အဆင့် ၇ ဆေးလုံး ဧကရာဇ်
Vol. 45 Ch. 613
အင်မော်တယ်ဆေးပင်များကို သန့်စင်ခြင်း၊ အညစ်အကြေးများကို ဖယ်ရှားခြင်း၊ အဆီအနှစ်များကို ထုတ်ခြင်း၊ အဆီအနှစ်များကို ခွဲခြားခြင်း ……..
မိုဝူကျီက ဤတစ်ကြိမ်၌ စိတ်ရောကိုယ်ပါ နှစ်ထားပြီး ဆေးလုံးများကို ထုတ်ယူဖို့ရာ လေးနာရီမျှ အချိန်ယူခဲ့ရသော်လည်း ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာသေး၏။
နောက်ထပ် ကျရှုံးမှု တစ်ခု …..
မိုဝူကျီက မျှော်လင့်ထားမိသော်လည်း နည်းနည်းမျှ စိတ်ပျက်သွာခြင်း မရှိပေ။ ယခင် သူ အဆင့် ၇ ဆေးလုံးများကို ဖော်စပ်ဖို့ ကြိုးစားစဉ် ဆေးပင် တစ်ရာကျော်လောက်ကို သုံးခဲ့ရသည်။ သို့သော်လည်း ဆေးလုံး ဆွဲငင်သည့်အဆင့်အထိ မရောက်လာဖူးသေးပေ။
သို့သော် ယခုတွင်မူ သူက အဆင့် ၇ ဆေးလုံးများ အလိုအပ်ဆုံး အပိုင်းကို နားလည်သွားပေ၏။ သူ့ပထမဆုံး ဆေးလုံးအသုတ်က ထိုအဆင့်ထိ ရောက်ရှိခဲ့လေပြီ။ သူ့မှန်းဆချက်များက မှန်ကန်ပေ၏။ အဆင့် ၇ ဆေးလုံးမှာ ကောင်းကင်တာအိုစွမ်းအားပါဝင်ဖို့ လိုအပ်နေသည်။
အကယ်၍ အင်မော်တယ်ဘုရင်အဆင့် မရောက်ရှိသေးသည့် ဆေးလုံးဆရာအချို့က ထိုအရာကို သိပါက လက်လျော့ကောင်း လက်လျော့လိုက်မည် ဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်နှင့်အထက်၏ ကောင်းကင်တာအိုစွမ်းအားများကို ဆေးလုံးထဲ ထည့်သွင်းဖို့ရာ သေချာသည့် အဆင့်တစ်ခု ရရှိနေရမည် ဖြစ်သည်။ ထို့အပြင် သိထားခြင်းနှင့် လိုက်လုပ်ရခြင်းမှာ အမှန်တကယ် ခြားနားပေသည်။
အင်မော်တယ်ဘုရင်အဆင့်အောက်မှ ကျင့်ကြံသူများ နားမလည်သည့်အကြောင်းကို ထည့်မပြောလျှင်ပင် သူတို့အနေနှင့် အင်မော်တယ်ဘုရင် တာအိုနှင့် ဆက်စပ်မှု ရှိနေလျှင်ပင် သူတို့ လေ့ကျင့်ဖို့ရာ အဆင့် ၇ အင်မော်တယ်ဆေးပင် အမြောက်အများ လိုအပ်ဦးမည် ဖြစ်၏။ အားလုံးတိုင်းက မိုဝူကျီကဲ့သို့ ဆေးပင်များ ပေါများကြွယ်ဝနေမည် မဟုတ်ချေ။
မိုဝူကျီက လက်မလျော့ပေ။ ဝိညာဉ်ကြော မပါရှိဘဲ မဟာယီရှန်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။ သူက အဆင့် ၇ ဆေးလုံး ဖော်စပ်မှု ခက်ခဲရုံလောက်ဖြင့် အဘယ်ကြောင့် တုန်လှုပ်နေရမည်နည်း။ ထို့အပြင် အခြားသူများ နားလည်ထားသည့် အင်မော်တယ်ဘုရင်တာအိုမှာ သူ့ကိုယ်ပိုင် တာအိုလောက် ကြီးကျယ်နေမည် မဟုတ်ချေ။
သူ့တာအိုက မဖြစ်နိုင်ခြင်းကို ဖြစ်နိုင်လာအောင် ပြောင်းလဲပြီး လူသားကို အင်မော်တယ်တစ်ယောက် ဖြစ်စေခြင်း ဖြစ်၏။
နှစ်ကြိမ်မြောက်၊ သုံးဆုံးလည် သွေးဆေးလုံး - ဆေးလုံး ဆွဲငင်ခြင်း - ကျရှုံး
သုံးကြိမ်မြောက်၊ သုံးဆုံးလည် သွေးဆေးလုံး - ဆေးလုံး ဖွဲ့စည်းခြင်း - ကျရှုံး
လေးကြိမ်မြောက်၊ သုံးဆုံးလည် သွေးဆေးလုံး - ဆေးလုံး ထုတ်ယူခြင်း - ကျရှုံး
ငါးကြိမ်မြောက်၊ ဗောဓိစိမ်းဆေးလုံး - ဆေးလုံး ထုတ်ယူခြင်း - ကျရှုံး
………..…
၁၇ ကြိမ်မြောက် ၊ လေဓားချက် သွေးဆေးလုံး - ဆေးလုံး ထုတ်ယူခြင်း၊ ကျရှုံး
………………….
၂၉ ကြိမ်မြောက်၊ ဗောဓိစိမ်းဆေးလုံး - ဆေးလုံး ထုတ်ယူခြင်း - အောင်မြင်
ထိုစဉ် မိုဝူကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆေးမှုန့်များဖြင့် ဖုံးလွှမ်းနေလေ၏။ သို့သော်လည်း သူ့အာရုံအလုံးစုံမှာ သူ့လက်ထဲမှ ဆေးလုံးအပေါ်တွင် ရှိနေသည်။ သူက လက်ထဲမှ အင်မော်တယ်ဆေးလုံ လေးလုံးကို ကြည့်ကာ အတော်လေး စိတ်လှုပ်ရှားနေမိသည်။
ယခင်လပိုင်းအတွင်း သူက ဆေးဖော်စပ်ခြင်းကို တစ်ခါမှ မရပ်နားခဲ့ပေ။ သုံးကြိမ်မြောက် အသုတ်မှ စ၍ သူက ရပ်ထားပြီး တစ်ရက်တစ်လေ သို့မဟုတ် ရက်များစွာအထိ အပြန်ပြန် အလှန်လှန်တွေးတောနေမိသည်။ သူ့နားလည်မှုများ လွဲမှားနေသည်ကို သဘောပေါက်ပြီးမှ နောက်တစ်သုတ်ကို ဖော်စပ်ဖို့ ကြိုးစားပေသည်။
သူက ၂၉ ကြိမ်မြောက်အထိ ဆေးလုံးများကို တစ်ခါတည်း ဆက်တိုက်ဖော်စပ်ခဲ့သည့် အကြောင်းအရင်းမှာ သူ ဖော်စပ်ပြီးသည့်အကြိမ်တိုင်း တိုးတက်လာ၍ ဖြစ်သည်။ တိုးတက်လာမှုများက မဆိုစလောက် ဖြစ်သော်လည်း မိုဝူကျီက ဆက်တိုက် လေ့ကျင့်နေခြင်း ဖြစ်၏။
ကံကောင်းသည်မှာ သူ့တွင် စိတ်ကြိုက်သုံးဖို့ရာ အဆင့် ၇ ဆေးပင်များ လုံလုံလောက်လောက် ရှိနေခြင်း ဖြစ်၏။ မူလက မိုဝူကျီ အကြိမ်ရေ ငါးဆယ်လောက် အသုံးပြုဖို့ရာ ရည်ရွယ်ထားသော်လည်း ၂၉ ကြိမ်မြောက်ဖြင့် အောင်မြင်လာမည်ဟု မထင်ထားမိပေ။
ဆေးလေးလုံးမှာ အဆင့် ၇ အဆင့်နိမ့် ဆေးလုံးများ ဖြစ်သော်လည်း မိုဝူကျီအတွက် အောင်မြင်မှုကြီး တစ်ခု ဖြစ်ပေသည်။ ၂၉ ကြိမ် ကြိုးစားမှုအတွင်း သူက ဆေးလေးမျိုးကို ကြိုးစားကြည့်ခဲ့ရာ ယခုမှ အောင်မြင်လာခြင်း ဖြစ်၏။
အမွေးတိုင်တစ်ဝက်စာကြာချိန်နောက်တွင် မိုဝူကျီက အဆင့် ၇ ဆေးလေးလုံးကို သိမ်းထားလိုက်၏။ အဆင့် ၇ ဆေးလုံး တစ်သုတ်စာ၌ ဆေးလုံး ခြောက်လုံး ပါဝင်ပေ၏။ မိုဝူကျီက အဆင့်နိမ့် ဆေးလေးလုံး ဖော်စပ်နိုင်ခဲ့သော်လည်း သူက အဆင့် ၇ ဆေးလုံး ဧကရာဇ် အစစ်အမှန် ဖြစ်လာပြီဟု မဆိုနိုင်သေးပေ။
သူ့ကိုယ်သူ သန့်ရှင်းပြီးနောက် မိုဝူကျီက လူသူကွယ်ရာ၌ သူ့အသိအမြင်များကို ပြန်လည်သုံးသပ်ဖို့ သွားလိုက်သည်။ ဆယ်ရက်တာ ကုန်ဆုံးပြီးနောက် မိုဝူကျီက အဆင့် ၇ ဆေးလုံး ၃၀ ကြိမ်မြောက်ကို စတင်ဖော်စပ်လိုက်သည်။
ဤတစ်ကြိမ်၌ မိုဝူကျီက သုံးဆုံလည် သွေးဆေးလုံးကို ပြန်လည် ဖော်စပ်ကြည့်လိုက်သည်။ တူညီသော အဆင့်များ၌ မိုဝူကျီက အတားအဆီးမကြုံတွေ့ခဲ့ရဘဲ သုံးဆုံလည် သွေးဆေးလုံးကို ဖော်စပ်နိုင်လိုက်သည်။
ဤတစ်ကြိမ်၌ ဆေးငါးလုံး ရလာ၏။ တစ်သုတ်စာပြည့် မဟုတ်သေးသော်လည်း အလယ်အလတ်အဆင့် သုံးဆုံလည် သွေးဆေးလုံး တစ်လုံး ပါဝင်လာသည်။
မိုဝူကျီက သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။ သူက ကိုယ်ပိုင် ဆေးလုံးတာအိုအကြောင်း သေချာသိနေသည်။ သူ အောင်မြင်သရွေ့ ဤသို့မတည်ငြိမ်သည့် အဖြစ်အပျက်မျိုး ကြုံတွေ့မည် မဟုတ်ချေ။
အဓိကအကြောင်းအရင်းမှာ အင်မော်တယ်ဆေးပင်များကို သန့်စင်မှုကြောင့် ဖြစ်ပေသည်။ ထိုလူအိုကြီးများအတွက် ဆေးလုံးဖော်စပ်ရာ၌ သူတို့တည်ငြိမ်စွမ်းမှာ အတွေ့အကြုံများနှင့် ဆေးလုံးတာအိုကို နားလည်နိုင်စွမ်းကြောင့် ဖြစ်၏။ သို့သော် မိုဝူကျီအတွက် ဆေးလုံးတာအိုအပေါ် နားလည်နိုင်စွမ်းထက် စာလျှင် ဆေးလုံးဖော်စပ်ရာ၌ တည်ငြိမ်မှုမှာ အင်မော်တယ်ဆေးပင်များ သန့်စင်နိုင်နှုန်းကြောင့် ဖြစ်ပေသည်။
အဆင့် ၇ ဆေးလုံးများကို ၁၅ ကြိမ်အထိ တစ်ဆက်တည်း ဖော်စပ်ပြီးနောက် ၁၅ ကြိမ်မြောက်၌ မိုဝူကျီက ပြိုင်ဖက်ကင်း ဗောဓိစိမ်း ဆေးလုံးခြောက်လုံးကို ဖော်စပ်နိုင်ခဲ့သည်။ မိုဝူကျီက ယခု ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာပြီ ဖြစ်ကြောင်း သိလိုက်၏။
သူ့ခန့်မှန်းချက်နှင့် သိပ်မကွာပေ။ ဟန်လုံကို ကတိပေးထားသည့် နှစ်ဝက်မျှသာ ကြာမြင့်လေ၏။
သူ့လက်ထဲမှ အားအပြည့် ဖြစ်နေသည့် အဆင့် ၇ ပညာရှင်နှလုံးသားကို ကြည့်ကာ မိုဝူကျီက အမှန်တကယ် စိတ်လှုပ်ရှားနေမိသည်။ သူ့ကျင့်ကြံဆင့်မှာ မဟာယီရှန်းအဆင့်မျှသာ ရှိသေးသော်လည်း အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် ရောက်ရှိသွားလေပြီ။ အခက်အခဲ ဒုက္ခများနှင့် ဖိအားများက လူတစ်ယောက်ကို ကြီးထွားလာစေသည်။
အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်ရန် အလောတကြီး လိုအပ်နေချက်ကြောင့် မဟုတ်လျှင် ယနေ့အောင်မြင်မှု ရရှိဖို့ရာ ဆယ်စုနှစ်တစ်ခုတော့ လိုပေလိမ့်မည်။
မိုဝူကျီက ချက်ချင်း မထွက်သွားသေးပေ။ ထို့အစား သူက ဆေးမီးဖိုကို သန့်ရှင်းကာ အင်မော်တယ်ဘုရင်အသီးနှင့် တခြားဆေးပင်များကိုလည်း ထုတ်လိုက်သည်။ သူက အင်မော်တယ်ဘုရင်ဆေးလုံးကို ဖော်စပ်မည် ဖြစ်၏။
အင်မော်တယ်ဘုရင်ဆေးလုံးမှာ အဆင့် ၇ အင်မော်တယ်ဆေးလုံးများ၌ အခက်အခဲဆုံး မဟုတ်သော်လည်း သေချာပေါက် တန်ဖိုးအမြင့်ဆုံး ဖြစ်ပေသည်။ ထိုဆေးလုံးမှာ မဟာလော့ရှန်းကျင့်ကြံသူတိုင်းက လိုချင်နေကြပြီး မြောက်များစွာသော မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူမျာက သူတို့တစ်ဘဝလုံး အင်မော်တယ်ဘုရင်ဆေးလုံးကို မရရှိနိုင်ကြချေ။
အဆင့် ၇ ဆေးလုံးများကို အများကြီး လေ့ကျင့်ဖော်စပ်လာခဲ့သည့် မိုဝူကျီက အတွေ့အကြုံရှိနေလေပြီ။ သူက အင်မော်တယ်ဆေးပင်များကို ဆေးမီးဖိုထဲ ထည့်ကာ စတင် သန့်စင်လိုက်သည်။
နှစ်နာရီကြာပြီးနောက် မိုဝူကျီက ဆေးလုံးများကို စတင်၍ ခွဲထုတ်လိုက်သည်။ လေးနာရီအကြာတွင် မိုဝူကျီက ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်၏။ ထို့နောက် ဆေးလုံးများကို ထုတ်ယူလိုက်သည်။
မိုဝူကျီက အနီနှင့် အဖြူ ဆေးလေးလုံးကို ထုတ်ယူလိုက်ရသည်။ အရွယ်အစားအတူ ဆေးခြောက်လုံးက မိုဝူကျီ လက်ထဲ ရောက်ရှိလာ၏။ သူတို့က သာမာန် ဖြစ်နေဟန် ပေါ်သော်လည်း ပြိုင်ဖက်ကင်း အင်မော်တယ်ဘုရင်ဆေးလုံးများ ဖြစ်ပေသည်။
အင်မော်တယ်ဘုရင်ဆေးလုံးတိုင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေနိုင်လောက်ပေသည်။ သို့သော်လည်း သူက ဆေးလုံးခြောက်လုံးကို အလွယ်တကူ ဖော်စပ်နိုင်ခဲ့သည်။ နောင်၌ အင်မော်တယ်ကျောက်များ ပြတ်လပ်သွားလျှင် ထိုအင်မော်တယ်ဘုရင်ဆေးလုံးများကို လေလံပစ်ပါက အင်မော်တယ်ကျောက်များက အလုံးအရင်းလိုက် ဝင်လာပေလိမ့်မည်။
လေးနာရီကြာပြီးနောက် မိုဝူကျီက အင်မော်တယ်ဘုရင်ဆေးလုံး ဒုတိယအသုတ်ကို ထုတ်လိုက်သည်။ ထိုဆေးလုံးများမှာလည်း ပြိုင်ဖက်ကင်းအဆင့် ဖြစ်ကြ၏။
မိုဝူကျီက ထိုဆေးခြောက်လုံးကို ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်ကာ လက်စွပ်ထဲကိုတော့ မထည့်လိုက်ပေ။ သူက ယခုထွက်သွားနိုင်ပြီ ဖြစ်ကြောင်း သိလိုက်၏။
သူ့ဆေးမီးဖိုကို သိမ်းဆည်းပြီးနောက် အစီအရင်ကို ဖြေလျော့ကာ ဟန်လုံက တံခါးပိတ် လေ့ကျင့်မနေဘဲ ညိုးနွမ်းနေသည့် အင်မော်တယ်ဆေးပင်များကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။
“ဆေးလုံးဆရာမို ထွက်လာပြီလား ” ဟန်လုံက အင်မော်တယ်ဆေးပင်များကို လေ့လာနေခြင်း မဟုတ်ဘဲ မိုဝူကျီ၏ အခြေအနေကို အာရုံစိုက်ထားခြင်း ဖြစ်၏။
မိုဝူကျီက ဟန်လုံ စိတ်နှလုံးသားထဲမှ ပူပန်သည့် ခံစားချက်ကို နားလည်ပေသည်။ သူက ဟန်လုံအား ကျောက်စိမ်းပုလင်းကို ပေးလိုက်ကာ
“ တာအိုရောင်းရင်းဟန် … ကိစ္စတွေက အဆင်ပြေတယ်။ ကျုပ် အဆင့် ၇ အင်မော်တယ်ဘုရင်ဆေးလုံး တစ်သုတ်စာ ဖော်စပ်ထားပြီးပြီ ”
“အာ ” ဟန်လုံက စိတ်လှုပ်ရှားမှုဖြင့် ဗိုင်းကောင်းကျောက်ပိ အပြုအမူများကိုပင် မေ့လျော့ကာ ကျောက်စိမ်းပုလင်းကို ယူပြီး ဖွင့်ကြည့်လိုက်တော့သည်။ ထို့နောက် သူမက ပြောလိုက်သည်
“ ဒါတွေက ပြိုင်ဖက်ကင်း အင်မော်တယ်ဘုရင်ဆေးလုံးတွေတော့ ဟုတ်ပါတယ် … ဆေးလုံးဆရာမို ဒါကလေ …. ”
“ဘာလို့လဲ ” မိုဝူကျီက ဟန်လုံ အမူအယာမှာ ပျော်ရွင်မှုမှ အံ့ဩမှုအဖြစ် ပြောင်းလဲသွားသည်ကို မြင်၍ နားမလည်စွာ မေးလိုက်သည်။
ဟန်လုံ၏ ပျော်ရွင်နေမှုမှာ ရုတ်ချည်း ပျောက်ဆုံးသွားတော့သည်။ သူမ အမူအယာများက ထူးဆန်းနေပြီး မိုဝူကျီအား စိတ်ပျက်လက်ပျက် ပြောလိုက်သည်
“ ဆေးလုံးဆရာမို …. ရှင့်ရဲ့ အင်မော်တယ်ဘုရင်ဆေးလုံးတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး ”
သူမ၏ စိတ်ပျက်မှုကို စကားလုံးဖြင့် ဖော်ပြ၍ မရတော့ပေ။ သူမက ပြိုင်ဖက်ကင်း အင်မော်တယ်ဘုရင်ဆေးလုံးများ ရရှိခဲ့သော်လည်း သူမက ဆေးလုံး အစစ်အမှန် မဟုတ်ကြောင်း သိလိုက်ရသည်။ သူမ၏ စိတ်ပျက်မှုကို ဖုံးကွယ်ထားမှသာ ထူးဆန်းနေပေလိမ့်မည်။
“ ဘာလို့လဲ ” မိုဝူကျီက မျက်မှောင်ကျုတ်ကာ ဟန်လုံအား စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ သူက အင်မော်တယ်ဘုရင်ဆေးလုံးများကို ဖော်စပ်ရန် များစွာအားစိုက်ထားရပြီး ဆေးလုံးတာအိုအပေါ် ကိုယ်ပိုင်နားလည်စွမ်းတွေပါ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်၏။ ထို့အပြင် သူ့သန့်စင်မှုဖြင့် အင်မော်တယ်ဘုရင်အသီး၏ ဆေးအကျိုးသက်ရောက်မှုကို တစ်စက်လေးမှ မဖြူန်းတီးမိခဲ့ပေ။ မိုဝူကျီက အဆင့် ၇ ဆေးလုံး ဧကရာဇ်ပင် သူ့လို လုပ်နိုင်မည်ဟု မယုံကြည်ပေ။
သို့သော် ယခုတွင် ဟန်လုံက သူ့ဆေးလုံးများမှာ အသုံးမဝင်ကြောင်း ပြောပြနေသည်။ ထိုအရာက မိုဝူကျီကို စိတ်မသက်မသာ ဖြစ်စေ၏။
သူက ဆေးလုံးတာအိုအဆင့်အတန်းကို မြှင့်၍ တိုးတက်အောင် ကြိုးစားနေခြင်းမှာ ကျော့ဖျင်အန်းနှင့် အလဲအလှယ် လုပ်ရန် ဖြစ်ပေသည်။ သို့သော်လည်း သူက ဟန်လုံကို ပြန်လည်ပေးဆပ်ချင်မိသည်။ ဟန်လုံက သူ့အား များစွာ ကူညီခဲ့သောကြောင့် ဟန်လုံကို အင်မော်တယ်ဘုရင် ဖြစ်လာစေရန် ကူညီပေးချင်သည်။
ဟန်လုံက မိုဝူကျီ၏ အခြေအနေကို မြင်သောအခါ မြန်မြန် ရှင်းပြလိုက်သည်
“ ဆေးလုံးဆရာမို …. အစစ်အမှန် အဆင့် ၇ အင်မော်တယ်ဘုရင်ဆေးလုံးမှာ မှိန်ဖျော့ဖျော့ ဆေးရနံ့လေး ပါတယ်။ ပြီးတော့ တာအိုစွမ်းအားတမျိုးလည်း ထုတ်လွှင့်ပေးဖို့ လိုတယ် ”
ဟန်လုံက ဆက်မပြောတော့ပေ။ မိုဝူကျီ ဖော်စပ်ထားသော ဆေးလုံးများမှာ အင်မော်တယ်ဘုရင်ဆေးလုံးများနှင့် တူသော်လည်း တခြားအရည်အသွေးများ မရှိချေ။ မိုဝူကျီ၏ ဆေးလုံးများတွင် ဆေးရနံ့လည်း မထွက်ပေါ်နေသလို တာအိုစွမ်းအားလည်း ထုတ်လွှင့်မနေပေ။
မိုဝူကျီက ဟန်လုံ စကားများကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားလေ၏။ ဟန်လုံက အင်မော်တယ်ဘုရင်ဆေးလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်ထားကြောင်း ယုံကြည်မိသွားသည်။ ဟန်လုံက အင်မော်တယ်ဘုရင် ဖြစ်လာရန် စိတ်ရောကိုယ်ပါ နှစ်ထားသည့်အတွက် အင်မော်တယ်ဘုရင်ဆေးလုံးအကြောင်း မည်သို့ နားမလည်ဘဲ နေမည်နည်း။ သို့သော်လည်း သူက အင်မော်တယ်ဘုရင်ဆေးလုံး ဖော်စပ်စဉ် အခက်အခဲ မရှိခဲ့ပေ။ သူက လုပ်ဆောင်စဉ်အတွင်း ကိုယ်ပိုင်နားလည်နိုင်စွမ်းများပင် ထည့်ပေါင်းထားသေး၏။
သို့သော်လည်း သူ့တာအိုမှာ သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းနှင့် အင်မော်တယ် မော်တယ်ကျင့်စဉ်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ သူက အခြားသော ဆေးလုံး ဧကရာဇ်များနှင့် မဆက်ဆံဖူးသည့်အတွက် သူက အင်မော်တယ်ဘုရင်ဆေးလုံး၏ ထူးခြားသော ဝိသေသ လက္ခဏာများအကြောင်း မသိခဲ့ပေ။
မိုဝူကျီက ထိုအကြောင်း တွေးမိသောအခါ
“ တာအိုရောင်းရင်းဟန် …. ကျုပ်ကတော့ ကျုပ် ဖော်စပ်ထားတဲ့ ဆေးလုံးနဲ့ ပတ်သတ်ပြီး ယုံကြည်ချက် ရှိတယ်။ တကယ်လို့ တာအိုရောင်းရင်းဟန် ကျုပ်ကို ယုံရင် ဆေးတစ်လုံးလောက် စမ်းသောက်ကြည့်ပါ့လား …
. တကယ်လို့ အလုပ်မဖြစ်ရင် တာအိုရောင်းရင်းဟန်က ကျုပ် ဘာမှားနေလဲဆိုတာ ပြောပြပေါ့ …… ကျုပ်ဆီမှာ အင်မော်တယ်ဘုရင်အသီးတွေ ရှိပါသေးတယ် ။ အဲကြောင့် ဆက်ကြိုးစားကြည့်လို့ ရသေးတယ်လေ …. ”
ဟန်လုံက ပြန်ပြောလိုက်၏
“ ကျမ သဘောတူပါတယ် … ကျမ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနေတဲ့အချိန်ကျ ဆေးလုံးဆရာမိုက ကျမကို စောင့်ရှောက်ပေးပါဦး ”
……………
အမွေးတိုင်တစ်ဝက်စာကြာချိန်၌ နှစ်ယောက်လုံးက မဟာကင်းမဲ့ပင်လယ်နယ်ပယ်မှ ထိုးထွက်နေသော သန္တကျောက်တန်းပေါ် ရောက်ရှိသွားကြသည်။ မိုဝူကျီက ဟန်လုံအတွက် ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင် ကူကာ ခင်းကျင်းပေးလိုက်ပြီး ဟန်လုံ၏ ကာကွယ်သူအဖြစ် စောင့်ရှောက်ပေးနေသည်။
ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်အတွင်း ဟန်လုံက မိုဝူကျီအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက ကျောက်စိမ်းပုလင်းထဲမှ အင်မော်တယ်ဘုရင်ဆေးလုံး တစ်လုံးကို ထုတ်ကာ သောက်သုံးလိုက်သည်။
သူမက ဂရုတစိုက် ပြုမူနေသည့် အကြောင်းအရင်းမှာ မိုဝူကျီ၏ ဆေးလုံးက မည်သို့ပင် ဖြစ်စေကာမူ သူမအနေဖြင့် လေးစားနေဆဲ ဖြစ်ကြောင်း သိစေလို၍ ဖြစ်သည်။ ဆေးလုံးဆရာက သူမအတွက် အင်မော်တယ်ဘုရင်ဆေးလုံး ဖော်စပ်ဖို့ရာ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရသည်။ အကယ်၍ သူမက ဂရုမစိုက်ဘဲ ပြုမူနေလျှင် မိုဝူကျီ စိတ်မကောင်း ဖြစ်သွားပေလိမ့်မည်။