← Chapters

သင်ခန်းစာတစ်ခု

Vol. 71 Ch. 981

သင်ခန်းစာတစ်ခု

Vol. 71 Ch. 981

ထန်ရှုတို့လေးယောက်အရှေ့သို့ ရောက်လာပြီး ချာလီက သူတို့အား အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ သူတို့၏အထောက်အထားများအား ဖုံးကွယ်ရန် မျက်နှာဖုံးအုပ်ထားပြီး ဆန်းကြယ်စွာ ပြုမူတတ်သည့် လူများအား ရင်ဆိုင်ရသော်လည်း တစ်ယောက်မှ ဤဧည့်သည်များလောက် ကြောက်ရွံ့စရာမကောင်းပေ။ တကယ်တမ်းတော့ ဤလူများက သူ၏အိပ်ခန်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သည့်စွမ်းရည်ရှိ၏၊  သူတို့က သူ့အား သတ်ဖြတ်နိုင်သည့်စွမ်းရည်ရှိသည်ဟုလည်း ဆိုလိုသည်။

ထို့ပြင် ကြီးမားသောအဖြစ်အပျက်များက မကြာသေးမီက ဖြစ်ပျက်ခဲ့သည်။

တစ်ခုက စိုင်းဖန်ရှိ အမှောင်လေဌာနခွဲ၏ပျက်စီးခြင်းဖြစ်ပြီး အေဂျင်စီ၏ထောက်လှမ်းရေးအားလုံး အသက်ပေးခဲ့ရသည်။ စိုင်းဖန်၏အဆင့်အမြင့်ဆုံးအရာရှိက နောက်ဆုံးသံသယရှိသူဟု ဆိုနိုင်သော်လည်း သူနှင့် ချိတ်ဆက်နေစရာ အကြောင်းရင်းမရှိပေ။ ထို့ပြင် ရှုပ်ထွေးစရာကောင်းသည့်အချက်တစ်ခုကား စိုင်းဖန်၏အဆင့်မြင့်ဆုံးအရာရှိက အပန်းဖြေခရီးထွက်သွားရာမှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပေ။

"ငါ့ရှေ့ကလူတွေကလဲ ဌာနခွဲတစ်ခုကို ဖျက်ဆီးနိုင်တဲ့စွမ်းရည် ရှိနိုင်တယ်"

အတွေးက သူ့စိတ်ထဲ၌ ထွက်ပေါ်လာပြီး သူ့အား စိုးရိမ်ကြောင့်ကြသွားစေပြန်သည်။ ထို့နောက် သူက မေးလိုက်၏"ဘယ်သူမှ သတိမပြုမိဘဲ အမှောင်လေဌာနခွဲကို ထိုးဖောက်နိုင်ပြီး ငါ့အခန်းအပြင်ထိ ရောက်လာနိုင်တယ်ဆိုတော့ မင်းတို့ကောင်တွေက အံ့အားသင့်စရာပဲ။ ဒါပေမယ့် မင်းရဲ့အဖြေကို ငါ လိုသေးတယ်။ ဒီကိုလာတဲ့ မင်းရဲ့အစစ်အမှန်ရည်ရွယ်ချက်က ဘာလဲ။ သတင်းအချက်အလက်ဝယ်ရုံလောက်နဲ့ ဒီနေရာကို ထိုးဖောက်ဝင်ရောက်ဖို့ မလိုဘူးမလား၊ မင်းတို့ ဒီနေရာကို ပွင့်ပွင့်လင်းလင်းဝင်လာရင်လဲ တစ်ယောက်မှ မတားပါဘူး"

"ဘာလို့ ငါတို့ လျှို့ဝှက်ဝင်လာတယ်ဆိုတာ မင်းက မေးနေတာလား"သူ့မျက်နှာပေါ်တွင်တပ်ဆင်ထားသောကြေးမျက်နှာဖုံးအား ညွှန်ပြလျက် ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလိုက်သည်"တစ်ခုက ငါတို့ရဲ့အထောက်အထားတွေကို ဖုံးကွယ်ဖို့၊ မင်းက ငါတို့ရဲ့ရန်သူဆိုရင် ငါတို့က မင်းကို သတ်ချင်တယ်‌ဆိုရင် မင်းမှာ ပြန်တိုက်ဖို့ အခွင့်အရေးရှိမယ်ထင်လား။ ဒါကြောင့် ငါ့အဖြေက ‌လုံလောက်မယ်ထင်တယ်"

ဤအရာက ချာလီအား ခဏနှုတ်ဆိတ်သွားစေသည်။ ထို့နောက် သူက ခေါင်းညိတ်ပြကာ လက်ဝှေ့ယမ်းပြလျက် သူ့လူများအား အမိန့်ပေးလိုက်၏"မင်းတို့ကောင်တွေ နောက်ဆုတ်တော့။ ငါ မခေါ်ဘဲနဲ့ မင်းတို့တစ်ယောက်မှ ဒီကို မလာနဲ့"

သူ့လူဒါဇင်ကျော်က လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး ရေးဟုခေါ်သောလူတစ်ယောက်ကသာ ချာလီဘေးနားတွင် ရပ်လျက် ကျန်နေ၏။

"လူကြီးမင်းတို့၊ ဧည့်ခန်းထဲမှာ ငါ့ကို စောင့်နေပါလား"ချာလီက မေး၏"ငါအဝတ်အစားလဲပြီးတာနဲ့ မင်းတို့ကို ချက်ချင်း လာတွေ့ပါမယ်"

"ပြဿနာမရှိဘူး"ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ချာလီက အဝတ်အစားလဲပြီးနောက် ဧည့်ခန်းသို့ ရောက်ရှိလာသည်။ ဆိုဖာပေါ်တွင် ထိုင်လျက် လက်ဖက်ရည်သောက်နေသောထန်ရှုအား သူက တစ်ချက်ကြည့်၏။ ထို့နောက် သူက ပြုံး၍ မေးလေသည်"ငါ မင်းကို ဘယ်လိုခေါ်ရမလဲ၊ မစ္စတာ"

"ငါ့ကို ထန်လို့ခေါ် နိုင်တယ်။ သူက စင်း"ထန်ရှုက ပြန်ဖြေလေသည်။

ချာလီက စင်းလုအန်အား တစ်ချက်ကြည့်ကာ ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။"မစ္စတာထန်၊ မစ္စတာစင်း၊ ဒီလောက် ညနက်မှ ငါ့ဆီ လာလည်တာဆိုတော့ မင်းတို့ ဝယ်ချင်တဲ့သတင်းအချက်အလက်ကို ငါ သိခွင့်ရမလား။ အမှောင်လေအဖွဲ့အစည်းက ကမ္ဘာ့အကြီးမားဆုံးသတင်းအချက်အလက်အေဂျင်စိီဖြစ်ပြီး ငါတို့ရဲ့ဝယ်သူတွေကို ကမ္ဘာ့တစ်ဝှမ်းက ဘယ်အချက်အလက်မဆို ထောက်ပံ့ပေးနိုင်တယ်။ ငါတို့ရဲ့ဘန်ကောက်ဌာနခွဲက ငါတို့ရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ပိုင်နက်ရဲ့သတင်းအချက်အလက်အားလုံးကို စုဆောင်းထားတာ သေချာတယ်။ သတင်းအချက်အလက်စစ်မှန်ဖို့အတွက်တော့ မင်းတို့ စိတ်ချပါ"

"မင်းတို့အဖွဲ့ရဲ့ဂုဏ်သတင်းကို ငါ ကြားဖူးပါတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"မစ္စတာချာလီက အရောင်းအဝယ်ကိစ္စ ပြောပြီးဆိုတော့ ငါလဲ ငါတို့ရဲ့ရည်ရွယ်ချက်ကို ကွေ့ဝိုက်မနေတော့ဘူး။ ဒီတိုင်းပြည်က အမှောင်နတ်ဆရာကလန်နဲ့ ပတ်သက်ပြီး ငါ သတင်းအချက်အလက်လိုချင်တယ်။ အတိအကျပြောရရင် အမှောင်နတ်ဆရာကလန်ရဲ့သခင်လေးစင်းခေါအကြောင်းပဲ။ ပိုအသေးစိတ်ကျလေ၊ ပိုကောင်းလေပဲ"

ချာလီ၏အမူအရာက ပြောင်းလဲသွား၏။ သူက စင်းလုအန်အား ရုတ်တရက် ကြည့်ကာ ပြုံးလိုက်သည်"ဟုတ်ပြီ၊ ဒီမစ္စတာစင်းရဲ့အထောက်အထားအမှန်ကို ငါ သိမယ်လို့ ငါ ထင်တယ်။ ငါ ထင်တာ မှန်ရင် မင်းက သခင်လေးစင်းလုအန်ပဲ ဖြစ်ရမယ်"

သူ၏ခန့်မှန်းချက်က စင်းလုအန်၏အမူအရာအား ပြောင်းလဲသွားစေသည်။ သူက ကြေးမျက်နှာဖုံးအား ချွတ်ကာ သာမန်မျှစွာ ပြောလိုက်၏"မင်း ခန့်မှန်းတာ မှန်တယ်။ ငါက စင်းလုအန်ပဲ။ ငါ့ရဲ့သတင်းအချက်အလက်ကို ဝယ်ဖို့ ငါ့အကိုလဲ ဒီကို လာသွားမယ်လို့ ငါ ပြောနိုင်တယ်။ ငါ ဘန်ကောက်မှာ ရှိသလားမရှိသလား သူ သိချင်တာမလား"

ဖြောက်၊ ဖြောက်......

ချာလီက လက်ခုပ်တီးလျက် ချီးကျူးလိုက်သည်"မင်း မှန်တယ်။ မင်းအကို၊ မစ္စတာစင်းလုအန်က ငါ့ဆီက သတင်းအချက်အလက်ဝယ်ဖို့ တကယ်ပဲ လာသွားတယ်။ ကံ‌မကောင်းစွာနဲ့ မင်း ဘန်ကောက်က ထွက်သွားတာကိုပဲ ငါတို့က ခန့်မှန်းနိုင်ခဲ့တယ်။ ဘယ်နေရာက မင်း ထွက်လာမယ်ဆိုတာ ငါတို့ မဖော်ထုတ်နိုင်ခဲ့ဘူး"

"မစ္စတာချာလီ၊ ငါနဲ့ငါ့အကိုရဲ့ရည်ရွယ်ချက်ကို မင်း မှန်ကန်စွာ ခန့်မှန်းခဲ့တာပဲ။ ဒါပေမယ့် မင်းရဲ့အမှောင်လေအဖွဲ့အစည်းပါဝင်လို့မရတဲ့အရာတွေ အများကြီးရှိတယ်"စင်းလုအန်က ပြော၏"ငါတို့ ဒီကို လာတာ မင်းဆီက သတင်းအချက်အလက်ဝယ်ဖို့ပဲ။ မင်းရဲ့‌ ဈေးနှုန်းကို ပြော"

ချာလီက ခဏစဉ်းစားပြီးနောက် ဆိုလိုက်သည်"ဒေါ်လာရှစ်သန်း။ ဒီတန်ဖိုးက ထိုက်တန်မယ်လို့ ငါ ထင်တယ်"

"ကောင်းပြီ"စင်းလုအန်က ဖုန်းထုတ်ကာ ပြောလိုက်သည်"ငါ မင်းရဲ့အကောင့်ဆီ တိုက်ရိုက်လွှဲပေးလိုက်မယ်"

သို့သော် ထန်ရှုက သူ့အား တားကာ ပြောလိုက်သည်"မင်းအကိုက ထိုင်းမှာရှိတဲ့မင်းရဲ့အကောင့်အားလုံးကို စောင့်ကြည့်နေမယ်လို့ ငါ ထင်တယ်။ မင်းအကောင့်ကနေ ငွေလည်ပတ်မှုကို သူ ရှာတွေ့နိုင်တယ်။ ဒေါ်လာရှစ်သန်းက ငါ့အတွက် ပြဿနာမရှိဘူး၊ ဒါကြောင့် ငါ ပေးလိုက်မယ်"

ထိုသို့ ပြောပြီးနောက် သူက ဖုန်းထုတ်ကာ ဒေါ်လာရှစ်သန်းအား ချာလီအကောင့်ထံ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူက ပြော၏"ပိုက်ဆံလွှဲပြီးပြီ၊ ဒါကြောင့် ငါတို့ကို သတင်းအချက်အလက်ပေးပါ၊ မစ္စတာချာလီ။ ကမ္ဘာ့အကြီးဆုံးသတင်းအချက်အလက်အေဂျင်စီဆိုတော့ မင်းရဲ့အမှောင်လေအဖွဲ့အစည်းက ဂုဏ်သတင်းထင်ရှားမယ်‌‌ဆိုတာ သေချာတယ်။ အရောင်းအဝယ်ပြီးရင် စင်းခေါနဲ့မင်းလုပ်ခဲ့တာကို အခြားသူတွေဆီ ရောင်းချတာမျိုး ငါ မလိုချင်ဘူး"

ဤအရာက ချာလီအား ကြောင်သွားစေသည်၊ သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက ဝယ်သူတစ်ယောက်၏လျှို့ဝှက်အချက်အလက်အား ထုတ်ဖော်မိသည်ကို သဘောပေါက်သွား၏။ ထို့ပြင် ထန်ရှုက ဤကိစ္စအား ညွှန်ပြနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒါ တကယ်ကို ငါ့အမှားပဲ"ချာလီက လေးနက်သောအမူအရာနှင့် ပြောလိုက်ချေသည်"ဒါပေမယ့် မင်း စိတ်ချပါ၊ မင်း ဝယ်ခဲ့တဲ့ အမှောင်နတ်ဆရာကလန်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကို အခြားတစ်ယောက်ဆီ ငါ ထပ်မရောင်းတော့ပါဘူး"

ထန်ရှုက မယုတ်မလွန်ပြုံးလျက် ပြောလိုက်သည်"မင်းရဲ့အာမခံချက်က အကျိုးအမြတ်အလုံအလောက်မရှိတဲ့ဟာသတစ်ခုလိုပဲ။ ဒါ နားလည်နိုင်ပါတယ်၊ ဒါပေမယ့် အကျိုးအမြတ်ရဖို့အတွက်နဲ့ အမှောင်နတ်ဆရာကလန်ရဲ့အတွင်းပိုင်းပြဿနာတွေမှာ အခြားပြင်ပအဖွဲ့တွေက ဝင်ပါလာရင် အဆုံးသတ်က ဆိုးရွားမယ်ဆိုတာ မင်း မျှော်လင့်ထားနိုင်တယ်"

"အမှောင်နတ်ဆရာကလန်က တကယ်ကို အရမ်းထူးခြားတယ်"ချာလီက ခေါင်းညိတ်လျက် ပြောသည်"ငါ နားလည်တယ်၊ ငါ နှုတ်လုံပါ့မယ်။ ငါ မပါဝင်ရဲပါဘူး"

များမကြာမီ ထန်ရှုတို့လိုအပ်သောသတင်းအချက်အလက်က လွှဲပြောင်းပေးပြီဖြစ်၏။ လက်ခံပြီးနောက် သူတို့က ဆက်မနေတော့ဘဲ ပင်မဝင်ပေါက်မှ မဖြတ်ဘဲ အမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံးအား စောင့်ကြည့်ရန် ချာလီက သူ့လူများအား  အမိန့်ထားတာတောင်မှ ထိုလူများ ထွက်ခွာသွားသည်အား ရှာမတွေ့နိုင်ခဲ့ပေ။

"ဆရာချာလီ"ရေးက တိုးတိုးလေးအော်ခေါ်လိုက်သည်။

ချာလီက သတိပြန်ဝင်လာပြီး ပြောလိုက်သည်"ပိုက်ဆံလွှဲလာတဲ့အကောင့်ကို ချက်ချင်း ခြေရာခံပါ။ ဒီလူက ဘယ်သူလဲ ငါ သိချင်တယ်။ ပြီးတော့ အမှောင်နတ်ဆရာကလန်က အတွင်းပိုင်းပြဿနာတစ်ခုဖြစ်နေတယ်လို့ ဌာနချုပ်ကို အကြောင်းကြားလိုက်"

"နားလည်ပါပြီ‌"ရေးက ပြန်ဖြေကာ အပြင်ဘက်သို့ လျှောက်သွား၏။

ချာလီက မေးပွတ်ရင်း အတွေးနက်နေသည်။ အားကောင်းသူအချို့က သူ့စိတ်ထဲ၌ ထွက်ပေါ်လာသော်လည်း စောစောကလူနှင့် တစ်ယောက်မှ မတွဲမိပေ။ သူတို့၏အသက်၊ မျက်နှာ၊ ပုံရိပ်သို့မဟုတ်ကြောက်စရာကောင်းသောစွမ်းအားအရ တစ်ယောက်မှ ထိုလူ၏ပြိုင်ဘက်မဟုတ်ပေ။

တစ်နာရီကြာပြီးနောက် ရေးက ချာလီဘေးသို့ ပြန်ရောက်လာကာ တင်ပြလိုက်သည်"ဆရာချာလီ၊ ငါတို့လူတွေ စစ်ဆေးပြီးပြီ၊ မှတ်ပုံမတင်ထားတဲ့ဆွစ်ဇာလန်ဘဏ်အကောင့်ကနေ လွှဲလာတာ၊ ဒါကြောင့် တစ်ဖက်လူရဲ့အထောက်အထားအမှန်ကို ခြေရာမခံနိုင်ခဲ့ဘူး။ ပြီးတော့ မင်းအမိန့်အတိုင်း ဌာနချုပ်ကို ငါ သတင်းပေးခဲ့ပြီးပြီ။ အခြေအနေအရ ဆောက်ရွက်ဖို့ ဌာနချုပ်က ပြန်ကြားလာတယ်။ မင်း အကျိုးအမြတ်ရအောင် ဆောင်ရွက်နိုင်တယ်၊  ဒါပေမယ့် အေဂျင်စီအတွက် မလိုအပ်တဲ့ပြဿနာတွေကို မဆွဲဆောင်ပါနဲ့"

ချာလီက မျက်မှောင်ကြုတ်လျက် ပြော၏"ထိုလူအသုံးပြုခဲ့တဲ့ဆွစ်ဇာလန်ဘဏ်အကောင့်က မှတ်ပုံမတင်ထားလောက်ဘူးလို့ ငါ မျှော်လင့်ထားပြီးသားပါ၊ ဒါပေမယ့် ဒီလူတွေက ငါတို့ရဲ့နေရာကို လွတ်လွတ်လပ်လပ်ဝင်နိုင်ထွက်နိုင်တဲ့စွမ်းရည်ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ဒီနေရာရဲ့ငါတို့ရဲ့လုံခြုံရေးစီမံချက်က အားနည်းနေပုံပဲ။ ရေး၊ ငါတို့ရဲ့ထောက်လှမ်းရေးစနစ်ကို ပြန်ပြင်။ တည်နေရာတစ်ခုလုံးကို လွှမ်းခြုံနိုင်အောင် လုပ်၊ ဒါမှ နောက်ကျရင် တစ်ယောက်မှ မကျူးကျော်နိုင်မှာ"

"နားလည်ပါပြီ၊ ငါ ချက်ချင်း လုပ်လိုက်ပါ့မယ်"ရေးက ပြန်ဖြေက အခန်းထဲမှ ထွက်ခွာသွား၏။

ချာလီက စားပွဲသို့ လျှောက်သွား၏။ အံဆွဲတစ်ခုအား ဆွဲဖွင့်ပြီးနောက် အထဲမှ အနက်ရောင်မှတ်စုစာအုပ်တစ်အုပ်အား ယူထုတ်ကာ စာမျက်နှာအချို့ လှန်လိုက်သည်။ ထို့နောက် စာရွက်ပေါ်တွင် ရေးထားသော ဖုန်းနံပါတ်တစ်ခုအား ခေါ်လိုက်သည်။ ဖုန်းကိုင်ရန် မကြာခဲ့ဘဲ နက်ရှိုင်းသောအသံတစ်ခုက မေးလာ၏-

"ဘာလဲ"

"ဒေါ်လာသန်းနှစ်ဆယ်၊ ငါ မင်းကို သတင်းအချက်အလက်အချို့ ရောင်းမယ်"ချာလီက အနည်းငယ်ပြုံးလျက် ပြောလိုက်သည်"ဒီသတင်းအချက်အလက်က မင်းအတွက် အရေးကြီးဆုံးဖြစ်မယ်ဆိုတာ ငါ သေချာတယ်"

"ကောင်းပြီ။ ငါ့လူတွေကို မင်းရဲ့အကောင့်ဆီ ချက်ချင်းငွေလွှဲခိုင်းလိုက်မယ်"

"ပိုက်ဆံရတာနဲ့ ငါ မင်းဆီ ချက်ချင်းပို့ပေးမယ်"ချာလီက ပြုံးကာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ဖုန်းချကာ ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်၏။ သူ့အမူအရာက ဘဝင်ခိုက်နေသည်ဟန်ရှိပြီး ဆေးပြင်လိပ်တစ်လိပ်အား ယူထုတ်ကာ တီးတိုးရေရွတ်လိုက်လေသည်"ဟမ့်၊ သူတို့ ကြိုက်သလို တိုက်ခိုက်ပါစေ၊ ငါ့အတွက် ပိုက်ဆံ ထွက်လာမှာပဲ။ ဒီအမှောင်နတ်ဆရာကလန်က နည်းနည်းထူးဆန်းပေမယ့် အကျိုးအမြတ်ရဖို့ စွန့်စားရတာ ထိုက်တန်ပါတယ်။ ဒီဒေါ်လာသန်းနှစ်ဆယ်က ငါ ချွေးထွက်ရတာအတွက် ထိုက်တန်တယ်"

"မင်း သေရင် သုံးစွဲဖို့ အခွင့်အရေး မရှိတော့မှာ ငါ စိတ်ပူတယ်"

လေဖျော့ဖျော့တစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး အေး‌စက်စက်အသံတစ်ခုက ချာလီအနောက်မှ ထွက်လာသည်။ တစ်ချိန်တည်းတွင် ဓားမြှောင်တစ်လက်က သူ့လည်ပင်းအား ထောက်ထားသည်။ လည်ပင်းအား ထိုးဖောက်ရန် ဓားမြှောင်က အနည်းငယ်သာ ရွေ့လျားရန် လိုတော့၏။

"ဘယ်သူ....မင်း ဘယ်သူလဲ"

ချာလီ၏ခန္ဓာကိုယ်က ထုံသွားပြီး သူ့နှလုံးသားက ချက်ချင်းအေးစက်သွားလေ၏။ ယခုကဲ့သို့ ကြောက်စရာကောင်းသောအနေအထားတစ်ခုအား သူက ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် လက်ရှိအချိန်တွင် သေဆုံးခြင်းအနမ်းက သူနှင့် နီးကပ်လွန်းနေသည်ကို သ‌ဘောပေါက်၏။

"ကောင်းပြီ၊ ကောင်းပြီ၊ မင်းရဲ့သီးသန့်အကောင့်ထဲမှာ ကံကောင်းမှုတွေ ရထားတယ်လို့ မင်းရဲ့ချွေးက သက်သေပြနေပုံပဲ"ထန်အန်း၏အေးစက်စက်အသံက ထပ်၍ပေါ်လာပြန်သည်"မင်းရဲ့အသက်ကို ပြန်ရွေးဖို့ အခွင့်အရေးတစ်ခုပေးမယ်။ မင်းရဲ့သီးသန့်အကောင့်ထဲမှာရှိတဲ့ငွေအားလုံး ငါ့ဆီ လွှဲပေး။ မဟုတ်လို့ကတော့ ငါ မင်းကို ချက်ချင်းသတ်ရမယ်"

"ကောင်းပြီ၊ ကောင်းပြီ။ ငါ မင်းကို လွှဲပေးမယ်"ချာလီက ကမန်းကတန်း အော်ပြောလိုက်သည်"ဒါပေမယ့် ငါ့ကို မသတ်ပါနဲ့။ ငါ့မှာ ငွေအများကြီးရှိတယ်၊ မင်း အားလုံးယူလို့ရတယ်"

"မင်း ပိုက်ဆံအမြောက်အများ ရရှိခဲ့တာမလား"ထန်အန်းက နှာခေါင်းရှုံ့လျက် သူ့အား ကျီစယ်လိုက်ချေ၏"အရေအတွက်က ငါ့ကို မကျေနပ်စေရင် ငါ မင်းကို သတ်ရအုံးမှာပဲ"

***

All Chapters