသည့် ထိုက်ကျိသင်္ကေတကားချပ် (၂)ခုတွင် ကြီးမားသော စုပ်ယူစွမ်းအားကြီးတစ်ခု ဖြစ်ပေါ်လာပြီး ယင်ချီနှင့် ယန်ချီတို့က အပြန်အလှန်စုပ်ယူရန် ကြိုးစားနေသည်။
သို့ပေသိ ဖုထင်ရော ရန်ကျောက်ကဲရောက လက်ရည်တူနေသည်ဖြစ်ရာ ယင်နှင့်ယန်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ နဂိုအတိုင်းပင် တည်ရှိနေလေသည်။
ဗလာနယ်ထဲမှ အချိန်နှင့် ဗလာနယ်အာကာသ အေးခဲသွားပြီး ဘယ်သောအခါမှ ကွဲလွဲမှုမရှိသော အခြေအနေသို့ကျရောက်ကာ အရာအားလုံးကနတ္ထိဖြစ်နေသည်။
ရန်ကျောက်ကဲ၏လက်ဖဝါးထက်မှ ထိုက်ကျိကားချပ်ကိုတွေ့မြင်ရတော့ အစပိုင်းတွင် ဖုထင်က အံ့သြခြင်း မရှိပေ။
“သူက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတဲ့သူတစ်ယောက် ဖြစ်ရမယ်”
သို့သော် ထိုက်ကျိကားချပ် လှည့်ပတ်မှု (၂)ခု ထိပ်တိုက်ရင်ဆိုင်မိပြီးနောက် လက်ဖဝါး (၂)ဖက် အမှန်တကယ်ထိမိသွားသောအခါ ဖုထင် အံ့အားသင့်သွားရသည်။
“ဒါက ယင်ယန်ကောင်းကင်ကျမ်းစာနဲ့ဆင်တူပေမယ့် ငါကျင့်ကြံထားတဲ့ ထိုက်ချင်အဆက်အနွယ် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနဲ့လည်း ဆင်တူနေတာပဲ”
“သူက ဘာသိုင်းပညာ လေ့ကျင့်ထားတာလဲ”
ဖုထင်၏မျက်နှာအမူအရာတည်ကြည်လေးနက်သွားပြီး မျက်ဝန်းများကလည်း ပိုပြီးစူးစိုက်သွားသည်။
သူမ၏မျက်ဆံများထဲတွင် ထိုက်ကျိသင်္ကေတထွက်ပေါ်လာပြီး သူမ၏လက်ဝါးသိုင်းစွမ်းက ပိုမိုအားကောင်းလာသည်။ ထိုခဏတွင် ဖုထင်၏လက်ဖဝါးသာမကဘဲ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ပုံရိပ်ယောင်တစ်ခုပမာ ဝေဝါးလာသည်။
သို့ပေသိ သူမ၏လက်ဖဝါးထက်မှ ထိုက်ကျိကားချပ်က လည်ပတ်မှုနှေးကွေးလာပြီး တဖြည်းဖြည်း ရပ်တန့်သွားသည်။
ရန်ကျောက်ကဲ၏သိုင်းကွက်ကိုရင်ဆိုင်ရင်း ဖုထင်စိတ်ထဲ ပထမဆုံးခန့်မှန်းမိသည်မှာ ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်း၏ ထူးခြားသောတန်ခိုးစွမ်းအားကို လျှို့ဝှက်ထုတ်ဖော်ရန် လက်ဖဝါးသိုင်းအစားထိုးအသုံးပြုခြင်း ဖြစ်မည်ဟု တွေးထင်မိခဲ့သည်။
စန်းချင်း (၃)ပါး ပေါင်းစည်းသွားသည့်အခါ သူတို့၏ သစ္စာတရားအများစုက အပြန်အလှန်ဆက်စပ်သွားကြသည်။
ထိုက်ချင်အဆက်အနွယ်များက ‘ရှန်းထျန်းဝူထိုက်’ ကို ကျင့်ကြံကြသည်။ ထို ရှန်းထျန်းဝူထိုက်မှ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက ယွိချင်အဆက်အနွယ်မှ ယင်ယန်ကောင်းကင်ကျမ်းစာ၏ ကြီးမြတ်သောတာအိုတရားနှင့် မိုးမြေကိုနားလည်နိုင်စွမ်းများဖြင့် သွားရောက်ဆက်စပ်နေသည်။
ဖုထင်သည်လည်း များစွာလေ့လာခဲ့သူဖြစ်သဖြင့် ဗဟုသုတကြွယ်ဝသူ ဖြစ်သည်။ သူမက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူမဟုတ်သော်လည်း ထိုကျမ်းစာနှင့်ပတ်သက်ပြီး သူမ၏နားလည်မှုက သာမန်လူများထက် အများကြီးသာလွန်သည်။
ယင်ယန်ကောင်းကင်ကျမ်းစာကို အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ပါက ယင်နှင့်ယန်ကိုထိန်းချုပ်ပြီး ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်ပေမည်။
ထိုသို့ပြုလုပ်နိုင်ခြင်းက ရန်သူ၏တိုက်ကွက်ကို လမ်းကြောင်းလွှဲခြင်း ၊ ပတ်ဝန်းကျင်မှချီစွမ်းအားကို ချေးငှားခြင်းကဲ့သို့ ရိုးရှင်းသည့်လုပ်ရပ်မဟုတ်ပေ။
မိုးမြေတစ်ခွင်၏အခြေခံအကျဆုံး ယင်ချီနှင့်ယန်ချီကို ပြောင်းပြန်လှန်ပြီး မိုးမြေဥပဒေသများကိုအသုံးပြုကာ ပြိုင်ဘက်၏စွမ်းအားကို ပုံပျက်စေခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲ၏ ‘ထိုက်ကျိယင်ယန်လက်ဝါးသိုင်း’ ကို ပထမဆုံးရင်ဆိုင်ရသည်နှင့် ထိုလူငယ်၏ ယင်ယန်လက်ချောင်းသိုင်းကွက်က အလွန်တရာနက်ရှိုင်းမြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်နှင့် ဖုထင်၏လက်ဝါးရိုက်ချက် ထိုက်တိုက်တွေ့သည်နှင့် သူ၏သိုင်းကွက်က ပြောင်းပြန်ဖြစ်သွားပြီး အဆုံးသတ်သွားခဲ့သည်။
ဖုထင်က သူမ၏ဝိညာဉ်စွမ်းအားများကို လက်ဖဝါးထက်စုစည်းကာ အစွမ်းကုန်တွန်းထုတ်လိုက်ပြီး သူမ၏လက်ဖဝါးအောက်တွင် လေဟာနယ်တစ်ခု ဖြစ်လာစေသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ရန်ကျောက်ကဲ၏ ယင်ယန်လက်ချောင်းသိုင်းက သူမ၏သိုင်းကွက်ကို ပြောင်းပြန်ဖြစ်သွားစေရန် ပြုလုပ်နိုင်မည် မဟုတ်တော့ပေ။
သို့သော် အကြောင်းအရာများက သူမမျှော်လင့်သည်ထက် ကျော်လွန်သွားခဲ့သည်။
ရန်ကျောက်ကဲ၏ လက်ဖဝါးစွမ်းအားသည် တောင်တန်းများပြိုလဲလာသည့်အလား သမုဒ္ဒရာများစီးဆင်းလာသည့်အလား အရှိန်အဟုန်ကြီးစွာဖြင့် သူမကို အဆက်မပြတ်ဖိအားပေးနေဆဲ ဖြစ်သည်။
ဖုထင် မည်သို့မှမတတ်နိုင်ဘဲ လက်ဝါးရိုက်ချက်ကို ပြန်ရုတ်သိမ်းလိုက်ရသည့်အတွက် အသာစီးရမှု ဆုံးရှုံးသွားရသည်။
သူတို့ (၂)ယောက်တိုက်ခိုက်ရာတွင် အရာဝတ္ထုအားလံးပြိုကွဲသွားပြီး ဖြစ်ပေါ်လာသော ယင်စွမ်းအားနှင့် ယန်စွမ်းအားများသည် ရန်ကျောက်ကဲလက်ဖဝါးထက်ရှိ ထိုက်ကျိကားချပ်ဆီသို့ အဆက်မပြတ်စီးဆင်းဝင်ရောက်သွားကြသည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက ပိုမိုထက်မြက်ပြင်းထန်လာပြီး ဖုထင်ကို နောက်သို့လွင့်ထွက်သွားစေသည်။
ဖုထင် အံ့အားသင့်သွားပြီး...
“ဒါက ယင်ယန်လက်ချောင်းသိုင်း မဟုတ်ဘူးလား”
သူမက ရန်ကျောက်ကဲ၏ လက်ဝါးသိုင်းစွမ်းအားကို ဂရုတစိုက်လေ့လာကြည့်လိုက်ရာ သူမ၏ကိုယ်ပိုင်သိုင်းပညာနှင့် အမှန်တကယ်ကွာခြားကြောင်း တွေ့ရသည်။
သူတို့ (၂)ယောက်လုံးအသုံးပြုလိုက်သည့်လက်ဝါးသိုင်းက ‘ထိုက်ကျိယင်ယန်လက်ဝါးသိုင်း’ များပင်ဖြစ်သော်လည်း မတူညီသောအဆက်အနွယ်မှဆင်းသက်လာကြသည်။
ဖုချင်၏ရင်းမြစ်ကို ထိုက်ချင်အဆက်အနွယ်အဖြစ်သတ်မှတ်နိုင်သော်လည်း ရန်ကျောက်ကဲကတော့မတူညီသည့်အဆက်အနွယ်တစ်ခုမှ ဖြစ်သည်။ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်တွင် ယွိချင်အဆက်အနွယ်၏ ယင်ယန်ကောင်းကင်ကျမ်းစာ အရိပ်အငွေ့များရှိနေသည့်တိုင် ဖုထင်အနေဖြင့် ရန်ကျောက်ကဲ၏သိုင်းပညာကိုပိုင်းခြားရန် ခက်ခဲနေသည်။
အစပိုင်းတွင် သူမက ရန်ကျောက်ကဲအသုံးပြုသည့်သိုင်းပညာကို ‘ယင်ယန်လက်ချောင်းသိုင်း’ ဖြစ်ရမည်ဟု လွဲမှားစွာတွက်ချက်ခဲ့သဖြင့် အသာစီးရမှုဆုံးရှုံးခဲ့ရပြီး နောက်သို့လွင့်ထွက်သွားရသည်။
ဖုထင်၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး အရောင်မဲ့တိမ်တိုက်ချီစီးကြောင်းက သူမခန္ဓာကိုယ်မျက်နှာပြင်ထက် မြင့်တက်လာသည်။
တိမ်တိုက်ချီပေါ်လာသည်နှင့်တပြိုင်နက် လွင့်ထွက်သွားသော ဖုထင်၏အသွင်သဏ္ဌန်က လေထုအလယ်တွင် ကျက်သရေရှိစွာ ချက်ချင်းရပ်တန့်သွားသည်။
ရန်ကျောက်ကဲက...
“အတိုင်းအဆမဲ့ထိုက်စုခန္ဓာ မဟုတ်လား”
ဖုထင်က...
“သခင်လေးက တကယ့်ကိုအမြင်ကောင်းတာပဲ”
ရန်ကျောက်ကဲကပြုံးရင်း...
“ဒီပညာက နာမည်ကြီးတာပဲ ၊ သိနေတာမဆန်းပါဘူးလေ”
‘ရှန်းထျန်းဝူထိုက်’ တွင် ‘ထိုက်စု’၏ အသွင်အပြင်ဖြစ်သော အတိုင်းအဆမဲ့ထိုက်စုခန္ဓာက အလွန်နာမည်ကျော်ကြားသည်။ တာအို၏သမိုင်းတစ်လျောက် များပြားလှသော သိုင်းပညာများတွင် ခံစစ်စွမ်းအားအထွတ်ထိပ် ဖြစ်သည်။
ရှန်းထျန်းဝူထိုက်မှ ‘ထိုက်ရှီခုန်းမင်ခန္ဓာ’ နှင့်ပေါင်းစပ်အသုံးပြုပါက ‘ကြီးမြတ်ခြင်း’ ဟုအဓိပ္ပါယ်ရသည့် ‘ထိုက်’ (၂)ခု ပေါင်းစည်းသွားပြီး သမာဓိမီးတောက် (၅)မျိုးနှင့် ခံစစ်စွမ်းအား ညီမျှသွားပေမည်။
ယွမ်စီထျန်းကျွင်းက မူလကောင်းကင်ကျမ်းစာများကို လောကတစ်ခွင့် ပျံနှံ့စေခဲ့သည်။ တောက်တယ်ထျန်းကျွင်း (ထိုက်စန့်လောင်ကျွင်း) ကတော့ ကျင့်ကြံသူများ၏ သိုင်းပညာအခြေခံအုတ်မြစ်ကိုခိုင်ခန့်စေခဲ့ပြီး လူသားအားလုံးအတွက် တရားအလင်းပြခဲ့သည်ဖြစ်ရာ သူ၏ တိုက်ရိုက်အဆက်အနွယ်က နည်းပါးသွားခဲ့သည်။
သို့သော် ဤသို့ဖြစ်ရသည့်အတွက် သူ၏ကိုယ်ပိုင်ကျမ်းစာများ လက်ဆင့်ကမ်းပေးခဲ့ခြင်းမရှိခြင်း မဟုတ်ပေ။
တောက်တယ်ထျန်းကျွင်းက ‘တောက်တယ်ကျင်း’ ဆိုသည့် တာအိုတေချင်ကျမ်းစာကို လက်ဆင့်ကမ်းဖြန့်ဝေပေးခဲ့သည်။
ဤအထက်ဘုံကမ္ဘာရှိ ‘တောက်တယ်ကျင်း’ ကျမ်းစာ ဆိုသည်က ရိုးရှင်းသည့်တာအိုကျမ်းစာတစ်ခု မဟုတ်ပေ။ ထိုက်ချင်အဆက်အနွယ်၏ အနှစ်သာရတရားများထည့်သွင်းထားသော ‘တောက်တယ်ကောင်းကင်ကျမ်းစာ’ သို့မဟုတ် ‘ထိုက်စန့်တာအိုကျမ်းစာ’ ဟု လူသိများကြသည်။
‘ရှန်းထျန်းဝူထိုက်’ ဆိုသည်က ထိုကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် အသိမ်မွေ့ဆုံးသော ပညာရပ်ဖြစ်ပြီး ယွမ်စီထျန်းကျွင်း၏ မူလကောင်းကင်ကျမ်းစာ ပထမဆုံး (၃)ကျမ်းနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
‘ရှန်းထျန်းဝူထိုက်’ ၏ ပထမဆုံးဖြစ်သော ‘ထိုက်ယိ’ သည် မူလကောင်းကင်ကျမ်းစာများမှ ပထမဆုံးကျမ်းစာဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် အမြင်ချင်းတူညီသည်။
ရန်ကျောက်ကဲက ဖုထင်ကို အတော်လေး စိတ်ဝင်စားသွားသည်။ သူမက ထိုက်ချင်အဆက်နွယ်၏တိုက်ရိုက်မျိုးဆက်ဖြစ်သည်မှာ အငြင်းပွားစရာမရှိပေ။
သို့သော် ပိုးသားဧကရာဇ်၏ ‘ရှန်းထျန်းဝူထိုက်’ က ပြီးပြည့်စုံသည်လားဆိုသည်ကိုတော့ ရန်ကျောက်ကဲ မသိရှိပေ။
ဖုထင်ကတော့ ရန်ကျောက်ကဲကိုကြည့်ရင်း အတွေးထဲနစ်မျောလျှက် ရှိသည်။
အချင်းချင်းတိုက်ခိုက်ပြီးသည့်တိုင် ရန်ကျောက်ကဲ၏သိုင်းပညာဇာစ်မြစ်ကို သူမ သိမြင်နိုင်ခဲ့ခြင်း မရှိပေ။
သေချာသည့်တစ်ချက်မှာ ရန်ကျောက်ကဲကတော့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို လေ့ကျင့်ထားသည့် ထိုက်ချင်အဆက်အနွယ် လုံးဝမဖြစ်နိုင်ပေ။
သူ၏သိုင်းပညာတွင် ယွိချင်အဆက်အနွယ်မှ ယင်ယန်ကောင်းကင်ကျမ်းစာအရိပ်အငွေ့များ ပါဝင်နေသည်မှန်သော်လည်း ယခုရင်ဆိုင်လိုက်ရသည့် လက်ဝါးရိုက်ချက်က ဖုထင်၏စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
သူမ၏သိုင်းပညာဇာစ်မြစ်က ရှင်းရှင်းလင်းလင်းရှိသော်လည်း ပြိုင်ဘက်၏ဇာစ်မြစ်ကိုမသိနိုင်ခြင်းက သံသယဖြစ်စရာ အားနည်းချက်သာပင်။
ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မည်သည့်စကားမှမဆိုဘဲ ပြုံးလျှက်ပင်။
တကယ်တော့ သူက ‘ထိုက်ကျိယင်ယန်’ လက်ဝါးသိုင်းကို သိရှိသည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် ကောင်းကင်ဘုံနန်းတော်မှ သိုင်းကျမ်းစာကြည့်တိုက်ထဲတွင် ယွိချင်အဆက်အနွယ် ၊ စန့်ချင်အဆက်အနွယ် သိုင်းပညာများကို အနည်းနှင့်အများ သိမ်းဆည်းသိုလှောင်ထားသော်လည်း ဘာကြောင့်မှန်းမသိ ထိုက်ချင်အဆက်အနွယ်၏ သိုင်းပညာများကို သိမ်းဆည်းထားခြင်း မရှိပေ။
ထို့ကြောင့် ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်တက်ရောက်သည့်အခါ ယွိချင် ၊ ထိုက်ချင် ၊ စန့်ချင်ဆိုသည့် စန်းချင်း (၃)ပါး၏ ပညာရပ်များကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ခဲ့သော်လည်း ထိုက်ချင်အဆက်အနွယ်၏သိုင်းပညာနှင့်ပတ်သက်ပြီး တိတိကျကျမလေ့လာခဲ့ရဘဲ လူသားများအားလုံးသိရှိစေရန် အလင်းတရားပေးခဲ့သော ပညာရပ်များကိုသာ ရယူအသုံးပြုခဲ့ရသည်။
သို့ပေသိ သိုင်းသူတော်စင်အဆင့် တက်ရောက်ပြီးသည့်နောက် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခြင်းအခြေခံအဖြစ် ဆက်လက်အသုံးပြုနေသည့်တိုင် စန်းချင်း(၃)ပါးလုံး၏ပညာရပ်များပေါင်းစည်းခဲ့သော သူ့အနေဖြင့် ယွိချင်အဆက်အနွယ် သီးသန့် မဟုတ်တော့ပေ။
စန်းချင်း (၃)ပါးလုံး၏ ပညာရပ်များပေါင်းစည်းထားခြင်းက မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရအောင် နက်နဲပြီး လျှို့ဝှက်ဆန်းကျယ်လွန်းသည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာတစ်ခုတည်းမှာပင် အသင်္ချေသောတာအိုတရားများပါဝင်နေပြီး ‘ရှန်းထျန်းဝူထိုက်’ ၏ ပထမဆုံးဖြစ်သော ‘ထိုက်ယိ’ နှင့်လည်း ဆက်စပ်နေသည်။
ထို့အတူပင် ယင်ယန်ကောင်းကင်ကျမ်းစာက ထိုက်ကျိနှင့်ဆက်စပ်နေသည်။
ထို့ကြောင့် ဖုထင်၏ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုမြင်လိုက်ရုံဖြင့် ရန်ကျောက်ကဲကလည်း ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ချက်ချင်းထုတ်ဖော်အသုံးပြုလိုက်နိုင်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်းအသုံးပြုခဲ့ခြင်းမဟုတ်ကြောင်း ဖုထင်ယုံကြည်ထားပြီဖြစ်သည်။ တကယ်တမ်းမှာတော့ သူက ထိုသိုင်းပညာကို အသုံးပြုပြီးမှ ထိုက်ကျိယင်ယန်သိုင်းပညာအဖြစ် ပြောင်းလဲခြင်း ဖြစ်၏။
ယွိချင်အဆက်အနွယ်မှ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသော အခြားသောသိုင်းကျင့်ကြံသူများဆိုလျှင် ဤသို့ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဖုထင် ပဟေဠိ ဖြစ်သွားရခြင်းပင်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ၏ လုပ်ဆောင်ချက် အောင်မြင်ခဲ့သည်။
အချိန်အတော်ကြာ ဆက်လက်တိုက်ခိုက်ကြသည့်တိုင် ဖုထင်သည် သဲလွန်စတစ်ခုပင် ရှာမတွေ့ခဲ့ပေ။ သူမ မည်သို့ပင်ကြည့်ပါစေ ရန်ကျောက်ကဲအသုံးပြုနေသော သိုင်းပညာမှာ ‘ထိုက်ကျိယင်ယန်လက်ဝါးသိုင်း’ သာ ဖြစ်နေခဲ့သည်။
တစ်ဖက်လူက စန့်ချင်အဆက်အနွယ်လား သိချင်သဖြင့် စမ်းသပ်ခါမှ ယခုတော့ သူမကဲ့သို့ ထိုက်ချင်အဆက်အနွယ် ဖြစ်နေသည်တဲ့လား။
ဤသည်က တိုက်ဆိုင်မှုတစ်ခုမဟုတ်လျှင် အသံတိတ်လှောင်ပြောင်မှုတစ်ခု ဖြစ်ပေမည်။
ဖုထင်မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။
ထို့အတူ သူမနှင့်အတူပါလာသည့် မြောက််ဖေးတောင်ထွတ်မှ သိုင်းသူတော်စင် (၂)ယောက်မှာလည်း ရယ်ရမလား ငိုရမလားမသိ ဖြစ်နေလေတော့၏။