စေတနာကောင်းကို ဖော်ပြတာလား။
Vol. 71 Ch. 983
"အဖိုးကြီးအန်ဂျာ"
ကျိုတာချွမ်းက ဆယ်ကီလိုမီတာကျော်အကွာရှိအိမ်ရာတစ်ခုထဲ၌ ထွက်ပေါ်လာလျှင်ချင်း အသက်ငါးဆယ်ကျော်လူအိုကြီးတစ်ယောက်က သူ့အရှေ့၌ ထွက်ပေါ်လာသည်။
အဖိုးကြီးအန်ဂျာက ပဟေဠိဖြစ်သွားပုံရကာ မေးလိုက်သည်"ဒီအချိန်ကျမှ မင်း ဒီကို လာတာ မူမမှန်ဘူးပဲ၊ သူဌေးကျို။ ဘာဖြစ်ခဲ့တာလဲ"
"မင်းနေရာမှာ ငါ့ကို ခိုလှုံခွင့်ပြုနိုင်မလား၊ အန်ဂျာ"ကျိုတာချွမ်းက မေးလိုက်သည်။ "တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေပြီး ငါ့နေရာက ဒီည ရှုပ်ထွေးလာမယ်လို့ ငါ့မသိစိတ်က ပြောနေတယ်"
အဖိုးကြီးအန်ဂျာက ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်"မင်းက ငါ့အသက်ကို အရင်က အကြိမ်အများကြီးကယ်ခဲ့တာပဲ၊ အခု ငါ မင်းကို ကယ်ဖို့ အလှည့်ပေါ့။ ဒါပေမယ့် ငါက မင်းလေ့ကျင့်ပေးထားတဲ့လူတွေလောက် မသန်မာဘူးဆိုတာ သိရမယ်။ ဒီနေရာမှာ ငါ့လူဒါဇင်အနည်းငယ်ပဲ ရှိတာ"
"မင်းနေရာမှာ ခိုလှုံခွင့်ပေးတာနဲ့တင် ငါ့အတွက် အကြီးမားဆုံးအကူအညီဖြစ်နေပြီ၊ အန်ဂျာ"ကျိုတာချွမ်းက ကျေးဇူးတင်စွာ ပြန်ဖြေ၏"လောလောဆယ် ငါ ကျေးဇူးမတင်နိုင်ပေမယ့် ဒီအကျပ်အတည်းကို ဖြတ်ကျော်ပြီးတာနဲ့ ငါ သေချာပေါက် လုပ်ပေးမှာပါ"
"အာ။ ငါတို့နဲ့သူဌေးကျိုကြားမှာ ဒါတွေ မလိုပါဘူး"လူအိုကြီးက ပြန်ပြောသည်"ဒါနဲ့ ငါ့နေရာမှာ ပစ္စည်းတွေ ဝှက်ဖို့ အသုံးပြုတဲ့ လျှို့ဝှက်ခန်းတစ်ခု ရှိတယ်။ မင်းလူတွေနဲ့ အဲနေရာမှာ ပုန်းနေချင်လား။ မင်းကိုလာရှာတဲ့ဘယ်သူ့ကိုမဆို ငါ မပြောပြပါဘူး"
"ငါ ဒီနေရာကို ပုန်းဖို့ လာတာ မဟုတ်ဘူး၊ အန်ဂျာ"ကျိုတာချွမ်းက ခေါင်းခါယမ်းကာ ပြောလိုက်၏"ငါ့နေရာမှာ ဘယ်သူတွေကများ ရှုပ်ထွေးအောင် လုပ်မလဲဆိုတာ တစ်ချက်ကြည့်ဖို့အတွက် ငါ မင်းနေရာမှာ နေဖို့ လိုတာ။ ပြီးတော့ ငါ ဒီညပုန်းနိုင်ရင်တောင် လာမယ့်နေ့တွေမှာ ဘေးကင်းစရာအကြောင်းမရှိဘူး။ ငါ မင်းရဲ့ရေစင်ကို သွားလို့ရမလား။ အဲနေရာပေါ် တက်ဖို့ လိုအပ်တယ်"
လူအိုကြီးက သူ့နဖူးအား ပုတ်ကာ ပြောလိုက်သည်"အာ။ ရေစင်က ပုန်းစရာနေရာကောင်းတစ်ခုဆိုတာ ငါ ဘယ်လိုလုပ် မေ့နိုင်တာလဲ။ လာ၊ ငါကိုယ်တိုင် အဲကို ခေါ်သွားမယ်။ အဲနေရာက စိတ်မချရဘူး ထင်ရပေမယ့် တကယ်တော့ အဲဒါက ငါ့နေရာမှာ စိတ်အချရဆုံးပဲ"
ဆယ်မိနစ်ကြာပြီးနောက် ကျိုတာချွမ်းက သူ့လူဆယ်ယောက်နှင့်အတူ ရေစင်သို့ ဦးဆောင်သွားသည်။ ရေစင်ရှိနေရာလပ်က အလွန်သေးငယ်ပြီး ကျိုတာချွမ်းက သူ ယုံကြည်စိတ်ချရသူအနည်းငယ်ကိုသာ အထဲသို့ ခေါ်နိုင်ခဲ့ကာ ကျန်လူများက အောက်တွင် နေရစ်ခဲ့၏။
စောင့်ရသည့်အရသာက ခံစားချက်ကောင်းတစ်ခုမဟုတ်ပေ။ စောင့်နေရင်း မိုင်ခရိုစကုတ်ကိုအသုံးပြုနေသောသက်လတ်ပိုင်းလူတစ်ယောက်က အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တင်ပြလိုက်သည်"သူဌေး၊ ကားတန်းတစ်ခုက ငါတို့ရဲ့အုန်းခြံကို ဦးတည်လာနေတယ်။ စုစုပေါင်းဆယ့်သုံးစီးရှိပြီး အစီးတိုင်း လူအပြည့်ပဲ"
အမူအရာပြောင်းလဲသွားပြီး ကျိုတာချွမ်းက မိုက်ခရိုစကုတ်ကိုင်လျက် တင်ပြခဲ့သောဦးတည်ဘက်သို့ ချိန်ရွယ်ကာ ကြည့်လိုက်သည်။ ပြောခဲ့သည့်အတိုင်း ကားဆယ့်သုံးစီးအား မြင်လိုက်ရ၏။ သူ့မျက်လုံးများက မီးလျှံများ တောက်လောင်သလို ဖြစ်သွားပြီး သူက တိုးတိုးလေးကျိန်ဆဲလိုက်သည်"လူငယ်နတ်ဆေးဆရာလား၊ ဟမ့်။ စက်ဆုပ်ဖွယ်ကောင်းတဲ့မစင်လိုလူစားမျိုး။ ပြီးတော့ ဘာခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလဲ။ မင်းက ဘဝကောင်းတစ်ခု ရထားတာပဲ၊ ထန်ရှု၊ မင်းက ဟွမ်တွေရဲ့အမဲလိုက်ခွေးတစ်ကောင်လို့ ငါ မထင်ထားဘူး။ ဒီတစ်ကြိမ်ရန်သူက သူခေါ်လာတဲ့ဟွမ်ရဲ့လူတွေပဲ ဖြစ်ရမယ်"
သူ့ဘေးနားရှိသာမန်အသွင်အပြင်နှင့်သက်လတ်ပိုင်းလူက မိုက်ခရိုစကုတ်အား အောက်ချကာ ပြောလိုက်သည်"ဒီလူတွေက တရုတ်တွေလို့ ငါ မထင်ဘူး၊ သူဌေး။ သူတို့က ဟွမ်တွေရဲ့လက်ပါးစေ မဖြစ်နိုင်ဘူး။ ကားထဲကလူတွေက မျက်နှာသစ်တွေပဲ၊ ဒါပေမယ့် သူတို့ရဲ့အသွင်အပြင်အရ ထိုင်းတွေပဲ။ ပြီးတော့ ပတ်ပတ်လည်ကို ငါ ကြည့်ပြီးပြီ။ ဒီနေ့ ငါတို့အုန်းခြံကို လာသွားတဲ့ ထန်ရှုအဖွဲ့ထဲကတစ်ယောက်မှ ငါ မတွေ့ရဘူး"
"ဒါ မဖြစ်နိုင်ဘူး။ ငါ့မှာ ဟွမ်တွေကလွဲပြီး အခြားရန်သူမရှိဘူး"ကျိုတာချွမ်းက ခေါင်းခါယမ်းလျက် ပြော၏"ဒီလူတွေက သေချာပေါက် လူကောင်းတွေ မဟုတ်ဘူး၊ ဟွမ်တွေကလွဲပြီး တခြားတစ်ယောက်ကို ငါ စဉ်းစားလို့မရဘူး"
"ဒါပေမယ့် သူတို့က တကယ်ပဲ ဟွမ်တွေရဲ့လူတွေဆိုရင် ထန်ရှုက သခင်မလေးနဲ့အတူ အရင်လာရလောက်အထိ တုံးမှာ မဟုတ်ဘူး။ ငါတို့ကို အသိပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"သက်လတ်ပိုင်းလူက ပြန်ငြင်းလိုက်လေ၏။
သူ၏ငြင်းခုံချက်က ကျိုတာချွမ်းအား မျက်မှောင်ကြုတ်သွားစေသည်။ ခဏစဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏"မင်းရဲ့စကားက မှန်သလိုပဲ၊ ဒါပေမယ့် ကားတန်းက ငါတို့အုန်းခြံရဲ့ဂိတ်ပေါက်မှာ ရပ်ခဲ့တာလေ။ သူတို့က ဟွမ်ရဲ့လူတွေမဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မလဲ။ ခန်အဂျာရဲ့လူတွေများလား။ ဒါ မဖြစ်နိုင်ဘူး။ ငါ သူ့ဆီကနေ ပိုက်ဆံချေးထားတာကလွဲပြီး သူနဲ့ငါ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး"
ထိုလူက ခေါင်းညိတ်လိုက်သည်။ သူက မိုက်ခရိုစကုတ်အား မြှောက်ကာ အဝေးရှိမြင်ကွင်းအား လေ့လာနေစဉ် သူ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး မေးလိုက်သည်"ဒီလူတွေရဲ့ဝတ်စုံကို မင်း သတိထားမိလား၊ သူဌေး။ အထူးခြားဆုံးက သူတို့လက်ထဲကအရာတွေပဲ။ သူတို့က လက်နက်တွေ ကိုင်ထားသလိုပဲ"
"ဒါက တကယ်ထူးဆန်းတယ်"
မြင်ကွင်းက ကျိုတာချွမ်းအား ပိုမျက်မှောင်ကြုတ်သွားစေသည်။ နားမလည်နိုင်သည့်အကြည့်က သူ့မျက်နှာပေါ်တွင် သိသိသာသာပေါ်လာ၏။ ထိုလူများက သူ့အား ထိုလက်နက်များနှင့် တိုက်ခိုက်မည်ဆိုလျှင် ဖြစ်နိုင်ချေတစ်ခုသာ ရှိသည်၊ ထိုလူအားလုံးက သိုင်းပညာရှင်များ ဖြစ်ရမည်။
****
ကားနှစ်စီးက ဘန်ကောက်၏လမ်းလွတ်တစ်ခုပေါ်၌ အမြန်မောင်းနှင်လာနေသည်။
ထန်ရှုက ဒုတိယကားပေါ်တွင် ထိုင်ကာ ကျင်းရှီထံမှ ဖုန်းအဝင်အား လက်ခံရင်း သူ့မျက်နှာပေါ်တွင် အံ့အားသင့်သောအကြည့်တစ်ခု ထွက်ပေါ်နေလေ၏။ကျိုတာချွမ်း၏ကြိုတင်သိမြင်နိုင်စွမ်းရည်က သူ မမျှော်လင့်ထားသည့်အပြောင်းအလဲတစ်ခုပင်။ တစ်ညတည်း၌ ထိုလူက သူ့သမီးနှင့်မြေးနှစ်ယောက်အား အခြားတစ်နေရာသို့ ပို့ခဲ့ပြီး အနီးနားရှိခြံဝင်းတစ်ခုတွင် ခိုလှုံရန် သူ့လူများအား ခေါ်သွားခဲ့သည်။
"အရှေ့မှာ ယာဉ်ထိန်းရဲတွေ လမ်းပိတ်ထားတယ်၊ ဆရာအဘိုး"အရှေ့ခန်းတွင်ထိုင်နေသောထန်ကွမ်းက ရုတ်တရက် တီးတိုးပြောလိုက်သည်။
"ဒါက ပုံမှန်ဖြစ်ရပ်တစ်ခုပဲလား"ထန်ရှုက မျက်လုံးစောင်းငဲ့လျက် မေး၏။
"ဘန်ကောက်နဲ့ပတ်သက်ပြီး ငါ့ဗဟုသုတအရ ကြီးမားတဲ့အဖြစ်အပျက်တစ်ခုမရှိဘဲနဲ့ ယာဉ်ထိန်းရဲတွေက လမ်းမပိတ်ကြဘူး"ထန်ကွမ်းက ခေါင်းခါယမ်းကာ ပြော၏"ဒါကို လေးနာရီမှာ လုပ်တယ်ဆိုတော့ အတော်လေးထူးခြားတာပဲ"
"သူတို့က ငါတို့ကို စောင့်နေတာလို့ မင်း ဆိုလိုတာလား"ထန်ရှုက မေး၏။
"အဲလိုဖြစ်ဖို့များတယ်"ထန်ကွမ်းက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ရုတ်တရက် စင်းလုအန်အား လှည့်ကြည့်လိုက်သည်"မင်း အရှေ့ကယာဉ်ထိန်းရဲတွေကို ဖြေရှင်းနိုင်လား"
"ဒါ ပြဿနာမရှိဘူး၊ ဒါပေမယ့် ငါတို့ရဲ့တည်နေရာပေါက်ကြားသွားမှာကိုပဲ စိတ်ပူရတယ်"စင်းလုအန်က တုံ့ဆိုင်းခြင်းမရှိပြန်ဖြေ၏"ဘန်ကောက်ရဲ့တပ်ဖွဲ့တိုင်းက အရမ်းရှုပ်ထွေးပြိး ယာဉ်ထိန်းရဲတိုင်းက အခြားသူတွေအတွက် သတင်းပေးတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါကို ဖြေရှင်းပေးနိုင်တဲ့တစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် သူက ငါတို့ရဲ့တည်နေရာကို အခြားတစ်ယောက်ကို မထုတ်ဖော်ပြသရွေ့ပေါ့"
"အဲဒီလူက ဘယ်သူလဲ"ထန်ရှုက မေးလိုက်သည်။
"ခန်အဂျာ"စင်းလုအန်က ပြန်ဖြေ၏။
ဤအဆိုက ထန်ရှုအား မျက်မှောင်ကြုတ်စေသည်။ သူ ဘန်ကောက်သို့ ရောက်ရှိလာခြင်းက လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ဤလူက စင်းလုအန်အဖေနှင့်ဆက်ဆံရေးကောင်းတစ်ခုရှိသောကြောင့် ဤအရာနှင့်ပတ်သက်၍ ခန်အဂျာအား နောက်ဆုံးမှ တွေ့ရှိစေချင်သည်။ ခန်အဂျာက သူရောက်ရှ်ိလာကြောင်းကို စင်းလုအန်အဖေအား အကြောင်းကြားခဲ့လျှင် ထိုသတင်းကို စင်းခေါ လက်ခံရရှိရန်က ဖြစ်နိုင်ချေအလွန်များသည်။
"ဒါ့အပြင် အခြားနည်းလမ်းတစ်ခု ရှိသေးလား"ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ငါ့မှာ မရှိတော့ဘူး"စင်းလုအန်က ခေါင်းခါယမ်းလိုက်သည်။
ထန်ရှုက အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ ဤကဲ့သို့ပြဿနာအား ရင်ဆိုင်ရန် စင်းလုအန်၏စွမ်းရည်က သူ မျှော်လင့်ထားသည်မှ ဝေးကွာနေ၏။ ခဏ တုံ့ဆိုင်းသွားပြီးမှ ခန်အဂျာထံ မဆက်သွယ်ရန် သူ ဆုံးဖြတ်လိုက်သည်။ ယာဉ်ထိန်းရဲများနှင့် ထိပ်တိုက်တွေ့ဆုံပြီးမှ ဤလူအား ဆက်သွယ်လျှင်လည်း နောက်မကျပေ။
ထို့နောက် ကားနှစ်စီးက လမ်းဘေးတွင် ထိုးရပ်သွားသည်။
ထန်ရှုက စင်းလုအန်အား ကားမှ မထွက်စေဘဲ ထန်ကွမ်းကိုသာ သူနှင့်အတူ ရဲသားများထံ လျှောက်သွားစေ၏။ သူက ပြုံးလျက် နှုတ်ဆက်လိုက်သည်"မင်္ဂလာပါ၊ အကိုရဲတို့။ နောက်ကျနေပြိီ၊ ဘာလို့ အခုထိ အနားမယူသေးတာလဲ။ မင်းတို့က အလုပ်ကြိုးစားလွန်းနေတာမလား"
ပထမဆုံးရဲသားသက်လတ်ပိုင်းလူက ကားနှစ်စီးအား ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးက ထန်ရှုထံ ရွှေ့ပြောင်းလာ၏။"ဒါ တကယ်ပါပဲ၊ ဒါပေမယ့် ငါတို့မှာ အထက်က ပေးထားတဲ့အမိန့်တစ်ခု ရှိတယ်။ မင်းတို့ဘယ်သူလဲဆိုတာ ငါ သိနိုင်မလား။ ငါ မင်းတို့ရဲ့ကားကို စစ်ဆေးဖို့ လိုတယ်"
ထန်ရှုက သူ၏သိုလှောင်လက်စွပ်မှ ဒေါ်လာများအား ယူထုတ်ကာ လူလတ်ပိုင်းရဲသားထံ အမြန်ပေးလိုက်သည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်၏"ကျေးဇူးပြုပြီး အားလုံးရဲ့ကြိုးစားအားထုတ်မှုအတွက် ငါ့ရဲ့ဒီဒေါ်လာတစ်သောင်းကို လက်ခံပေးပါ။ ငါတို့ အခု အလျင်လိုနေလို့။ မင်း ငါတို့ကို ထွက်သွားခွင့်ပေးနိုင်မလား"
သက်လတ်ပိုင်းရဲသားက ပိုက်ဆံအား ကမန်းကတန်း ပြန်ပေး၏။ ထို့နောက် သူက မိုဘိုင်းဖုန်းအား ယူထုတ်ကာ ဖုန်းစခရင်အား ကြည့်ရင်း မေးလိုက်သည်"မင်းက မစ္စတာထန်ရှုလား"
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက မေးလိုက်၏"မင်း ငါ့ကို ဘယ်လိုလုပ် သိတာလဲ"
"ကျေးဇူးပြုပြီး ငါတို့ကို နားလည်မှုမလွဲပါနဲ့၊ မစ္စတာထန်"ရဲသားက ပြော၏"မင်းကို သတင်းတစ်ခုပေးဖို့ တစ်ယောက်ယောက်က ငါ့ကို အပ်နှံထားခဲ့တယ်။ လက်ရှိမှာ စင်းခေါလို့ခေါ်တဲ့တစ်ယောက်က မင်းကို ရှာနေတယ်တဲ့။ ပြီးတော့ လွန်ခဲ့တဲ့တစ်နာရီလောက်က စင်းခေါနဲ့သူ့လူတွေပါတဲ့ကားဒါဇင်ကျော်က ဒီကနေပဲ ဖြတ်သွားတယ်"
"မင်းကို ဒီသတင်းပြောခိုင်းတဲ့သူ ဘယ်သူလဲ ငါ့ကို ပြောပါ"ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ခန်အဂျာ"သက်လတ်ပိုင်းလူက တိုးတိုးလေး ပြန်ဖြေ၏။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက ထပ်မေးလိုက်၏"ငါ ဘန်ကောက်ကို လာတာ သူ ဘယ်လိုသိတာလဲ"
"မင်း အဲလို မေးလာမယ်လို့ မစ္စတာခန်အဂျာက ငါ့ကို ပြောခဲ့တယ်၊ သူက ငါ့ကို ရှင်းပြခိုင်းထားတယ်၊ စင်းခေါက မင်းတို့ရဲ့တည်နေရာကို စုံစမ်းပေးဖို့ သူ့ဆီ လာသွားတယ်"ရဲသားက ရှင်းပြလိုက်သည်"ဒါကြောင့် မစ္စတာခန်အဂျာက သူ့လူတွေကို ဘန်ကောက်လမ်းတိုင်းမှာ စောင့်ကြည့်ခိုင်းထားတယ်။ မနေ့ညက မင်းနေခဲ့တဲ့နေရာကို မစ္စတာခန်လဲ တွေ့ခဲ့တယ်။ မသင့်လျော်မှာစိုးလို့ သူ မင်းဆီ လာမလည်ခဲ့ဘူး၊ ဒါကြောင့် ဒီနည်းလမ်းနဲ့ မင်းကို သတင်းပေးခိုင်းတာပဲ"
"ငါ သိပြီ။ ခန်အဂျာက ဒီနေရာမှာ တကယ်ကို စွမ်းအားရှိတာပဲ"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် မေး၏"သူက ငါတို့ရဲ့တည်နေရာကို ဒီလောက်လျင်မြန်စွာ တွေ့သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကြည့်ရတာ သူက ငါ ထင်ထားတာထက် ပိုအားကောင်းပုံပဲ။ ကောင်းပြီလေ၊ ထန်ရှုက ဒီမျက်နှာသာပေးမှုကို မှတ်ထားပါမယ်လို့၊ ငါတို့ရဲ့ပန်းတိုင်ကို ရောက်ဖို့ သူ့အကူအညီလိုတယ်လို့ ကျေးဇူးပြုပြီး သူ့ကို ပြောပေးပါ"
"ငါ မင်းပြောတာကို မစ္စတာခန်ထံ ချက်ချင်းတင်ပြလိုက်ပါ့မယ်"ရဲသားက ပြော၏။
ထန်ရှုက ကားဆီသို့ ပြန်လာ၏၊ အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးထဲတွင် လက်နေ၏။ သူက ဘန်ကောက်တွင် ခန်အဂျာ၏စွမ်းရည်နှင့်စွမ်းအားအား လျော့တွက်ခဲ့မိသည်။ သို့သော် မြားလွှတ်ပြီးဆိုမှတော့ နောက်ဆုတ်လို့မရနိုင်ပေ။ ခန်အဂျာက သူ၏တည်နေရာအား မထုတ်ဖော်မိရန် မျှော်လင့်သည်၊ သို့မဟုတ်လျှင် လာမည့်တိုက်ပွဲက ပိုခက်ခဲပေလိမ့်မည်။
****
အုန်းခြံ။
အနီးဝန်းကျင်တွင် ကားများ ရပ်ထားပြီးနောက် စင်းခေါက လူငါးဆယ်အား သူနှင့်အတူ ခေါ်လာသည်။ သူတို့က ခြံဝင်းဆီ တိတ်တဆိတ်ချဉ်းကပ်ပြီး နံရံပေါ်သို့ ခုန်ကျော်တက်၏။ ဥယျာဉ်ထဲတွင် အစောင့်ခွေးဒါဇင်ကျော်က သွားလာနေသည်၊ သို့သော် သူတို့အရှေ့အမှောင်ထဲ၌ သတ်ဖြတ်လိုစိတ်နှင့်လူများစွာရှ်ိသည်ကို တစ်ယောက်မှ သတိမပြုမိကြပေ။
"သူတို့ကို ငါတို့ဘယ်အချိန်တိုက်ခိုက်မှာလဲ၊ သခင်လေး"
"ခဏစောင့်။ အထဲကအနေအထားကို အရင် ကင်းထောက်ကြည့်ရမယ်"
အမှောင်လေအဖွဲ့မှ သတင်းဝယ်ယူခဲ့သည့်တိုင်း စင်းခေါက အလွန်သတိထားနေသည်၊ ရန်သူ၏ထောင်ချောက်ထဲသို့ သူ ကျရောက်သွားမည်ကို စိုးရိမ်၏။လူအချို့လွှတ်ကာ ထန်ရှု၏အထောက်အထားအား စုံစမ်းခိုင်းခဲ့သော်လည်း သူရရှိခဲ့သည့်တွေ့ရှိချက်က သူ့ရင်ထဲ၌ ကြောက်စရာကောင်းသောခံစားချက်တစ်ခု ရှိလာစေသည်။
သူ၏အမှိုက်ညီစင်းလုအန်အား သူ စိတ်ပူစရာမလိုပေ။ ထန်ရှုဘေးနားရှိကျွမ်းကျင်သူများကသာ သူ့အား ကြောက်ရွံ့စေ၏။
"မင်း ဘယ်သူလဲ"
ရုတ်တရက် အချက်ပေးသံတစ်ခု ကြားလိုက်ရပြီး သေနတ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ကျိုတာချွမ်း၏နောက်လိုက်အဖြစ်ဟန်ဆောင်ထားသောကျင်းရှီက နောက်သို့ ချက်ချင်း ပြေးရင်း သေနတ်ဆက်တိုက်ဖောက်လိုက်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူက စင်းခေါနှင့်သူ့လူများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
"သူ့နောက်လိုက်....."
အုန်းခြံထဲရှိအနေအထားအား ဖော်ထုတ်ချင်သော စင်းခေါက တုံ့ဆိုင်းမနေဘဲ အမိန့်ပေးလိုက်သည်။
***