← Chapters

ဂိုဏ်းခေါင်းဆောင်ကြီးနှင့် တွေ့ဆုံခြင်း

Vol. 57 Ch. 787

ဂိုဏ်းခေါင်းဆောင်ကြီးနှင့် တွေ့ဆုံခြင်း

Vol. 57 Ch. 787

" ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်မှာလဲဟ။ နန်းတော်ထဲမှာ ဂြိုဟ်အဆင့် လူကြီးတစ်ယောက် ရှိနေတဲ့အပြင် ငါ့ရဲ့ရှေ့မှာလည်း ဂြိုဟ်အဆင့် ရောက်ခါနီး လူကြီးတစ်ယောက်က ငါ့ကို ပြုံးပြုံးကြီးနဲ့ ကြည့်နေတာလေ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ရေရွတ်မိလိုက်၏။ သို့သော် သူသည် အခြားဂြိုဟ်အဆင့် ကျင့်ကြံသူများကို မြင်ဖူးထားရုံသာမက သူ၏ရှေ့တွင် တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်ကာ သေဆုံးသွားကြသည့် ဂြိုဟ်အဆင့် သားရဲကြီးနှစ်ကောင်ကိုပါ မြင်ဖူးထားသည် မဟုတ်ပါလော။

" ဂြိုဟ်အဆင့်ကျင့်ကြံသူတွေကို သတ်ရတဲ့အလုပ်က ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးအတွက်ဆိုရင် ထမင်းစားရေသောက်အဆင့်မှာပဲ ရှိတာပါ။ ဘာကို ကြောက်နေရမှာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် ယုံကြည်မှုများ ပြင်းထန်လာရတော့သည်။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ရှေ့တွင်ရှိနေသည့် စီမံခန့်ခွဲသူကြီးအား ဦးညွှတ်အရိုအသေပေးလိုက်ပြီး အသက်ပြင်းပြင်းရှူ၍ နန်းတော်ထဲသို့ ဝင်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ကြီး၏ ခမ်းနားထည်ဝါမှုများကို အာရုံစိုက်နိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အသိစိတ်မှာ သူ၏ရှေ့ရှိ ဧရာမထိုင်ခုံကြီးပေါ်တွင် ထိုင်နေသည့် လူရိပ်ကြီးဆီသို့ ရောက်ရှိနေသောကြောင့်ပင်။ ထိုလူရိပ်ကြီးမှာ အရာအားလုံးကို စုပ်ယူနိုင်စွမ်းရှိသည့် ဧရာမဝဲကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ပတ်လည်ရှိ အပြင်အဆင်များကို သတိမထားမိနိုင်ဘဲ ဖြစ်သွားရသည်။ သူသည် သူ၏ရှေ့ရှိ လှေကားထိပ်ဆုံး၌ ထိုင်နေပြီး အမှောင်ထုတွင် ရှိနေသည့် နတ်ဘုရားတစ်ပါးကိုသာ မြင်နိုင်ပေသည်။

" ဧကရာဇ် ဂိုဏ်းခေါင်းဆောင်ကြီး "

ဝမ်ပေါင်လဲ့မှာ သူ့အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း မဟုတ်ပါသော်လည်း သူနှင့် တစ်ယောက်ချင်း တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် နန်းတော်ထဲရှိ လေထုကြီးမှာ ဖိနှိပ်ချုပ်တည်းအား ကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ အသက်ရှူရပ်တန့်သွားရ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ပို၍ အစွမ်းထက်နေလိမ့်မည်ဟု မှတ်ယူလိုက်သောအခါ အနည်းငယ်ခန့် စိတ်အေးသွားရသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှုကာ ရှေ့သို့ ခြေနှစ်လှမ်း လှမ်းသွားလိုက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးအား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" မင်္ဂလာပါ ဂိုဏ်းခေါင်းဆောင်ကြီး။ ကျွန်တော်... "

" တော်လောက်ပြီ " ဝမ်ပေါင်လဲ့တစ်ယောက် မြှောက်ပင့်စကားများပြောရန် ပြင်လိုက်စဉ်မှာပင် ဂိုဏ်းခေါင်းဆောင်ကြီးမှာ အသံအောအောကြီးဖြင့် ဖြတ်ပြောလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား စကားဆက်ပြောခွင့်မပေးဘဲ လေထဲ၌ လှမ်း၍ဖမ်းဆုပ်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ရှေ့တွင် မျောလွင့်နေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ ချက်ချင်းဆိုသလိုပင် သူနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။ ထို့နောက် ၎င်းမှာ စွမ်းအားတစ်မျိုး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ဂိုဏ်းခေါင်းဆောင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ဖွက်ထားသော အခြား မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာများမှာလည်း ဂိုဏ်းခေါင်းဆောင်ကြီးဆီသို့ မျောလွင့်သွားကြ၏။ နောက်ဆုံးတွင် ထိုဒိုင်းကာများအားလုံး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကာ ဂိုဏ်းခေါင်းဆောင်ကြီး၏ ရှေ့၌ စုဝေးသွားကြပြီး လက်ဖဝါးအရွယ်စားရှိသော စက်ဝိုင်းပုံစံ အလင်းရောင်ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်နိုင်ပေသည်။

ထို အလင်းရောင်ဒိုင်းကာမှာ အမှန်တကယ် မရှိသည့် ပုံပေါက်နေပြီး မှုန်ဝါးဝါးဖြစ်နေ၏။ တစ်ခါတစ်ရံတွင် ၎င်းမှာ ကြည်လင်မှုအပြည့် ရှိနေပါသော်လည်း အခြားအချိန်များတွင်မူ ၎င်းမှာ နောက်ကျိကျိ ဖြစ်နေ၏။ ထို့အပြင် တစ်ခါတစ်ရံတွင် ၎င်းမှာ ဝင်းလက်တောက်ပနေပြီး အခြားအချိန်များတွင် မွဲခြောက်ခြောက် ဖြစ်နေသေးသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ မသိမသာ ကျဉ်းမြောင်းသွားရ၏။ သို့သော် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိအောင် ဟန်ဆောင်နေလိုက်ပြီး တရိုတသေနှင့် ခေါင်းငုံ့ရင်း နှုတ်ဆိတ်ကာ စောင့်ဆိုင်းနေလိုက်တော့သည်။

သူသည် သူနှင့် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြားရှိ ခြားနားချက်အား သိရှိနားလည်ထားပြီးသား ဖြစ်သည်။ တစ်ချိန်ထဲမှာပင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ ဖန်တီးသန့်စင်နည်း၏ ပိုင်ရှင်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ၎င်းအား ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သည့်တိုင်အောင် အခြေခံတည်ဆောက်ပုံများကို ပြောင်းလဲခဲ့ခြင်းမရှိပေ။ သူသည် ဂိုဏ်းခေါင်းဆောင်ကြီးမှာ သူနှင့် ထိုရတနာ၏ ကြားရှိ ချိတ်ဆက်မှုအား ဖြတ်တောက်နိုင်ရန် သူ၏ အစွမ်းထက် ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုခဲ့သည်လော သို့မဟုတ် ထိုရတနာထဲရှိ လျှို့ဝှက်ပညာရပ်တစ်ခုခုအား အသုံးပြုခဲ့သည့်လော အတိအကျ မသိနိုင်ဘဲ ဖြစ်နေရသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့အားသင့်သွားရသည့်တိုင်အောင် စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် ထိုလုပ်ရပ်မှာ အထူးအဆန်း မဟုတ်ကြောင်း မှတ်ယူလိုက်၏။

ထိုသို့ဖြင့် ဂိုဏ်းခေါင်းဆောင်ကြီး သူ၏ရှေ့တွင်ရှိနေသော မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ကြည့်ရှုနေစဉ် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ သူ၏ မျက်နှာမှာ အမှောင်ထုထဲသို့ ရောက်နေသောကြောင့် သူ၏ စိတ်အခြေအနေအား အကဲခတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် အချိန်အတော်အတန် ကုန်ဆုံးသွားသောအခါမှ ဂိုဏ်းခေါင်းဆောင်ကြီးမှာ အေးစက်စက်လေသံဖြင့် ဆိုလိုက်တော့သည်။

" ရှုယို။ မင်းရော ဘယ်လိုထင်လဲ " ဂိုဏ်းခေါင်းဆောင်ကြီးမှာ ထိုသို့မေးလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ရှေ့တွင်ရှိနေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ သူ၏ညာဘက်ရှိ ဟင်းလင်းပြင်ကြီးဆီသို့ မျောလွင့်လာသည်။ ထို့နောက် ထိုဟင်းလင်းပြင်ကြီးထဲမှ ရုတ်တရက်ဆိုသလို ဆန့်ထွက်လာသည့် လက်ကြီးတစ်ဖက်မှာ ၎င်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။ ထို့နောက် ထိုလက်ကြီး၏ လက်မောင်းမှစ၍ အသွေးအသားများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် ကျောချမ်းဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေသည့် ဝန်ကြီးချုပ်ရှု၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာတော့သည်။

သူသည် အသာအယာ ဦးညွှတ်ကာ ဂိုဏ်းခေါင်းဆောင်ကြီး၏ဘေး၌ ရပ်လိုက်ပြီးနောက် ခေါင်းငုံ့သွားပြီး သူ၏လက်ထဲတွင် ရှိနေသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား စိုက်ကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" လက်ရာကလည်း သေသပ်မှုမရှိဘူး။ သုံးထားတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကလည်း သာမန်အဆင့်မှာပဲ ရှိတယ်။ ဂိုဏ်းထဲမှာ ဒီလိုရတနာမျိုးကို အခုထက် အဆင့်ပိုမြင့်အောင် မြှင့်တင်နိုင်တဲ့လူတွေ အများကြီးရှိပါတယ်။ ကုန်ကြမ်းပစ္စည်းသာ အလုံအလောက်ရှိရင် ဒီရတနာကို အဆင့်မြှင့်တင်နိုင်ဖို့က ဘာမှမခက်ခဲပါဘူး "

ဝမ်ပေါင်လဲ့မှာ ဝန်ကြီးချုပ်ရှု၏ စကားများကို ကြားလိုက်ရသောအခါ သူ့အား ခေါင်းမော့ကြည့်မိလိုက်၏။ တစ်ချိန်ထဲမှာပင် ဂိုဏ်းခေါင်းဆောင်ကြီးမှာလည်း ဝန်ကြီးချုပ်ရှု၏ မှတ်ချက်များကို ကြားလိုက်ရပြီးနောက် ဝမ်ပေါင်လဲ့အား ချက်ချင်းဆိုသလိုပင် လှမ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။

" လုံနန်ကျစ်။ မင်း သူ့ရဲ့မှတ်ချက်ကို ပြန်လည်ချေပချင်လား "

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မကျေမနပ်ဖြစ်သွားရ၏။ သူသည် ဝန်ကြီးချုပ်ရှုအား အပြစ်လုပ်မိခဲ့ခြင်း မရှိပါသော်လည်း အဘယ်ကြောင့် သူသည် သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဝေဖန်နေရပါသနည်းဟု စိတ်ထဲ၌ တွေးနေမိတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ ဤ ဖြစ်စဉ်ကြီးတစ်ခုလုံး၏ နောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခုခု ရှိနေနိုင်ကြောင်း ရိပ်မိ‌လိုက်၏။ သို့သော် သူသည် မသေချာသောကြောင့် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ရှုံ့မဲ့မဲ့နှင့် ပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လျှောက်တင်လိုက်တော့သည်။

" ကျွန်တော် ချေပစရာ မရှိပါဘူး။ သူပြောတာ အကုန် အမှန်ပါပဲ "

ဝမ်ပေါင်လဲ့ စကားဆုံးသွားသောအခါ အဘိုးကြီးမှာ အမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း ဂိုဏ်းခေါင်းဆောင်ကြီးမှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ကြည့်နေရာမှ သူ၏ဘေးတွင်ရှိနေသည့် ဝန်ကြီးချုပ်ရှုအား လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ရယ်မောလိုက်တော့သည်။

" ရှုယို၊ ရှုယို။ မင်းက ‌ဒီ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ဖန်တီးတဲ့ လုပ်ငန်းစဉ်ထဲမှာ အသုံးပြုထားတဲ့ တမူထူးခြားတဲ့ သန့်စင်ခြင်းပညာရပ်အကြောင်းကို အမွှန်းတင်ချင်လို့ ဒီရတနာရဲ့ အားနည်းချက်တွေကို တမင်တကာ ထုတ်ပြောခဲ့တာမလား။ ပြီးတော့ မင်းက ဒီရတနာကို အမြောက်အမြား ထုတ်လို့လို့ရတယ်ဆိုပြီး ငါ့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာ။ လင်ယိုဆိုတဲ့ ကလေးမလေး မင်းကို အကူအညီ တောင်းထားပြန်ပြီမလား "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ရင်ခုန်နှုန်းများ မြန်ဆန်သွားရပြီး ဝန်ကြီးချုပ်ရှုအား လှမ်းကြည့်လိုက်တော့သည်။ ဝန်ကြီးချုပ်ရှုမှာ ခေါင်းငုံ့ထားဆဲ ဖြစ်ပါသော်လည်း အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဂိုဏ်းခေါင်းဆောင်ကြီးအား တရိုတသေပြန်ဖြေလိုက်၏။

" ဂိုဏ်းခေါင်းဆောင်ကြီးက အမြော်အမြင် ရှိလွန်းလှပါပေတယ် "

ဂိုဏ်းခေါင်းဆောင်ကြီးမှာ ထိုစကားကိုကြားလိုက်ရသောအခါ ထပ်၍ ရယ်မောလိုက်ပြီးနောက် ထပ်မေးလိုက်၏ " အဲဒီကလေးမလေး လင်ယိုက ဘာပြောခဲ့လဲ "

" သူ ဒီ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအတွက် လုံနန်ကျစ်ကို စစ်တပ်တစ်ခု ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော်ကတော့ သူ့ရဲ့တောင်းဆိုချက်ကို ငြင်းဆန်ပြီး‌ လုံနန်ကျစ်ကို နတ်ကိုးပါးရေကန်ထဲမှာ ရေဖျန်းမင်္ဂလာပြုခွင့်ပေးဖို့ ဂိုဏ်းခေါင်းဆောင်ကြီးကို တောင်းဆိုချင်ပါတယ် " ဝန်ကြီးချုပ်ရှုမှာ လေသံပြောင်းလဲသွားခြင်းမရှိဘဲ ‌အေးတိအေးစက်သာ ပြန်ဖြေလိုက်၏။

" စစ်တပ်တစ်ခု ဖွဲ့စည်းခွင့်... " ဂိုဏ်းခေါင်းဆောင်ကြီးမှာ မျက်လုံးများမှေးသွားကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သဖြင့် သူ၏ လူရိပ်မှာ ဟင်းလင်းပြင်ကြီးထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။ ထိုအခါ နေမင်းကြီးကဲ့သို့ ဝင်းလက်တောက်ပသော အလင်းရောင်တစ်ခုမှာ နန်းတော်ကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွားပြီး သူ၏လူရိပ်ကြီးမှာလည်း လုံးဝပျောက်ကွယ်သွားတော့သည်။ သူ၏ စကားသံကြီးသာလျှင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့၏။

" သဘောတူတယ်။ ငါ လုံနန်ကျစ်ကို နတ်ကိုးပါးရေကန်ထဲမှာ ရေဖျန်းမင်္ဂလာပြုခွင့် ပေးလိုက်တယ် "

ဝမ်ပေါင်လဲ့မှာ ထိုစကားသံကို ကြားလိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာပြီး လေသံကျယ်ကျယ် ဖြင့်ဆိုလိုက်၏ " ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်ကြီး။ လုံနန်ကျစ်ဆိုတဲ့ ကျွန်တော် ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ စေတနာတွေကို ဒီတစ်သက် မမေ့ပါဘူး "

သူသည် မြှောက်ပင့်စကားများကို အလွန်အကျွံ မပြောသင့်ကြောင်း နားလည်ထား၏။ အထူးသဖြင့် ကျေးဇူးတင်ကြောင်း ပြောဆိုရာတွင် စကားနည်းလေ ပိုကောင်းလေဖြစ်သည်။ အကယ်၍ လေကြောရှည်နေမည်ဆိုပါက ဟန်ဆောင်ကာ ကျေးဇူးတင်နေသည့်ပုံ ပေါက်သွားနိုင်ပေသည်။

သူ၏ ထင်မြင်ယူဆချက်မှာ မှန်ကန်ပေသည်။ ထိုနေရာမှ ထွက်ခွာသွားပြီး ဖြစ်သည့်တိုင်အောင် သူ၏အသိစိတ်ဖြင့် အရာအားလုံးကို အာရုံခံနိုင်စွမ်း ရှိနေသေးသည့် ဂိုဏ်းခေါင်းဆောင်ကြီးမှာ ယခင်တုန်းကနှင့် လုံးဝမတူသော ဝမ်ပေါင်လဲ့၏ ကျေးဇူးတင်စကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရသည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့ကိုလည်း ပို၍ အထင်ကြီးမိသွား၏။

ဝန်ကြီးချုပ်ရှုပင်လျှင် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်မိလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း သူ့အား မျက်နှာမူကာ ဦးညွှတ် အရိုအသေပေးလိုက်ပြန်သည်။

" ကျေးဇူးတင်ပါတယ် လူကြီးမင်းရှု "

ဝန်ကြီးချုပ်ရှုမှာ ခေါင်းသာညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှ ထပ်ပြောနေခြင်းမရှိပေ။ သူသည် ကိုယ်ဟန်အမူအရာဖြစ် ဝမ်ပေါင်လဲ့အား သူ၏နောက်သို့ လိုက်လာရန် အချက်ပြလိုက်ပြီးနောက် နန်းတော်အပြင်ဘက်သို့ ထွက်သွားလိုက်ပြီး တောင်ကြီး၏ နောက်တွင်ရှိနေသည့် တားမြစ်နယ်မြေဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ လုံးဝမရောက်ဖူးပေ။ သူသည် အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူတို့၏ ဘေးပတ်ပတ်လည်တွင် တောင်စဉ်တန်းများနှင့် မြူခိုးများ ရစ်ပတ်နေကြသည်ကို မြင်လိုက်ရ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ အခြားနယ်မြေတစ်ခုထဲ၌ ရှိနေသည်ဖြစ်ရာ ကောင်းကင်ယံကြီးမှာ ထူးဆန်းနေသည်။ မကြာသေးမီတုန်းကမှ နေသာနေခဲ့ပါသော်လည်း သူတို့နှစ်ယောက် တောင်ကြီး၏ နောက်ရှိ တားမြစ်နယ်မြေထဲသို့ ရောက်ရှိသွားသောအခါ ကောင်းကင်ယံကြီးမှာ ချက်ချင်းဆိုသလိုပင် မှောင်မိုက်သွားပြီး လမင်းကြီးတစ်စင်း ထွက်ပေါ်လာတော့သည်။

သို့သော် ထိုလမင်းကြီးမှာ ရဲရဲနီနေသောကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းနေ‌သည့်ပုံ ပေါက်နေတော့သည်။ မြူခိုးများမှာလည်း ပို၍ ထူထပ်သိပ်သည်းလာပြီး ဝမ်ပေါင်လဲ့၏ အမြင်အာရုံအား ဖုံးကွယ်ထားသောကြောင့် သူသည် အရှေ့အနောက်၊ တောင်မြောက်ကိုပင် မခွဲနိုင်တော့ပေ။ ထိုသို့ဖြင့် သူတို့မှာ ရှေ့သို့ ဆက်လက်ပျံသန်းနေရင်း သူတို့၏ရှေ့တွင် ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

တစ်စုံတစ်ယောက်မှာ ထိုချိုင့်ခွက်ကြီး ပေါ်ပေါက်လာအောင် အတင်းအဓမ္မ ဖန်တီးထားသည့်ပုံ ပေါက်နေ၏။ ထိုချိုင့်ခွက်ကြီး၏ နံရံများမှာ ကြမ်းတမ်းနေသလို ၎င်း၏ ပတ်ပတ်လည်တွင်လည်း ဂူကိုးလုံး ရှိနေသေးသည်။ ထို့အပြင် ထိုချိုင့်ခွက်ကြီးထဲမှ သွေးညှီနံ့များမှာ အရက်မျက်နှာအနှံ့သို့ ပျံနှံ့နေသေးသည်။ ထို သွေးညှီနံ့မှာ တမူထူးခြား၏။ ဝမ်ပေါင်လဲ့မှာ ထိုချိုင့်ခွက်ကြီး၏ အနီးသို့ ရောက်သွားပြီး ထိုသွေးညှီနံ့အား ရှုရှိုက်မိလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဗြောင်းဆန်လာရတော့သည်။

ထို့ကြောင့် သူသည် မျက်လုံးများ မှေးသွားပြီး နှလုံးသားထဲ၌ တုန်ရီသွားရ၏။ ထိုအချိန်တွင် သူ၏ရှေ့တွင် ရှိနေသည့် ဝန်ကြီးချုပ်ရှုမှာ ချိုင့်ခွက်ကြီး၏ အထက်ရှိ လေထဲ၌ ရပ်တန့်သွားသည်။ ထို့နောက် သူသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကျောချမ်းဖွယ်ရာ အပြုံးတစ်ပွင့်ပေါ်ပေါက်လာတော့သည်။ ကောင်းကင်ယံထဲရှိ သွေးနီရောင် လမင်းကြီး၏ အလင်းရောင်များကြောင့် သူ၏ ပုံပန်းသွင်ပြင်မှာ နဂိုထက်ပင် ပို၍ ကျောချမ်းစရာကောင်းသည့်ပုံ ပေါက်နေတော့သည်။

" လူလေး။ ဒါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ နတ်ကိုးပါးရေကန်ပဲ။ မင်း ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ဖို့ အခွင့်အရေးတစ်ခုရမယ်။ အဲဒီ အခွင့်အရေးကို ကောင်းကောင်းအသုံးချပေါ့ "

ဝန်ကြီးချုပ်ရှုမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်ကာ မိုးကောင်းကင်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ကောင်းကင်ယံထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မြေပြင်ကြီးမှာ တုန်ရီသွားတော့သည်။ ထိုအခိုက်အတန့်တွင် သွေးနီရောင်လမင်းကြီးမှာလည်း နဂိုမူလတုန်းကထက် ပို၍ စူးရှတောက်ပသော သွေးရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ထို့‌ သွေးရောင်အလင်းတန်းများမှာ တားမြစ်နယ်မြေကြီးတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသောကြောင့် ၎င်းမှာ သွေးပင်လယ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တစ်ချိန်ထဲမှာပင် ချိုင့်ခွက်ကြီး၏ နံရံများထဲရှိ ဂူကိုးလုံးထဲမှ ထွက်ပေါ်လာသည့် သံကြိုးများ၏ ရိုက်ခတ်သံများနှင့် လူအော်သံများနှင့် မတူသည့် နာကြည်းမှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်ညည်းတွားသံများမှာလည်း တဖြည်းဖြည်းနှင့် ပို၍ ကျယ်လောင်လာတော့သည်။

All Chapters