← Chapters

နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့်

Vol. 57 Ch. 788

နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့်

Vol. 57 Ch. 788

သွေးနီရောင် လမင်းကြီး၏ အောက်တွင် ရှိနေသည့် ကမ္ဘာကြီးမှာ အနီရောင် ပြောင်းသွားပြီ ဖြစ်သလို ချိုင့်ခွက်ကြီးမှာလည်း အနီရင့်ရောင်ပြောင်းသွားပြီဖြစ်သည်။ ထို့အပြင် ဂူကိုးလုံးထဲမှ သံကြိုးများ၏ ရိုက်ခတ်သံများနှင့် အော်ဟစ်ညည်းတွားသံများလည်း ထွက်ပေါ်လာနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများအားလုံးကို မြင်လိုက်ကြားလိုက်ရသောအခါ အမူအရာ တည်ကြည်သွား၏။ တစ်ချိန်တည်းထဲမှာပင် မိစ္ဆာအငွေ့အသက်များ ဝန်းရံနေသည့် ဝန်ကြီးချုပ်ရှုမှာ လေသံအောအောကြီးဖြင့် စကားပြောလိုက်၏။ ထို့ကြောင့် သူ၏ သွေးဆာနေသော စကားသံကြီးမှာ ဘေးပတ်ပတ်လည်၌ ပဲ့တင်ထပ်သွားတော့သည်။

" လုံလေး။ မင်း ဘာကိုစောင့်နေတာလဲ။ နတ်ကိုးပါးရေကန်ထဲမှာ ထိုင်လိုက်လေ။ သေချာမှတ်ထား။ မင်း ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားတဲ့အချိန် ဒါမှမဟုတ် နှစ်နာရီ ပြည့်သွားတဲ့ အချိန်ရောက်ရင် ရေဖျန်းမင်္ဂလာပွဲက ပြီးသွားမှာနော် "

ဝမ်ပေါင်လဲ့မှာ လုံလေးဟု အခေါ်ခံလိုက်ရသည်ကို စိတ်ကွက်နေခြင်း မရှိဘဲ ဝန်ကြီးချုပ်ရှုအား ခေါင်းညိတ်ပြလိုက်၏။ သူသည် ချီတုံချတုံဖြစ်နေပါသော်လည်း သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်ပြီးနောက် ချိုင့်ခွက်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။ ထို့နောက် သူသည် ချိုင့်ခွက်ကြီးထဲသို့ ဝင်ရောက်သွားလိုက်ပြီး အောက်ဆုံးအထိ ဆင်းသွားလိုက်၏။

ထိုနေရာတွင် သွေးညှီနံ့များမှာ ပိုပြင်းနေပြီး မြေပြင်ကြီးမှာလည်း အနီရင့်ရောင် သန်းနေ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ဘေးဘီဝဲယာအား အလျင်အမြန် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ တင်ပျဉ်ခွေထိုင်ချကာ ခေါင်းမော့ကြည့်လိုက်တော့သည်။ သူ ခေါင်းမော့လာချိန်တွင် ဂူကြီးကိုးလုံးထဲမှ ထွက်ပေါ်လာသည့် သံကြိုးများ၏ ရိုက်ခတ်သံများနှင့် အော်ဟစ်ညည်းတွားသံများမှာ အဆမတန် ကျယ်လောင်လာ၏။ ထို့နောက် တစ်အောင့်ခန့်အကြာတွင် ဂူတစ်လုံးထဲမှ ဧရာမ အရိပ်ကြီးတစ်ခု ထိုးထွက်လာတော့သည်။

ထိုအရိပ်မှာ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ခေါင်းနှစ်လုံးပါသည့် ကင်းလိပ်ချောကြီးတစ်ကောင် ဖြစ်သည်။ ၎င်းမှာ ဂူအပြင်ဘက်သို့ ထွက်လာပြီးနောက် ခေါင်းနှစ်လုံးကို မော့ကာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်းမှာ ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေသည့် ပုံပင်။

သို့သော် ဧရာမ သံကြိုးကြီးတစ်ချောင်းမှာ ၎င်းအား ရစ်ပတ်ချုပ်နှောင်ထားသဖြင့် ၎င်းမှာ မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ အချည်းနှီးပင်။ သို့ဖြစ်ရာ ၎င်းမှာ ဂူကြီး၏ဘေးတွင်သာ ရွေ့လျားခွင့် ရှိပြီး ထိုနေရာမှ ထွက်ခွာနိုင်စွမ်း မရှိပေ။

ထို သံကြိုးကြီးထဲမှ အနီရောင်လျှပ်စီးတန်းများ အဆက်မပြတ် ပေါ်ထွက်နေသေးသည် ဖြစ်ရာ ထို‌ကင်းလိပ်ချောကြီး၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင် စူးရှကျယ်လောင်လာရတော့သည်။ ထိုအချိန်တွင် ၎င်းမှာ ၎င်း၏ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သောကြောင့် ၎င်း၏ ကိုယ်ပေါ်ရှိ အကြေးခွံများမှာ ထောင်မတ်လာ၏။ ထို့နောက် ထိုကင်းလိပ်ချောကြီး၏ နာကြည်းဖွယ်ရာ အော်ဟစ်မြည်တမ်းသံများနှင့်အတူ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။ ထို ကင်းလိပ်ချောကြီးပြီးနောက် အခြားသတ္တဝါကြီးများမှာလည်း အခြား ဂူကြီးများထဲမှ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြ၏။ ၎င်းတို့ထဲတွင် ဧရာမနဂါးကြီးတစ်ကောင်၊ အပင်ကြီးတစ်ပင်နှင့် ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူသည့် သတ္တဝါကြီးတစ်ကောင်လည်း ပါပေသည်။ ၎င်းတို့အားလုံးမှာ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရပြီး အနီရောင် လျှပ်စီးတန်းများကြောင့် အော်ဟစ်မြည်တမ်းနေကြ၏။ သို့ဖြစ်ကာ ၎င်းတို့၏ ဘဝများမှာ ဒုက္ခဝေဒနာများနှင့်သာ ပြည့်နှက်နေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် နတ်ကိုးပါးရေကန်၏ အလုပ်လုပ်ပုံကို သိရှိထားပြီးသားဖြစ်သည်။ ဤ နေရာကြီးမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သတ္တဝါကိုးကောင်ကို ပိတ်လှောင်ထားခြင်းဖြစ်၏။ ၎င်းတို့အားလုံးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း အခြားလူမှုအဖွဲ့အစည်းများကို သိမ်းပိုက်ခဲ့စဉ်တုန်းက ဂိုဏ်းခေါင်းဆောင်ကြီးနှင့် ဝန်ကြီးချုပ်ရှုတို့ကိုယ်တိုင် ဖမ်းဆီးခဲ့သော အစွမ်းထက် သတ္တဝါကြီးများ ဖြစ်ကြပေသည်။

သူတို့မှာ ၎င်းတို့အား သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ဤနေရာ ပိတ်လှောင်ထားပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများအတွက် ဆုလာဒ်များအဖြစ် သတ်မှတ်ပေးခဲ့၏။

" လုံလေး။ အချိန်စပြီနော် " စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ၏ အောက်တွင် ဝန်ကြီးချုပ်ရှု၏ အပြုံးမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းလာ၏။ သူ၏ အမူအရာကိုကြည့်လျှင် သူသည် ထို အသံများအား ကြားနေရသည်ကို နှစ်ခြိုက်နေသည့်ပုံပင်။ သူ သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်အား ချုပ်နှောင်ထားသော သံကြိုးကြီးများမှာ ချက်ချင်းဆိုသလိုပင် နီမြန်းသွားကြ၏။ ထို့နောက် ယခင်တုန်းကထက် ပို၍အားကောင်းသော လျှပ်စီးတန်းများမှာ ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

ခဏအကြာတွင် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍စူးရှကျယ်လောင်လာပြီး အသက်ဝိညာဥ်များမှာ ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ အဆက်မပြတ် ထိုးထွက်လာကြတော့သည်။ ၎င်းတို့မှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသောကြောင့် ထို အသက်ဝိညာဥ်များမှာ သက်စောင့်စွမ်းအားများနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေ၏။ ၎င်းတို့မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ ဖြစ်သလို တစ်ချိန်ထဲမှာပင် ကျင့်ကြံခြင်းစွမ်းအားများအပြင် အခြားအရာများလည်း ပါဝင်နေသေးသည်။

ထို အသက်ဝိညာဉ်များမှာ မြူခိုးပုံစံ ရှိပြီး ၎င်းတို့၏ ဒွာရခုနစ်ပေါက်ထဲမှ ထိုးထွက်လာကြပြီးနောက် ဘေးပတ်ပတ်လည်ရှိ နံရံများမှတစ်ဆင့် ချိုင့်ခွက်ကြီး၏ အောက်ဆုံးသို့ စီးဆင်းလာကြ၏။ ထိုဖြစ်စဉ်ကြီးမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးများ၏ ခန္ဓာကိုယ်များကို အဆက်မပြတ် တစ်စစီဆုတ်ဖြဲ နေသကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းတို့မှာ နာကျင်မှုများ ခံစားနေကြရပြီး တစ်ကိုယ်လုံးတုန်ရီကာ ခန္ဓာကိုယ်ပေါ်ရှိ ‌နေရာအနှံ့အပြားမှ သွေးများစီးကျလာရတော့သည်။ ထိုသွေးများကြောင့် ချိုင့်ခွက်ကြီးထဲတွင် သွေးညှီနံ့ နံနေရခြင်းဖြစ်သည်။

ထိုမြင်ကွင်းမှာ ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။ သူတို့မှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်အား အဆက်မပြတ် နှိုးဆွကာ ၎င်းတို့၏ သက်စောင့်စွမ်းအားများကို စုပ်ယူနေခြင်း ဖြစ်၏။ သို့သော်လည်း သူတို့မှာ ထိုသတ္တဝါကြီးများကို အသက်သေခွင့်မပေးပေ။ သို့ဖြစ်ရာ ၎င်းတို့မှာ ဓမ္မရတနာများအဖြစ် အသုံးပြုခံနေကြရသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင် မျက်လုံးများ မှိတ်သွားပြီးနောက် စတင်စုပ်ယူနေလိုက်တော့သည်။ သူသည် စာနာစိတ်ကင်းမဲ့စွာ ပြုမူနေခြင်းတော့ မဟုတ်ပေ။ သူ၏ စာနာသနားစိတ်များ၊ ကျင့်ဝတ်များနှင့် ကာကွယ်စောင့်ရှောက်မှုများမှာ ပြည်ထောင်စုကြီး တစ်ခုတည်းအတွက်သာ ဖြစ်ကြောင်း သူက မှတ်ယူထားခြင်း ဖြစ်သည်။

သူသည် အခြားအရာများကို စိတ်ထဲ၌ပင် မထည့်ထားပေ။ ထို့အပြင်... သူသည် ကောင်းကင်တာအိုကျောင်းထဲသို့ ရောက်ရှိလာခဲ့စဉ်ကတည်းက ကျင့်ကြံခြင်းလောကကြီး၏ ရက်စက်ကြမ်းကြုတ်မှုများကို ကောင်းကောင်းကြီး သိရှိနားလည်ထားပြီးသား ဖြစ်သည်။

ကျင့်ကြံခြင်း လမ်းခရီးစဉ်မှာ ရှေ့သို့ တစ်လှမ်းလှမ်းပြီးတိုင်း ပို၍ ခက်ခဲကြမ်းတမ်းလာမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေရသည့်တိုင်အောင် ယခုကဲ့သို့သော ဖြစ်ရပ်မျိုး ပြည်ထောင်စုကြီးထဲ၌ လုံးဝ မပေါ်ပေါက်လာနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးရန် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများကို ထုတ်လွှတ်ကာ အသက်ဝိညာဉ်များအား အစွမ်းကုန် စုပ်ယူနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်၏ အသက်ဝိညာဥ်များထဲတွင် ရေမြှုပ်တစ်ခုကဲ့သို့ အရာအားလုံးကို အဆက်မပြတ် စုပ်ယူနေတော့သည်။ ထိုသို့ဖြင့် အချိန်တိုလေးအတွင်းတွင် သူသည် မကြာသေးမီက ရောက်ရှိသွားခဲ့သည့် သူ၏ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားတော့သည်။

ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ သူ၏စုပ်ယူမှုနှုန်းအား ကျေနပ်အားရမှု မရှိသေးသောကြောင့် ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့အား အနည်းငယ်ခန့် လည်ပတ်သွားစေလိုက်၏။

ထို လည်ပတ်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်တွင် အဆက်မပြတ် စု‌စည်းလာနေကြပြီး ချိုင့်ခွက်ကြီး၏ အပြင်ဘက်အထိ ပျံ့လွင့်သွားတော့မည်အလား ဖြစ်နေသည့် အသက်ဝိညာဉ် မြူခိုးများမှာလည်း ချက်ချင်းဆိုသလိုပင် စုပ်ယူခံလိုက်ရသဖြင့် အလွှာတစ်လွှာ ပျောက်ကွယ်သွားတော့သည်။

ချိုင့်ခွက်ကြီးထဲ၌ ရှိနေသည့် စုစုပေါင်း ပမာဏနှင့် ယှဉ်လိုက်မည်ဆိုပါက ထိုကဲ့သို့ ပျောက်ကွယ်သွားသည့် ပမာဏမှာ အများကြီးမဟုတ်ပေ။ သို့သော် ၎င်းတို့မှာ ဆက်တိုက်ဆိုသလို လျော့နည်းလာပြီး ဝမ်ပေါင်လဲ့၏ စုပ်ယူအားများမှာမူ အဆက်မပြတ် ပို၍ အားကောင်းလာပြီ ဖြစ်သည်။

ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်၏ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိသွားတော့သည်။ သူသည် ဖောက်ထွက်ခါနီးဆဲဆဲ အနေအထားသို့ ရောက်နေပြီဖြစ်၏။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း အထူးတလည် ဖန်တီးတည်ဆောက်ထားသည့် ဤ ချိုင့်ခွက်ကြီးနှင့် အသက်ဝိညာဉ်များကို သန့်စင်ပေးနိုင်စွမ်း ရှိသည့် သံကြိုးကြီးများကြောင့် ယခုအဆင့်အထိ ရောက်လာရခြင်း ဖြစ်ပေသည်။ ထိုသံကြိုးကြီးများ၏ လှုံ့ဆော်မှုများကြောင့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သတ္တဝါကြီးကိုးကောင်ဆီမှ ထွက်ပေါ်လာကြသည့် အသက်ဝိညာဉ်များမှာ ထာဝရဆေးလုံးများနှင့်ပင် ဆင်တူနေတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား စုပ်ယူရာ၌ မည်သည့်အခက်အခဲနှင့်မှ မကြုံတွေ့ခဲ့ရပေ။ သို့သော် ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူမှုကြောင့် ဝမ်ပေါင်လဲ့၏ စုပ်ယူမှုနှုန်းများ မြန်ဆန်လာရသည်ကို ဝန်ကြီးချုပ်ရှုမှာ သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ဝမ်ပေါင်လဲ့အား အကြိမ်အနည်းငယ်ခန့် ထပ်၍ အကဲခတ်ကြည့်ရှုလိုက်တော့သည်။

" သူ့ဆီမှာ လျှို့ဝှက်ချက်လေးတွေ ရှိသားပဲ။ ဒါပေမဲ့ ဟိုကလေးမလေး လင်ယိုက သူ့ကို အရမ်းကြီး အထင်ကြီးနေမှတော့ ရှိပါစေတော့လေ " ဝန်ကြီးချုပ်ရှုမှာ တစ်ခဏမျှသာ စဉ်းစားတွေးတောလိုက်ပြီးနောက် အလုပ်ရှုပ်ခံမနေတော့ဘဲ ဝမ်ပေါင်လဲ့အား လွတ်လွတ်လပ်လပ် ဆက်လက်စုပ်ယူခွင့် ပေးလိုက်တော့သည်။

ထိုသို့ဖြင့် နောက်ထပ် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ ဖောက်ထွက်သွားတော့မည့် အခိုက်အတန့်သို့ ရောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူ တစ်အောင့်ခန့်ထပ်၍ စုပ်ယူလိုက်ရုံမျှနှင့် အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်မှ နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်သွားနိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ စည်းကမ်းချက်များအရ သူ ဖောက်ထွက်ပြီးသွားလျှင် ဤ ရေဖျန်းမင်္ဂလာပွဲမှာလည်း ပြီးဆုံးသွားမည်ဖြစ်သည်။

သူ၏ စုပ်ယူမှုနှုန်းမှာ မြန်ဆန်လွန်းနေသောကြောင့် သူသည် အသားများ တဆတ်ဆတ် တုန်ရီနေရသလို နှလုံးသားထဲ၌ လောဘစိတ်များလည်း ကြီးထွားလာရတော့သည်။ သို့သော် သူ၏အနီးအနားတွင် သူစိမ်းတစ်ယောက် ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ထုတ်ယူကာ အသက်ဝိညာဉ်များကို စုပ်ယူ၍ မဖြစ်ပေ။ ထိုသို့ တိတ်တဆိတ် စုပ်ယူနိုင်ရန်မှာလည်း အလွန်အင်မတန်မှ ခက်ခဲနေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို အသက်ဝိညာဉ်များကို အသုံးပြုကာ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည့် သူ၏ ကိုယ်ပွားအား အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။

" ဘာပဲဖြစ်ဖြစ်ကွာ။ ငါ ဒီ အသက်ဝိညာဉ်တွေကို အလဟဿ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ထို အသက်ဝိညာဉ်များဖြင့် သူ၏ ကိုယ်ပွားအား အဆင့်မြှင့်တင်နိုင်ရန် တိတ်တိတ်ကလေး ကြိုးစားနေလိုက်တော့သည်။ သူ၏ ကြိုးစားမှုမှာ အကျိုးသက်ရောက်မှုအနည်းငယ် ရှိပါသော်လည်း ထိုလုပ်ငန်းစဉ်မှာ နှေးကွေးနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့ ဆက်လုပ်နေမည်ဆိုပါက သူ၏ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ် ပေါင်းစည်းသွားသည့် အချိန်တွင် သူသည် အစွမ်းပိုထက်လာလိမ့်မည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် ရင်တထိတ်ထိတ်နှင့် သူ၏ခန္ဓာကိုယ်အား သတိကြီးကြီးထားကာ ဆက်လက်အားဖြည့်နေလိုက်တော့သည်။

သိပ်မကြာခင်တွင် ဝန်ကြီးချုပ်ရှုမှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။ ထို့ကြောင့် သူသည် မျက်လုံးများပွင့်လာပြီး အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ ထိုအခါ သူသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရတော့သည်။ သို့သော် သူသည် နတ်သမီးလင်ယို၏ စကားများကို ပြန်သတိရသွားပြီး လုံနန်ကျစ်မှာ လိမ္မာပါးနပ်ကာ ဘောင်မကျော်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း တွေးမိလိုက်သဖြင့် နောက်ဆုံးတွင် ချောင်းတစ်ချက်သာ ဟန့်လိုက်ပြီး မျက်ကွယ်ပြုထားပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဝန်ကြီးချုပ်ရှုမှာ သူ့အား တားဆီးရန် ကြိုးစားနေခြင်းမရှိကြောင်း သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပလာပြီး သူ၏ စုပ်ယူမှုနှုန်းအား မြှင့်တင်လိုက်တော့သည်။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီး ချိုင့်ခွက်ကြီးထဲမှ အသက်ဝိညာဉ်မြူခိုးများ အားလုံးနီးပါး ကုန်ခန်းသွားတော့မည့် အချိန်တွင် ဝန်ကြီးချုပ်ရှုမှာ မျက်လုံးများပွင့်လာပြီး အေးတိအေးစက်လေသံဖြင့် ဆိုလိုက်တော့သည်။

" နောက်ထပ် အသက်ရှူကြိမ် ဆယ်ကြိမ်ပဲ ကျန်တော့တယ် "

ဝမ်ပေါင်လဲ့မှာ ထိုစကားသံကို ကြားလိုက်ရသောအခါ သူ၏ စုပ်ယူမှုနှုန်းအား ချက်ချင်းဆိုသလိုပင် မြှင့်တင်လိုက်၏။ အသက်ရှူကြိမ်ဆယ်ကြိမ် ပြည့်သွားသည့်အချိန်တွင် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား ချုပ်တည်းထားခြင်း မရှိတော့သဖြင့် ၎င်းမှာ နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့်သို့ ချက်ချင်းဖောက်ထွက်သွားတော့သည်။

သူ ထိုသို့ ဖောက်ထွက်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် ယခင်တုန်းကထက် အများကြီးပိုပြီး အစွမ်းထက်သည့် အငွေ့အသက်တစ်မျိုးမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီးနောက် လေထဲတွင်ရပ်ရင်း ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ချက်ချင်းဆိုသလိုပင်ပြောင်းလဲသွားတော့သည်။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် တိမ်တိုက်များ လွင့်စင်ပျောက်ကွယ်သွားကြပြီး သူ၏ ဘေးပတ်ပတ်လည်တွင် လေမုန်တိုင်းကြီးများ စတင်ပေါ်ပေါက်လာတော့သည်။

All Chapters